အခန်း (၁၁၆၇)
Vol. 78 Ch. 1167
ရှုပ်ထွေးတဲ့ ဆက်ဆံရေး
ထိုစကားကြားတော့ ချင်းဟန်နှင့် ကျန်သူများ လင်းရီကို စိတ်ဝင်စားသည့် အမူအရာတို့ဖြင့် ကြည့်လိုက်ကြသည်။
တစ်ချိန်တည်းတွင် မနာလိုမှုကြောင့်လည်း အံကြိတ်မိလိုက်ကြ၏။
ဒင်းတို့ ဆုံတွေ့သည်က မိနစ် အနည်းငယ်မျှသာ ကြာမြင့်သေးသော်လည်း တစ်ဖက်သူမှာ သူမ၏ ဘဝကိုပင် ပုံအပ်ချင်နေချေပြီ။
ထိုကဲ့သို့သော သူမျိုးကို ဝက်လှောင်အိမ်ထဲတွင် အပြစ်ပေးပြီး နှောင်းလူများ သင်ခန်စာယူနိုင်အောင် စံပြပြုထားပေးသင့်သည်။
“ ကောင်းပြီလေ… ကျုပ် အချိန်ရခဲ့ရင် ဒီလာပြီး မိန်းကလေး ရှိုကို ကို ထောက်ပံ့ပေးပါ့မယ်…”
“ မစ္စတာလင်းက ဒီနေ့ အလျင်စလိုနဲ့ ထွက်သွားရတော့ ကျွန်မဘက်က ကောင်းကောင်း မဖျော်ဖြေပေးလိုက်နိုင်ဘူး… နောင်အနာဂတ် ရောက်လာဖြစ်ခဲ့ရင် ကျွန်မ မစ္စတာလင်းကို စိတ်ကျေနပ်မှု အပြည့်နဲ့ ပြန်သွားနိုင်အောင် လုပ်ပေးပါရစေ…”
“ မိန်းကလေး ရှိုကိုက သိပ် တွေးပေးလွန်းနေပါပြီ… မိန်းကလေး ပေးတဲ့ ဝန်ဆောင်မှုက သိပ်ကောင်းပါတယ်… ကျုပ် မိန်းကလေးကို ဖောက်သည်တွေ ဝင်လာမစဲ တသဲသဲဖြစ်ပြီး စီးပွားလာဘ်လာဘတွေ တိုးပွားပါစေလို့ တောင်းဆုပြုပေးခဲ့ပါတယ်…. ခွင့်ပြုပါဦး..”
ပြောပြီးနောက် လင်းရီတို့ လေးယောက်သား ထိုဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။ လမ်းမှာ လှုပ်ရှားသက်ဝင်နေပြီး အရိပ်ကောင်းသည့် အချို့သော ထောင့်များတွင်တော့ ညဉ်းသံသဲ့သဲ့များကို ကြားနေရလေသည်။ ဤသည်ကပဲ ခါဘူကီချို၏ ဂုဏ်သတင်းကို ပိုပြီး ခိုင်မာနေစေတော့၏။
ရှိုကို နာခါဂျီးမား ဒုတိယထပ်၏ ပြတင်းပေါက်တွင် မတ်တပ်ရပ်ရင်း လင်းရီတို့ တက္ကစီငှားပြီး ပြန်သွားသည်ကို ငေးမောကြည့်နေသည်။ ထို့နောက် တံခါးကို ပြန်ပိတ်ပြီး တတိယထပ်သို့ တက်လှမ်းသွားခဲ့၏။
ဒုတိယထပ်နှင့် ယှဉ်လျှင် တတိယထပ်မှာ ပိုပြီး ဆိတ်ငြိမ်သည်။
သစ်သားကြမ်းပြင်တွင် လျှောက်ရင်း ရှိုကို နာခါဂျီးမား၏ ခြေလှမ်းများမှာ သိပ်ကို ပေါ့ပါးနေပြီး အသံတစ်သံ မထွက်ချေ။
