အပြုံးနှင့်ထွက်ခွာခြင်း
Vol. 010 Ch. 966
ရှားရှင်းယွန်ကား ရီဖူရှင်း၏ရင့်သီးမှုများကို အသားကျနေပြီး ဖြစ်ဟန်ရသည်။ သူမရှေ့တွင် ရီဖူရှင်း မလုပ်ရဲသော အရာ ဘာမှမရှိပေ။
သို့သော်လည်း သည်တစ်ကြိမ်တွင် ရီဖူရှင်းကား ပိုမို၍ပင် မာနကြီးသည်။
သို့သော်လည်း သူမ စိတ်ထဲ ထားဟန်မရပေ။ ရီဖူရှင်း၏ ရင့်သီးမှုများမှာ အလွန်အကျူး မာနကြီးခြင်းဟု သူမက ယူဆခဲ့သည်။ သို့သော်လည်း ယခုကား ရီဖူရှင်းသည် ထိုသို့ ရင့်သီးနိုင်သော ခွန်အားရှိကြောင်း သူမကို အနိုင်ယူလျက် သက်သေပြခဲ့ပြီးဖြစ်သည်။ ပုံမှန်အားဖြင့် သူကား မာနကြီးရန် အခွင့်အရေး ရှိပေသည်။
သည်တိုက်ပွဲတွင် ရီဖူရှင်း၏ စွမ်းရည်သည် အထက်ဘုံနှင့် အောက်ဘုံ၌ ပြိုင်ဘက်ကင်း ဖြစ်ကြောင်း ဖော်ထုတ်ပြသခဲ့၏။ သူမ၏ စွမ်းအားကုန်ဖြင့် ရီဖူရှင်းအား အနိုင်ရနိုင်မည်ဟု သူမ တွေးထားခဲ့သော်လည်း တစ်ဖက် လူတွင်လည်း ဝှက်ဖဲများ မရှိဟု မပြောနိုင်ပေ။
ပြည်နယ်ကိုးခု၌ ဤသို့သော လူမျိုးပေါ်လာကာ သူမအား မောက်မာ ရင့်သီးသော စကားများ ပြောကြားသောအခါ သူမ သည်းခံနိုင်ပေ၏။
တခြားလူ တစ်ယောက်ယောက်က သူမရှေ့တွင် စနောက်ရဲသော စကားတစ်ခွန်းခွန်း ပြောကြားရဲပါသည် ဆိုလျှင် ...
ထိုလူအား သူမက လက်တစ်ချက် ဝှေ့ယမ်းကာ ခေါင်းဖြတ် သုတ်သင် လိုက်ပေမည်။
မှန်သည် ... သည်အချင်းအရာက သူမသည် ရီဖူရှင်းအပေါ် အကောင်းမြင်သည်ဟု မဆိုလို။ သူမက ရီဖူရှင်း၏ ပါရမီကို အသိအမှတ်ပြုခြင်းသာ။ စိတ်နေ သဘောထားတွင်ကား ရီဖူရှင်းသည် အလွန်မောက်မာ ရင့်သီးကာ ရိုင်းစိုင်းသည်ဟု တွေးထင်ထားသည်။
“မင်းသမီး ... ဒီအကောင်က မင်းသမီးကို မောက်မာပြီးတော့ မလေးမစား လုပ်ပါတယ် ... ကျုပ်က မင်းသမီးကို ခစားလိုပါတယ်...”
