အခန်း (၁၃၇၃)
Vol. 99 Ch. 1373
“သခင်လေးနောက်ဆုတ်နိုင်အောင် ကူညီပေးပါ့မယ်”
လုကျီရှုကို စောင့်ရှောက်ပေးနေသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်က ပြောလိုက်သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ဆွဲငင်အားကို ခုခံရန် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ဆင့်ခေါ်သည်။
ကမ္ဘာဦးအဆင့် ရုပ်သေးရုပ် ရှိနေသော်လည်း ဆွဲငင်အားကို မခုခံနိုင်ခဲ့ပေ။ သူတို့၏ ရုပ်ခန္ဓာက အသက်မဲ့သွားပြီး ဝိညာဉ်က မီးပြင်းဖိုထဲသို့ စုပ်ယူခံလိုက်ရသည်။
လုကျီရှု၏မျက်နှာထားက လေးနက်နေသည်။ သူက လက်ထဲတွင်ရှိသော လှံရှည်ကို မြှောက်လိုက်သည်။
လှံရှည်က ရွှေအလင်းကို ထုတ်လွှတ်ပြီး ဒိုင်းကာတစ်ခုအဖြစ် ပြောင်းလဲ၍ သူ့ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။
စကြဝဠာအဆင့်ရတနာ ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ဆွဲငင်အားကို ခုခံနိုင်မည်မဟုတ်ပေ။
“ညီအစ်ကိုဟန် ....”
လုကျီရှုက ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ပြီး ကြောင်အသွားသည်။
ဟန်မူယဲ့ဖြစ်စေ သူနှင့်အတူပါလာသော ခေးအော့၊ ဓာတ်စင်ငါးပါးမီးပြင်းဖိုနှင့် အလှလေးသုံးယောက်ဖြစ်စေ အားလုံးက တည်ငြိမ်စွာ ရှိနေကြသည်။
ထိုမြင်ကွင်းကြောင့် ရွှေရောင်ချပ်ဝတ်နှင့် ရုပ်သေးရုပ်လေးရုပ်က ကြောင်အသွားကြသည်။
သူတို့က မီးပြင်းဖို၏စွမ်းအားကို ကောင်းမွန်စွာ နားလည်သည်။
ထိုစွမ်းအားကို ခုခံနိုင်သောလူ မရှိပေ။
“ရုပ်သေးရုပ်တွေလား”
လေးကိုင်ထားသော ရုပ်သေးရုပ်က ခေးအော့နှင့် မီးပြင်းဖိုတို့ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
သူ့မျက်လုံးများက တောက်ပသွားသည်။
“ကျီယန်မြို့အပြင် ဒီလိုနည်းလမ်းမျိုးကို အသုံးပြုနိုင်တဲ့လူ ရှိနေသေးတာလား”
သူ့ဘေးတွင်ရှိသော လှံကိုင်ထားသည့် ရုပ်သေးရုပ်က သခင်မမူယွဲ့နှင့် တခြားနှစ်ယောက်ကို ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။
“ရုပ်သေးရုပ်လား .... အဲဒီလိုမဟုတ်သလိုပဲ”
သူက ယဇ်ပလ္လင်တွင်ရှိသော ကျန်းယောင်ရန်ကို ကြည့်သည်။
“သခင်မမူယွဲ့ရဲ့ ခန္ဓာကိုယ်ကို ငါကိုယ်တိုင် ဖန်တီးပေးခဲ့တယ်။ ဒါပေမဲ့ အခုခန္ဓာကိုယ်က ငါ့ကိုတောင် စိတ်ဝင်စားသွားစေတယ်”
