အခန်း (၁၁၆၄)
Vol. 78 Ch. 1164
ဒီအစ်ကိုကြီးရဲ့ ဆွဲဆောင်မှုက နိုင်ငံနယ်နိမိတ်စည်းတွေ ရှိမနေဘူးပဲ…
“ ဒါ ဘယ်လို သောက်စည်းမျဉ်းမျိုးလဲ… ငါတို့က ပိုက်ဆံ သုံးထားတာတောင် အတူ အိပ်ဖို့ မအိပ်ဖို့က တစ်ဖက်သူရဲ့ စိတ်အခြေအနေပေါ် မူတည်နေသေးတာလားဟ…”
“ ဒါက မယ်မယ်ရရ ဆိုင်လေကွာ… မင်းတို့ကို ဟိုလို ဆိုင်မျိုးတွေ ခေါ်လာခဲ့ပေးတာမှ မဟုတ်တာ…” လျန်ကျင်းမင် ပြောလိုက်ပြီး “ ငါတို့ ဒီရောက်လာတယ်ဆိုတာ ပျော်ဖို့ သပ်သပ်ပဲ… အဲ့လို နေရာမျိုးတွေ မသွားစမ်းပါနဲ့ကွာ… တကယ်လို့ မင်း လိုချင်တယ်ဆိုရင် ငါတို့ ဟွာရှပြန်ရောက်တော့မှ စီစဉ်ပေးမယ်..”
ချင်းဟန် သဘောတူသည့်ဟန်ဖြင့် ခေါင်းညိမ့်လိုက်သည်။
“ ငါတို့ဆီကမှ စိတ်ချရတာ…”
ချင်းဟန်လည်း သူ၏ ကာမလိုက်စားတတ်သည့် စရိုက်ကို အတိအလင်း ဖော်ပြနေလျက်ရှိ၏။
လျန်ကျင်းမင် မီနူးကို လက်ညိုးထိုးပြလိုက်ပြီး “ ဒီဟာ ဒီဟာ…” စသဖြင့် မတောက်တခေါက် ဂျပန်လို ပြောပြီး ဈေးအကြီးဆုံး စားပွဲဝိုင်းနှင့် ဆာကေး လေးပုလင်း၊ အကင် ဆယ်ချောင်း အော်ဒါမှာလိုက်သည်။
“ ကောင်းပါပြီရှင့်… ခေတ္တ စောင့်ပေးပါဦးနော်…”
ဘန်နီဂဲ ထွက်ခွာသွားပြီးနောက် ဆိုင်ထဲရှိ ဖောက်သည် အရေအတွက်ကလည်း ဖြည်းဖြည်းချင်း တိုးလာနေသည်။ တစ်ဝက်ကျော်ကျော်လောက်က ဂျပန် လူမျိုးများဖြစ်ပြီး ဂေးရှားတင်ဆက်မှုကို လာရောက် မြည်းစမ်းကြည့်သည့် မျက်နှာဖြူ နိုင်ငံခြားသား တစ်ချို့ကိုလည်း လင်းရီ မြင်တွေ့နေရသည်။
“ ငါတို့ မှာလိုက်တဲ့ နံပါတ် ၁ ဝိုင်းက တော်တော်လေး နံမယ်ကြီးတဲ့ ပုံပဲကွ.. လူတွေ အများကြီး မှာနေကြတာပဲ…” ချင်းဟန် အရက်ခွက်ကို ငုံလျက် မျက်စိကစားရင်း ပြောလိုက်သည်။
“ နံပါတ် ၁ ကလည်း ဒီနေရာက အလှဆုံး ဂေးရှားပဲလေ… သူ့ကို ကြိုက်တဲ့သူတွေ အများကြီး ရှိနေတာ မဆန်းပါဘူး…”
မကြာမီ အချိန်တိုအတွင်းမှာပဲ ဂေးရှားမယ်များ၏ ဖျော်ဖြေတင်ဆက်မှုမှာ စတင်လာတော့သည်။ ဆိုင်ထဲရှိ လူများ ကျောမတ်သွားခဲ့ကြ၏။ လူတစ်ချို့ဆို နာမည်ကြီး ရှိုးပွဲသို့ ရောက်လာကြသည့်နှယ် အသံကုန် ဟစ်အော်ပြီး '၀ူး-ဝါး ' အားပေးနေလျက် ရှိသည်။
ထိုမြင်ကွင်းကို မြင်တော့ လင်းရီ စိတ်ထဲ တောင့်တမှုများဖြင့် ပြည့်နှက်သွားခဲ့၏။ ဂေးရှားမယ်များ၏ ဖျော်ဖြေတင်ဆက်မှုက မည်သို့ ရှိမည်နည်း။
သို့သော် တကယ့်တကယ် ပွဲစသည့် အချိန်လည်းရောက်တော့ လင်းရီ အမြင်များ ပြာဝေသွားခဲ့ရသည်။
မျက်နှာများကို တစ္ဆေဝိဉာဏ်ကဲ့သို့ ဖြူဖွေးနေအောင် လိမ်းခြယ်ထားပြီး ၎င်းတို့ ညဉ်းသည့် သီချင်းသံများကလည်း ကလေးတစေ အော်သံကဲ့သို့ ဖြစ်နေတော့၏။
လင်းရီ “ ….. “
ငါလခွမ်း ဘာလားဟ….
