အခန်း (၁၁၆၈)
Vol. 78 Ch. 1168
ကိုယ်ကောင်းဖို့အတွက် အခန်းခွဲအိပ်ရမယ်
“ နင်လည်း ဝယ်ခဲ့တယ် မဟုတ်ဘူးလား…”
“ ငါတို့ချင်းက မတူဘူးလေ… ကောင်းက ဒီလို အရာမျိုးတွေ သဘောကျတတ်တာ မဟုတ်ဘူး… ဒါကြောင့်မို့ ငါက အပျော်သပ်သပ်ပဲ ဝယ်ခဲ့တာ…”
“ ဘာဝယ်ခဲ့တာလဲ…”
လင်းရီနှင့် ကောင်းကျုံးယွမ်တို့မှ သံပြိုင် မေးလာခဲ့ကြ၏။
“ မမေးရဘူး…”
ပြောပြီးနောက် ကျီချင်းရန် သူမ၏ အိတ်များကို သယ်ပြီး လင်းရီကို အခန်းထဲ ခေါ်လာခဲ့လိုက်၏။
ဤအရာများက နှစ်ကိုယ်ကြား သိဖို့လောက်သာဖြစ်ပြီး အပြင်လူများကို ပေးမြင်လိုက်လို့ မဖြစ်ချည်။
ကျီချင်းရန်၏ အခန်းထဲသို့ ဆွဲခေါ်သွားခြင်းကို ခံရပြီးနောက် လင်းရီ အပြုံးလေးဖြင့် “ ဘာတွေဝယ်ခဲ့လို့ ဒီလောက်တောင် လျှို့ဝှက်နေရတာလဲ…”
ကျီချင်းရန် သူမ၏ မျက်လုံး လှလှကြီးများဖြင့် ပုတ်ခတ် ပုတ်ခတ် ပြုလိုက်ပြီး “ မှန်းကြည့်ပေါ့…”
“ မိနီ စကတ်လား…” လင်းရီ မေးကြည့်လိုက်ပြီး “ အဲ့တာက မင်းရဲ့ စတိုင်မဟုတ်ဘူးလို့တော့ ထင်တယ်နော်…”
“ ကျိန်းသေပေါက် ဘယ်ဟုတ်မှာလဲ… ငါလည်း စကတ်အတိုလေးတွေ မဝတ်ရဲပါဘူး…”
ပြောပြီးနောက် ကျီချင်းရန် လင်းရီအနား တိုးကပ်၍ တီးတိုးလေသံဖြင့် “ မိနီ စကတ်မဟုတ်ဘူးဆိုပေမယ့် အဲ့ထက်လည်း မရှည်ဘူး…”
လင်းရီ မျက်လုံးအရောင် လက်ခနဲ ဖြစ်သွားခဲ့သည်။ ကျီချင်းရန်မှ ထိုစကားမျိုး ပြောလာခဲ့ပြီဆိုတော့ တစ်စုံတစ်ခု ထူးခြားသည့် အရာမျိုး ဖြစ်ကြောင်း လင်းရီ တပ်အပ်သိလိုက်သည်။
“ ဒါဆိုလည်း ဘာကိုစောင့်နေတာ… ငါ့ကို ဝတ်ပြတော့လေ…”
“ မလောနဲ့လေ… ငါ့ကို အချိန်ခဏတော့ ပေးဦးမှပေါ့…”
နှစ်သက်ကြည်နူးစွာဖြင့် ကျီချင်းရန် သူမ၏ အိတ်များကို သယ်ပြီး အိပ်ခန်းထဲသို့ ဝင်သွားခဲ့၏။
လင်းရီ မိနစ် နှစ်ဆယ်လောက် ကြာအောင် စောင့်ဆိုင်းပြီးနောက်တွင်တော့ ကျီချင်းရန်မှာ နောက်ဆုံး အိပ်ခန်းထဲမှ ထွက်လာခဲ့ချေပြီ။
ကျီချင်းရန် အသစ်စက်စက်ကို မြင်တော့ လင်းရီ မျက်လုံးများ လင်ကွင်းလောက်ကြီး ပြူးကျယ်သွားခဲ့တော့၏။
သူမက JK ယူနီဖောင်း ဝယ်ခဲ့သည်လော…။
