← Chapters

အခန်း (၁၁၆၅)

Vol. 78 Ch. 1165

အခန်း (၁၁၆၅)

Vol. 78 Ch. 1165

ငါ့ ရဲ့ အစီအစဉ်ကို ဖျက်စီးလုနီးပါးပဲ

" ဘာ... ဘာကို ဆိုလိုချင်တာပါလဲ... "

ပွဲကြေညာသူမှာ အလွန်အမင်း စိုးထိတ် တုန်လှုပ်နေခဲ့၏။ သူ မည်သည့် ပြဿနာ တစ်စုံတစ်ရာမျှ မဖြစ်ပွားချင်ပဲ ဤကိစ္စကို ဖြစ်နိုင်သမျှ မြန်မြန် ဖြေရှင်းချင်နေသည်။

" ဘာကို ဆိုလိုရမှာ... ငါ အဲ့ကောင်ကို ဖြတ်ရိုက်ချင်တယ်လို့ ပြောတာ... " လျန်ကျင်းမင် ပြောလိုက်ပြီး " အမှန်အတိုင်း ပြောကြေးဆို ငါတို့လည်း ဒီ ဂေးရှားတွေ ဖျော်ဖြေတင်ဆက်တာကို စိတ်မ၀င်စားဘူး... ငါတို့က ဒီတိုင်း အပျော်ကြည့်ရုံသပ်သပ်ပဲ.. ဒါပေမယ့် ဟိုငနဲက လာပြီး ဟိတ်ဟန် တခွဲသားနဲ့ လာလုပ်ပြနေတာကိုတော့ ငါ လုံး၀ သည်းမခံနိုင်ဘူး... ငါ ကြိုက်တဲ့ ဂေးရှားကို မင်းက တခြားတစ်ယောက်ဆီ သွားခိုင်းနေတယ်ဆိုတော့ မင်းက ဘာလား... ငါ့ကို အရှက်ခွဲခံခိုင်းနေတာလား... "

ဟွာရှန့် ဖောက်သည်များနှင့် မကြာခဏဆိုသလို ထိတွေ့ ဆက်ဆံရသောကြောင့် ပွဲကြေညာသူကလည်း ဟွာရှန့်စကား အနည်းအကျဉ်းတော့ တတ်မြောက်ထားသည်။ သို့သော် လျန်ကျင်းမင် ပြောသွားသည့် စကားလုံးတိုင်းကိုတော့ သူနားမလည်ချေ။

သို့ပေမယ့် ဤ ဟွာရှန့် အမျိုးသားကလည်း ဤကိစ္စကို လွယ်လွယ်နှင့် လက်မလျော့နိုင်ကြောင်းကိုတော့ သူ မှန်းဆလိုက်နိုင်သည်။

" ဒါပေမယ့် လူကြီးမင်းရယ်.. သူတို့က ဟီရိုမီချီ ကလန်ကလေ... ခင်များ သူတို့ကို အပြစ်ပြုလို့ မရဘူး... ဒီကိစ္စနဲ့ အဆင်ပြေပြေနဲ့ပဲ ပြီးလိုက်ရအောင်လား.. ကျုပ်တို့ ပိုက်ဆံ ပြန်အမ်းပေးပါ့မယ်... ဒီနေ့ ပွဲကြည့်ခလည်း အလကားပါ... " ပွဲကြေညာသူမှ ရိုးသားမှု အပြည့်ဖြင့် ပြောလိုက်သည်။

တကယ့်တကယ်တွင်တော့ သူသည်လည်း အီခီဒါ တာခါရှီ ယခုလေးတင် ပြောသွားသည်များက အင်မတန်ကို ရုန့်ရင်းကြမ်းတမ်းကြောင်း ကောင်းကောင်းနားလည်သည်။ မည်သည့် အပြုအမူကောင်းမျှလည်း မရှိချေ။ ဤ ဟွာရှန့်လူမျိုးများ ဒေါသထွက်မည်ဆိုလည်း ဒေါသထွက်ချင်စရာကြီးပင်...။

