အခန်း (၁၁၆၃)
Vol. 78 Ch. 1163
ကျွန်းနိုင်ငံသားတွေက စီးပွားရေး အမြင်ရှိတယ်
ထိုသို့ အော်ဟစ်သံကို ကြားပြီးသည့် သကာလ လူတိုင်း၏ အကြည့်များမှာ အဆိုပါ ၀န်ထမ်းအမျိုးသမီး အပေါ် ကျရောက်သွားခဲ့ကြသည်။
သူမ၏ ဗိုက်က ဘက်စကက်ဘော အရွယ်အစားလောက် လုံးဝန်းနေသည်ကို မြင်တော့ လူတိုင်းက ရယ်မောလိုက်ကြပြီး လေထုကို အဆုံးစွန်ထိ ထိုးတက်သွားစေသည်။
မည်သို့ပင်ဆိုစေ သူတို့နှစ်ဦး၏ ပုံပန်းသွင်ပြင်မှာ လိုက်ဖက်ညီညွှတ်ခြင်း မရှိသောကြောင့် ဆက်ဆံရေး တစ်စုံတစ်ရာ ရှိသည် ဆိုသည်မှာ မဖြစ်နိုင်ချေ။
“ အရက် မသောက်နဲ့… ဗိုက်ထဲက ကလေးကို ဂရုစိုက်ဦး…”
လင်းရီ ပြုံးလျက် ထို မိန်းကလေးကို သတိပေးလိုက်သည်။ ထို့နောက် သူ၏ ဖန်ခွက်ကို မော့၍ တစ်ကျိုက်တည်းနှင့် အပြတ်ကစ်လိုက်၏။
ကုမ္ပဏီဝန်ထမ်းများလည်း ထိုနည်းတူစွာ လိုက်ပါ ပြုမူကြသည်။ လေထုအခြေအနေမှာ ပျော်ရွှင်ဖွယ်ကောင်းပြီး လိုက်လျောညီထွေ ရှိနေတော့၏။
တစ်ခွက်သောက်ပြီးလို့ လင်းရီ စင်အောက်သို့ ဆင်းတော့မည့် အချိန်မှာပဲ သူ ဇီရှာ အိုကီတာ၏ ရပ်တန့်ခြင်းကို ခံလိုက်ရသည်။
“ ဥက္ကဌလင်း… ခဏလောက်လေး နေပါဦး…”
ထိုစကားကြားတော့ လင်းရီလည်း ထွက်ခွာရန် အလျင်လိုမနေဘဲ သူ၏ မူလနေရာသို့ ပြန်လာခဲ့လိုက်၏။
ဇီရှာ အိုကီတာမှ အပြုံးတစ်ပွင့်ဖြင့် “ ဒီကနေ့ ရက်ရောမှုရှိတယ်ဆိုတာက ဘာလဲဆိုတာကို ကျွန်မ မျက်မြင်ကြုံတွေ့ လိုက်ရပြီ… ဥက္ကဌလင်းက ကုမ္ပဏီမှာ သူဌေးကောင်းတစ်ယောက်ဖြစ်မယ်ဆိုတာ ကျိန်းသေပါတယ်… ဒါကြောင့်မို့ လင်းယွင်အုပ်စုရဲ့ ဝန်ထမ်းတွေကနေပြီး ကျွန်မတို့ရဲ့ ဥက္ကဌလင်းအတွက် ခွက်တွေ မြှောက်ပြီး ဆုတောင်းပေးကြရအောင်လား…”
လင်းရီ ပြုံးလိုက်သည်။ ဘယ်လိုတောင် ဖားယားတတ်နေလိုက်လဲ…
ဇီရှာ အိုကီတာ စကားဆုံးသည်နှင့် ကော်ပိုရှေးရှင်း၏ ဝန်ထမ်းများသည်လည်း တုံ့ဆိုင်းနေကြခြင်း မရှိ။ သူတို့၏ ခွက်ကို မြှောက်လိုက်ကြပြီး လင်းရီကို စောင့်ဆိုင်းနေလိုက်ကြ၏။
ထိုအခိုက်အတန့်တွင်တော့ လင်းရီလက်ထဲတွင် အရက်ဖြည့်ထားသည့် ဖန်ခွက်တစ်ခွက်က ရှိနေနှင့်ပြီး ဖြစ်၏။ အိုကီတာ စကားပြောဆိုနေစဉ်မှာပဲ ဝမ်ထျန်းလုံမှ လာရောက်ပေးသွားခဲ့ခြင်းပင်။