ထိုအခိုက်တွင် ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်ကလည်း အေးစက်စွာ ကြည့်သည်။ သူ၏မျက်လုံးများက သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။
ထိုအခိုက်တွင် ဟောင်ကျူဂီကား အမွေအနှစ်အား ဆက်ခံနေသော အချိန်အခါဖြစ်သည်။ နန်းတော်ရာမှာလည်း ပြင်းထန်စွာ တုန်ခါနေပြီး ရန်ဟောင် စွမ်းအားများမှာ တဖြည်းဖြည်း လျော့ပါးသွားပြီ ဖြစ်သည်။ ကျောက်ပြည်ထောင် ဘုရင်နှင့် မှန်နန်းတော် သခင်မတို့မှာ ဖိအားများကို မခံစားရတော့ဘဲ သူတို့၏ ဒဏ်ရာများမှာလည်း သက်သာ ကောင်းမွန်လာပြီဖြစ်သည်။ ရီဖူရှင်း၏ ပါရမီ မည်မျှ ကောင်းမွန်သည်ဖြစ်စေ သူကား ရှန့်ထိုအဆင့်ကို ရင်ဆိုင်ရပါက သေချာပေါက် သေရပေမည်။
ရီဖူရှင်း မျက်မှောင်ကြုတ် လိုက်သည်။ သူ၏မျက်လုံးများ ရှားရှင်းယွန်ထံသို့ ရောက်သွား၏။ ရှားရှင်းယွန်သာ လက်ခံခဲ့ပါက ကျောက်ပြည်ထောင် ဘုရင်အား မည်သည့်အရာကိုမှ စိတ်ပူစရာ မလိုတော့ပေ။
ရှားရှင်းယွန်က ကျောက်ပြည်ထောင် ဘုရင်အား ဘာမှ မပြောဘဲ ရီဖူရှင်းကိုသာ ကြည့်သည်။
ရီဖူရှင်း၏ အမူအရာက ပြောင်းလဲသွား၏။ သည်မိန်းမက ရှုံးရမ်းရမ်းကာ သူ့အား သည်အခွင့်အရေးကို အသုံးချလျက် သတ်ဖြတ်ရန် ကြိုးစားမည်လော။
“အစ်မတော် သခင်မ ... ကျောက်ကျိမင် ကျုပ်ကို သတ်တာ ခင်ဗျား တကယ် ကြည့်နိုင်တာလား...” ရီဖူရှင်းက မှန်နန်းတော် သခင်မအား စိတ်ဖြင့် ပြောသည်။
ထိုအခိုက်တွင် စွမ်းအားများ တဖြည်းဖြည်း ပြည့်လာနေသော မှန်နန်းတော် သခင်မကလည်း ရီဖူရှင်းအား သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ကြည့်လျှင် ရီဖူရှင်းမှာ တုန်လှုပ်ရသည်။
“အစ်မတော် သခင်မ ... ခင်ဗျားက ကျုပ်တို့အကြား ဖြစ်ခဲ့တာကို ဂရုမစိုက်ခဲ့ဘူး ဆိုရင်တောင်မှ ကျုပ်သေရင် ကျောက်ကျိမင်ရဲ့ နောက်ထပ် ပြစ်မှတ် ဘယ်သူဖြစ်မလဲ” ရီဖူရှင်း ဆက်လက်၍ ပြောသည်။
မှန်နန်းတော် သခင်မက သံယောစဉ်မဲ့ ဓားအား တင်းတင်း ဆုပ်ကိုင်ကာ ကျောက်ပြည်ထောင် ဘုရင်ရှေ့၌ ရပ်သည်။ သူမက ရီဖူရှင်းအား အလွန်အမင်း သတ်လိုသော်လည်း လက်ရှိ အခြေအနေတွင် ဘာလုပ်ရမည်ကိုတော့ နားလည်ပေသည်။ တော်ဝင်ကျဲ နန်းတော်သာ ပျက်စီးပါက ရှီဟွာတောင်ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့သည် မှန်နန်းတော်အား ပစ်မှတ် ထားကြပေလိမ့်မည်။
သူမနှင့် ကျောက်ပြည်ထောင်တို့ အကြား ရန်ငြိုးကား ပင်လယ်ထက် နက်ရှိုင်းပေသည်။
မှန်နန်းတော်သခင်မ၏ အပြုအမူကိုမြင်လျှင် မည်သို့ဆိုစေ သူမတွင် ဆင်ခြင်တုံတရား ရှိသေးသည်ကို သူမသိသည်။