" ဟီရိုမီချီကလန် ဖြစ်ဖြစ် ဟီရို မစ်ကီ ကလန်ဖြစ်ဖြစ် စောက်ဂရု မစိုက်ဘူးကွာ.. ငါ အဲ့ကောင်တွေကို ပျော်ပျော်ကြီး ဈာပနာ ကျင်းပ ပေးလိုက်မယ်... " ထိုစကားကိုတော့ လင်းရီမှ ပြောလိုက်ခြင်း ဖြစ်သည်။

" လူကြီးမင်းတို့ .. ကျုပ်ကပဲ ကြားထဲကနေပြီး တောင်းပန်ပါရစေ.. ဒါက သူတို့ပိုင်နက်.. လူကြီးမင်းတို့ ရန်ဖြစ်ကြရင် လူကြီးမင်းတို့ပဲ ခံကြရလိမ့်မယ်... ဒါကြောင့် ကျေးဇူးပြုပြီး ...."

" ရပြီ.. ဒါ မင်းဖယ်လိုက်တော့... "

လျန်ကျင်းမင် ပွဲကြေညာသူကို စိတ်မရှည်စွာ တွန်းဖယ်လိုက်ပြီး လေးယောက်သား အီခီဒါ တာခါရှီထံ လျှောက်သွားလိုက်ကြသည်။

အီခီဒါ တာခါရှီနှင့် ကျန်သူများလည်း မတ်တပ်ရပ်ပြီး အ၀တ်များကို တဖန် ချွတ်ပြလိုက်ကြ၏။

၎င်းတို့၏ တက်တူးအသီးသီးများကို လင်းရီတို့ မြင်အောင် ဖော်ပြနေလျက် ရှိသည်။

ဤမြင်ကွင်းက အနည်းငယ် ရယ်စရာကောင်းသည်ဟု လင်းရီ ခံစားနေရ၏။

ဒီကောင်တွေက တက်တူးကြီး တပြပြနှင့် ဘာလားကွ..

တက်တူးပြလိုက်တာနဲ့ သူတို့ကိုယ်သူတို့ ဆရာကြီးတွေ ဖြစ်ပြီလို့ ထင်နေကြတာများလား...

ဂျပန်တွင် ဟီရိုမီချီ ကလန်က ယာမာဂူချီ ကလန်၏ ဂိုဏ်းခွဲတစ်ခုဖြစ်၏။ ထို့ကြောင့် သူတို့သည်လည်း တူညီသည့် ရိုးရာ အစဉ်အလာကို လိုက်နာကြသည်။

ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများက အသေးစိတ်ပြီး ကျယ်ကျယ်ပြန့်ပြန့်ရှိလေ ၊ ကလန်ထဲရှိ ၎င်းတို့၏ အဆင့်အတန်းက မြင့်မားလေဖြစ်၏။

ထို့ကြောင့် တစ်ခါတစ်ရံ သူတို့ ဘာမျှ လုပ်ရန်ပင် မလိုချေ။ သူတို့၏ တက်တူးများကို ပြသလိုက်သည်နှင့် ဂျပန် လူမျိုး ဖောက်သည်များကဲ့သို့ တစ်ဖက်သူမှာ ချက်ချင်း ထိတ်လန့်သွားပေလိမ့်မည်။

သို့သော်လည်း လင်းရီနှင့် သူ့ကောင်များ၏ အမြင်တွင်တော့ ဤ အပြုအမူက ပိန်းတိန်းတိန်းနိုင်လှ၏။

ယင်းက ဝံပုလွေမှန်း သိသာလှသော်လည်း အဆီရွှဲသည့် ဗိုက်ဖြစ်နေသောကြောင့် ဟက်စကီ တက်တူး ဖြစ်သွားခဲ့သည်။

အကယ်၍ လက်ရှိ အခြေအနေကြောင့်သာ မဟုတ်ပါက လင်းရီ အူနှိပ်ပြီး တဟားဟား ရယ်မောမိနေလောက်ပေသည်။