သူ့ကောင် သုံးယောက်ဘက် လှည့်ကြည့်လိုက်တော့ ထိုငနွားများက ပါးစပ်ကြီးဖြီးလိုက် အမြည်းစားလိုက် လုပ်ရင်းဖြင့် နှစ်ခြိုက်နေကြလေသည်။
လင်းရီ အံ့ဩသွားခဲ့၏။ သူ့ကိုယ်သူ အနုပညာ ရသကို ခံစားတတ်သည့် ဦးနှောက်လှိုင်းများ ပျောက်ဆုံးနေသလားဟုတောင် ကိုယ့်ကိုယ်ကို သံသယများ ဖြစ်သွားမိခဲ့တော့သည်။
“ မင်းတို့ကောင်တွေ တကယ်ကြီး ကြိုက်နေကြတယ်ပေါ့…” လင်းရီ ဆာကေးသောက်ရင်း မေးလိုက်၏။
“ ဒါ ယဉ်ကျေးမှုကို ခံစားတယ်လို့ ခေါ်တယ်… လုပ်သင့်လုပ်ထိုက်တဲ့ အရာပဲလေ…” လျန်ကျင်းမင်မှ ပြောလိုက်သည်။
“ လင်းကြီး … မင်းအဲ့လို လုပ်လို့ မရဘူးကွ…. မင်း ကြိုက်မှ ရမှာ…”
“ မင်းတို့ကောင်တွေပဲ ကြိုက်ကြတော့.. ငါတော့ မခံစားတတ်ဘူး…”
လင်းရီ စိတ်ထဲ ရှိသည့် အတိုင်း အမှန်ကို ပြောလိုက်ခြင်းပင်။ ဂေးရှားမယ်များ၏ ဖျော်ဖြေတင်ဆက်မှုကို စိတ်မဝင်စားတော့ လင်းရီ ဖုန်းထုတ်ပြီး အချိန်ကုန်အောင် ဂိမ်းဆော့နေလိုက်သည်။
နာရီဝက်ကျော် ကြာပြီးနောက် ဂေးရှားများ၏ ဖျော်ဖြေတင်ဆက်မှုကလည်း အဆုံးသတ်သို့ ရောက်ရှိလာခဲ့၏။
အားတက်သရောရှိလှသည့် လက်ခုပ်သံများက ဟိန်းခနဲ နေအောင် ထွက်ပေါ်လာပြီး ဆုငွေပေးသူများပင် ရှိကြသည်။
ထိုသူများကို မြင်တော့ လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်သည်။
သူက တကယ့်ကို သာမန်လူ တစ်ယောက် ဖြစ်နေတဲ့ပုံပဲ…
ဖျော်ဖြေတင်ဆက်မှု ပြီးဆုံးတော့ ဒါဇင်ကျော်သော ဂေးရှားမယ်များမှ စင်အောက်သို့ လျှောက်လာပြီး ရှေ့စားပွဲတွင် တလေးတစားဖြင့် မတ်တပ်ရပ်၍ အစီအရီ တန်းစီနေလျက်ရှိ၏။
ထိုအခိုက်အတန့်တွင်တော့ လင်းရီ အဘယ်ကြောင့် ဤလူများ ယခုလို တင်ဆက်မှုမျိုးကို နှစ်သက်ရသလဲဆိုတာ နားလည်သွားရတော့သည်။
ဖော်မပြနိုင်သည့် သိမ်းပိုက်လိုသော ခံစားချက်တို့က လူတို့၏ အသည်းနှလုံးကို အမှန်ပင် ယားယံစေသည်။
သို့တိုင်အောင် ထို ဂေးရှားမယ်များက လင်းရီ နှစ်သက်သည့် ပုံစံ ဟုတ်မနေခဲ့ချေ။