“ကျောက်ကျိမင် သေပြီးတာနဲ့ မင်းကိုငါ သတ်မယ်...” မှန်နန်းတော် သခင်မက ရီဖူရှင်းအား အေးစက်စွာ ပြောသည်။
“မှန်နန်းတော် သခင်မ ... ကျုပ်တို့က ခန္ဓာချင်း စပ်ယှက်ခဲ့ကြပြီးပြီ။ ခင်ဗျား ဘာမှ မခံစားမိတာ မဖြစ်နိုင်ဘူး။ ဟုတ်တယ်မလား...” ရီဖူရှင်းက စိတ်ဖြင့် ပြန်ပြောသည်။ သူမက အမှန်တကယ် သူ့ကို လာရောက် ခြိမ်းခြောက်သည်လား။
မှန်နန်းတော် သခင်မက နှုတ်ခမ်းများအား ကိုက်လိုက်သည်။ သူမ၏မျက်နှာမှာ ရေခဲတမျှ အေးစက်နေပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်နေသော်လည်း ထိုအချင်းအရာကပင် နောက်တစ်မျိုးသော အလှတရားကို ပေးသည်။ အရှေ့ဘက် ပြည်နယ်၏ ပြိုင်စံရှား မိန်းမလှဖြစ်သည့် အလျောက် သူမက မည်သို့သော အမူအရာ လုပ်ပါစေ … ချစ်စဖွယ် ကောင်းနေသည်သာ။
သူမက ရီဖူရှင်းအား ထပ်မံ၍ မခြိမ်းခြောက်တော့။ ရှားရှင်းယွန်အား ခုနကမှ အနိုင်ယူခဲ့သည့် ထူးခြား ဆန်းကြယ်သော ပါရမီရှင်ကား အမှန်တကယ်အားဖြင့် အရှက်သိက္ခာမဲ့သူ တစ်ဦးဖြစ်ကြောင်း သူမသိလိုက်သည်။
ရှားရှင်းယွန်ကား မှန်နန်းတော် သခင်မ၏ အပြုအမူကို ရှင်းရှင်းလင်းလင်း မြင်ပေသည်။ သို့သော်လည်း သူမကား သည်လူသုံးယောက်တို့ အကြား ဘာဖြစ်ခဲ့သည်ကို သိပ်နားမလည်ပေ။ မည်သို့ဆိုစေ သူမသည် နောက်မှ ရောက်လာခြင်းဖြစ်၏။
“အမွေအနှစ်က တစ်လောကလုံး သိတဲ့ကိစ္စပဲ။ တော်ဝင်မြေ အားလုံးက ဒါကို ရယူဖို့ ကြိုးစားပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ တော်ဝင်စစ်ပွဲ စည်းကမ်းကတော့ ရှိနေတုန်းပဲ။ ချိုးဖောက်သူ အသတ်ခံရမယ်”
ရှားရှင်းယွန်က ပြောလျှင် ကျောက်ပြည်ထောင် ဘုရင်က ရီဖူရှင်းအား သတ်ဖြတ်မည် ဆိုသော အတွေးမှာ ပျက်ပြယ်ရသည်။ ထို့အပြင် ဟောင်ကျူဂီသည်လည်း အမွေအနှစ် ဆက်ခံသူ ဖြစ်ကြောင်း အသိအမှတ်ပြုသည်။
ပြည်နယ်ကိုးခုက တိုက်ခိုက် နိုင်သော်လည်း တော်ဝင် စစ်ပွဲစည်းကမ်းကို လိုက်နာရန် လိုပေသည်။
ရှားရှင်းယွန်၏ စကားကိုကြားလျှင် ရီဖူရှင်းက သိပ်တော့ မအံ့သြပေ။ သည်မင်းသမီးလေးကား မိန်းကလေးလို ဝတ်ပါက အလွန်တရာ ချောမောလိမ့်မည်ဟုပင် တွေးမိသည်။ သူမအား ထည့်သွင်း စဉ်းစားသင့်သလော။
သူက ထိုအတွေး ဝင်လာစဉ်မှာပင် အေးစက်သော အကြည့်တစ်ခုအား ခံစားမိသည်။ ရှားရှင်းယွန်၏ မျက်လုံးက သူ့ထံသို့ ရောက်လာသည်။ သူက တုန်လှုပ်သွားကာ ခေါင်းထဲသို့ ဝင်လာသော အတွေးအား ပယ်ဖျက်လိုက်၏။
ရီဖူရှင်း၏ ခေါင်းထဲသို့ ဝင်လာသော အတွေးများအား ရှားရှင်းယွန် မသိပေ။ မဟုတ်လျှင် သူမက ကျောက်ပြည်ထောင် ဘုရင်အား ရီဖူရှင်းကို သေချာပေါက် သတ်ခွင့်ပေးပေမည်။