အလိုက်တသိ စီးမြောခြင်းနှင့် ပတ်သက်၍ကတော့ ဝမ်ထျန်းလုံကို လိုက်မီသည့်လူ ရှိမည်လို့ လင်းရီမထင်။
“ အခု… ကျေးဇူးပြုပြီးတော့ လူတိုင်းရဲ့ ခွက်တွေမြှောက်ပြီး ဥက္ကဌလင်းအတွက် ဆုတောင်းပေးလိုက်ကြပါစို့လား...” ဇီရှာ အိုကီတာမှ ပြောလိုက်ပြီး “ ဘယ်သူသိနိုင်မှာ.. ဥက္ကဌလင်း စိတ်ပျော်ရင် လူတိုင်းကို ဟုန်ပေါင်း ပေးရင်လည်း ပေးနိုင်တာပဲလေ…”
“ အာ… “ လင်းရီ ခေတ္တ တုံ့ဆိုင်းသွားခဲ့ပြီး “ ဒီခွက်ကို အပြတ်ဖြတ်ရင် လူတိုင်းကို ၈,၈၈၈ ယွမ် ဟုန်ပေါင်းပေးမယ်..”
ဇီရှာ အိုကီတာ “ ??? “
ငါက ဒီတိုင်းလေး ပေါ့ပေါ့ပါးပါး ပြောလိုက်တာလေ… အဲ့တာကို ရှင်က တကယ်ကြီး ပေးလိုက်တယ်ပေါ့…
“ ဥက္ကဌလင်းက အံ့ဩဖို့ကောင်းတယ်…”
“ ဥက္ကဌလင်း… ကျေးဇူးပြုပြီး ကျွန်မတို့နဲ့ နောက်တစ်ခေါက် ထပ်အိပ်ပေးပါ…” အမျိုးသမီး ဝန်ထမ်းများအားလုံး သံပြိုင်အော်ဟစ်လိုက်ကြ၏။
ကျီချင်းရန် “ ….. “
အရက်နှစ်ခွက် ဆက်တိုက်သောက်ပြီးနောက် အခမ်းအနား အသေးစားလေးမှာ ပြီးဆုံးသွားခဲ့ချေပြီ။ နောက် ထပ်လာသည်က ဂျပန်တို့၏ ထူးခြားသည့် ရိုးရာဂီတနှင့် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှု အခမ်းအနားပင်…။
ဂီတက ပျော့ပျောင်းပြီး ညင်သာသည်။ စားရင်းသောက်ရင်းဖြင့် ရှုစားဖို့အတွက် အင်မတန်ကို လျော်ညီလှ၏။
လင်းရီက ခရီးစဉ်အတွင်း ထုံးတမ်းစဉ်လာများ ပြုမနေရန် ပြောကြားထားသောကြောင့် လူတိုင်းကလည်း မိမိတို့ စားသောက်ပြီးသည်နှင့် ထွက်သွားကြသူများက စိတ်ရှိသလို ထွက်ခွာသွားခဲ့ကြ၏။ မည်သည့် မျက်နှာအရိပ်အကဲကိုမှ ကြည့်နေကြခြင်း မရှိတော့ချေ။
စားသောက်ပြီးနောက် လင်းရီ၊ ချင်းဟန်၊ ကောင်းကျုံးယွမ်နှင့် လျန်ကျင်းမင်တို့ အတူစုစည်းလိုက်ကြ၏။
ထိုစဉ် ကျီချင်းရန် ၊ ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့ကလည်း သူမတို့ ကြိုတင်တိုင်ပင်ထားသည့် နောက်လာမည့် အစီအစဉ်အတွက် ပြင်ဆင်နေကြတော့၏။