ကျန်းယောင်ရန်က သခင်မမူယွဲ့၊ အကြွင်းအကျန်ဝိညာဉ်နှင့် ရုပ်သေးရုပ်ကို ကြည့်လိုက်ပြီး ပြောသည်။
သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
“မင်းက ဒီလိုမျိုး မောက်မာနေတာ မထူးဆန်းတော့ပါဘူး”
သူက မီးပြင်းဖိုကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“မင်းက ခရမ်းနေမင်းမီးပြင်းဖိုနဲ့ ကျီယန်မြို့ကို စိတ်ဝင်စားနေတယ်ဆိုရင် လာခဲ့တော့လေ”
“မဟုတ်ရင်လည်း ထွက်သွားလို့ရတယ်”
‘ထွက်သွားရမှာလား’
ကျန်းယောင်ရန်၏ ဝိညာဉ်စွမ်းအားထိန်းချုပ်မှုသည် အလွန်နက်နဲသည်။
သို့သော် ဟန်မူယဲ့က ဝိညာဉ်စွမ်းအား ထိန်းချုပ်ရာတွင် အားနည်းနေရုံသာဖြစ်သည်။ သူက ကျင့်ကြံခြင်းနှင့် ပန်းပဲပညာရပ်တွင် တစ်ဖက်လူကို စိုးရိမ်နေရန် မလိုအပ်ပေ။
ဟန်မူယဲ့က လောကတစ်ခုလုံးကိုပင် လွှမ်းမိုးနိုင်သောကြောင့် လူတိုင်းနှင့် ယှဉ်ပြိုင်ရဲသည်။
သူက ခေါင်းခါလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။
ထိုခြေလှမ်းကြောင့် လုကျီရှုက မျက်လုံးပြူးသွားသည်။
ဟန်မူယဲ့၏ ဘေးတွင်ရှိသော လူများသည် မကောင်းဆိုးဝါးအိုကြီးများ၊ သန်မာသော ကျွမ်းကျင်သူများနှင့် ရုပ်သေးရုပ်များ ဖြစ်ကြသည်။
သို့သော် ဟန်မူယဲ့က ရုပ်ခန္ဓာနှင့် ရှိနေသည်။
ထိုမြင်ကွင်းကြောင့် ရွှေရောင်ချပ်ဝတ်နှင့် ရုပ်သေးရုပ်လေးရုပ်၊ ရေခဲချပ်ဝတ်နှင့် အကြီးအကဲ၊ ငွေရောင်ရုပ်သေးရုပ်တို့က အံ့အားသင့်သွားကြသည်။
ခရမ်းနေမင်းမီးပြင်းဖိုဆီသို့ ရုပ်ခန္ဓာနှင့် ချဉ်းကပ်နိုင်သောလူသည် ကျန်းယောင်ရန်တစ်ယောက်သာ ရှိခဲ့သည်။
ဟန်မူယဲ့က ဒုတိယလူ ဖြစ်သည်။
သူက ယဇ်ပလ္လင်၏အပြင်ဘက်သို့ ရောက်လာသောအခါ သွေးနီရောင်စက်ကွင်းက သူ့ကို လွှမ်းခြုံလိုက်သည်။
သူထင်ထားသည့်အတိုင်း ဖြစ်သည်။
အားကောင်းသော ရုပ်ခန္ဓာသည် သူ့ဝိညာဉ်ကို ခန္ဓာကိုယ်မှ ထွက်မသွားအောင် ထိန်းသိမ်းထားသည်။
မီးပြင်းဖိုသည် ဝိညာဉ်ကို ဆွဲယူနိုင်သော်လည်း သူ့ခန္ဓာကိုယ်ကို တုန်လှုပ်သွားအောင် မလုပ်နိုင်ခဲ့ပေ။
သူ့ခန္ဓာကိုယ်ကို တုန်လှုပ်သွားအောင်လုပ်ရန် အလွန်ခက်ခဲလိမ့်မည်။
သူက အုပ်ချုပ်သူအဆင့် နတ်ဘုရားသားရဲ၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။
သူက တစ်ဖက်သို့လှည့်ပြီး ကျန်းယောင်ရန်ကို ကြည့်သည်။
ထိုလူ၏ ခန္ဓာကိုယ် ....