သူမ တွေးနေသည်ကား သူမအား အနိုင်ယူခဲ့သော ရီဖူရှင်း၏ စွမ်းရည်ဖြင့် တော်ဝင်စစ်ပွဲ၏ စည်းမျဉ်းအောက်တွင် သူကား သေရန် ခက်ခဲမည်ဟုပင်။
ရန်ဟောင် အမွေအနှစ်ကို ဆက်လက် ထိန်းသိမ်းနိုင်မည်လား ဟူသော မေးခွန်းကိုမူကား စောင့်ကြည့် ရပေမည်။
စည်းမျဉ်းကား သူမ၏အဖေ သတ်မှတ်ထားခြင်း ဖြစ်ရာ သူမအနေဖြင့် ဝင်စွက်ဖက်စရာ အကြောင်းမရှိပေ။
ရန်ဟောင် အမွေအနှစ်သည် ပြည်နယ် ကိုးခုတွင် ပေါ်ထွက်လာခဲ့၏။ သူမ မဟုတ်သော တစ်စုံတစ်ယောက်သာ အမွေအနှစ်အား ရသွားပါက ကောင်းသော ကိစ္စမဟုတ်ပေ။
ရှေးဟောင်း အုတ်ဂူအတွင်းမှ နံရံများမှာ တဖြည်းဖြည်း ပြိုလဲလာနေပြီ ဖြစ်သည်။
မှန်နန်းတော် သခင်မနှင့် ကျောက်ပြည်ထောင် ဘုရင်တို့သည် ကမ္ဘာမြေ တုန်ခါမှုကို ကောင်းကောင်း ခံစားမိကြ၏။
ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့၏အာရုံမှာလည်း ဟောင်ကျူဂီထံသို့ ရောက်လာကြသည်။
ရီဖူရှင်းသည် မှန်နန်းတော် သခင်မနှင့် ကျောက်ပြည်ထောင် ဘုရင်တို့အား လှည့်စားနေစဉ်မှာ ရှားရှင်းယွန်ကိုလည်း တားဆီးထားရာ ဟောင်ကျူဂီမှာ အနှောင့်အယှက် ကင်းစွာဖြင့် ရန်ဟောင် အမွေအနှစ်အား ဆက်ခံရရှိစေ၏။
ယခု ဟောင်ကျူဂီအား ရောင်စဉ်များ ဖြာထွက်နေကာ သူ့ထံမှ သက်စောင့် ဝိညာဉ်သုံးခုမှာလည်း ပိုမိုသန့်စင် သွားဟန်ရပြီး ဟောင်ကျူဂီ၏ မူလဝိညာဉ်ဖြင့် ပေါင်းစပ်သွား၏။ ယနေ့ ပြီးနောက်တွင် ဟောင်ကျူဂီအား လုံးဝ ပြောင်းလဲ သွားပေလိမ့်မည်။
ကျောက်ပြည်ထောင် ဘုရင်၏ နှလုံးသားကား သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့်သာ ပြည့်နှက် နေဟန်ရသည်။ မှန်နန်းတော် သခင်မသည်လည်း ဟောင်ကျူဂီအား ကြည့်ကာ အတွေးများစွာ ဝင်လာသည်။ နှစ်အနည်းငယ် အတွင်းတွင်ပင် ရီဖူရှင်းကား ကျိရှမ်းကမ်းပါးကို ဖျက်ဆီးခဲ့သလို ယခု တော်ဝင်ကျဲ နန်းတော်မှာလည်း ပါရမီရှင်များ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာသည်။ နောက်နှစ် အနည်းငယ်တွင် အခြေအနေက မည်သို့ ဖြစ်မည်နည်း။
ရှားရှင်းယွန်၏ အတွေးများကား သူတို့နှင့် ကွဲပြားခြားနားပေသည်။ ပြည်နယ် ကိုးခုကား သူမအဖေ အုပ်ချုပ်မှု အောက်တွင် ရှိပေသည်။ သူမအတွက် မည်သူတို့က အားနည်းပြီး မည်သူတို့က အားကောင်းခြင်းမှာ အရေးမကြီးပေ။
သို့သော်လည်း ရီဖူရှင်းကား အမွေအနှစ်ကို နောက်တစ်ယောက်အား ပေးအပ်ခဲ့၏။ သူသည် ရီဝူချင်းအတွက် ကျူးထန်နန်းတော် ကိုးလွှာသို့အထိ တက်လှမ်း တိုက်ခိုက်ခဲ့သေး၏။ သူက မည်သို့သော သူဖြစ်သနည်း။