တစ်ချိန်တည်းတွင် ဝတ်စုံပြည့်နှင့် သက်လတ်ပိုင်း လူတစ်ယောက်မှ ကတ်သေးသေးလေးတစ်ခု လက်ထဲတွင် ကိုင်ထားပြီး အလွန်အမင်း ချဲ့ကားနေသည့် အမူအရာဖြင့် “ အခု… ဂေးရှားမယ်လေးတို့ရဲ့ ဖျော်ဖြေတင်ဆက်မှု ပြီးဆုံးလို့ နောက်ကဏ္ဍတစ်ခု ဖြစ်တဲ့ တစ်ဝိုင်း ရွေးချယ်မှု အစီအစဉ်ကို စတင်ပါတော့မယ်ခင်ဗျ…"
ဖြောင်း ဖြောင်း ဖြောင်း….
လက်ခုပ်တီးသံများ၊ အားပေးချီးမြှောက်သံများ တဖန် ကျယ်လောင်လို့လာပြန်သည်။ လူတိုင်း ကြိုလင့်နေသည့် အစီအစဉ်မှာ နောက်ဆုံး ရောက်ရှိလို့လာချေပြီ။
ပွဲကြေညာသူမှ သူ၏ ကတ်ကိုဖွင့်၍ ကြည့်လိုက်ပြီး “ ယခုလေးတင် ဖျော်ဖြေတင်ဆက်မှုပွဲမှာ မစ် ရှိုကို နာခါဂျီးမားကို ချစ်ခင် နှစ်သက်ကြောင်း ဖော်ပြထားတဲ့ စားပွဲဝိုင်း ဧည့်သည်တော် ခြောက်ဝိုင်း ရှိထားပါတယ်.. သူတို့ကတော့ ဧည့်သည်တော် စားပွဲဝိုင်း နံပါတ် ၂ ၊ နံပါတ် ၃, နံပါတ် ၉ ၊ နံပါတ် ၁၄ ၊ နံပါတ် ၁၇ နဲ့ နံပါတ် ၂၁ တို့ပဲ ဖြစ်ပါတယ်… အခု ကျေးဇူးပြုပြီး သက်ဆိုင်ရာ စားပွဲဝိုင်းက လူကြီးမင်းများ မတ်တပ်ရပ်ပေးကြဖို့ တောင်းဆိုပါတယ်… မစ်ရှိုကိုကနေပြီး လူကြီးမင်းတို့ကို ရွေးချယ်ပါလိမ့်မယ်…”
ပွဲကြေညာသူ စကားဆုံးတော့ လျန်ကျင်းမင် ဖြတ်ခနဲ အရင်ဦးဆုံး မတ်တပ်ရပ်လိုက်၏။ သူ တမင်တကာပင် အဝတ်အစားများ သပ်ရပ်အောင် ပြုသလိုနှင့် နာရီ အကောင်းစားများကို ကြွားဝါလိုက်သေးသည်။ ဆံပင်ကိုလည်း သပ်ရပ်အောင် သလိုက်ပြီး စိတ်ထဲတွင် အောင်မြင်မှုက လက်တစ်ကမ်းသာ လိုနေသည့်အသွင် ပြုမူနေသည်။
တစ်ချိန်တည်းတွင် အခြားဝိုင်းများကလည်း တစ်ယောက်စီ ထရပ်လိုက်ကြသည်။ လျန်ကျင်းမင်ကဲ့သို့ သူတို့၏ မျက်နှာထက်တွင်လည်း ယုံကြည်မှု အပြုံးတို့ ဝေဆာနေသည်။
သို့သော် စားပွဲဝိုင်းလေးခုက ဂျပန်လူမျိုးများ ဖြစ်ပြီး ကျန်သည့်တစ်ခုကတော့ လူဖြူ နိုင်ငံခြားသားဝိုင်း ဖြစ်၏။ ထိုသူ့ ကြည့်ရသည်မှာလည်း ဖုန်းကင်မရာကြီး ကိုယ့်ဘက်ကိုယ်ချိန်၍ စိတ်လှုပ်ရှားနေဟန်ပင်။