ဟန်မူယဲ့က သခင်မမူယွဲ့ကို လှမ်းကြည့်လိုက်ပြီး နားလည်သွားသည်။
သခင်မမူယွဲ့၏ ရုပ်သေးရုပ်ကို ကျန်းယောင်ရန်က ဖန်တီးပေးခဲ့သည်။
ဇီဝရုပ်သေးရုပ်ဖြင့် ကျင့်ကြံခြင်းနှင့်ဝိညာဉ်ကို သယ်ဆောင်ပြီး ထာဝရရှင်သန်နိုင်သော နည်းလမ်းကို ကျန်းယောင်ရန်က သူကိုယ်တိုင်အပေါ်တွင် အရင်ဆုံး အသုံးပြုလိမ့်မည်။
ထို့ကြောင့် ကျန်းယောင်ရန်၏ ခန္ဓာကိုယ်သည် စကြဝဠာအဆင့်သို့ ရောက်နေသော ဇီဝရုပ်သေးရုပ် ဖြစ်သည်။
ထိုအကြောင်းပြချက်ကြောင့် ဟန်မူယဲ့က ကျန်းယောင်ရန်ဆီမှ ဖိအားကို ခံစားရသည်။
“တကယ်ရှားပါးတာပဲ”
ကျန်းယောင်ရန်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ရှေ့တွင်ရှိသော မီးပြင်းဖိုကို ကြည့်သည်။
“ခရမ်းနေမင်းမီးပြင်းဖိုကို ရဖို့အတွက် အရင်ဆုံး အသိအမှတ်ပြုခံရမယ်”
“ဆရာက ဝိညာဉ်ကို ခရမ်းနေမင်းမီးပြင်းဖိုနဲ့ ပေါင်းစပ်ပြီး အိပ်မောကျသွားခဲ့တယ်။ ခရမ်းနေမင်းမီးပြင်းဖိုကို ရယူဖို့အတွက် ပန်းပဲပညာရပ်မှာ ဆရာလက်ခံနိုင်တဲ့ အတိုင်းအတာအထိ ကျွမ်းကျင်ရမယ်။ ဒါမှမဟုတ် ရုပ်ခန္ဓာနဲ့ ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး မီးပြင်းဖိုကို လှုံ့ဆော်ပေးရမယ်”
ကျန်းယောင်ရန်၏ မျက်လုံးများက တောက်ပနေပြီး ရုပ်ခန္ဓာနှင့် ဝိညာဉ်စွမ်းအားကို စုစည်းသည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ရွှေရောင်စက်လုံးများကို စုစည်းသည်။
ဝိညာဉ်ပုလဲလုံး ဖြစ်သည်။
ကျန်းယောင်ရန်က ပန်းပဲပညာလမ်းစဉ်တွင် ဝိညာဉ်နှင့်ပတ်သတ်ပြီး အောင်မြင်မှုရထားသည်။
အကယ်၍ ရှုကျီယန်က အသက်ရှင်လာလျှင်ပင် ထိုနယ်ပယ်၌ ကျန်းယောင်ရန်ကို အရှုံးပေးရလောက်သည်။
ဘေးတွင်ရှိသော ရေခဲချပ်ဝတ်နှင့် အကြီးအကဲက အံကြိတ်ထားပြီး ရေခဲစွမ်းအားကို ထုတ်လွှတ်သည်။ သူက ရေခဲလူသန်ကြီးအဖြစ် အသွင်ပြောင်းသွားသည်။
တစ်ဖက်တွင် ငွေရောင်ရုပ်သေးရုပ်က နောက်ဆုတ်သွားပြီး သတ္တုသံများနှင့်အတူ ငွေရောင်နဂါးအဖြစ် ပြောင်းလဲသည်။
သူတို့၏ နည်းစနစ်နှစ်ခုလုံးသည် စွမ်းအားကို အထွတ်အထိပ်အထိ အသုံးပြုနိုင်သည်။
ဟန်မူယဲ့က နေရာတွင်ရပ်နေပြီး စဉ်းစားသည်။ သူက လက်ဝါးထဲတွင် မီးတောက်ကို ဖော်ထုတ်လိုက်သည်။
ရှုကျီယန်က ပန်းပဲပညာရှင်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ဟန်မူယဲ့က ပန်းပဲပညာစွမ်းရည်ကို ပြသမည်။
ထို့အပြင် သူက သွေးချီကိုလည်း လှုံ့ဆော်ထားသည်။
သွေးအလင်းသည် သူ့နောက်တွင် ပုံရိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။