“ နင်တို့ သွားချင်တဲ့ နေရာကို သွားကြတော့… နင်တို့ကို လိုက်ပြီး ထိန်းနေရအောင် ကလေးတွေလည်း မဟုတ်ကြတော့ဘူး..” ၎င်းကိုတော့ ဟော်ယွမ်ယွမ်မှ ပြောလိုက်ခြင်းဖြစ်၏။
“ ကောင်းတာပေါ့… ကိုယ်သွားချင်တဲ့ နေရာ သွားကြမယ်လေ…” ကောင်းကျုံးယွမ်မှ ပြန်ပြောလိုက်သည်။
ဟော်ယွမ်ယွမ်၏ စကားလုံးများက အိမ်ထောင်ကျပြီးသည့် အမျိုးသမီးမှ သူ့အမေအိမ် ခေတ္တ သွားနေဦးမည်ဟု ပြောသည်နှင့် ထူးမခြားနားပေ။ ထိုစကားကြားရသည့်အတွက် ပျော်ရွှင်သည့် ခံစားချက်မျိုးက သာမန်လူတစ်ယောက်အဖို့ တိုင်းတာ၍ပင် မရနိုင်ချေ။
“ ဒါဆို အတည်ဖြစ်ပြီနော်.. ငါတို့ အရင်သွားတော့မယ်… ဘိုင့်ဘိုင်….”
ဟော်ယွမ်ယွမ်က ကြောင့်ကြမဲ့သည့် စရိုက်မျိုးဖြစ်၏။ သူမ နှုတ်ဆက်စကားဆိုပြီးနောက် ကျီချင်းရန်၊ ထျန်းရန်တို့နှင့်အတူ ထွက်ခွာသွားခဲ့လေသည်။
“ စိတ်လှုပ်ရှားစရာပဲ…” လျန်ကျင်းမင် ပြောလိုက်ပြီး “ သူတို့တွေ သွားကုန်ကြပြီ.. ငါတို့ လေးယောက်ပဲ ကျန်တယ်.. ငါအစက ကဲလို့မရဘူးဆိုပြီး ထမင်းတောင် သိပ်စားလို့ မဝင်လိုက်ဘူး…”
ချင်းဟန် ခေါင်းညိမ့်လိုက်သည်။ “ သူတို့တွေ ငါတို့နဲ့ ရှိနေရင် ငါတို့ကောင်တွေလည်း ဘာမှလုပ်လို့ရမှာမဟုတ်ဘူး…”
လင်းရီ နှုတ်ခမ်း တွန့်ကွေးတက်သွားခဲ့၏။ သို့ပေမယ့် ကောင်းကျုံးယွမ် ရှိနေသည့် အတွက်ကြောင့် သူ နှုတ်ဆိတ်၍သာ နေလိုက်သည်။ ထို အမျိုးသမီးများ၏ အစီအစဉ်က ကလပ်သို့ သွားပြီး ဆစ်ပတ်များကို သွားငမ်းကြမည် ဖြစ်ကြောင်း လင်းရီ ခန့်မှန်းသိရှိပြီး ဖြစ်၏။
“ ကိုင်း ... ဂျပန်ကို သုံးလေးခေါက် ရောက်ဖူးတဲ့ ငါက မင်းတို့ကောင်တွေကို ပျော်ဖို့ကောင်းတဲ့ နေရာတွေ ခေါ်သွားပေးမယ်…” လျန်ကျင်းမင် ပြောလိုက်သည်။
“ ဘယ်သွားကြမှာလဲ… “
“ ခါဘူကီချို ခရိုင်… ” လျန်ကျင်းမင် ပြောလိုက်ပြီး “ ဂျပန်ရဲ့ အန္တရာယ် အကြီးဆုံး နေရာလို့လည်း ပြောလို့ရတယ်… အဲ့သွားပြီး ခါဘူကီ ပြဇာတ် ကြည့်ကြမယ်… အဲ့က ဂေးရှားမယ်လေးတွေက အလန်းလေးတွေနော်… သူတို့နဲ့ တစ်ညတစ်လေ ဖြတ်သန်းချင် ဖြတ်သန်းလို့ ရမှာကွ…”
“ ဒါဆိုလည်း လုပ်လိုက်လေ... ကြာသလားလို့..."