လင်းရီ လူခြောက်ယောက်လုံးကို သိမ်းကျုံးကြည့်လိုက်၏။ လူတိုင်းကတော့ သူတို့ အရွေးခံရမည်ဟူသော ယုံကြည်ချက်တို့ ပြည့်လျှံနေကြလေသည်။
ပွဲကြေညာသူမှ ရှိုကို နာခါဂျီးမားကို ကြည့်လိုက်ပြီး အပြုံးလေးဖြင့် “ မစ် ရှိုကို.. ရွေးချယ်လို့ ရပါပြီ…”
“ ကျွန်မ ရွေးမယ်သူက ….. “ ရှိုကို နာခါဂျီးမား ရှက်ရွံ့စွာဖြင့် လက်ညိုး ဝှေ့ဝဲလိုက်ရင်း နောက်ဆုံး လင်းရီတို့၀ိုင်းတွင် ရပ်တန့်သွားခဲ့ကာ “ စားပွဲ နံပါတ် ၉ ပါ…”
“ ငိုးပဲ.. ”
လျန်ကျင်းမင် စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်ပြီး အောင်နိုင်သူကြီးကဲ့သို့ အမောက်တထောင်ထောင် ဖြစ်နေကာ “ ဒီ အစ်ကိုကြီးရဲ့ ဆွဲဆောင်မှုတွေက နိုင်ငံ နယ်နိမိတ်စည်းတွေ မခြားနားဘူးပဲ(လူမျိုး မရွေးဘူး).... ဂျပန်က ကောင်မလေးတွေတောင် ဒီ အစ်ကိုကြီးရဲ့ ခန့်ညားမှုတွေအောက်မှာ နစ်မြောသွားခဲ့ရပြီ…”
“ လျန်ကြီး… မင်း အသာနေစမ်း…” ချင်းဟန် ပြောလိုက်ပြီး “ ငါတော့ လင်းကြီးကြောင့်လို့ ထင်တယ်… မင်း ကိုယ့်ရုပ် ဘာပုံစံရှိလဲဆိုတာတော့ သိမှာပါ… ဟုတ်တယ်မလား…”
“ ငိုးပဲ…. ငါ့ကို ဒီတိုင်းလွှတ်ထားတော့ရော ယီးဖြစ်မှာလား…”
ကောင်းကျုံးယွမ် တဟားဟား ရယ်မောလိုက်ရင်း “ ဘယ်သူ့ကြောင့် ရွေးလိုက်တယ်ဆိုတာ အရေးမကြီးဘူး… အရေးကြီးဆုံးက ငါတို့ စားပွဲဝိုင်းကို ရွေးလိုက်တာပဲ…. ငါတော့ အဲ့ကောင်မလေး အထဲမှာ ဘယ်လို အကွက်တွေနဲ့ ဖျော်ဖြေမလဲဆိုတာကို တော်တော်ကြီး စိတ်ဝင်စားနေပြီ…”
“ ကောင်းပါပြီခင်ဗျ…. ကျွန်တော်တို့ စားပွဲဝိုင်း နံပါတ် ၉ အတွက် လက်ခုပ်တီးပေး…… “
“ ခွေးမ….” “ -ီး…” “ ဘော...”
ပွဲကြေညာသူမှ စကားဆုံးအောင် မပြောနိုင်ခင်မှာပဲ စိတ်တို ကျိန်ဆဲသံများ တသီကြီး ကြားလိုက်ရတော့၏။
“ ငါကတော့ မင်းကို အချိန်ယူပြီး ဒီနေ့ လာအားပေးလိုက်ရတာ မင်းကတော့ အဲ့ ဟွာရှက ဝက်တွေနား သွားချင်နေတယ်ပေါ့… မင်း တော်တော်ကို စောက်သုံးမကျတဲ့ ခွေးမ….”