ယူနီဖောင်းက ဆန်းသစ်လို့မနေ။ သာမန် အဖြူရောင်ရှပ်နှင့် အပြာဖျော့ဖျော့ စကတ်တိုလေးမျှသာ ဖြစ်၏။ သို့ပေမယ့် ကျီချင်းရန် ဝတ်ဆင်လိုက်သည့် အချိန်တွင်တော့ ရောင်ဝါမှာ မတူညီတော့ချေ။
သူမ၏ ဖြူဖွေးသည့် ခြေတံများထက်တွင် ဒူးလောက်ရှည်သည့် အနက်ရောင် စတော်ကင်ကိုလည်း ဝတ်ဆင်ထားပြီး သူမ၏ အနက်ရောင် ဆံနွယ်များကိုလည်း မြင်းမြီးပုံစံ ချည်နှောင်လို့ထား၏။ ရှေ့တွင် မိုးမိုးမောက်မောက် ဖြစ်နေသည့် တောင်ပို့ကြီးများနှင့် ပေါင်းစပ်လိုက်သည့်အခါတွင် သူမ၏ ဝတ်စုံက အပြစ်ကင်းစင်သည့် ကျောင်းသူလေး တစ်ယောက် ဖြစ်သလို အလွန်အင်မတန်မှလည်း ဆွဲဆောင်မှုရှိနေတော့၏။
“ ဘယ်လိုလဲ… ကြည့်လို့ကောင်းလား…”
ကျီချင်းရန် စကတ်အနားစများကို အနည်းငယ် မလျက် ပြောလိုက်ပြီး “ ငါတို့ သုံးယောက်လုံး တစ်ယောက်ကို တစ်စုံ ဝယ်လာခဲ့ကြတာလေ… ငါတော့ တော်တော်လေး မဆိုးဘူးလို့ ထင်တယ်…”
“ အင်း… တကယ်ကြီးကို ကောင်းတယ်…ငါ့အကြိုက်နဲ့ လုံးဝ ကွက်တိပဲ…”
ဤဝတ်စုံနှင့် ကျီချင်းရန်က ခေတ်သစ် တက္ကသိုလ် ကျောင်းသူလေးတစ်ယောက်နှင့် နည်းနည်းလေး ဆင်တူသည်ဟု လင်းရီခံစား နေရသည်။
သို့သော်လည်း အကယ်၍ ထျန်းရန်သာ ဝတ်ဆင်လိုက်မည်ဆိုပါက ပို၍ပင် ရမ္မက်ကို နိုးကြွသွားလောက်စေသည်။
မည်သို့ပင် ဆိုစေ သူမ၏ ကိုယ်လုံးကိုယ်ပေါက်က ကျီချင်းရန်ထက်ပင် သောင်းကြမ်းဖို့ ကောင်းနေပြီး တစ်ချို့သော အရာများကိုတော့ ဖုံးဖိထားလို့ပင် တတ်နိုင်မည်မထင်။
ဟော်ယွမ်ယွမ် အတွက်ကတော့…. အလွန်ဆုံးရှိလှ သူမက မူလတန်းကျောင်းသူလောက်ပင်။ ထို့ကြောင့် သူမကို ပြောနေဖို့ မတန်ပေ။
“ ငါလည်း တော်တော်လေး မဆိုးဘူးလို့ထင်တယ်… ဒီလို ဝတ်စုံမျိုး မဝတ်ရတာ အထက်တန်းကျောင်း ပြီးကတည်းကပဲ…. ကိုယ့်ကိုယ်ကို လေးငါးနှစ်လောက် ပြန်ငယ်သွားသလို ခံစားရတယ်…”
ကျီချင်းရန် ခေါင်းငုံ့၍ စကတ်အောက်အနားကို ကြည့်လိုက်ပြီး “ တကယ်တမ်းကျ ဒီဇိုင်းလေးက မဆိုးဘူး… ဒီတိုင်း ဝတ်စုံက နည်းနည်းလေး တိုနေလို့… မဟုတ်ရင် ငါ မနက်ဖြန် အပြင်သွားရင် ဝတ်တယ်သိလား…”
“ ဒါကြောင့်ပဲ ဒီ ဟိုတယ်မှာနေပြီး ငါတစ်ယောက်တည်း ကြည့်ဖို့ ဝတ်ပေးသင့်တာပေါ့… အပြင်မှာ ဝတ်ဖို့ စိတ်တောင်မကူးနဲ့…”
