အခန်း (၁၃၈၁)
Vol. 99 Ch. 1381
ဟန်မူယဲ့က ချုံးဝမ်စံအိမ်မှ ထွက်လာသောအခါ ခုံးကျုံးချူပေးလိုက်သော စာအုပ်၊ ပန်းချီကားနှင့် လက်ရေးလှတတချို့ကို ယူဆောင်လာခဲ့သည်။ ထို့အပြင် စုတ်တံတစ်ချောင်းလည်း ရှိနေသည်။
ခုံးကျုံးချူ၏စကားအရ သူ့တွင် လက်ဆောင်ပေးရန် ပစ္စည်းကောင်းများ သိပ်မရှိပေ။ ထိုစုတ်တံကတော့ အဆင့်မီသည်ဟု ပြောနိုင်သည်။
အမှန်ပင်ဖြစ်သည်။
စုတ်တံက စကြဝဠာအဆင့် ရတနာတစ်ပါး မဟုတ်သော်လည်း စကြဝဠာအဆင့်နှင့် ယှဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်သည်။
ထိုစုတ်တံမှ ထုတ်လွှတ်နေသော ကွန်ဖြူးရှပ်တာအိုစွမ်းအားသည် ရှုဝေကို ဟန်မူယဲ့ပေးခဲ့သော တောင်တန်းနှင့်မြစ်စုတ်တံထက် အဆပေါင်းများစွာ ပိုသာသည်။
စကြဝဠာနယ်မြေတွင် ထိုစုတ်တံဖြင့် လေနှင့်မိုးကို ဆင့်ခေါ်နိုင်သည်။ စုတ်တံတစ်ချက်ဖြင့် တောင်တန်းနှင့်မြစ်များကို ဖန်တီးနိုင်သည်။ နတ်ဘုရားနှင့် တစ္ဆေများကို ထိတ်လန့်သွားစေနိုင်သည်။
စကြဝဠာနယ်မြေတွင် နတ်ဘုရားနှင့် တစ္ဆေများ မရှိသော်လည်း ရှေးခေတ်၏ ကျွမ်းကျင်သူများ ရှိကြသည်။
ဤစုတ်တံသည် ထိုလူများနှင့် ဆက်သွယ်နိုင်အောင် ကူညီပေးလိမ့်မည်။
လုကျီရှုက ဟန်မူယဲ့၏လက်ထဲတွင်ရှိသော စုတ်တံကို ကြည့်လိုက်ပြီး အားကျနေသည်။
သူကလည်း ဂုဏ်ယူစရာကောင်းသော လက်ဆောင်များကို ရရှိခဲ့သည်။
ကျောင်းတော်သားများအတွက် စာလိပ်နှင့် ပန်းချီကားများသည် စာရွက်တစ်ရွက်သာ ဖြစ်သည်။ သူတို့က မကျေမနပ်ဖြစ်နေလျှင် စွန့်ပစ်ထားသောစာရွက်ကိုပင် လက်ဆောင်ပေးမည်မဟုတ်ပေ။
လုမိသားစုတွင် ကွန်ဖြူးရှပ်တာအို ကျောင်းတော်သားနှင့် မိတ်ဆွေဖွဲ့နိုင်သောလူများ သိပ်မရှိပေ။
ယခုအချိန်တွင် လုကျီရှုက ပန်းချီကားနှင့် စာလိပ်များကို ယူလာနိုင်သောကြောင့် ဂုဏ်ယူစရာဖြစ်နေသည်။ သို့သော် ဟန်မူယဲ့၏ စုတ်တံနှင့် မယှဉ်နိုင်ပေ။ ထို့အပြင် အကြီးအကဲခုံး၏ ကိုယ်ပိုင်လက်ရေးမူနှင့် ပန်းချီကားများလည်း ပါလာသေးသည်။
လုကျီရှုက ရုတ်တရက် ခါးသီးမှုကို ခံစားလိုက်ရသည်။
‘ကိုယ့်ကိုယ်ကိုယ် တခြားလူတွေနဲ့မယှဉ်တာ အကောင်းဆုံးပဲ’
ခုံးကျုံးချူ၏ လက်အောက်တွင် ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းသည် အဓိကဖြစ်သော်လည်း အမျိုးမျိုးသော ကျင့်ကြံခြင်းလမ်းစဉ်များကို မြင်နိုင်သည်။