အုပ်စု နှစ်ခုမှာ မျက်နှာချင်းဆိုင် ၊ ထိပ်တိုက် တွေ့ဆုံနေကြချေပြီ။ လင်းရီ ချင်းဟန်နှင့် ကျန်သူများကို တစ်ချက်ကြည့်လိုက်ပြီး " ဘယ်လိုလဲ.. လုပ်ထုံးလုပ်နည်းတွေ လိုက်နာကြဦးမလား... "

" ဒီအခြေအနေရောက်မှတော့ ဘာကို လိုက်နာနေဦးမှာ... ဒီတိုင်း ချကြတာပေါ့... "

ချင်းဟန် များများစားစား ဂရုစိုက်မနေဘဲ အီခီဒါ တာခါရှီကို ကန်လိုက်သည်။

ကောင်းကျုံးယွမ်နှင့် လျန်ကျင်းမင်သည်လည်း နီးနီးကပ်ကပ် လိုက်ပါလာပြီး ချင်းဟန်နှင့်အတူ တိုက်ခိုက်လိုက်၏။

လက်သီးခြေထောက်များသာ မက စားပွဲတွင်ရှိ အရက်ပုလင်းများပါ ယူပြီး အီခီဒါ တာခါရှီထံ ဦးတည်လိုက်ကြတော့သည်။

သူတို့ရှေ့ရှိ ' ဝုန်း - ခွမ်း ' စသဖြင့် ရုန့်ရင်းဆန်ခတ် ဖြစ်နေသည့် မြင်ကွင်းက ဆိုင်ထဲရှိ ဂျပန်လူမျိုးများအား အံ့အားတကြီး ဖြစ်ပျက်သွားစေသည်။

ဒီ ဟွာရှန့်သားတွေကတော့ သတ္တိသိပ်ကောင်းနေကြတာပဲ.. ဟီရိုမီချီ ကလန်က လူတွေကိုတောင် တကယ်ကြီး တိုက်ခိုက်ဝံ့နေတယ်...

" အား.... "

"အု... "

လူသုံးယောက်၏ အထိုးအကြိတ် အရိုက်အနှက်ကို ခံရပြီးနောက် အီခီဒါ တာခါရှီ သူ့ခေါင်းနှင့် ကိုယ်ကိုယ် ပိုးတုံးလုံးကဲ့သို့ ဖုံးကွယ်ထားရတော့၏။ ပြန်တိုက်ခိုက်ရန် အခွင့်အရေးပင် သူ့တွင် မရှိလိုက်ချေ။

လင်းရီ ဇဝေဇဝါ ဖြစ်စွာဖြင့် ခေါင်းကုတ်မိသွားခဲ့၏။

ချင်းဟန်နဲ့ ဒီငနဲတွေက သာမန်လူတွေပါပဲ.. ဒါကို ဒီအုပ်စုရဲ့ ခေါင်းဆောင်လို့ ပြောရတဲ့ အီခီဒါ တာခါရှီဆိုတဲ့ကောင်က ဒီလိုမျိုးပဲ အရိုက်နှက် ခံလိုက်ရတယ်ပေါ့..

ဒီကောင်တွေရဲ့ ဟီရိုမီချီ ကလန်က ဘယ်လိုမျိုးများ ကြီးထွားလာခဲ့ပါလိမ့်...

ဟက်စကီ တက်တူးကို မှီခိုပြီးတော့လား...

တကယ်လို့ ငါတို့ နိုင်ငံက ကွမ်းယွီ တက်တူးနဲ့ လူတွေကိုသာ မြင်မိလိုက်လို့ကတော့ ဒီကောင်တွေ သေးထွက်အောင် ကြောက်လန့်သွားကြမလား မသိဘူး...