နောက်ဆုံးတွင် ရှိုကို နာခါဂျီးမား အတွင်းဘက် အကျဆုံး တံခါးပေါက် ရှေ့တွင် ရပ်တန့်လိုက်ပြီး တံခါးကို ညင်သာစွာ ခေါက်လိုက်၏။
တံခါးမှာ ပွင့်ဟလာခဲ့ပြီး ထင်ရှားသည့် မေးရိုးကြီးများနှင့် လူတစ်ယောက် ထွက်ပေါ်လို့လာသည်။ ရှိုကို နာခါဂျီးမား ကိုယ်ကို အနည်းငယ် ကိုင်း၍ ဦးညွှတ်လိုက်ပြီး အထဲသို့ ဝင်သွားလိုက်၏။
အတွင်းတွင်တော့ မျက်တွင်း ဟောက်ပက်နှင့် အဘိုးကြီးမှာ လေးထောင့် စားပွဲ အသေးတစ်လုံးတွင် ထိုင်နေပြီး ရေနွေးကြမ်းကို အရသာခံနေလျက်ရှိသည်။
လင်းရီ မြင်ပါက ထိုလူကို ကျိန်းသေပေါက် သိသည်။ ထိုသူက ဆေးသုတေသန စင်တာ၏ ဒုတိယ အာဏာ အကြီးဆုံးသောသူဖြစ်သည့် ယူရှီ မစ်ဆူပင်။ သို့ပေမယ့် သူ၏ အသွင် သဏ္ဌာန်ကတော့ ထင်မှတ်မထားလောက်အောင်ကို ပြောင်းလဲသွားခဲ့တော့သည်။
ထိုသူက မစ်ဆူ ကလန်ထဲတွင် လုပ်ပိုင်ခွင့် အများအပြားရှိသော်လည်း အဓိက ကျသည့် ပြယုဂ်တစ်ခုတော့ မဟုတ်ချေ။
ထို့ကြောင့် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ယူရှီ မစ်ဆူမှာ ယာမာဂူချီကလန်အတွင်း အမှောင်ထဲမှ နေပြီး စတင် လှုပ်ရှားနေခဲ့၏။
တစ်ဖက်တွင်တော့ သူ့ကိုယ်သူ ဆေးသိပ္ပံ သုတေသန ပညာရှင်အဖြစ် ဖော်ပြလျက်ရှိပြီး အခြားတစ်ဖက်တွင်တော့ သူ၏ အကြံအစည်များကို အမှောင်ထဲတွင် စီစဉ် ချမှတ်နေကာ လွှမ်းမိုးမှုများကို ချဲ့ထွင်နေခဲ့သည်။
သူ၏ မြေးဖြစ်သူ ဂိုအီချီ မစ်ဆူ ဟွာရှတွင် သေသွားသည့် အချိန်သို့ ရောက်တော့မှပဲ ယူရှီ မစ်ဆူ၏ အစီအစဉ်မှာလည်း ပြိုလဲ ပျက်ဆီးသွားပြီး မစ်ဆူ မိသားစုမှနေ၍ ထွက်ခွာသွားခဲ့တော့၏။
ယူရှီ မစ်ဆူ၏ ထွက်ခွာသွားမှုက မစ်ဆူ မိသားစုကို ခြေထောက်တစ်ချောင်း ရိုက်ချိုးလိုက်သည်နှင့် ထူးမခြားနားပေ။
ယူရှီမစ်ဆူ ဆိုသည်က မစ်ဆူမိသားစုပိုင် ဇီဝဓာတ်ခွဲခန်း၏ တာဝန်ရှိသူ တစ်ယောက်ဖြစ်သည်။
သူ မရှိဘူးဆိုပါက ၎င်းတို့၏ အကျိုးသက်ရောက်မှုမှာ လင်းရီ၏ ဖိုတိုလီတို ဂရပ်ဖီစက် ပရောဂျက်တွင် ရှန်းထျန်းကျိုး ရှိမနေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ထို့ပြင် ယူရှီမစ်ဆူကသာလျှင် လင်းရီ၏ ဂျပန်သို့ လာရောက်မည့် ခရီးစဉ်ကို ပထမဆုံး သတိပြုမိသည့်လူဖြစ်၏။
