နန်းတော်ထဲက ရုပ်တု
Vol. 49 Ch. 672
“တကယ်လို့ ငါသာ စွမ်းအားကြီးခဲ့ရင်.. တိထျန်း ငါ့အပေါ် ဒီလိုလုပ်ရဲမှာမဟုတ်ဘူး...”
“အခု ငါ့ရဲ့စွမ်းအားနဲ့ဆိုရင် စွမ်းအားကြီးကျင့်ကြံသူလို့ မခေါ်ထိုက်သေးဘူး..ငါသာ အင်အားကြီးခဲ့ရင် တိထျန်းနဲ့ အစ်ကိုကြီးကြားမှာ ရှိတဲ့စိတ်ဆန္ဒကို ဖျက်ဆီးပစ်လို့ရတယ်...”
“ဒါတွေအားလုံးက ငါ အားနည်းနေလို့ပဲ..”
‘ငါ ပိုစွမ်းအားကြီးချင်လာတယ်.. အဆုံးမဲ့ တန်ခိုးအာဏာကြီးချင်တယ်.. ငါ့ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တဲ့ အစွမ်းထက်တဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ချင်တယ်...”
စုမင်က စိတ်ထဲကနေ ကြုံးဝါးလိုက်သည်။ သူ့မျက်လုံးများက နီရဲသွားပြီး
သူ့ခန္ဓာကိုယ်မှ ချီစွမ်းအားများ ထွက်လာသည်။
ဤသည်မှာ ကံကြမ္မာဆီသို့ ဟိန်းဟောက်သံ သို့မဟုတ် တိထျန်း ဆီသို့ ဟိန်းဟောက်သံပင်ဖြစ်သည်။
သူ၏မာန်စိတ်ဝိညာဉ်ကြောင့် ဖြစ်ပေါ်လာသော လောကကြီး၏အပြောင်းအလဲများက မပျောက်ကွယ်သေးပေ။ ထိုအရာများကအနီးနားတွင်ရှိနေဆဲဖြစ်ပြီး စုမင်၏ကောင်းချီးက မပြည့်စုံသေးပေ။ သူ ပိုစွမ်းအားရှိလာနိုင်သော်လည်း လုံလောက်သော လှုံ့ဆော်မှုနှင့်မက်လုံးများ လိုအပ်လေသည်။ ကျီအန်းနှင့်
တိုက်ပွဲမှ ရရှိသော လှုံ့ဆော်မှုက မလုံလောက်ခဲ့ပေ။ ရွှေရောင်ဝတ်ရုံတိထျန်းကို ဝါးမျိုလိုက်ခြင်းဖြင့် မယုံနိုင်လောက်အောင် မြင့်မားသောအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ အစ်ကိုအကြီးဆုံး၏ အသွင်အပြင်နှင့် ကံကြမ္မာက သူ့ကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက်ကြောင့်
ခဏအတွင်း အကြောင်းအရာများစွာကို နားလည်စေခဲ့သည်။
အစ်ကိုကြီးနှင့် စုမင်ကိုယ်တိုင် သူတို့နှင့်ဝေးကွာသောလောကတစ်ခုမှ လူတစ်ယောက်၏ထိန်းချုပ်ခြင်းကို ခံခဲ့ရသည်။
ထိုအရာက... ဘဝပုံစံတစ်ခုပင် ဆိုနိုင်သည်။
သူတို့ကိုယ်တိုင်က ထိုကဲ့သို့ဘဝမျိုးကို ချိုးဖျက်ရန် စွမ်းအားများ လိုအပ်သည်။ သူတို့ အဆုံးမဲ့ သန်မာလာကာ အရာရာတိုင်း၏ အရှင်သခင်ဖြစ်အောင် လုပ်နိုင်မှသာလျှင်... ဒုတိယအကြိမ် ခံစားရတော့မှာ မဟုတ်ပေ။
“ဒါ ဘဝပဲ...”