လုကျီရှု၏ လမ်းညွှန်မှုအောက်တွင် ဟန်မူယဲ့က ကျွမ်းကျင်သူများကို အရိုအသေပေးခဲ့သည်။
အစပိုင်းတွင် လုကျီရှုက နာမည်သာကြားဖူးပြီး ကိုယ်တိုင်မတွေ့ဖူးသော ပုဂ္ဂိုလ်ကြီးများနှင့် ဆုံတွေ့ရန် ယုံကြည်ချက်မရှိပေ။
လုမိသားစု၏ နာမည်သည် နေရာတိုင်းတွင် သက်ရောက်မှုမရှိပေ။
သို့သော် ယခုအချိန်တွင် ကွဲပြားသွားသည်။
ဟန်မူယဲ့က ခုံးကျုံးချူ၏ စုတ်တံကို ရရှိထားသောကြောင့် ခုံးကျုံးချူ၏ ဆက်ခံသူတစ်ယောက်ဟု ပြောနိုင်သည်။
ထိုအဆင့်အတန်းကြောင့် သူတို့ကို မည်သူက ငြင်းဆန်မည်နည်း။
လမ်းတစ်လျှောက်တွင် လုကျီရှုက ဟန်မူယဲ့ကို ဗန်းပြပြီး အမျိုးမျိုးသော လက်ဆောင်များကို ရရှိခဲ့သည်။ သူတို့က ကွန်ဖြူးရှပ်တာအို၏ ပိုင်နက်မှ ထွက်ခွာလာရန် တစ်လခန့် ကြာမြင့်ခဲ့သည်။
“ပြန်သွားဖို့ အလျင်လိုမနေရင် အစ်ကိုဟန်နဲ့အတူ တခြားအကြီးအကဲတွေဆီကို သွားလည်သေးတယ်”
လုကျီရှုက နောင်တများနှင့် ပြောလိုက်ပြီး ကိုင်ထားသော လှံရှည်ကို သိမ်းဆည်းသည်။
“အဲဒီအကြီးအကဲတွေဆီကို သွားလည်ဖို့ နောက်တစ်ကြိမ်စောင့်ရမယ်”
တစ်လအချိန်အတွင်း၌ လုကျီရှုက နှစ်တစ်ရာအတွင်း မအောင်မြင်နိုင်သော ဂုဏ်သတင်းနှင့် အဆက်အသွယ်ကို ရရှိခဲ့သည်။
ဟန်မူယဲ့မရှိလျှင် သူက ထိုသို့ လုပ်နိုင်မည်မဟုတ်ပေ။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ကောင်းကင်ထမ်းဟိုကို စီးနင်းသည်။
“ရှေ့မှာ မိစ္ဆာမျိုးနွယ်နဲ့ နတ်ဘုရားသားရဲတွေ နေထိုင်တဲ့ မိုင်တစ်သန်းတောရိုင်းမြေ ရှိတယ်။ မိစ္ဆာနဲ့ နတ်ဘုရားတွေက စောင့်ကြပ်နေကြတယ်”
လုကျီရှုက ပြောလိုက်သည်။
“အစ်ကိုဟန်၊ ဂရုစိုက်ပါ။ လုမိသားစုရဲ့နာမည်က တောရိုင်းမြေမှာ သိပ်အလုပ်မဖြစ်ဘူး”
စကြဝဠာနယ်မြေ၏ မိသားစုကြီးခုနစ်ခုသည် သာမန်အင်အားစုများကို လွှမ်းမိုးနိုင်သော်လည်း ကျွမ်းကျင်သူများအပေါ်တွင် လွှမ်းမိုးနိုင်စွမ်း သိပ်မရှိပေ။
လူတိုင်းက ကိုယ်ပိုင်နယ်မြေကို စောင့်ကြပ်ထားကြပြီး အဆက်အသွယ်သိပ်မရှိပေ။
ခုံးကျုံးချူကဲ့သို့ ပုဂ္ဂိုလ်ကြီးတစ်ဦးက မိသားစုကြီးခုနစ်ခုကို မျက်နှာသာပေးနိုင်သည်။ သို့မဟုတ် ဂရုမစိုက်ဘဲ နေနိုင်သည်။
သူက မိသားစုကြီးခုနစ်ခု၏ အကူအညီကို မလိုအပ်ပေ။