ဟိုတယ်နှင့် နေထိုင်သည့် နေရာများကို စီစဉ်ပေးခဲ့သူမှာ အာယာနဲ မစ်ဆူ မဟုတ်ချေ။
သူမက လင်းရီကို ကြိုက်နှစ်သက်သည် ဆိုသော်ငြားလည်းပဲ အသေးစိတ်ကအစ လိုက်လံစောင့်ကြည့်နေမည့် လူစားမျိုးထဲတွင် မပါချေ။
“ မင်း သူ့ကို ဘယ်လိုမြင်လဲ…” ယူရှီ မစ်ဆူမှ တိုးညင်းစွာ မေးလိုက်သည်။
“ သူ့ကို ထွင်းဖောက်မမြင်နိုင်ပါဘူး…”
“ မမြင်နိုင်ဘူးလား…” ယူရှီ မစ်ဆူ ခေတ္တမျှ ရပ်တန့်လိုက်၍ “ ဘာတိုးတက်မှုမှ မရှိဘူးလား…”
“ အစကတော့ ရှိခဲ့ပါတယ်.. ကျွန်မ သူနဲ့ အတူသောက်ခဲ့သေးတယ်… ဒါပေမယ့် ပိုပြီးမနီးကပ်နိုင်သေးခင်မှာပဲ သူ့ဘက်က ထပြီး ထွက်သွားခဲ့တယ်…”
“ ထွက်ခွာသွားတယ်…”
ယူရှီ မစ်ဆူ၏ အမူအရာ အနည်းငယ် အေးခဲသွားခဲ့၏။ အခန်းထဲရှိ လေထုပင် အေးခဲသွားသည့် သယောင်ယောင်…။
“ သူ သတိထားမိသွားခဲ့တာလား… ဒါမှမဟုတ် တိုက်ဆိုင်သွားတာလား…”
“ ကျွန်မ မသိပါဘူး…”
ခွမ်း…
ယူရှီ မစ်ဆူ သူ့ လက်ဖက်ရည်ခွက်ကို မြှောက်၍ ရှိုကို နာခါဂျီးမား၏ ခေါင်းကို ကောက်ပေါက်လိုက်သည်။
ရှိုကို နာခါဂျီးမား၏ ခန္ဓာကိုယ် တုန်ယင်သွားခဲ့သော်လည်း သူမ မရှောင်ဝံ့ချေ။
သူမ၏ ချောမွတ်နေသည့် နဖူးပြင်ထက်တွင် အနီရောင် အမှတ်အသား တစ်ခု ဖြစ်ပေါ်လာကာ လက်ဖက်ရည်များက သူမမျက်နှာပေါ် စီးကျနေလျက်ရှိပြီး မြင်မိသူအဖို့ ကြင်နာသနားစိတ်တို့ သက်ဝင်မိမည်မှာ အမှန်ပင်။
သို့သော် ရှိုကို နာခါဂျီးမားမှာ တုတ်တုတ်မလှုပ်ရဲ။ သူမ နာကျင်မှုကို တောင့်ခံလျက်ရှိကာ အသံတစ်သံပင် မထွက်ဝံ့ခဲ့ချေ။
“ သူ… သူက တခြားသူတွေနဲ့ မတူပါဘူး…” ရှိုကို နာခါဂျီးမားမှ တိုးညင်းစွာ ပြန်ဖြေလိုက်၏။
“ သူ့ကြည့်ရတာ တခြား ယောက်ျားသားတွေလို ကျွန်မအပေါ် စိတ်ဝင်စားမှုမျိုးလည်း မရှိပါဘူး…”
ယူရှီ မစ်ဆူ မျက်မှောင်ကြုတ်သွားခဲ့ပြီး “ ဒီလိုပြောလိုက်တာနဲ့ မင်း အမှားကို ငါက ခွင့်လွှတ်ပေးလိုက်မယ်လို့ မင်းထင်နေတာလား…”
“ ကျွန်မ… မဝံ့ရဲပါဘူး..”