" ငါတို့ရဲ့ အစ်ကိုကြီးကို လွှတ်စမ်း... "

အီခီဒါ တာခါရှီ၏ လူများမှ ဓားမြောင်များထုတ်၍ လင်းရီထံ စိတ်တိုတကြီးဖြင့် အော်ဟစ်လိုက်ကြသည်။

" မဆိုးဘူး မဆိုးဘူး.. မင်းတို့က ဓားတွေတောင် ဆောင်ထားကြတယ်ပေါ့... " လင်းရီ ပြုံးလိုက်ပြီး " ဖြစ်ချင်တော့ ငါလည်း ပြင်ဆင်လာခဲ့တယ်ကွ... "

ပြောပြီးနောက် လင်းရီ သူ၏ လက်စွဲတော် စကေဘာကို ထုတ်ယူလိုက်သည်။

" နေရာက မရွေ့ရင် ကောင်းမယ်နော်... မဟုတ်ရင် သွေးထွက်သံယိုတွေ ဖြစ်ကုန်လိမ့်မယ်... "

" စောက်ရူး.. တက်... "

လင်းရီ၏ စကေဘာမှာ သေးငယ်လွန်းပြီး အီခီဒါ တာခါရှီ၏ လူများ လုံး၀ ကြောက်ရွံ့ခြင်း မရှိကြချေ။ သူတို့အားလုံး ဓားဝှေ့ရင်း လင်းရီထံ တိုး၀င်လာကြ၏။

လင်းရီ မျက်လုံး မှေးကျဉ်းသွားခဲ့ပြီး စကေဘာကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

အေးစက်သည့် ငွေရောင် အလင်းတစ်ချက် လက်ခနဲ ဖြစ်သွားခဲ့ပြီး ကြမ်းပြင်ပေါ်သို့ သွေးများ ဖြာကျသွားခဲ့၏။ တစ်ယောက်မှာ လက်ကောက်၀တ် အလှီးဖြတ်ခံလိုက်ရသည်။ နာကျင်လွန်း၍ ထိုသူမှာ မြေပြင်တွင် လူးလိမ့်နေပြီး ၀က်ပေါ်ခံနေသကဲ့သို့ အာခေါင်ခြစ် အော်နေပြီး အချိန်မရွေးလည်း သတိလစ် မေ့မြောသွားမည့်ဟန်ရှိသည်။

တစ်ယောက် ကြမ်းပြင်သို့ လဲကျသွားတော့ ကျန်သူများလည်း ဆက် မလှုပ်ရှားရဲကြတော့ချေ။

သူတို့ လက်ထံရှိ ဓားမြောင်များကတော့ တန်ဆာဆင်ရုံ သပ်သပ်သာ ဖြစ်ပြီး လူကို မည်သည့် ခြိမ်းခြောက်မှုမျှ မပြုနိုင်ချေ။

တစ်ဖက်ရှိ လင်းရီ၏ စကေဘာကတော့ အကောင်သေးပြီး အတော်လေးလည်း အဆိပ်ပြင်း၏။

" တော်တော့... ရပ်တော့... ကျေးဇူးပြုပြီး... ငါတို့ကို ထပ်မရိုက်ကြပါနဲ့တော့... "

ကြမ်းပြင်တွင် ရှိနေသညိ့ အီခီဒါ တာခါရှီမှ ညှာတာငဲ့ညာပေးရန်အတွက် အော်ဟစ် တောင်းဆိုလိုက်၏။ ထိုအခိုက်အတန့်တွင်တော့ သူ၏ ခေါင်းမှာ ၀က်ခေါင်းသဖွယ် ဖူးယောင်နေပြီး အလွန်အမင်း သနားဖို့ကောင်းသည့် အခြေအနေ၌ ရှိနေသည်။

လျန်ကျင်းမင် ကိုယ်ကိုကိုင်း၍ အီခီဒါ တာခါရှီ၏ ဆံပင်ကို ဆွဲဆုပ်လိုက်ပြီး " မင်း ခုနတုန်းက -ိ-ိ-ား-ားတွေ ပြောနေတာ မဟုတ်ဘူးလား... "