အဆက်အသွယ်နှင့် အရင်းအမြစ်ကို လိုအပ်ပြီး စောင့်ကြပ်ပေးရန် ထိပ်တန်းအဆင့် ကျွမ်းကျင်သူမရှိသော အင်အားစုများကသာ မိသားစုကြီးခုနစ်ခုကို ကြောက်ရွံ့ကြလိမ့်မည်။
များသောအားဖြင့် စကြဝဠာနယ်မြေတွင် သာမန်စကြဝဠာအဆင့် ကျွမ်းကျင်သူနှင့် အင်အားစုများသည် အချင်းချင်း ပူးပေါင်းပြီး အကာအကွယ်ပေးကြသည်။
အစစ်အမှန်ကျွမ်းကျင်သူများက ရှားပါးသည်။
“လူတိုင်းက အစ်ကိုဟန်လိုမျိုး ကံမကောင်းကြဘူးလေ”
လုကျီရှုက တီးတိုးပြောလိုက်ပြီး ဟန်မူယဲ့၏ဘေးတွင် ဝင်ထိုင်သည်။
သာမန်လူများသည် ရှေးခေတ်ကျွမ်းကျင်သူတစ်ဦးဖြစ်သော ရှုကျီယန်နှင့် မိတ်ဆွေမဖြစ်နိုင်ပေ။ ထို့အပြင် စကြဝဠာနယ်မြေသို့ ရောက်လာပြီး အကြီးအကဲခုံး၏ အသိအမှတ်ပြုခြင်းကိုလည်း ရနိုင်မည်မဟုတ်ပေ။
အကြီးအကဲခုံးက ချုံးဝမ်စံအိမ်သို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့သည်ဟု ဟန်မူယဲ့က ပြောသည်။ သို့သော် သူက ငြင်းခဲ့သည်။
ထိုအခွင့်အရေးမျိုးသည် အလွန်နှမြောစရာကောင်းသည်။
“ကျွမ်းကျင်သူကြီးတွေက တစ်ခါတလေမှ ပေါ်လာကြတာလား”
ဟန်မူယဲ့က လုကျီရှုကို ကြည့်လိုက်ပြီး မေးသည်။
လုကျီရှုက ခေါင်းညိတ်သည်။
ဟန်မူယဲ့က ရှေ့သို့ ကြည့်လိုက်သည်။
“အဲဒါဆိုရင် အဲဒီအရှိန်အဝါနှစ်ခုက ဘာလဲ”
လုကျီရှုက ကြောင်အသွားပြီး နတ်အာရုံကို စေလွှတ်သည်။ သူ့မျက်နှာက ဖြူဖျော့သွားသည်။
“ဒါက နတ်ဘုရားသားရဲတွေ စုစည်းနေတဲ့ တောရိုင်းမြေပဲ ....”
ရှေ့တွင်ရှိသော မိုင်တစ်ထောင်၊ မိုင်တစ်သောင်းတွင် တောရိုင်းမြေ၏ မိစ္ဆာသားရဲများ စုစည်းနေကြသည်။
ထိုမိစ္ဆာသားရဲများထဲတွင် အလွန်အားကောင်းသော နတ်ဘုရားသားရဲများလည်း ပါဝင်နေသည်။
အာရုံခံမိလျှင် ဝိညာဉ်အား တုန်ခါသွားစေနိုင်သော လွှမ်းမိုးနိုင်စွမ်းရှိသည့် အရှိန်အဝါနှစ်ခုလည်း ရှိနေသည်။
ထိပ်တန်းအဆင့် နတ်ဘုရားသားရဲများ ဖြစ်ကြသည်။
ထိုစုစည်းမှုမျိုးသည် တောရိုင်းမြေတွင် ရှားပါးသည်။
ထို့အပြင် ယခင်က မိစ္ဆာသားရဲများ စုစည်းနေသောအချိန်တွင် တခြားမျိုးနွယ်များကို လာရောက်ခွင့်မပြုပေ။
အကယ်၍ လူသားများ ဝင်ရောက်လာလျှင် နေရာတွင် အသတ်ခံရလိမ့်မည်။
အကျိုးအကြောင်းရှင်းပြရန် ခွင့်ပြုမည်မဟုတ်ပေ။
“ငါတို့ အခုပြန်သွားရမယ် ....”