“ ဒီလို အသေးမွှားလေးတောင် မထမ်းဆောင်နိုင်ဘူးလား... လစ်လိုက်တော့…”
“ ဟုတ်ကဲ့ပါ ခေါင်းဆောင်…”
ညင်သာစွာ ပြန်ဖြေပြီးနောက် ရှိုကို နာခါဂျီးမား တိတ်တဆိတ် ပြန်ထွက်ခွာသွားခဲ့တော့သည်။ သူမ ထွက်ခွာသွားပြီးသည့်နောက်တွင်တော့ အခန်းတစ်ခုလုံးမှာ ရက်စက်ယုတ်မာသည့် အငွေ့အသက်တို့ဖြင့် ပြည့်နှက်သွားခဲ့တော့၏။
“ ခေါင်းဆောင်.. ဒါက တိုက်ဆိုင် သွားတာပဲ ဖြစ်ရမယ်…" ဒရိုင်ဘာ ခန်းဂျိ တာခါယာမမှ ပြောလိုက်သည်။
“ နာခါဂျီးမားရဲ့ အရည်အချင်းကို အဖွဲ့အစည်းတစ်ခုလုံးက လူတွေလည်း အသိပဲ… နောက်ပြီး လင်းရီ ဆိုတဲ့ လူကလည်း လူသာမန် မဟုတ်ဘူး… သူ့လို လူတစ်ယောက်ကို မိန်းမတစ်ယောက်နဲ့ ဖျားယောင်းသိမ်းသွင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး…”
“ ငါသိတယ်…” ယူရှီ မစ်ဆူမှ ပြောလိုက်သည်။
သူကိုယ်တိုင်က လင်းရီနှင့် အများအပြား ထိတွေ့ဆက်ဆံဖူးခြင်း မရှိပါသော်လည်း ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာပြီးသည့် ဉာဏ်များ ကောက်ကျစ်သူ မြေခွေးအိုကြီး တစ်ကောင် အနေနှင့် ယူရှီ မစ်ဆူ၏ လူများကို ဖတ်တတ်သည့် စွမ်းရည်မှာ သာမန်လူတို့ထက် ကျော်လွန်နေပြီးဖြစ်သည်။
ထို့ကြောင့် ယခင်ကတည်းကရင် လင်းရီ ဆိုသူက သာမန်လူ မဟုတ်ကြောင်းကို သူ ယုံကြည်ထားပြီး ဖြစ်သည်။ မဟုတ်ပါက သူ အလွန် ဂရုစိုက်နေခဲ့မည် မဟုတ်ချေ။
သို့သော်လည်း ရှိုကို နာခါဂျီးမားက အစီအစဉ် တစ်ခုလုံး၏ အခရာဖြစ်နေခဲ့၏။
အကယ်၍ သူမကသာ လင်းရီကို မဖမ်းစားနိုင်ဘူးဆိုပါက သူ၏ နောက်ပိုင်း အစီအစဉ်များကို လုပ်ဆောင်ရန် ခက်ခဲပေလိမ့်မည်။
" ကျုပ် သူ့ကို နောက် ဘာဆက်လုပ်ရမလဲ ပြောလိုက်ပါ့မယ်... " ခန်ဂျိ တာခါယာမမှ ပြောလိုက်၏။
" လင်းရီက မရိုးရှင်းဘူး... ငါ့စိတ်ထဲ သူက အာယာနဲ မစ်ဆူနဲ့ မတိမ်းယိမ်းဘူးလို့ ခံစားနေရတယ်... ဒါကြောင့်မို့ ငါတို့တွေ အထူးဂရုစိုက်မှ ရမယ်... သူ တစ်ခုခုကို သတိပြုမိသွားခဲ့ရင် ကောင်းမှာ မဟုတ်ဘူး... " ယူရှီမစ်ဆူမှ ပြောလိုက်၏။