ထိုစကားလုံးများ ကြားလျှင်ကြားချင်း လင်းရီနှင့် ကျန်သူများအားလုံး ရုတ်ချည်း အေးခဲသွားကြသည်။ ထို့နောက် သူတို့အားလုံး လှောင်ရယ် ပြက်ရယ်ပြုသည့် အမူအရာများ ကိုယ်စီ ဖြစ်ပေါ်လာခဲ့ကြ၏။
သူတို့အားလုံး ဂျပန်စကားကို ဒေသခံ တစ်ယောက်ကဲ့သို့ မကျွမ်းကျင်စေကာမူ အနည်းအကျဉ်းတော့ တတ်မြောက်ထားကြသည်။ တစ်ဖက်သူ၏ သူတို့ ဝိုင်းကို လက်ညိုးထိုးပြီး ဒေါသထွက်နေသည့် အမူအရာဖြင့် ပြောဆိုနေဟန်ကို ပေါင်းစပ်လိုက်ပါက ကောင်းသည့် စကား မဖြစ်နိုင်ကြောင်းကို လူပြိန်းသွားမေးလျှင်ပင် ပြန်ဖြေနိုင်သည်။
ထိုစကားကို ပြောလိုက်သူက အရပ်အမောင်း မမြင့်မား..။ အနည်းငယ် ဝဖိုင့်ဖိုင့်နိုင်သည်။ သို့သော် သူ၏ မျက်နှာအမူအရာမှာတော့ ရူးကြောင် မူးကြောင်ဖြင့် နီရဲနေပြီး အဆုံးစွန် မောက်မာနေလျက်ရှိ၏။
“ လူကြီးမင်း… ကျေးဇူးပြုပြီး စိတ်လျော့ပေးပါဗျာ…”
အခြေအနေ မဟန်သည်ကို မြင်တော့ ပွဲကြေညာသူမှ ထိုလူကို အလျင်အမြန် ဖြေသိမ့်လိုက်ရသည်။ တစ်ဖက်သူက ရန်ဖြစ်ပြီး ပြဿနာရှာမည်ကို ကြောက်ရွံ့နေမိ၏။ စကားကို ယခုလို ပြောသည်က အမှန်ပင် မယဉ်ကျေးသည့် အပြုအမူပင်။
တစ်ချိန်တည်းတွင် လုံခြုံရေး ဝန်ထမ်းများမှ စားပွဲဝိုင်း နံပါတ် ၃ သို့ ရောက်ရှိလာခဲ့ကြ၏။
“ ထွက်သွားစမ်း…”
ဝဖိုင့်ဖိုင့်နှင့် လူမှ သူ၏ ရှပ်အင်္ကျီကို ဝှစ်ခနဲ ဆွဲချွတ်လိုက်ပြီး ရင်ဘက်ရှိ ဝံပုလွေပုံ တက်တူးကို အားလုံးမြင်အောင် ပြသလိုက်သည်။
တစ်ချိန်တည်းတွင် သူ့ဘေးရှိ လူငါးယောက်လည်း မတ်တပ်ရပ်ပြီး ၎င်းတို့၏ အင်္ကျီများကို ချွတ်၍ တက်တူးများကို ၀င့်ကြွားစွာ ပြသလိုက်ကြ၏။ သို့ပေမယ့် ဝဖိုင့်ဖိုင့်နှင့် လူလောက်တော့ အသေးစိတ်ကျခြင်း မရှိချေ။
“ မင်း… မင်းတို့က ဟီရိုမီချီ ကလန်ကပဲ…”
ဝဖိုင့်ဖိုင့်နှင့်လူ၏ ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများကို မြင်တော့ ဆိုင်ထဲရှိ ဂျပန်လူမျိုးများအားလုံး ကြောက်လန့်တကြားနှင့် ထိုင်နေရာမှ ထထွက်ပြေးသွားကြတော့၏။ သူတို့၏ မျက်ဝန်းများထဲတွင်တော့ ထိတ်လန့်မှုက ထင်ထင်ရှားရှာကြီး ရှိလို့နေသည်။