လုကျီရှုက နောက်ပြန်လှည့်လိုက်သည်။
“အရမ်းနောက်ကျသွားပြီ”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
ရှေ့တွင် ပုံရိပ်အများအပြားသည် သူတို့ဆီသို့ လျင်မြန်စွာ ပျံသန်းလာကြသည်။
ကောင်းကင်နှင့်မြေကြီးအား ထိုးခွဲလာသော ရွှေရောင်တောင်ပံကို မြင်နိုင်သည်။
ချက်ချင်းဆိုသလိုပင် ပုံရိပ်သုံးခုသည် ကောင်းကင်တွင် ပေါ်လာကြသည်။
ရွှေရောင်ဝတ်စုံနှင့် မိစ္ဆာသုံးယောက်သည် သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်နေသည်။ သူတို့က ဟန်မူယဲ့တို့ကို ကြမ်းတမ်းစွာ ကြည့်လိုက်သည်။
သူတို့က ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ယှဉ်နိုင်ကြသည်။
သူတို့က ကမ္ဘာဦးအဆင့်စွမ်းအားကို ကောင်းမွန်စွာ ဖော်ပြနိုင်ပြီး ရုပ်သေးရုပ်ကို ထိန်းချုပ်သော လူသားများနှင့် မတူကြပေ။
စကြဝဠာနယ်မြေတွင် ထိုခွန်အားမျိုးသည် သန်မာသည်ဟု ပြောနိုင်သည်။
ထိပ်တန်းအဆင့်ဖြစ်သော အုပ်ချုပ်သူအဆင့် နတ်ဘုရားသားရဲများသည် များသောအားဖြင့် ပေါ်မလာတတ်ကြပေ။
စကြဝဠာနယ်မြေ၏ ရုန်းကန်မှုများတွင် ထိပ်တန်းအဆင့် ကျွမ်းကျင်သူများက ကိုယ်တိုင် မတိုက်ခိုက်လိုသောကြောင့် မျိုးဆက်သစ်များကို စေလွှတ်ပြီး ဖြေရှင်းလေ့ရှိကြသည်။
“ငါတို့မိစ္ဆာမျိုးနွယ်ဝင်ကို ကျွန်ပြုထားပြီး တောရိုင်းမြေကို ဖြတ်လာရဲတယ်ပေါ့”
ရှေ့ဆုံးတွင်ရှိသော ရွှေရောင်မျက်လုံးနှင့်မိစ္ဆာက ပြောလိုက်သည်။ သူက ရွှေရောင်ချိန်းကြိုးများကို ထုတ်လွှတ်ပြီး လုကျီရှုနှင့် ဟန်မူယဲ့ကို ရိုက်ချသည်။
လုကျီရှု၏ နောက်တွင်ရှိသော ကျွမ်းကျင်သူများက လှုပ်ရှားရန် ပြင်ဆင်လိုက်သော်လည်း ဟန်မူယဲ့က လက်မြှောက်ပြီး ပြောသည်။
“မလှုပ်နဲ့”
လုကျီရှုကလည်း သူတို့ကို တားလိုက်ပြီး တီးတိုးပြောသည်။
“သူတို့ကို ပြန်တိုက်လို့မရဘူး”
မိစ္ဆာမျိုးနွယ်များ စုစည်းနေသောကြောင့် သူတို့က ပြန်လည်တိုက်ခိုက်ခဲ့လျှင် သေဆုံးသည်အထိ အမဲလိုက်ခံရလိမ့်မည်။
ထို့အပြင် မိစ္ဆာကို ကျွန်ပြုထားသော အကြောင်းအရာသည် အကြီးအသေး ကွဲပြားနိုင်သည်။
မိစ္ဆာသားရဲအား ထိန်းချုပ်ရန် ကြမ်းတမ်းသောနည်းလမ်းများကို အသုံးမပြုလျှင် စကြဝဠာနယ်မြေ၏ မိစ္ဆာများက အမှန်တကယ် အပြစ်ပေးမည်မဟုတ်ပေ။