စုမင်က ဝမ်းနည်းပူဆွေးစွာဖြင့် “ဘဝ” ဟူသောစကားလုံးအပေါ် လေးနက်စွာ နားလည်သဘောပေါက်လာသည်။ ထိုစကားလုံး၏တန်ဖိုးက အရမ်းကြီးမားလေသည်။
သူ၏ချီစွမ်းအားများကို ပေါက်ကွဲစေပြီးနောက် မာန်စိတ်ဝိညာဉ်အလယ်လတ်နယ်ပယ်ရှိစွမ်းအားများက တရှိန်ထိုးမြှင့်တက်လာသည်။ ထိုစဉ် မာန်စိတ်ဝိညာဉ်နှောင်းပိုင်းနယ်ပယ်သို့ တက်ရောက်နိုင်သည့်လက္ခဏာများ ပေါ်လာသည်။မမြင်နိုင်သောစွမ်းအားတစ်ခုက အစ်ကိုကြီးကို တွန်းထုတ်လိုက်သည်ကို စုမင် မြင်လိုက်ရသည်။ ထိုအချိန်တွင် စုမင်က သူ၏ညာလက်ကို ဖြည်းညှင်းစွာ မြှောက်ကာ ကောင်းကင်သို့ ချိန်ရွယ်လိုက်သည်။
“နဝမမြောက်တောင်ထွဋ်မှာတုန်းက ငါ့စိတ်ကို ဘယ်လိုတည်ငြိမ်အောင်ထားရမလဲဆိုတာ နားလည်ခဲ့တယ်..အဲ့ဒီနောက်မှာ လေရဲ့စွမ်းအားကို နားလည်ခဲ့တယ်... ငါဟာ လေသလင်းကျောက်စွမ်းအားနဲ့ပေါင်းစပ်ပြီး မာန်လေစွမ်းအားကျင့်ကြံသူဖြစ်လာခဲ့တယ်...”
စုမင် က တိုးတိုးလေးပြောပြီး သူ့လက်ကို လွှဲယမ်းလိုက်သည်။ ကောင်းကင်ကြီးက တစ်ဖန် ဟိန်းဟောက်လာပြန်သည်။
သက်တံများက ပိုမိုထင်းပေါ်လာပြီး ရေတွက်၍မရနိုင်ပေ။ ၎င်းတို့ကကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားကာ
ရှုပ်ထွေးပွေလီသောအစင်းရာများ ဖြစ်ပေါ်လာလေသည်။ တစ်စုံတစ်ယောက်က ကောင်းကင်ကိုလှမ်းကြည့်လျှင် ရှင်းလင်းစွာ မမြင်ရဘဲ အမြင်အာရုံကို ပိတ်ဆို့နေသည်ကို တွေ့ရလိမ့်မည်။
လေထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ပဲ့တင်ထပ်နေပြီး ကောင်းကင်တွင် တစ်စုံတစ်ယောက်က ဟိန်းဟောက်နေသယောင်ထင်ရလေသည်။ ထိုလူက တစ်ခုခုပြောရန်ကြိုးစားနေပုံရသော်လည်း သူ့စကားများကို မည်သူ့ကိုမျှ နားမလည်နိုင်ခဲ့ပေ။
သို့သော်လည်း ကောင်းကင်ရှိ ဖိအားနှင့်ဆန်းကြယ်မှုများက မာန်စိတ်ဝိညာဉ်ကနဦးအဆင့်ကထက် ပို၍သာလွန်လေသည်။
စုမင်၏အဆင့်တက်မှုက မာန်စိတ်ဝိညာဉ်နယ်ပယ်တွင်မကြုံစဖူးကြုံရသော ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။မြင်သူတိုင်းက ထိုမြင်ကွင်းက မြင်တွေ့ဖူးသမျှအတောက်ပဆုံးနှင့် အလှပဆုံးအလင်းရောင်ဖြစ်ကြောင်းသိရှိလိမ့်မည်။
“ငါ..စုမင်.. မာန်လေစွမ်းအားကို ယူဆောင်မယ်...ထွက်ပေါ်လာလော့..”