“ အွန်း အွန်း… စကတ်က တော်တော်လေးလည်း တိုတယ်… မတော်တဆ ကိုယ့်ကိုယ်ကို ဖော်ပြမိသလို ဖြစ်သွားနိုင်တယ်… “ ကျီချင်းရန် ပြောလိုက်ပြီး “ နင့်ဖို့ အထူး ၀တ်ပေးတယ်လို့ သဘောထားလိုက်နော်…”
ပြောပြီးနောက် ကျီချင်းရန် သူမ၏ ခရီးဆောင်အိတ်ထဲမှ ညအိပ်ဝတ်စုံကို ထုတ်၍ ရေချိုးသန့်စင်ရန် ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။
ပထမ ည တစ်ဝက်တွင်တော့ နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့ကြ၏။
နောက်တစ်ဝက် ညပိုင်းတွင်တော့ လင်းရီ ကုတင်အောက်သို့ ကန်ချခံလိုက်ရ၏။
ကုတင်အောက်သို့ အကန်ခံရပြီးနောက် လင်းရီ ဆက်မအိပ်တော့ရန် ဆုံးဖြတ်လိုက်ပြီး ဧည့်ခန်းသို့သွား၍ ပြင်သစ်မှန်ပြတင်းပေါက် အကျယ်ကြီး ရှေ့တွင် တစ်ကိုယ်တည်း မတ်တပ်ရပ်ရင်း အောက်ရှိ မြင်ကွင်းများကို ကြည့်ရှုနေလိုက်သည်။
ဂျပန်သို့ ထွက်လာခဲ့သည့် ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ အာယာနဲ မစ်ဆူနှင့် ဆက်သွယ်နိုင်ဖို့ပင်…။
သို့သော်လည်းပဲ ယခုထိတိုင်အောင် သူမဘက်က မည်သည့်သတင်းကိုမျှ မကြားရသေးသဖြင့် ဤသည်က ကောင်းသည့် လက္ခဏာ တစ်ရပ်တော့ ဟုတ်မနေချေ။
သူတတ်နိုင်သည့် တစ်ခုတည်းသော အရာက စောင့်ဆိုင်းခြင်းပင်။ ဤခံစားချက်ကြီးက လင်းရီကို အလွန်ပင် သက်တောင့်သက်သာ မဖြစ်အောင် ပြုနေလေသည်။
နောက်တစ်နေ့ နံနက်ခင်း ကျီချင်းရန် အိပ်ရာကနိုးပြီး လင်းရီ ဆိုဖာပေါ်တွင် ဖုန်းကစားနေသည်ကို မြင်တော့ သူမ အံ့အားသင့်သွားခဲ့၏။
“ နင် ဘာလို့ အဲ့လောက် အစောကြီး နိုးနေတာလဲ… ငါတို့ အိမ်မှာတုန်းကဆို ငါပဲ အမြဲတမ်း အရင် နိုးနေကြပါ…”
လင်းရီ ခေါင်းမော့ပြီး ကျီချင်းရန်ကို ကြည့်လိုက်၏။
“ မင်းကများ မေးဝံ့သေးတယ်ပေါ့…”
“ ဟင်… ဘာလို့ မမေးရမှာလဲ…”
လင်းရီ ဖုန်းကို ကမ်းပေးလိုက်သည်။
ဖုန်းထဲရှိ သူမ၏အသွင်ကို မြင်တွေ့လိုက်ရတော့ ကျီချင်းရန်၏ မျက်နှာမှာ တစ်မဟုတ်ချင်း နီရဲသွားခဲ့တော့၏။
သူမ အိပ်စက်နေသည့် ပုံစံက အမှန်ပင် မိန်းမသား ဆန်နေသည် မဟုတ်ပါလား။