ထိုဖြစ်ရပ်မျိုးကို အလေးအနက်ထားခဲ့လျှင် လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်က စစ်ဖြစ်သွားလိမ့်မည်။
မိစ္ဆာများက နေရာအများအပြားတွင် ရှိနေသော်လည်း စကြဝဠာနယ်မြေကို မလွှမ်းမိုးနိုင်ပေ။
လူသားများက စကြဝဠာနယ်မြေ၏ အခွင့်အာဏာကို ခိုင်မာစွာ ဆုပ်ကိုင်ထားသည်။
“ကျွန်တော်က လုမိသားစုရဲ့ မျိုးဆက်ပါ”
လုကျီရှုက ရွှေအလင်းကို ဖော်ထုတ်လိုက်ပြီး ပြောသည်။
ချိန်းကြိုးများက ကောင်းကင်ထမ်းဟို၏ ကျောပေါ်တွင်ရှိသော လူတိုင်းကို ချုပ်နှောင်လိုက်သည်။ သို့သော် လုမိသားစုအကြောင်း ကြားလိုက်ရသောအခါတွင် မိစ္ဆာသုံးယောက်၏ လှုပ်ရှားမှုက ရပ်တန့်လုနီးပါး ဖြစ်သွားသည်။
စကြဝဠာနယ်မြေ၏ မိသားစုကြီးခုနစ်ခုသည် လွှမ်းမိုးနိုင်သည်။
“ဟမ့်၊ သူတို့ကို စစ်ဆေးဖို့ ခေါ်လာခဲ့”
ခေါင်းဆောင်မိစ္ဆာက ဖြည်းဖြည်းချင်း အမိန့်ပေးသည်။
ကျန်မိစ္ဆာများက တောင်ပံဖြန့်ပြီး ရွှေရောင်ငှက်အဖြစ် ပြောင်းလဲ၍ ချိန်းကြိုးများကိုဆွဲယူပြီး လျင်မြန်စွာ ပျံသန်းသွားသည်။
ချိန်းကြိုးများတွင် ဟန်မူယဲ့၊ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၊ သခင်မမူယွဲ့၊ လုကျီရှုနှင့် နတ်ဘုရားအဆင့် သက်တော်စောင့်များ ပါလာကြသည်။
အမှန်အတိုင်းပြောရလျှင် သူတို့အားလုံးက ချိန်းကြိုးများကို ဖြတ်တောက်နိုင်သည်။
သူတို့ထဲတွင် လုကျီရှု၏ အစောင့်များက အားအနည်းဆုံးဖြစ်သော်လည်း ရုပ်သေးခန္ဓာကြောင့် ကမ္ဘာဦးအဆင့်၏ အထွတ်အထိပ်စွမ်းအားကို ပိုင်ဆိုင်သည်။
ရွှေရောင်ငှက်က လျင်မြန်စွာ ပျံသန်းလာပြီး ခဏအကြာတွင် ချန်းကြိုးများက တုန်ခါသွားသည်။ ဟန်မူယဲ့တို့က မီးခိုးရောင်ကျောက်တောင်ပေါ်သို့ ပစ်ချခံလိုက်ရသည်။
ရာချီသော လူသားကျင့်ကြံသူများသည် ကျောက်တောင်ပေါ်တွင် ရှိနေကြသည်။
ဟန်မူယဲ့က သူတို့ကို ကြည့်လိုက်သည်။ အများစုက ကျင့်ကြံဆင့်မမြင့်မားပေ။ အသန်မာဆုံးက ကမ္ဘာဦးတစ်ဝက်အဆင့်သာ ဖြစ်သည်။
တောရိုင်းမြေတွင် လှည့်ပတ်သွားလာနေသော လူသားကျွမ်းကျင်သူများ သိပ်မရှိပေ။ ယခုအချိန်တွင် မိစ္ဆာများက စုစည်းနေသောကြောင့် အဆင့်မြင့်ကျွမ်းကျင်သူများက ထွက်ပြေးသွားကြသည်။
ဟန်မူယဲ့နှင့် တခြားလူများ ရောက်လာသောအခါ တခြားလူများက လှည့်ကြည့်လိုက်ကြသည်။