စုမင်၏ အသံက ကျယ်လောင်လာပြီး
လောကကြီးတွင် တော်လဲသံများထွက်ပေါ်လာသည်။သူ့ပတ်ဝန်းကျင်တွင် အကန့်အသတ်မဲ့ လေစွမ်းအားက လျင်မြန်စွာ တိုးဝင်လာသည်။ ထို့နောက် ပြင်းထန်သောလေအဟုန်က ကောင်းကင်ဘုံကိုးခုအထက်သို့ တစ်ဟုန်ထိုး တိုက်ခတ်လာလေသည်။
ကောင်းကင်နှင့်မြေကြီးက ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ တုန်လှုပ်သွားသည်။
ထို့နောက် မရဏပင်လယ်မှ လှိုင်းဂယက်များ အထပ်ထပ်ထလာလေသည်။ပင်လယ်ထဲတွင် ဒေါသကြီးသောနဂါးများ၏အဆုံးမဲ့ဟိန်းဟောက်သံများကို ဆူညံစွာကြားရလေသည်။ ပင်လယ်ရေက ဗွက်ခနဲ ဆူပွက်လာပြီး ပေါက်ကွဲတော့မည်သယောင် ထင်ရလေသည်။
ပင်လယ်အောက်ဘက်တွင် မည်သူမှမသိနိုင်သော အနက်ရှိုင်းဆုံးနေရာတစ်ခု ရှိနေလေသည်။ ထိုနေရာသို့မရောက်ရှိခင် အဆုံးမဲ့ပင်လယ်ရေမှ ပိုင်းခြားထားခံရသည်။ လောကကြီးထဲမှ သီးသန့်ခွဲထွက်နေသော ကမ္ဘာငယ်လေးတစ်ခုလည်းဖြစ်သည်။ ထိုနေရာက လွန်ခဲ့သော နှစ်ပေါင်းများစွာက တိုက်ကြီးတစ်ခုဖြစ်ခဲ့သော်လည်း ယခုအခါ... ၎င်းက ရေခဲကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
မရဏပင်လယ်၏အနက်ရှိုင်းဆုံးတွင် အေးခဲနေသော ရေခဲစိုင်များ ရှိနေသည်။ ထိုနေရာမှ အေးခဲသောလေများ ပျံ့နှံ့တိုက်ခိုက်လာသဖြင့် မရဏပင်လယ်၏နေရာက ပို၍အေးလာသည်။
ထို အေးခဲကမ္ဘာ( ရေခဲမြို့တော်) ၌ မရေမတွက်နိုင်သော အဆောက်အအုံများနှင့် နန်းတော်များရှိသည်။ တိတ်ဆိတ်သောမြို့အတွင်း၌ မြင့်မားသော ယဇ်ပလ္လင်တစ်ခုကိုလည်း တွေ့မြင်နိုင်သည်။ ထိုယဇ်ပလ္လင်ပေါ်တွင် အေးခဲနေသော အဘိုးအိုတစ်ဦးရှိပြီး သူ့ရှေ့တွင် ရှည်လျားသော တိရစ္ဆာန်ကျောရိုးကြီးတစ်ခုရှိသည်။
ထိုနေရာက… မဟာယွီအင်ပါယာမြို့တော်ကြီးပင်ဖြစ်သည်။
တိတ်ဆိတ်သောနှစ်များကြားတွင် စုမင်က ထိုနေရာသို့ တိုက်ဆိုင်စွာဝင်ရောက်လာသည့် တစ်ဦးတည်းသောသက်ရှိပင်ဖြစ်သည်။ သူ့မှလွဲ၍ အခြားမည်သူမျှ မဟာယွီအင်ပါယာမြို့တော်၏ အိပ်စက်ခြင်းကို အနှောက်အယှက် မပေးရဲပေ။
သို့သော် ထိုအချိန်တွင် စုမင်က အရှေ့မြေရိုင်းနယ်မြေရှိ မာန်လေစွမ်းအားကို
ဆင့်ခေါ်လိုက်သောအခါ မဟာယွီအင်ပါယာမြို့တော်၏ညာဘက်မှ မြင့်မြတ်သောတည်ရှိမှုတစ်ခုက အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။
ထိုတည်ရှိမှုက နှစ်ပေါင်းများစွာကြာရှည်ခဲ့သော တိတ်ဆိတ်မှုကို ဖြိုခွင်းခဲ့သည်။ ထိုတည်ရှိမှုမှ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး မဟာယွီအင်ပါယာတစ်ခုလုံးကို ပဲ့တင်ထပ်စေခဲ့သည်။ မြင့်မြတ်သောနန်းတော်က ချက်ချင်းပြိုကျသွားသည်။ အပျက်အစီးများကြားတွင် ပေထောင်ပေါင်းများစွာမြင့်သော ရုပ်တုကြီးကို ပေါ်ထွက်လာခဲ့သည်။
ရုပ်တုက အင်မတန်ရိုးရှင်းသော်လည်း ၎င်းကိုယ်ထည်ကို အဆုံးမဲ့ အလင်းတန်းများ ဝန်းရံထားသည်။ကုန်ဆုံးသွားသည့် အခိုက်အတန့်တိုင်းတွင် ထိုလေစွမ်းအားက ပိုမိုပြင်းထန်လာကာ မရဏပင်လယ်တစ်ခုလုံးကို အုတ်အော်သောင်းနင်းဖြစ်စေလေသည်။ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ဧရာမဝဲဂယက်ကြီးတစ်ခု ထောင်တက်လာသည်။