" ဟုတ် .. ခေါင်းဆောင်... " ခန်ဂျိ တာခါယာမမှ ပြောလိုက်ပြီး " ဒါပေမယ့် ကျုပ် အထင် ရှိုကို နာခါဂျီးမားရဲ့ ဆွဲဆောင်မှုနဲ့ဆိုရင် လင်းရီရဲ့ အာရုံကို ဆွဲဆောင်နိုင်ဖို့က ပြဿနာ မရှိဘူးလို့ ထင်တယ်... ဒီတိုင်း သူက အချိန် မလောက်ငှ ဖြစ်နေရုံလေးပဲ... အဲ့တာကြောင့် အကျိုးမထိရောက်ဘူး ဖြစ်နေတာ... "
ယူရှီ မစ်ဆူ ခေါင်းညိမ့်လိုက်သည်။
" ဗီဇ သွေးရည်ကြည် အတွက်ကတော့ ... မစ်ဆူ မိသားစုနဲ့ ငါ့မှာပဲ အဓိက နည်းပညာ ရှိထားတယ်... ဒါကြောင့်မို့ လင်းရီကို မျက်လုံး ဒေါက်ထောက်ကြည့်ထား... တကယ်လို့ သူ အာယာနဲ မစ်ဆူနဲ့ အတူလက်တွဲနေချင်တယ်ဆိုရင် ချက်ချင်း သတ်ပစ်လိုက်... ငါတို့ မရနိုင်ဘူးဆိုရင် တခြားသူတွေလည်း ရစရာ အကြောင်း မရှိဘူး.... "
" နားလည်ပါပြီ ခေါင်းဆောင်... ကျုပ် ကြည့်လုပ်လိုက်ပါ့မယ်... "
" ရွှေနက် ကော်ပိုရေးရှင်းရဲ့ အခြေအနေကကော ဘယ်လိုလဲ.. သူတို့ ဘယ်အချိန် လာမယ် ပြောပြီလား.... " ယူရှီမစ်ဆူမှ မေးမြန်းလိုက်သည်။
" သူတို့လူတွေ မနက်ဖြန် မွန်းလွဲပိုင်း တိုကျို လေဆိပ်ကို ရောက်လာကြမယ်လို့ ပြောပါတယ်... ဒါပေမယ့် အပေးအယူလုပ်မယ့် အချိန်အတိကျကိုတော့ ခုထိ မသတ်မှတ်ရသေးပါဘူး... သူတို့ ပြောတာတော့ သူတို့ ပြန်စဉ်းစားချင်သေးတယ်ဆိုပဲ.... " ခန်ဂျိ တာခါယာမမှ ပြောလိုက်ပြီး " အရင်တစ်ခေါက်က ဖြစ်ရပ်ကြောင့် ဒီကောင်တွေ အတော်လေး သတိချပ်နေကြပြီ... "
" အသေးမွှား ကိစ္စလေးပါ... ပြောကြေးဆို ငါကတောင် သူတို့ကို ကျေးဇူးတင်ရမယ်... "ယူရှီ မစ်ဆူမှ ပြောလိုက်ပြီး " အရင်တစ်ခေါက် အလဲအလှယ် လွဲချော်သွားခဲ့ကြောင့်သာ မဟုတ်ရင် ရွှေနက် ကော်ပိုရေးရှင်းကလည်း ငါတို့နဲ့ လက်တွဲလုပ်လာမှာ မဟုတ်ဘူး... ဒါက ငါတို့ဖို့ အခွင့်အရေးပဲ... "
" အမှန်ပါပဲ.... "