သူက ခွန်အားအရာတွင် မည်သူ့ကိုမှ မကြောက်ပေ။
အလွန်ပြင်းထန်သော အငွေ့အသက်နှင့်အတူ နဂါးမိကျောင်းပုံရိပ် ပေါ်ထွက်လာသောအခါ ကျီယန်မြို့က သွေးရောင်သန်းသွားသည်။
ကျန်းယောင်ရန်၏မျက်နှာက ဖြည်းဖြည်းချင်း လေးနက်လာသည်။ သူ့လက်ထဲတွင်ရှိသော ဝိညာဉ်ပုတီးစေ့များသည် အလင်းကြိုးမျှင်ကို ထုတ်လွှတ်သည်။
တစ်ဖက်တွင် ရေခဲလူသန်ကြီးအဖြစ် ပြောင်းလဲထားသော လင်းဟိုင်နှင့် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသော ငွေလရုပ်သေးရုပ်တို့က အလေးအနက်ထားနေသည်။
ဟန်မူယဲ့ဆီမှ ထွက်ပေါ်လာသော သွေးနှင့်ချီသည် သူတို့နှစ်ယောက်လုံးကို လွှမ်းမိုးထားသည်။
ထို့အပြင် ဟန်မူယဲ့က မီးတောက်များကိုလည်း ထုတ်လွှတ်ထားပြီး သွေးနှင့်ချီကိူ ဆူပွက်စေသည်။
‘သူက အိပ်မောကျနေတဲ့ ရှုကျီယန်နဲ့ ခရမ်းနေမင်းမီးပြင်းဖိုကို တစ်ခါတည်း စိန်ခေါ်ဖို့ ကြိုးစားနေတာလား’
“ဟမ့်”
စိတ်မရှည်ဖြစ်နေသော ရေခဲလူသန်ကြီး လင်းဟိုင်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ခရမ်းနေမင်းမီးပြင်းဖိုဆီသို့ ပြေးဝင်သွားသည်။
မီးပြင်းဖိုသည် အဆုံးမရှိသော လေဟာနယ်တွင် တည်ရှိနေပုံပေါ်ပြီး ဧရာမလူသန်ကြီးဖြစ်နေသော လင်းဟိုင်ကို တစ်ခါတည်း လွှမ်းခြုံသွားသည်။
နဂါးတစ်ကောင်ဖြစ်နေသော ငွေလက တုံ့ဆိုင်းနေပြီး နောက်မှ လိုက်လာသည်။
သူတို့အားလုံးက ထူးခြားသောနည်းလမ်းဖြင့် ရုပ်ခန္ဓာကို အဆုံးစွန်အထိ တိုးမြှင့်ထားပြီး ခရမ်းနေမင်းမီးပြင်းဖို၏ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်အောင် ကြိုးစားနေကြသည်။
သူတို့က ခရမ်းနေမင်းမီးပြင်းဖိုဆီသို့ ပြေးဝင်သွားသောအခါ အောက်တွင်ရှိသော လင်းယောင်နှင့် ရုပ်သေးရုပ်များ၏ မျက်နှာထားက ရှုပ်ထွေးသွားသည်။
“ခရမ်းနေမင်းမီးပြင်းဖိုထဲကို ဝင်ရောက်သွားရင် သေခြင်းရှင်ခြင်းက ကိုယ့်အပေါ်မှာပဲ မူတည်တယ်လို့ မြို့သခင်က ပြောခဲ့တယ်”
ဓားကိုင်ထားသော ရုပ်သေးရုပ် လင်းယောင်က တီးတိုးပြောသည်။
တခြားရုပ်သေးရုပ် သုံးရုပ်၏ အငွေ့အသက်ကလည်း လှုပ်ရှားနေသည်။ သို့သော် သူတို့က ရှေ့တိုးမသွားကြပေ။
သူတို့က ယဇ်ပလ္လင်နှင့် ခရမ်းနေမင်းမီးပြင်းဖိုကို စောင့်ကြပ်ထားသည်။ သို့သော် မီးပြင်းဖိုထဲသို့ ဝင်သွားလျှင် အသက်ရှင်လျက် ပြန်လာနိုင်မည်ဟု ယုံကြည်ချက်မရှိပေ။
ထိုသို့မဟုတ်လျှင် သူတို့က ဤနေရာကို အချိန်ကြာမြင့်စွာ စောင့်ကြပ်နေရန် မလိုအပ်ပေ။
အောက်တွင်ရှိသော အလင်းဒိုင်းကာနှင့် လုကျီရှုက ယဇ်ပလ္လင်တွင် ပျောက်ကွယ်သွားသော ပုံရိပ်များကို ကြည့်လိုက်သည်။