ရေဝဲဂယက်ကြီးက ကျယ်လောင်သော လှိုင်းပုတ်သံများနှင့်အတူ ရုပ်တုကြီးကို မြေပြင်ပေါ်သို့ တွန်းတင်ခဲ့သည်။ ထို့နောက် ထိုဝဲဂယက်က မရဏပင်လယ်ထဲသို့ ပြန်ဝင်ကာ ပျောက်ကွယ်သွားလေသည်။
စုမင်က သူ့ညာလက်ကို ရှေ့သို့ချိန်ရွယ်လိုက်သည်နှင့် လောကကြီးက တစ်ဟုန်ထိုး တုန်လှုပ်သွားပြန်သည်။ စုမင်ထက်မြန်ဆန်သာလွန်သော အလင်းတန်းတစ်ခုက အဝေးရှိကောင်းကင်နှင့် နီးကပ်လာလေသည်။
လေပြင်းခတ်သံများက ကောင်းကင်နှင့် မြေကြီးအပါအဝင် အရာခပ်သိမ်းကို စုတ်ပြတ်သွားစေလောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် သောင်းနှင့်ချီသောအင်မော်တယ်များက ဒယီးဒယိုင်ဖြစ်ကာ လဲကျသွားသည်။
ထိုအချိန်တွင် စုမင်၏ အပေါ်ဘက်တွင် ဧရာမရုပ်တုကြီး ပေါ်လာသည်။
ဤရုပ်တုက မရဏပင်လယ်အောက်တွင် နန်းတော်ဖျက်ဆီးခံရပြီးနောက် ပေါ်လာသည့်ရုပ်တုဖြစ်သည်။ ရုပ်တုအတွင်းမှ လေနှင့်ဆိုင်သော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး မာန်ပြည်ထောင်အတွင်းရှိ လေစွမ်းအားအားလုံးကို စုစည်းရန် နှိုးဆော်ထားသည်။
ရာသီဥတုက ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။ လေပြင်းများကြောင့် တိမ်စိုင်တိမ်တိုက်များ ရွေ့လျားသွားလေသည်။ထိုမြင်ကွင်းမှ တုန်လှုပ်ချောက်ချားမှုကြောင့် တစ် လောကလုံး တိတ်ဆိတ်သွားခဲ့ရသည်။
ရုပ်တုက မရွေ့လျားဘဲ လေထဲ၌ ဆက်လက် လွင့် မျောနေ လေ၏။ မြင်သူတိုင်း ခံစားနေကြရသည်က ထင်ယောင်ထင်မှားတစ်ခုမဟုတ်ကြောင်း ခံစားလိုက်ရသည်။ ထိုရုပ်တုက အခုထိ အသက်ပြန်မဝင်လာသေးသော်လည်း စုမင်ကို ဂါဝရပြုသကဲ့သို့ လေထဲ၌ ရှိနေလေသည်
ထိုခံစားချက်က ကျင့်ကြံသူအားလုံး၏ နှလုံးသားထဲတွင် ပေါ်လာပြီး မျက်လုံးများ အပြူးသားဖြစ်သွားသည်။ တုန်လှုပ်ချောက်ချားမှုအလယ်တွင် ရုပ်တု၏လက်နှစ်ဖက်က ဖြည်းညှင်းစွာ မြှောက်ကာ လက်ဖဝါးကို လက်သီးဖြင့် ရစ်ပတ်ပြီး အရိုအ သေပေးဟန်လုပ် နေသည်ကို မြင်လိုက်ရသည်။…ထို့နောက် ဒူးထောက်ကာ စုမင်ကို အရိုအသေပေးလိုက်သည်။
စုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းမှ အဆုံးမရှိသော အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ ထိုလျှပ်စီးကြောင်းများက အရပ်ရပ်သို့ ကူးလူးယှက်နွယ်ပြီး ကောင်းကင်ကို ဖြတ်သန်းသွားသော လျှပ်စီးကြောင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
“မာန်လျှပ်စီးစွမ်းအား...အတိတ်မှာ မင်းကိုလှည့်ဖြားပြီး စွမ်းအားသလင်းကျောက်ကို ယူခဲ့တယ်..ပြီးတော့ ငါနဲ့ပေါင်းစပ်ပြီးမာန်လျှပ်စီးကျင့်ကြံသူဖြစ်လာခဲ့တယ်..အခု ငါက ကျန်တဲ့တစ်ဝက်ကို မလိုအပ်တော့ဘူး...ငါ့ဆီမှာရှိနေတဲ့တစ်ဝက်ကို လမ်းညွန်အနေနဲ့သုံးပြီး မာန်လျှပ်စီးစွမ်းအားကို ဆင့်ခေါ်မယ်..”