လျန်ကျင်းမင်က ဦးဆောင်ပြီး လေးယောက်သား တက္ကစီ တစ်စင်းငှား၍ ရှင်းဂျူခု ရပ်ကွက်ရှိ ခါဘူကီချိုသို့ ထွက်လာခဲ့ကြသည်။
ဂျပန်ရှိ ညလည်ပတ်ရန်အတွက် နာမည် အကြီးဆုံး ခရိုင် တစ်ခု ဖြစ်သည့်နှင့်အညီ လေထု အခြေအနေကလည်း သူတို့နိုင်ငံနှင့် ကြီးစွာ ကွာခြားနေလျက်ရှိသည်။ လင်းရီတို့ ဟွာရှတွင် အဖော်ချွတ် အရာမျိုးကို နိုက်ကလပ်တွင်သာ သိုသိုဝှက်ဝှက်နှင့် လှုပ်ရှားလေ့ ရှိကြသော်လည်း ဤနေရာတွင်တော့ ပေါ်ပေါ်ထင်ထင်ကို ချပြနေလျက် ရှိသည်။
အထူးသဖြင့် ပန်းရောင် နီယွန်မီးအလင်းရောင် အောက်တွင် လာရောက်လည်ပတ်သူများကို အခြားကမ္ဘာသို့ ရောက်ရှိသွားသည့်နှယ် ခံစားထင်မှတ်ရစေသည်။
ဤသည်က လင်းရီ၏ ပထမဆုံးအကြိမ် ဂျပန်သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး သူ့အတွက် တကယ်လည်း မျက်စိပွင့် နားပွင့်ပင်..။
လူကြီး ကစားစရာ ဆိုင်များ၊ အဖော်ချွတ်ကလပ်များ၊ maid café များ စသဖြင့် စုံလင်မှုများကို ရှုစားရင်း ပျော်ပါးတတ်သူအဖို့ ဤသည်က လောက နိဗ္ဗာန်နှင့်ပင် မခြားနားချေ။
လင်းရီလည်း အရာရာကို လိုက်ငေးရင်း တအံ့တဩ ဖြစ်နေမိတော့၏။
“ ဒီကောင်တွေက ဘာလို့ ငါတို့ကို အဲ့လို လာကြည့်နေတာလဲတဲ့…” ကောင်းကျုံးယွမ် ရုတ်တရက် မေးမြန်းလိုက်သည်။
“ မင်း ဂျပန် တစ်ခါမှ မရောက်ဖူးဘူးလား… ဒါလေးတောင် မသိဘူးပေါ့…”
“ ယီးလား… ငါလာတာက အလုပ်ကိစ္စနဲ့ကွ… မင်းလို ဒီနေရာတွေ လာတယ်များ ထင်နေလား..”