“ ငါက အီခီဒါ တာခါရှီ… ဟီရိုမီချီ ဂိုဏ်းရဲ့ အိုခါရာမ ဂိုဏ်းခွဲကပဲ… ငါ ဒီနေ့ ရောက်လာတာ အဲ့ကောင်မနဲ့ တွေ့ဖို့…”
တစ်ဖက်သူ မည်သူမှန်းလည်း သိရော ပွဲကြေညာသူမှ စကားပင် ဖြောင့်အောင် မပြောနိုင်တော့ချေ။ လုံခြုံရေး ဝန်ထမ်းများကလည်း လှုပ်ရှားရမည်ကို ကြောက်လန့်လို့ နေသည်။
ထိုသူတို့က ဟီရိုမီချီ ကလန်သားများဖြစ်ကြပြီး ၎င်းတို့ကို သူတို့ အပြစ်မပြုမိချင်ပေ။
ထို့ပြင် ဤသည်က ခါဘူကီချို ဖြစ်ပြီး ထိုသူများ ထိန်းချုပ်ထားသည့် နယ်မြေဟု ပြောလျှင်လည်း မှားမည်မဟုတ်ချေ။ အကယ်၍ သူတို့သာ အပြစ်ပြုမိပါက ၎င်းတို့၏ အသက်သည်လည်း အန္တရာယ် ရှိလို့လာပေမည်။
ဆိုင်ထဲရှိ လူများ စကားမပြောဝံ့ကြတော့ပဲ ဘေးတွင် ပုန်းအောင်နေကြသည်ကို မြင်တော့ အီခီဒါ တာခါရှီမှ သူ၏ အင်္ကျီကို ပြန်ဝတ်လိုက်ပြီး ကျေနပ်နှစ်သက်စွာဖြင့် ပြန်ထိုင်ချလိုက်တော့၏။ သူ ရှိုကို မိန်းကလေးကို လက်ညိုးထိုးလိုက်ပြီး “ ဒီနေ့ အဲ့ကောင်မ ငါကလွဲပြီး တခြား ဘယ်သူ့ကိုမှ ရွေးချယ်တာ မလိုချင်ဘူး…”
“ ဒါက….”
ပွဲကြေညာသူ၏ အမူအရာမှာ အမျိုးအမျိုး ပြောင်းလဲ နေလျက် ရှိတော့သည်။ သူက ဤနေရာ၏ သူဌေး မဟုတ်ချေ။ ဤအတိုင်း ယနေ့ညအတွက် တာဝန်ယူထားသူ တစ်ဦးသာလျှင် ဖြစ်၏။
အကယ်၍ သူတို့ပြောသည့် အတိုင်း လုပ်ခွင့် ပေးလိုက်မည်ဆိုပါက ဟွာရှိ ဧည့်သည်များအပေါ် နိမ့်ချဆက်ဆံသလို ဖြစ်ပြီး ဆိုင်၏ ဂုဏ်သတင်းအပေါ် မကောင်းသော အကျိုးသက်ရောက်မှုများ ရှိလာမည် ဖြစ်၏။
တစ်ဖက်တွင်လည်း ထိုသူများ၏ စကားအတိုင်း မလိုက်လျောပေးပြန်လျှင်လည်း ဆိုင်က ပြဿနာ တက်ချေပြန်ဦးမည်။
အကျိုးအပြစ်များကို ထောက်ချင့်ချိန်ဆပြီးသည့်နောက် ပွဲကြေညာသူမှာ ရွေးချယ်စရာ မရှိတော့ပဲ စင်အောက်သို့ ဆင်းလာပြီး လျန်ကျင်းမင်တို့ ဘေးနားရပ်၍ " ဒီက လူကြီးမင်းတို့... တောင်းပန်ပါတယ်ခင်ဗျ.... ကျုပ်တို့ ဒီလိုမျိုးတွေ ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး... ပိုက်ဆံ ပြန်အမ်းပေးပါ့မယ်... ကျေးဇူးပြုပြီး ဆိုင်က ထွက်ပေးကြပါလားခင်ဗျာ..... "
" ရမယ် မထင်ဘူး.... " လျန်ကျင်းမင် ပေါ့ပေါ့ပါးပါး တုံ့ပြန် ပြောဆိုလိုက်သည်။