အီခီဒါ တာခါရှီ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ရိပ်တို့ ပြည့်နှက်နေပြီး ခန္ဓာကိုယ်ကလည်း ထိန်းချုပ်မရနိုင်အောင် တဆတ်ဆတ် တုန်ယင်နေခဲ့ကာ " မဟုတ်ဘူး.. ငါ့ကိုယ်ငါ ဆဲဆိုနေတာပါ... ငါ မှားမှန်းသိပါပြီ.. ကျေးဇူးပြုပြီး - ကျေးဇူးပြုပြီး ထပ်မရိုက်ပါနဲ့တော့... "

" ငါချီး မင်းရဲ့ စရိုက်နဲ့ကွာ.. နောက်ဆို လူဆိုး မလုပ်နဲ့တော့.. မင်းမှာ ပါရမီဆိုတဲ့အရာ ပါမလာဘူးကွ.. သဘောပေါက်လား... "

" ဟုတ် ဟုတ် နားလည်ပါပြီ... "

" ခွေးသားတွေ.. မြန်မြန် လစ်ကြတော့... "

ထွက်သွား ဆိုသည့် အသံကြားသည်နှင့် အီခီဒါ တာခါရှီနှင့် သူ့လူများ ခွေးပြေး၀က်ပြေး ထွက်ခွာသွားခဲ့ကြတော့သည်။

လျန်ကျင်းမင် ပွဲကြေညာသူဘက်သို့ လှည့်ကြည့်၍ " အခု သူက ငါတို့ အပိုင်ဖြစ်ပြီ.. ဟုတ်တယ်ဟုတ်... "

" ဟုတ်ပါတယ် ဟုတ်ပါတယ်.. " ပွဲကြေညာသူမှ ကမန်းကတမ်း ပြန်ပြောလိုက်ပြီး " လူကြီးမင်းတို့ကို အပေါ်ထပ် လိုက်ပို့ပေးပါ့မယ်... "

" မ‌ပြောမသိတဲ့.. မင်းတို့ရဲ့ ၀န်ဆောင်မှုက တော်တော်ကြီးကို ကောင်းတယ်လို့ ငါ ပြောရတော့မှာပဲ... "

အကယ်၍ သူတို့ ပြန်သွားလျှင်ပင် ထွေထူး လုပ်စရာများ မရှိသောကြောင့် လေးယောက်သား အပေါ် ဒုတိယထပ်ရှိ သီးသန့်ခန်းထဲသို့ ဘန်နီဂဲ၏ ဦးဆောင်မှုအောက်တွင် ရောက်လာခဲ့ကြသည်။

ပထမ ထပ်ရှိ အခြေအနေကိုတော့ သန့်ရှင်းရေး တစ်ချို့ ပြုလုပ်ပြီးသည်နှင့် ဆက်လက် လည်ပတ်နိုင်သည်။

ယင်းက ဘာကြောင့်လဲဆိုတော့ အခြားသော စားပွဲဝိုင်းများ မှာထားကြသည့် ဖောက်သည်များ ရှိသေးသောကြောင့် ၎င်းတို့၏ နာမည် ဂုဏ်သတင်းအတွက် ဆိုင်မှာ သာမန်လျှံကာ ပိတ်လိုက်လို့ မဖြစ်ချေ။ ထိုသို့ ပြုမိပါက ဖျော်ဖြေရေး နယ်ပယ်တွင် အကြီးကြီး မှားသွားပေလိမ့်မည်။

…………

လင်းရီတို့ အုပ်စု၏ ပညာပေးခြင်းကို ခံရပြီးနောက် အီခီဒါ တာခါရှီနှင့် သူ့လူများ သနားစဖွယ်ကောင်းစွာ ပြေးထွက်လာကြလေသည်။

သူတို့ကို မြင်တော့ လူတိုင်းမှ မသိမသာ ရှောင်ဖယ်သွားခဲ့ကြ၏။ ၎င်းတို့ကို ရှောင်သည်က ပြဿနာကို ရှောင်သည်နှင့် အတူတူပင်။