“ ကောင်းကြီး… လူတိုင်း ငါ့ကို အဲ့လို ပြောခွင့်ရှိတယ်… ဒါပေမယ့် အဲ့ဒီထဲ မင်းမပါဘူး… မင်းမှာ ကောင်မလေး ရှိတယ်ဆိုပေမယ့် မင်း လူကောင်းမဟုတ်မှန်း ငါတို့တွေ သိပါတယ်ကွာ.. လာပြီး သူတော်ကောင်းကြီး လုပ်ပြမနေစမ်းပါနဲ့…”
“ ဒါပေမယ့် ငါမှ တကယ်ကြီး ဒီလို နေရာမျိုးတွေ မလာဖူးတာ…”ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ ဒီကောင်တွေ အကြည့်က မကြည်တဲ့ အကြည့်တွေနဲ့… အဲ့အကြည့်မြင်တိုင်း ငါ စောက်ခွက်တွေ သွားသွားပြီး ဖြတ်ကန်ချင်လာပြီ…”
“ မင်း ဒီကိစ္စ ညီကိုလင်းနဲ့ ပြောသင့်တယ်… သူက ဒီလို ကိစ္စမျိုးတွေမှာ ဆရာကြီး…”
“ ငါလည်း ဂျပန်ကို ခုမှ ရောက်ဖူးတာပါ… ဟုတ်ပြီလား…”
“ ငါ ပြောချင်တာ အဲ့သဘောမျိုး မဟုတ်ဘူး…” လျန်ကျင်းမင် ပြောလိုက်ပြီး “ ဘာလို့ဆို ဒီလို နေရာမျိုးတွေကို အဓိက ထိန်းချုပ်ထားတာက ဂျပန်ရဲ့ မြေအောက်ဂိုဏ်းကြီးတွေ… သူတို့ရဲ့ မျက်စိထဲမှာ ငါတို့လို ဟွာရှန့်တွေက အနိုင်ကျင့်လို့ကောင်းတဲ့ ငတိလေးတွေလို့ ထင်နေကြတာ… ဒါကြောင့်မို့ ငါတို့ကို မြင်တာနဲ့ နောက်သုံးလေးကြိမ်လောက် ပြန်ကြည့်ကြတာပဲ…”
“ သူတို့ ပုံစံကို ကြည့်ရသလောက်တော့ လင်းကောသာဆို ဆယ်ယောက်လောက်တော့ အသာလေးပဲ…” ကောင်ကျုံးယွမ်မှ ပြောလိုက်ည်။
“ သွားစို့… သူတို့ပုံစံ ဘယ်လို ရှိလဲ ဘာစောက်ဂရုစိုက်နေရမှာ… လင်းကြီး တစ်ယောက်လုံး ဒီမှာ ရှိနေတာကို မင်းတို့က ဘာကြောက်နေကြတာလဲ…”
“ ဟေ့- ငါဒီလာတာ အားလပ်ရက် ထွက်လာတာ… မင်းတို့ရဲ့ သက်တော်စောင့်လုပ်ဖို့ မဟုတ်ဘူး..”
“ အသေးစိတ် တွက်မနေစမ်းပါနဲ့ကွာ…”
လင်းရီကို ပြန်ပြောရန်ပင် အခွင့်မပေးဘဲ ချင်းဟန်နှင့် လျန်ကျင်းမင်တို့မှ လင်းရီကို နှစ်ဖက်ညှပ်ပြီး အကြီးဆုံး ဆိုင်ကြီးတစ်ဆိုင်ထံ ဆွဲခေါ်သွားတော့သည်။
ဆိုင်တွင်း အပြင်အဆင်က နိုက်ကလပ်နှင့် နည်းနည်း ဆင်သလိုရှိသည်။
သို့ပေမယ့် ကခုန်နိုင်သည့် နေရာကြမ်းပြင်တော့ ဤတွင် မရှိ။ ပရိတ်သတ်များ ဖျော်ဖြေတင်ဆက်မှုကို ရှုစာနိုင်သည့် သီးသန့်ဝိုင်းများသာလျှင် ရှိသည်။
လျန်ကျင်းမင် ရှေ့ဆုံးတစ်နေရာတွင် ဝင်ထိုင်လိုက်၏။ သူ ထိုင်ချပြီးပြီးချင်းမှာပဲ စကတ်အတိုနှင့် ဘန်နီဂဲ ပုံစံ ဝတ်စားဆင်ယင်ထားသည့် စားပွဲထိုးမလေးမှာ သူတို့ဘေးနား ရောက်ချလာပြီး ဂျပန်စကားဖြင့် “ လူကြီးမင်းတို့ … ဒါလေးက ဒီနေ့ညရဲ့ မီနူးလေးပါရှင့်…”
ဘန်နီဂဲပေးလာသည့် သစ်သားမီနူးကို ကြည့်ရင်း ချင်းဟန် တောက်တစ်ချက် ခေါက်မိသွားခဲ့သည်။
“ ရွေးချယ်စရာလည်း သိပ်မရှိဘူး… ဈေးတွေကလည်း မသေးဘူး….”