" ရွှေနက် ကော်ပိုရေးရှင်းနဲ့ အပေးအယူ လုပ်တဲ့ကိစ္စကိုလည်း သေချာစောင့်ကြည့်ထား.. ဒါ ငါတို့ရဲ့ ပဏာမ ခြေလှမ်း ... ဘာအမှားမှ ကျူးလွန်မိလို့ မရဘူး... " ယူရှီ မစ်ဆူ ပြောလိုက်ပြီး " အာယာနဲ မစ်ဆူအတွက်လည်း အတူတူပဲ.. ငါတို့ သူ့ကို ရွှေနက်ကော်ပိုရေးရှင်းကလူတွေ ဒီရောက်နေတယ်ဆိုတာ ပေးသိလိုက်လို့ မရဘူး... မဟုတ်ရင် အဲ့ကောင်မက ငါတို့ အစီအစဉ်တွေကို အဖျက်အမှောင် ပြုလိမ့်မယ်... "
" နားလည်ပါပြီ ခေါင်းဆောင်... "
" သွားတော့.... မင်းကို ဒီမှာ ဆက်မလိုတော့ဘူး..."
ခန်ဂျိတာခါယာမ ဦးညွှတ်လိုက်ပြီး တံခါးကို ပြန်ပိတ်ပေးခဲ့ကာ အခန်းထဲမှ ထွက်ခွာသွားခဲ့တော့၏။
………………………
လင်းရီနှင့် ကျန်သူများ ဟိုတယ် ပြန်ရောက်လာတော့ ကျီချင်းရန်နှင့် အခြားသူများလည်း ပြန်ရောက်နေကြပြီ ဖြစ်သည်။
သူမတို့က ပစ္စည်းအမြောက်အများ ၀ယ်ယူခဲ့ကြပြီး အများစုကတော့ အရောင်အသွေး စုံစုံလင်လင်နှင့် နှစ်သက်ဖို့ ကောင်းသည့် လက်၀တ်တန်ဆာများသာ ဖြစ်၏။
" ဒီတော့... မင်းတို့က ဒီည ဈေး၀ယ်ထွက်ခဲ့ကြတယ်ပေါ့... "
" မသွားလို့ ကျွန်မတို့က ဘာလုပ်ရမှာလဲ... " ဟော်ယွမ်ယွမ် မေးမြန်းလိုက်ပြီး မသင်္ကာသည့် အကြည့်တို့ဖြင့် " ကျွန်မတို့ ယောက်ျားလေး အဖော်ချွတ် ကလပ်တွေ သွားပြီး အချောလေးတွေ ကတာကို သွားငမ်းနေမယ်လို့ ထင်နေတာတော့ မဟုတ်ဘူးမလား... "
' လခွမ်း.. သောက်ကျိုးနည်း ကွက်တိကြီး ခန့်မှန်းလိုက်တာပဲဟ...'
" လာ လာ .. ဒါငါ ၀ယ်ခဲ့တဲ့ ဆံညှပ်ကလစ်လေးလေ... မလှဘူးလား.. "
ကျီချင်းရန်က အပြာရောင် ခရစ်စတယ် ကျောက်ဖြင့် အလှဆင်ထားသည့် ဆံညှပ်ကလစ် တစ်ခုကို ကိုင်ရင်း ပြောလိုက်သည်။
"အင်း... မင်းရွေးထားတာ သိပ်လှတာပဲ... ဒါနဲ့ဆို မင်းရဲ့ အသားအရေက ပိုပြီးတောင် ဖြူသွားပြီ.. "
" အစ်မကျီ အဲ့စညှပ်ကြီး ပြပြီး ဘာလုပ်တာတုန်း... ၀တ်စုံ ၀ယ်ခဲ့သေးတယ် မဟုတ်ဘူးလား.. မြန်မြန် သူ့ကို ပြလိုက်လေ... “