" အစ်ကိုကြီး .. ငါတို့ အခု ဘာဆက်လုပ်ကြမလဲ... လက်စားပြန်ချေဖို့ လူတစ်ချို့ကို ဆက်သွယ်လိုက်ရမလား... " ထိုစကားကိုတော့ ခေါင်းတုံးပြောင်အောင် ရိတ်ထားသည့် ငယ်သားတစ်ယောက်မှ ပြောလိုက်ခြင်းပင်။

" ဟုတ်တယ်... သေချာပေါက် လက်စားချေရမယ်.... " အီခီဒါ တာခါရှီမှ သူ၏ ဖူးယောင်နေသည့် မျက်နှာကို အုပ်ထားရင်း ပြောလိုက်ပြီး " ဒါပေမယ့် ချီဂါ... ဒဏ်ရာရထားတဲ့သူ့ကို ဆေးရုံခေါ်သွားပေးလိုက်.."

" နားလည်ပါပြီ.. "

ချီဂါဟု အမည်ရသည့် လက်အောက်ငယ်သားမှ ဒဏ်ရာရသူကို ခေါ်ဆောင်ပြီး တက္ကစီ တစ်စင်းနှင့် ထွက်ခွာသွားခဲ့၏။

တစ်ဖက်ရှိ အီခီဒါ တာခါရှီမှာတော့ လမ်းဘေးတစ်နေရာတွင် ရပ်နေပြီး အကူအညီ တောင်းရန်အတွက် ဖုန်းဆက်နေသည်။

ရန်ဖြစ်တာရှုံး၍ အကူအညီခေါ်ခြင်း - ထို အချက်ကတော့ မည်သည့် နိုင်ငံပဲ ရောက်ရောက် ကွဲပြားသွားခြင်း မရှိချေ။

သို့‌သော်လည်းပဲ ထိုအခိုက်အတန့်တွင် အီခီဒါ တာခါရှီ ရှိသည့် နေရာနှင့် အလှမ်းသိပ်မဝေးသည့် တစ်နေရာတွင် အနက်ရောင် မာစီးတီး မေဘက် တစ်စင်း ထိုးရပ်လာခဲ့၏။

ဒရိုင်ဘာမှာ ၀တ်စုံပြည့် ၀တ်ထားသည့် သက်လတ်ပိုင်း လူတစ်ယောက်ဖြစ်သည်။ ပိန်ပါးသည့် မျက်နှာ ၊ ထင်ထင်ရှားရှား ရှိနေသည့် မေးရိုးကြီးများ၊ တိုတိတိုနှောင့် ဆံပင်ကေနှင့် သူ့ကြည့်လိုက်သည်တွင် ရက်စက်တတ်သည့် အရှိန်အဝါများ ထုတ်လွှတ်နေသည်။

ကားနောက်ခုံတွင်တော့ မျက်တွင်းဟောက်ပက်ကြီးနှင့် အဘိုးကြီး တစ်ဦး ထိုင်နေလျက်ရှိသည်။ သူ၏ အရေပြားက သေဆုံးခါနီး သစ်ပင်ကဲ့သို့ ရှိနေပြီး ဒရိုင်ဘာထက်ပင် ကြောက်မက်ဖွယ် ကောင်းလို့နေသည်။

" ခေါင်းဆောင်.. အဲ့တာ သူတို့ပဲ... "

အီခီဒါ တာခါရှီကို ကြည့်ရင်း ဒရိုင်ဘာမှ တီးတိုးပြောလိုက်၏။

" ဒီကောင်တွေက ငါ့အစီအစဉ်ကို ဖျက်ဆီးလုနီးပါးပဲ... လူလွှတ်ပြီး ရှင်းလိုက်... ငါ ဒီကောင်တွေကို နောက်ထပ် မမြင်ချင်ဘူး... "

နောက်ခုံရှိ အဘိုးကြီးမှ အသံအက်အက်ဖြင့် ပြောလိုက်သည်။

All Chapters