“ ဒီမှာ မင်းတို့ မသိသေးတာ တစ်ခု ရှိသေးတယ်…” လျန်ကျင်းမင် ပြောလိုက်ပြီး “ တကယ်တမ်းကျ မင်း သုံးလိုက်တဲ့ ပိုက်ဆံက အစားအသောက်တွေ အတွက် မဟုတ်ဘူးကွ… ခဏကျရင် ဖျော်ဖြေတင်ဆက်မယ့် ဂေးရှားတွေ အတွက်ပဲ…”
“ မင်း ဘာကို ပြောချင်နေတာ…”
လျန်ကျင်းမင် မလှမ်းမကမ်းရှိ ဆိုင်းဘုတ်တစ်ခုကို ညွှန်ပြလိုက်၏။ ထိုဘုတ်ပေါ်တွင် စတိုင်မျိုးစုံနှင့် ကောင်မလေး ဆယ်ယောက်ထက် မနည်း ရှိနေသည်။
“ အဲ့ပေါ်မှာ ရှိတဲ့ ကောင်မလေးတွေက ဒီည ဖျော်ဖြေမယ့် ဂေးရှားတွေပဲ… သူတို့ရှေ့က နံပါတ်က ငါတို့ မှာမယ့် စားစရာဝိုင်း နံပါတ်နဲ့ အတူတူပဲ… တစ်နည်းဆိုရရင် မင်း ရွေးချယ်လိုက်တဲ့ စားစရာဝိုင်းက မင်းရွေးချယ်လိုက်တဲ့ ကောင်မလေးကို ကိုယ်စားပြုနေတယ်ဆိုတဲ့ သဘောပဲ…”
“ ဒါတော့ မဟုတ်သေးပါဘူး..” ကောင်းကျုံးယွမ် ဇဝေဇဝါ ဖြစ်နေသည့် လေသံဖြင့် “ ဆိုင်မှာ လူတွေ ဒီလောက်များသာ အကုန်လုံးက ကောင်မလေး တစ်ယောက်တည်းကို ရွေးချယ်မိသွားမယ် ဆိုရင်ကော...”
“ အဲ့လိုဆိုရင် အသာစီးရမှုက ကောင်မလေး လက်ထဲမှာပဲ… သူတို့ ရွေးချယ်တာ ခံလိုက်တဲ့သူက အဆုံးကျရင် သီးသန့်ခန်းထဲသွားပြီး အဲ့ကောင်မလေး ဖျော်ဖြေတင်ဆက်သာကို သီးသန့်ကြည့်ခွင့်ရှိတယ်.. နောက် ဘာညာ ဆက်ဖြစ်မှာကိုတော့ မင်း အရည်အချင်းပေါ် မူတည်တယ်ကွာ…”
လင်းရီ လှောင်ပြုံး ပြုံးလိုက်၏။ ဤသည်က နောက်ထပ် ဈေးတင်နည်း တစ်မျိုးဖြစ်ကြောင်း သူ ခံစားနေရသည်။
ဒီ ကျွန်းနိုင်ငံသားတွေက စီးပွားရေး ဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းကောင်းသိနေကြတာပဲ…