သူသည် ရန်ဟောင် အမွေအနှစ်အား တန်ဖိုးမထားခြင်းလား ... သို့မဟုတ် သွေးသောက် ရောင်းရင်းများအား ပိုမိုတန်ဖိုး ထားသည်လား။
***
ယခု အုတ်ဂူ အပြင်ဘက်တွင် ပြည်နယ်ကိုးခုမှ တန်ခိုးရှင်များနှင့် အထက်ဘုံမှ တန်ခိုးရှင်များ အားလုံး ရှိနေကြဆဲဖြစ်သည်။ ကျောက်နံရံများတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသောအခါ မင်းသမီးမှာ အမွေအနှစ်အား ဆက်ခံပြီးစီးသွားပြီ ဖြစ်ကြောင်း သိလိုက်ကြပြီး ဖြစ်သည်။ အရာအားလုံးမှာ အဆုံးသတ်ပြီ ဖြစ်ကြောင်း သူတို့ သိကြ၏။
အမွေအနှစ်ကို ဆက်ခံခဲ့သူမှာ မင်းသမီး ရှားရှင်းယွန် ဖြစ်ပေမည်။
နေရာအနှံ့ ရွှေရောင် အလင်းတန်းများ ဖြစ်လာကာ နန်းတော်ရာ တစ်ခုလုံးအား ဖြတ်သန်း စီးဆင်းသွားသည်။ ချက်ချင်းပင် ရုပ်သေးများ အားလုံးမှာ ရွှေရောင်သဲမှုန်များ အဖြစ် ပြောင်းလဲကာ ပြယ်လွင့်ကုန်ကြ၏။ ကောင်းကင်ထက်တွင် အရာအားလုံးကို ဖုံးအုပ်ထားသော ရောင်စဉ်များမှာလည်း တဖြည်းဖြည်း ပြယ်လွင့်ကြသည်။ ထိုအခိုက်တွင် တန်ခိုးရှင်များမှာ တဖြည်းဖြည်း လျော့ပါး ပျောက်ကွယ်လာသော ဖိအားများအား ခံစားမိကြ၏။
သို့သော်လည်း သည်တစ်ခေါက်တွင် ကောင်းကင်ထက်၌ ကြောက်မက်ဖွယ် ကောင်းသော မဟာလမ်းစဉ်၏ လောကဓာတ်များ စုစည်းလာကာ ကောင်းကင်သည်လည်း အရောင်များ ပြောင်းလဲလာပြီး လူအများအပြားမှာ ထူးဆန်းသော အမူအရာများ ဖြစ်လာကြသည်။
သည်အရာသည် နတ်ဘုရား ပြစ်ဒဏ်လား။
သည်နေရာတွင် အမှန်တကယ် နတ်ဘုရား ပြစ်ဒဏ်ကို ဆင့်ခေါ်နိုင်သူ ရှိနေသည်လား။
ရုတ်တရက် ရယ်မောသံ တစ်ခု ထွက်ပေါ်လာကာ မျက်လုံးပေါင်း များစွာက တစ်နေရာသို့ ရောက်သွားကြသည်။ သူတို့မြင်သည်ကား ရုပ်ထုနှင့် ပေါင်းစပ် သွားဟန်ရသော ဟောင်စီကား ကျယ်လောင်စွာ ရယ်မောနေသည် ... “ငါက ထောင်ကျန်းလိုပဲ တွေ့ကြုံရမယ်လို့ မထင်ထားခဲ့ဘူး။ ထောင်ကျန်းက ငါ့ထက် ကံကောင်းခဲ့တယ်။ ဒါပေမဲ့ ငါမသေခင် နတ်ဘုရား ပြစ်ဒဏ်ကို ကြုံဆုံခဲ့ရပြီ ဆိုတော့ ဒါက တန်သွားပြီပဲ...။”
နတ်ဘုရား ပြစ်ဒဏ်အား ဆင့်ခေါ်နိုင်ခြင်းမှာ သူ၏ကိုယ်ပိုင် စွမ်းရည် မဟုတ်ကြောင်း သူနားလည်သည်။ သူသည် ရှေးဘိုးဘေး၏ စွမ်းရည်များအား ငှားရမ်း သုံးပြုခဲ့သလို စိတ်နှလုံးမှာလည်း ပြီးပြည့်စုံခြင်းဖြင့် တိုက်ဆိုင်ခဲ့ရာ နတ်ဘုရား ပြစ်ဒဏ်က တိုက်ဆိုင်စွာ ရောက်လာခဲ့၏။ သို့သော်လည်း သူကား ကံမကောင်းစွာပင် အသက်ဓာတ်များ လောင်ကျွမ်း ထားခဲ့ပြီးဖြစ်ကာ နောက်ဆုံး အချိန်အခါသို့ ရောက်နေပြီးဖြစ်သည်။
ဘန်း ... ဘန်း ... ဘန်း ...