အေးခဲနေသောမဟာယွီအင်ပါယာမြို့တော်၏အခြားဦးတည်ချက်မှာနန်းတော်ရှိ အခြားခန်းမတစ်ခုဖြစ်သည်။ အဆုံးမဲ့လျှပ်စီးစွမ်းအားက
နက်နဲသော ပေါက်ကွဲသံနှင့်အတူခန်းမကို ဖြိုခွင်းကာ မရဏပင်လယ်တစ်ခုလုံးကို
ဆူပွက်ပေါက်ကွဲသွားစေသည်။
မရဏပင်လယ်အတွင်း လျှပ်စီးကြောင်းအများအပြား ပြင်းထန်စွာ ပျံ့နှံ့သွားသည်။ ထိုနေရာရှိ ရက်စက်ကြမ်းကြုတ်သော သားရဲများက ကျယ်လောင်စွာဟိန်းဟောက်ကာ ရှောင်ထွက်သွားကြသည်။
ခန်းမကြီး ပြိုကျသွားပြီးလျှပ်စီးစွမ်းအားများဖြင့် ဝန်းရံထားသည့် ရုပ်တုကြီး ပေါ်လာသည်။ မိုးခြိမ်းသံကြီးကြားရပြီးနောက် ထိုရုပ်တုက ပင်လယ်ကိုဖြတ်ကာ ရေမျက်နှာပြင်အထက်သို့ ပေါ်ထွက်လာလေသည်။
ရုပ်တုက ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်နိုင်သည့် လျှပ်စီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
အရှေ့မြေရိုင်းနယ်မြေရှိ ချီလေ့ထျန်းက သူ၏လူများကို လမ်းတစ်လျှောက် ကြီးကြပ်ကွပ်ကဲနေချိန်၊ သူ၏အမူအရာ ရုတ်ချည်းပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်မှ လျှပ်စီးစွမ်းအားများ ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာပြီး သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထိုလျှပ်စီးကြောင်းများတွင် ဟိန်း ဟောက်သံများ၊ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများနှင့်ဖိနှိပ်သံများကဲ့သို့ မိုးခြိမ်းသံများ ဟိန်းခနဲ ထွက်လာသည်။
ချီလေ့ထျန်းက ရုတ်တရတ် အပြောင်းအလဲကြောင့် ခေတ္တ အံ့အားသင့်သွားကာ မရဏပင်လယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာတွင် မယုံကြည်နိုင်သည့်အရိပ်အယောင်များ ပြသနေသည်။
“ ငါ လျှပ်စီးမာန်နတ်ဘုရားရုပ်တု ထွက်ပေါ်လာတာကို ခံစားရတယ်...”
ထိုအချိန်တွင် စုမင်က သူ့လက်ကိုလွှဲယမ်းလိုက်ပြီးနောက် လျှပ်စီးမာန်စွမ်းအားဆင့်ခေါ်ခြင်းပြီးဆုံးသွားလေသည်။ လေထဲတွင် အဆုံးမဲ့လျှပ်စီးစွမ်းအားများထွက်ပေါ်လာပြီး ကောင်းကင်ကို လျှပ်ပန်းလျှပ်နွယ်များဖြင့် နေရာယူထားလေသည်။အဝေးမှထိတ်လန့်တုန်လှုပ်ဖွယ်ဟိန်းဟောက်သံများက တစ်စတစ်စ နီးကပ်လာလေသည်။ ထိုလျှပ်စီးစွမ်းအားမှာဧရာမရုပ်တုကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ထိုရုပ်တုက စုမင်၏အထက်ရှိ မာန်လေစွမ်းအားရုပ်တုနှင့်မျက်နှာချင်းဆိုင်တွင်
ပေါ်လာလေသည်။ထို့နောက် ၎င်းက စုမင်ကိုကြည့်ရင်း အရိုအသေပြုဟန်လုပ်ကာ ဒူးထောက်လိုက်သည်။
“မူလက ဒီလောကမှာ မာန်မီးစွမ်းအားမရှိဘူး.. မာန်မီးစွမ်းအားက တတိယနတ်ဘုရားလက်ထက်မှာ ပြန် မွေးဖွားလာတာပဲ...ငါငယ်ငယ်တုန်းက မာန်မီးစွမ်းအားကို အမွေရခဲ့တယ်..ဒါပေမဲ့ တတိယမာန်နတ်ဘုရားသေသွားတော့... မာန်မီးစွမ်းအားက ငါ့လက်ထဲမှာ ပြန်မွေးဖွားလာတာပဲ..”