“ ငါ နေရာယူတာ နည်းနည်းလေး များသွားတာလား…”
“ ဘယ်လိုထင်လို့လဲ…” လင်းရီ ပြောလိုက်ပြီး “ ချင်းရန် … မင်းက ပုံမှန်ဆို ပျော့ပျောင်းပြီး အားနည်းတဲ့ ပုံစံလေးပါ… ဒါပေမယ့် အဲ့လောက်ထိ သန်မာမယ်လို့တောင် မထင်ထားဘူး… ငါ့ကို ကုတင်ပေါ်ကနေ ကန်ချလိုက်တာ လွင့်ထွက်လုနီးနီးပဲ…”
“ ခုမှပဲ ပုံမှန် အခန်းခွဲအိပ်တာက ငါကောင်းဖို့အတွက်မှန်း သိရတော့တယ်…”
“ အိုက်ယား… နင်ကလည်း .. ငါ နောင်ကျရင် သေချာပေါက် သတိထားမှာပါ…”
ကျီချင်းရန် ချော့မြူသည့် အပြုံးလေး ဆင်မြန်းရင်းဖြင့် လင်းရီအနား တိုးလာပြီး ပါးကို တစ်ချက် နမ်းလိုက်၏။
“ ငါအရင်သွားပြီး ကိုယ်လက်သန့်စင်လိုက်ဦးမယ်.. ပြီးရင် အတူစားကြတာပေါ့… ယွမ်ယွမ်တို့ မက်ဆေ့ချ်ပို့နေကြတာ ခုနကတည်းကပဲ…”
“ အင်း… အဲ့ဒါဆို မြန်မြန်လုပ်လေ…”
ခန့်မှန်းချေ မိနစ်နှစ်ဆယ်လောက် ကြာပြီးနောက် ကျီချင်းရန် ကိုယ်လက်သန့်စင်လို့ ပြီးစီးသွားခဲ့ပြီး ဟော်ယွမ်ယွမ်တို့နှင့် တွေ့ဆုံရန် အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။
သို့သော် ချင်းဟန်ကတော့ အုပ်စုထဲတွင် ရှိမနေချေ။ အဘယ်ကြောင့်ဆိုသော် သူက ဂျပန်သို့ အလည်အပတ် ရောက်လာခြင်းမျိုး မဟုတ်ပဲ သူ့တွင် လုပ်စရာ ကိစ္စများ ရှိနေသဖြင့် မနက်အစောကြီးကတည်းက ထွက်ခွာသွားခဲ့ပြီး ဖြစ်၏။
လင်းယွင်အုပ်စုက ဟိုတယ်၏ အခန်းအများစုကို ဘွတ်ကင်ယူထားသောကြောင့် နံနက်စာ စားနေစဉ်အတွင်း လင်းရီကို လာရောက် နှုတ်ဆက်ကြသူ အများအပြား ရှိသည်။ လင်းရီကလည်း ဟိတ်ဟန် တခွဲသားနှင့် နေနေခြင်း မရှိဘဲ အကုန်လုံးကို ပြုံးရွှင်စွာဖြင့် ပြန်နှုတ်ဆက်လိုက်၏။
“ ဆိုတော့ ဒီနေ့ ဘာလုပ်ကြမလဲ…” စားသောက်နေစဉ် လျန်ကျင်းမင်မှ မေးမြန်းလိုက်သည်။
“ အာဆာကူဆာ ဘုရားကျောင်းကို သွားလည်ရအောင်လေ… ငါကြားတာတော့ အဲ့က ရှုခင်းတွေ အရမ်းကောင်းတယ်ဆိုပဲ… ဂျပန်ကို အားလပ်ရက် လာပြီး အပန်းဖြေတဲ့ သူတိုင်း အဲ့ဒီကို ရောက်အောင် သွားကြတယ်….. ပြီးရင် တို့သုံးယောက်က ဂင်ဇာမှာ မွန်းလွဲပိုင်း ရှော့ပင် ထွက်ဖို့ စဉ်းစားထားတယ်.. နင်တို့ လိုက်ခဲ့လို့လည်း ရနေတာပဲ..”