ဟန်မူယဲ့သည် သူ့ထက် ပိုသန်မာကြောင်း သိထားသည်။
သို့သော် ယနေ့တွင် ဟန်မူယဲ့က သူ့ထက် အဆပေါင်းများစွာ ပိုသာကြောင်း သိလိုက်ရသည်။
ခေးအော့နှင့် ဓာတ်စင်ငါးပါး မီးပြင်းဖိုတို့က တောက်ပနေသော မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
‘ဟန်မူယဲ့က ငါ့တို့ကို အံ့အားသင့်စရာတစ်ခု ပေးအုံးမှာလား’
ဟန်မူယဲ့သည် သူတို့ကို တစ်ခါမှ စိတ်မပျက်စေခဲ့ပေ။
တစ်ဖက်တွင် သခင်မမူယဲ့တို့ သုံးယောက်က တိတ်ဆိတ်နေကြသည်။
သူမက ကျန်းယောင်ရန်၏ခွန်အားကို ကောင်းမွန်စွာ နားလည်သည်။
ထို့အပြင် ဟန်မူယဲ့၏ စွမ်းရည်ကိုလည်း မြင်ခဲ့ရသည်။ သူမက ထိုလူနှစ်ယောက်လုံးကို အထင်မသေးရဲပေ။
သို့သော် ယနေ့တွင် ထိုနှစ်ယောက်၏ ယှဉ်ပြိုင်မှုကို မြင်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ယဇ်ပလ္လင်၏ရှေ့တွင် ကျန်းယောင်ရန်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။ ထို့နောက် လက်ထဲတွင်ရှိသော ဝိညာဉ်ပုတီးစေ့ကို တွန်းထုတ်ပြီး မီးတောက်များနှင့် ထိတွေ့စေသည်။
မီးတောက်များက ပေါက်ကွဲသွားပြီး ပုတီးစေ့ကို လွှမ်းခြုံသည်။ ထို့အပြင် နောက်တွင်ရပ်နေသော ကျန်းယောင်ရန်ကိုလည်း လွှမ်းခြုံလိုက်သည်။
ဟန်မူယဲ့၏ မျက်လုံးများက တောက်ပနေသည်။ သူက လက်ထဲတွင်ရှိသော ရွှေကျီးကန်းမီးတောက်ကို ပစ်လွှတ်လိုက်သည်။
ရွှေကျီးကန်းမီးတောက်က ရှေ့တွင်ရှိသော မီးတောက်များနှင့် ထိတွေ့ပြီး လေဟာနယ်ကို အက်ကွဲသွားစေသည်။ ထို့နောက် ဟန်မူယဲ့က အထဲသို့ဝင်၍ ပျောက်ကွယ်သွားသည်။
ဟန်မူယဲ့က တည်ငြိမ်နေပြီး ရှေ့တွင် ပြောင်းလဲနေသော အလင်းတန်းများကို ကြည့်သည်။ ထိုအလင်းများက နောက်ဆုံးတွင် ရွှေကျီးကန်းတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
အမှန်တကယ်ပင် ရွှေကျီးကန်းဖြစ်သည်။
“အုပ်ချုပ်သူအဆင့် နတ်ဘုရားသားရဲရဲ့ ခန္ဓာကိုယ် ....”
ဟန်မူယဲ့က အံ့အားသင့်သွားပြီး ရေရွတ်လိုက်သည်။ ထို့နောက် ခေါင်းခါသည်။
“မဟုတ်ဘူး။ ဝိညာဉ်ပဲ”
အပြင်ဘက်တွင် ကျန်နေခဲ့သော မဟာနေမင်းရွှေကျီးကန်းကဲ့သို့ အစစ်အမှန်ရုပ်ခန္ဓာမရှိဘဲ ဝိညာဉ်သာ ဖြစ်သည်။
အုပ်ချုပ်သူအဆင့်သို့ ရောက်နေသော အားကောင်းသည့် ဝိညာဉ်တစ်ခု ဖြစ်သည်။
ရွှေကျီးကန်းက ဖြည်းဖြည်းချင်း ခေါင်းငုံ့လိုက်ပြီး ရှေ့တွင်ရှိသော ကျန်းယောင်ရန်နှင့် ဟန်မူယဲ့ကို ကြည့်သည်။
“ငါက မင်းကို နှစ်ပေါင်းများစွာကြာအောင် စောင့်နေခဲ့တယ် ....”