စုမင်က သူ့မျက်လုံးများကိုမှိတ်ပြီး ပြန်ဖွင့်လိုက်သည်။ သူရင်ထဲမှာ ဒေါသမီးများ တစ်ဟုန်းဟုန်း တောက်လောင်နေလေသည်။ လျှပ်စီးစွမ်းအားနှင့်လေစွမ်းအားတို့၏အခြားတစ်ဖက်တွင် မာန်မီးစွမ်းအား ထွက်ပေါ်လာသည် ။
“ဟဲဖန်း ကွယ်လွန်သွားပေမဲ့ သူ့ဆန္ဒက ဒီ လောမှာ ရှိနေတုန်းပဲ.. သူ့ရဲ့စိတ်ဆန္ဒကို သင့်ရဲ့ဝိညာဉ်.. မာန်မီးတောက်တွေကို သင့်ရဲ့ခန္ဓာကိုယ်..မာန်ပြည်ထောင်ရဲ့ကောင်းချီးကို သင့်ရဲ့အသိစိတ်အဖြစ် သတ်မှတ်ပြီး.. မီးမာန်စွမ်းအား ထွက်ပေါ်လာလော့...”
စုမင်က သူ၏ညာဖက်လက်ကို မြှောက်လိုက်ပြီး လေထုထဲမှ ထွက်ပေါ်လာသော မီးတောက်များဆီသို့ ချိန်ရွယ်လိုက်သည်။
ထိုမီးတောက်များက ချက်ချင်းပင် ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားသည်။ ထိုအချိန်တွင် မာန်ပြည်ထောင်တစ်ခုလုံး မမြင်နိုင်သော မီးတောက်များဖြင့် လောင်ကျွမ်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ပြည်ထောင်တစ်ခုလုံးက စုမင်၏ဆင့်ခေါ်မှုကို အသိအမှတ်ပြုသောလက္ခဏာပြသခဲ့သည်။ မီးတောက်များအတွင်း အတောင်ပံများပါသောပုံရိပ်တစ်ခုက စုမင်ဆီသို့ ဦးတည်လာနေလေသည်။ ထိုပုံရိပ်က လ၏အတောင့်ပံများနှင့်တူပြီး ဟဲဖန်း၏ပုံရိပ်ကိုလည်း ကိုယ်စားပြုနေလေသည်။
သို့သော် ဟဲဖန်း ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး၊ ထိုအချိန်တွင် ပေါ်လာသည့်အရာမှာ သူ၏စိတ်ဆန္ဒဖြစ်ပြီး သူသေဆုံးပြီးနောက် လောကကြီးက မှတ်မိနေခဲ့သည်။ ထိုအချိန်တွင် သူ၏အလိုဆန္ဒက မာန်ပြည်ထောင်၏ကောင်းချီးနှင့်ပေါင်းစပ်လောင်ကျွမ်းသွားသောအခါ ပုံရိပ်တစ်ခုက လေထဲ၌ စုဝေးလာလေသည်။
မီးစွမ်းအား၊ လေစွမ်းအားနှင့်လျှပ်စီးစွမ်းအားရုပ်တုများက တြိဂံပုံစံနေရာယူထားလေသည်။ စုမင်ကို ၎င်းတို့၏ဘုရင်၊ ၎င်းတို့၏
အချုပ်အခြာအာဏာ၊ ၎င်းတို့အသိအမှတ်ပြုထားသည့်နတ်ဘုရားကဲ့သို့ အသိအမှတ်ပြုကာ အလယ်ဗဟိုတွင်ရပ်နေသော စုမင်ဆီသို့ဒူးထောက်လိုက်ကြသည်။