ဟော်ယွမ်ယွမ်မှ ပြောလိုက်သည်။
“ ဈေးဝယ်ထွက်ဖို့လား… စိတ်မဝင်စားဘူး… အဲ့တာ ငါနဲ့ မသင့်တော်ဘူး..” လျန်ကျင်းမင် ပြောလိုက်၏။
“ဈေးဝယ်ထွက်ဖို့ဆို ငါလည်း မလိုက်တော့ဘူး… ဘာပဲဆိုဆို မင်းမှာလည်း အဖော်တွေ ရှိနေတာပဲလေ…”
ကောင်းကျုံးယွမ်မှ ပြောလိုက်ခြင်းပင်။
“ ဒါဆို အတည်ဖြစ်သွားပြီနော်… မနက်ပိုင်း အာဆာကူဆာ ဘုရားကျောင်းကို သွားကြမယ်… ပြီးရင် မွန်းလွဲပိုင်းကျရင်တော့ ကိုယ်သွားချင်တဲ့ နေရာကို သွားကြမယ်.. အဆင်ပြေတယ်မလား..”
“ အိုကေ…”
မနက်စာ စားပြီးနောက် ဟိုတယ်မှ သူတို့အတွက် အထူးဒရိုင်ဘာ တစ်ယောက် ခေါ်ပေးပြီး သူတို့၏ လည်ပတ်သည့် ခရီးစဉ်ကို ပိုပြီး အဆင်ပြေချောမွေ့စေသည်။
အာဆာကူဆာ ဘုရားကျောင်းက ဧရာမကြီးမားနေသည်တော့ မဟုတ်။ သို့သော် ထူးခြားသည့် ယဉ်ကျေးမှုတို့နှင့် ဂျပန်၏ ဝိသေသန လက္ခဏာများကို အံ့ဩချီးမွမ်းနိုင်သည်။
ခရီးသွား ဧည့်သည်များကြားတွင် ရေပန်းစားလာရခြင်း အဓိက အကြောင်းပြချက်က ရှုခင်းများကလည်း မဆိုးလှရှိလှပြီး ဝင်ခွင့်ပိုက်ဆံ မကုန်ရသောကြောင့်ဖြစ်သည်။
အကယ်၍ ဤနေရာနှင့် ပတ်သက်ပြီး လူတွေ မကြိုက်သည့် တစ်စုံတစ်ရာ ရှိလျှင်တောင်မှ လူလိုသိပြီး ကြီးပြင်းလာသူများကတော့ အပြစ်တစ်စုံတစ်ရာ ဆိုကြလိမ့်မည် မဟုတ်သည်မှာ ကျိန်းသေသည်။ ကောင်းသည့် အရာများကတော့ ခရီးအတွက် အကျိုးအမြတ်ဟု သဘောထားလိုက်၍ရ၏။
အာဆာခူဆာ ဘုရားကျောင်း၏ အဓိက ဂိတ်ကို ခါမီနာရီမွန် ( မိုးကြိုးဂိတ်)ဟုခေါ်တွင်ကြသည်။ ထိုဂိတ်ပေါက်ဝကို ဖြတ်ကျော်လိုက်သည်နှင့် သင်က လှပသည့် ဘုရားကျောင်းဝန်း ပရဝဏ်အတွင်းသို့ ခြေချလိုက်ပြီးဖြစ်သည်။
ခရီးသွားဧည့်သည်များ အများဆုံး လာရောက်လည်ပတ်သည့် အချိန်အခါ ဖြစ်သဖြင့် လူအများအပြား ရောက်ရှိနေပြီး လည်ပတ်မှုအတွက်တော့ အနည်းငယ် အဆင်မပြေ ဖြစ်စေသည်။ လူတိုင်းက နေရာအနှံ့ ပြည့်ကျပ်နေသည်ဖြစ်ရာ ပတ်ဝန်းကျင်၏ ဆွဲဆောင်မှုတစ်ချို့က သိမ်းပိုက်ခြင်း ခံလိုက်ရ၏။
“ ရှေ့မှာ အိုမာမိုရီ(လက်ဖွဲ့)တွေရောင်းနေတာပဲ… သွားကြည့်ရအောင်လေနော်..” ဟော်ယွမ်ယွမ် ကောင်းကျုံးယွမ်၏ လက်မောင်းကို ဖက်ထားရင်း ပြောလိုက်သည်။