ကမ္ဘာဦးတစ်ဝက်အဆင့် ကျင့်ကြံသူများက အကြည့်ချင်းဖလှယ်ပြီး မတ်တပ်ရပ်လိုက်ကြသည်။
လုကျီရှုက စကားပြောရန်မလိုဘဲ နောက်တွင်ရှိသော သက်တော်စောင့်များက ရှေ့တက်လာကြသည်။
မိသားစုကြီးများ၏ အစောင့်အကြပ်များသည် သန်မာရုံသာမက အမျိုးမျိုးသော ကိစ္စရပ်များကိုလည်း ဖြေရှင်းနိုင်သည်။
သူတို့က လူစုခွဲလိုက်ပြီး တချို့က တခြားလူများနှင့် စကားပြောနေကြသည်။ တချို့ကတော့ ဟန်မူယဲ့နှင့် လုကျီရှုကို ကာကွယ်ပေးနေသည်။
ခဏအကြာတွင် သတင်းစုံစမ်းနေသော သက်တော်စောင့်က လေးနက်သောမျက်နှာထားဖြင့် ပြန်ရောက်လာသည်။
“တောရိုင်းမြေမှာ အုပ်ချုပ်သူအဆင့်တွေဖြစ်တဲ့ ရွှေကျောက်စိမ်းဆင်နဲ့ ကောင်းကင်အူဝံပုလွေတို့က တိုက်ခိုက်နေတယ်။ သူတို့ကြောင့် တောရိုင်းမြေတစ်ခုလုံးက တုန်ခါသွားရတယ်”
“တိုက်ပွဲရဲ့အကြောင်းပြချက်ကိုတော့ မသိရဘူး။ ဒါပေမဲ့ ရတနာတချို့ကြောင့် ဖြစ်လိမ့်မယ်လို့ ပြောကြတယ်”
“ပြီးတော့ သူတို့က ယဇ်ပလ္လင်ကို အသက်သွင်းဖို့ ပြင်ဆင်နေတယ်”
သက်တော်စောင့်က တင်ပြလိုက်သည်။
ယဇ်ပလ္လင် ....
အမျိုးမျိုးသော ယဇ်ပလ္လင်များသည် စကြဝဠာနယ်မြေတွင် ရှိနေကြသည်။
စတေးခြင်းနည်းလမ်းဖြင့် တိကျသော စွမ်းအားတချို့ကို ရယူခြင်းသည် စကြဝဠာနယ်မြေတွင် လူသိများသည်။
အဘယ်ကြောင့်ဆိုသော် စကြဝဠာနယ်မြေ၌ နောက်ကွယ်တွင်ရှိနေသော ကျွမ်းကျင်သူနှင့် အင်အားစုကို မည်သူမှ မသိနိုင်ကြပေ။
“အားလုံးပဲ ဒီတစ်ကြိမ်မှာ ငါတို့က စတေးခံရလောက်တယ်”
ကမ္ဘာဦးတစ်ဝက်အဆင့် ကျင့်ကြံသူက မတ်တပ်ရပ်လိုက်ပြီး လုကျီရှုနှင့် ဟန်မူယဲ့ကို ဦးညွတ်သည်။ ထို့နောက် နက်ရှိုင်းသောအသံဖြင့် ပြောသည်။
“ငါတို့ မတိုက်ခိုက်ရင် ဒီမှာပဲ အဆုံးသတ်သွားလိမ့်မယ်”
သူ့စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော လူများက ခေါင်းညိတ်လိုက်ကြသည်။
လုကျီရှု၏ မျက်နှာထားက ပြောင်းလဲမသွားပေ။ ဟန်မူယဲ့ကလည်း တည်ငြိမ်နေသည်။
ထို့ကြောင့် စကားပြောလိုက်သော ကျင့်ကြံသူက မသက်မသာဖြစ်လာသည်။
“ငါက ပြောစရာရှိတာ ပြောပြီးသွားပြီ။ အခွင့်အရေးတစ်ခုအတွက် တိုက်ခိုက်ချင်ရင် ငါတို့ ပူးပေါင်းနိုင်တယ်”
ထိုလူက စကားပြောလိုက်ပြီး ဦးညွတ်၍ နောက်ပြန်ဆုတ်သွားသည်။ သူက မျက်လုံးမှိတ်လိုက်ပြီး တရားထိုင်နေသည်။