ကျောက်နံရံကား အစိတ်စိတ် အမြွှာမြွှာ ကွဲအက်သွားကာ အတွင်းမှ မြင်ကွင်းများအား ဝိုးတဝါး ပေါ်လာသည်။ အားလုံးက အုတ်ဂူအတွင်းသို့ လှမ်းကြည့်ကြ၏။
အတွင်းတွင် မှန်နန်းတော် သခင်မနှင့် ကျောက်ပြည်ထောင် ဘုရင်တို့မှာ မျက်နှာချင်းဆိုင် ရပ်နေကြသည်။
ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့မှာလည်း မျက်နှာချင်းဆိုင် ရပ်နေကြ၏။ ရီဖူရှင်းသည် မင်းသမီးအား တားဆီးထားသည့် ပုံဟန်ဖြစ်၏။
အဝေး တစ်နေရာတွင် ရောင်စဉ်များ ထွန်းလင်းနေသော လူတစ်ယောက် ရှိနေပြီး သူကား ဟောင်ကျူဂီ ဖြစ်သည်။
ထိုအခိုက်တွင် အားလုံး၏ မျက်လုံးများက သူ့ထံသို့ ရောက်သွားကြ၏။
ရန်ဟောင် အမွေအနှစ်အား လက်ခံရရှိခဲ့သူမှာ မှန်နန်းတော် သခင်မလည်း မဟုတ်သလို ကျောက်ပြည်ထောင် ဘုရင်လည်းမဟုတ်ခဲ့။ ထိုနည်းတူ ရှားရှင်းယွန်နှင့် ရီဖူရှင်းလည်း မဟုတ်ခဲ့။
ထိုသူကား တော်ဝင်ကျဲနန်းတော်မှ ဟောင်ကျူဂီ ဖြစ်နေသည်။
ဟား...ဟား ... ဟား ...
ကျယ်လောင်သော အသံတစ်ခု ထွက်လာလျှင် ဟောင်ကျူဂီက ရုပ်တုတွင် ပေါင်းစပ် နေဟန်ရသော လူကြီးအား ကြည့်သည်။ သူ၏မျက်လုံးများမှ မျက်ရည်များ စီးကျလာ၏။
ဟောင်စီ၏ မျက်လုံးများတွင်လည်း မျက်ရည်များ ရှိနေသည်။ သို့သော် သူကား ပြုံးနေ၏။
“ကျုပ်ဟောင်စီ ... ဘဝမှာ ပြည့်စုံခဲ့ပြီ ... “ဟောင်စီက ကောင်းကင်ထက်မှ နတ်ဘုရား ပြစ်ဒဏ်အား ကြည့်ကာ ကြည်လင်ပြတ်သားစွာ ပြောသည် ...
“နန်းတော်သခင်ရီ ... ကျူဂီကို ကျုပ်အတွက် ဂရုစိုက်ပေးပါ...”
နောက်ဆုံးစကားတွင် သူက ရီဖူရှင်းအား နာမည်တပ် မခေါ်တော့ဘဲ နန်းတော်သခင်ဟု ရည်ညွန်းခဲ့၏။
သူ၏အသံ နှင့်အတူ နတ်ဘုရား ပြစ်ဒဏ် ကျဆင်းလာသောအခါ စိတ်စွမ်းအားများ အားလုံး လောင်ကျွမ်းထားပြီး ဖြစ်သော ဟောင်စီကား နောက်ထပ် ခံနိုင်ရည် မရှိတော့ပေ။
နတ်ဘုရားပြစ်ဒဏ် ကျဆင်းလာသောအခါ မြေရိုင်းပြည်နယ်၌ ဟောင်စီကား ကွယ်ပျောက်ခဲ့ရ၏။ သူကား အပြုံးမျက်နှာဖြင့်ပင် ထွက်သွားခဲ့သည်။
***