အိုမာမိုရီလက်ဖွဲ့ဆိုသည်က အန္တရာယ် ကင်းစေသည့် အဆောင်ဖြစ်ပြီး ဤနေရာသို့ ရောက်လာကြသည့်သူတိုင်း အမှတ်တရဖြစ်စေ၊ ယုံကြည်၍ ဖြစ်စေ ဝယ်ကြစမြဲပင်။
လင်းရီတို့ကတော့ ထိုသို့သော အရာများအပေါ် အယုံအကြည် မရှိချေ။ သို့ပေမယ့် အမျိုးသမီးသုံးယောက်ကတော့ မတူ။ သူမတို့ ပျော်ဖို့ကောင်းသည်ဟု ခံစားနေကြရ၏။
ထို့ကြောင့် ၎င်းတို့ကိုယ်တိုင် ဝတ်ဆင်ဖို့ တစ်ခုဝယ်သည်သာမက ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်က လင်းရီနှင့် ကောင်းကျုံးယွမ်တို့အတွက် တစ်ခု ဝယ်ပေးလိုက်ကြ၏။
တစ်ဖက်ရှိ လျန်ကျင်းမင်ကတော့ အရှက်မရှိ ၊ ထျန်းရန်ကို သူ့ဖို့ တစ်ခု ဝယ်ပေးဖို့ရာ တောင်းဆိုလိုက်သည်။
လျန်ကျင်းမင်က ဤသို့သော အရာမျိုးကို စိတ်ဝင်စားသည်တော့ မဟုတ်ပဲ လူတိုင်းတွင် ရှိနေသည့်အရာကို သူ့တွင်လည်း ရှိနေသင့်သည် မဟုတ်ပါလား။
“ ဒီနေရာက ထင်သလောက်လည်း စိတ်ဝင်စားဖို့ မကောင်းပါဘူး… “ လှည့်ပတ် လမ်းလျှောက်ပြီးနောက် ကောင်းကျုံးယွမ်မှ စောဒကတက်လိုက်ပြီး “ ဒီမှာ လူများတာလောက် ရှိတာပဲ…”
လင်းရီနှင့် လျန်ကျင်းမင်တို့လည်း ထပ်တူညီစွာ ခံစာနေရသည်။ သို့သော် အနီးနားရောင်းသည့် ရာမန်းဆိုင်များကတော့ တော်တော်လေး အရသာရှိလှ၏။
အာဆာကူဆာ ဘုရားကျောင်းကို လှည့်ပတ် ကြည့်ရှု၍ ဓာတ်ပုံများ ရိုက်ကြပြီးနောက် ခြောက်ယောက်မှာ လူစုခွဲလိုက်ကြသည်။
ကျီချင်းရန်တို့ သုံးယောက်က ဂင်ဇာတွင် ဈေးဝယ်ထွက်ကြမည် ဖြစ်ပြီး လင်းရီနှင့် ကျန်နှစ်ယောက်ကတော့ လမ်းသလားနေကြ၏။
“ နေ့ခင်းကြောင်တောင်ကြီး ရှိသေးတာ… ငါတို့ကောင်တွေ လုပ်စရာ တစ်ခုခုတော့ ရှာသင့်တယ်နော… ဒီတိုင်း လမ်းသလား နေတာတော့ မဟုတ်သေးဘူး...” ကောင်းကျုံးယွမ်မှ ပြောလိုက်သည်။
“ ချင်းကြီး ပြောတာ အဲ့ကောင် ‘အာကီဟာဘာယာ’ ကို သွားကြည့်ချင်တယ်လို့ ပြောခဲ့တယ်မလား… ငါတို့ကောင်တွေ သွားကြည့်ကြမလား…” လျန်ကျင်းမင် အကြံပြုလိုက်၏။
" အာကီဟာဘာယာ… “ လင်းရီ ရေရွတ်လိုက်ပြီး “ အဲ့တာ အိုတာခုတွေ ပျော်စံတဲ့ နေရာမဟုတ်လား…”