ရွှေကျီးကန်း၏အသံက ပဲ့တင်ထပ်သွားသည်။ ထို့နောက် ပတ်ဝန်းကျင်တွင်ရှိသော ကောင်းကင်နှင့်မြေကြီးက စတင်ပျက်စီးလာသည်။
ရွှေကျီးကန်း၏ခန္ဓာကိုယ်က အစိမ်းရောင်ဝတ်စုံနှင့် ခရမ်းရောင်သရဖူကို ဝတ်ဆင်ထားသော တန်ခိုးရှင်တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
“ဆရာ”
ထိုလူကို မြင်ရသောအခါတွင် ကျန်းယောင်ရန်၏ မျက်နှာထားက ရှုပ်ထွေးနေပြီး လေးစားစွာ ဦးညွတ်လိုက်သည်။
တာအိုတန်ခိုးရှင်က သူ့ကို ကြည့်လိုက်ပြီး ပြုံးသည်။
“နောက်ဆုံးတော့ မင်းရောက်လာပြီပဲ”
တာအိုတန်ခိုးရှင်က လက်ထဲတွင် ဝိညာဉ်ပုတီးစေ့ကို ကိုင်ထားသည်။ သူ့မျက်လုံးထဲတွင် ခံစားချက်တချို့ကို မြင်ရသည်။
“မင်းက ဝိညာဉ်လမ်းစဉ်ကို လေ့လာပြီး အသက်ဝိညာဉ်ကို ဖန်တီးချင်တယ်လို့ ပြောခဲ့တယ်။ အခု မင်းက တကယ်လုပ်နိုင်သွားပြီပဲ”
ဝိညာဉ်ကို ဖန်တီးသည်။
ထိုဝိညာဉ်ပုတီးစေ့သည် တခြားလူတစ်ယောက်၏ ဝိညာဉ်ကို စုစည်းထားခြင်း မဟုတ်ပေ။ အသစ်ဖန်တီးထားခြင်း ဖြစ်သည်။
ဟန်မူယဲ့က ကျန်းယောင်ရန်ကို လှည့်ကြည့်သည်။
သူ၏ ကျင့်ကြံဆင့်နှင့် ပန်းပဲစွမ်းရည်အရ ဝိညာဉ်များကို ဖန်တီးခြင်းသည် မည်သည့်အရာဖြစ်ကြောင်း နားလည်သည်။
ထိုအရာသည် အသက်ကို ဖန်တီးခြင်းဖြစ်သည်။
ထိုအဆင့်ကို ပန်းပဲပညာရှင်များက မလုပ်နိုင်ကြပေ။
နတ်ဘုရားအဆင့်ထက် ပိုမိုသန်မာသော ကျွမ်းကျင်သူများကပင် ဝိညာဉ်ကို မဖန်တီးနိုင်ကြပေ။
“တစ်ခုခုလိုအပ်နေပါသေးတယ်”
ကျန်းယောင်ရန်က ဂုဏ်ယူနေသော်လည်း စိတ်ဓာတ်ကျစွာ ပြောသည်။
သူ့ရှေ့တွင်ရှိသော တန်ခိုးရှင်၏ ချီးကျူးစကားသည် သူ့အတွက် အလွန်အရေးကြီးပုံရသည်။
ထိုလူက ဝိညာဉ်ပုတီးစေ့အကြောင်း ဆက်မပြောဘဲ ဟန်မူယဲ့ကို လှည့်ကြည့်သည်။
သူ၏ ပေါ့ပါးနေသော မျက်နှာထားက အလေးအနက်ဖြစ်သွားသည်။ နောက်ဆုံးတွင် သူ၏ တည်ငြိမ်နေသော မျက်လုံးများက တောက်ပလာသည်။
“ဆရာဟန်၊ မတွေ့ရတာကြာပြီ ....”