မာန်စိတ်ဝိညာဉ်နယ်ပယ်ကို ကြီးကျယ် စွာအောင်မြင်ခြင်း
Vol. 49 Ch. 678
“ငါက မာန်မျိုးနွယ်စုရဲ့ နတ်ဘုရားပဲ...”
စုမင်က ခေါင်းငုံ့ပြီး ထိုစကားများကို သူ့စိတ်ထဲမှာ တိတ်တဆိတ်ပြောလိုက်သည်။
ထိုအတွေးများ ပဲ့တင်ထပ်ချိန်တွင် အင်မော်တယ်များ၏တည်ရှိမှုက ကောင်းကင်ရှိ မှော်အစီအရင်အတွင်း၌ တစ်ဖန်ပေါ်လာသည်။ ၎င်းတို့သည် အဝေးတစ်နေရာမှ ရောက်ရှိလာကြသည်။
ထိုအခိုက်အတန့်တွင် မှော်အစီအရင်နှစ်ခုထက် ကျော်လွန်သော သက်တံများ တိုးလာပြီး တွန့်လိမ်ပုံပျက်မှုများသည်လည်း ပို၍ပင် ပြင်းထန်လာသည်။တစ်စုံတစ်ခု ကွဲအက်သွားသည့်အသံများက ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါသွားစေသည်။ ထိုတွန့်လိမ်ပုံပျက်နေမှုများမှ
မြေပြင်ဆီသို့ အဆက်မပြတ် ဟိန်းဟောက်နေသော ဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာသည်။
“မာန်ပြည်ထောင်ရဲ့မာန်နတ်ဘုရား..”
မည်သူမဆို သေချာနားထောင်လျှင်
ထိုအသံများက စကားလုံးသုံးလုံးကို ရည်ညွှန်းကြောင်း သိနိုင်လေသည်။
စုမင်၏မာန်နတ်ဘုရားရုပ်တုက သူ့ရှေ့မှာ ချက်ချင်းပေါ်လာသည်။ ဦးခေါင်းနှင့် လက်နှစ်ဖက်သာရှိသော ခန္ဓာကိုယ်က အဆုံးမရှိ ပြင်းထန်သော ဖိအားကို ထုတ်ပေးနေ လေသည်။ ထိုဖိအားအောက်တွင် စုမင်၏ မျက်လုံးများက ကောင်းကင်သို့ တောက်ပသော အလင်းရောင်များဖြင့် လင်းလက်နေသည်။
“ငါ့ရဲ့မာန်နတ်ဘုရားရုပ်တုက စကြာဝဠာမှာ အပြည့်အဝပေါ်ထွက်လာဖို့ ခြေထောက်တွေလိုသေးတယ်..ငါက မာန်နတ်ဘုရားသခင်ပဲ.. တတိယမြောက်နတ်ဘုရားရဲ့ဝိညာဉ်က ငါ့ဘယ်ခြေထောက်ဖြစ်ရမယ်...”
စုမင်က ပြောနေရင်း ညာလက်ကို မြှောက်ပြီး ရှေ့ကို လွှဲယမ်းလိုက်သည်။ ထိုအချိန်တွင် တတိယမာန်နတ်ဘုရားသေဆုံးပြီးနောက် အသွင်ပြောင်းလဲလာသည့် ပုလဲသုံးလုံးထွက်ပေါ်လာသည်။ ထိုပုလဲများမှ အဘိုးအိုနှင့်တူသောပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာလေသည်။ထိုအဘိုးအိုက သူ့အကြည့်များကို မြေပြင်ဆီသို့ဖြန့်ကျက်လိုက်ပြီးနောက် စုမင်ဆီသို့ကြည့်လိုက်သည်။ မှုန်ဝါးနေသောသူ့မျက်နှာကို မည်သူမှ ရှင်းလင်းစွာ မမြင်ရသော်လည်း သူ ပြုံးနေသေးကြောင်း သိနိုင်သည်။
ပြုံးနေသောအဘိုးအို၏ ရုပ်သွင်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူလုံးဝပျောက်ကွယ်လုနီးပါးအချိန်မှာ စုမင်၏ ဘယ်ခြေထောက်က ပေါ်လာလေသည်။
စုမင်၏ ဆံပင်များက လေမတိုက်ဘဲ တဖျပ်ဖျပ်လွင့်သွားလေသည်။ အဘိုးအို ပျောက်သွားတာကို ကြည့်ပြီး မျက်နှာပေါ်မှာ အပြုံးတစ်ခုကို မြင်လိုက်ရသည်။ ထိုအပြုံးက ခေတ်အဆက် ဆက် ကျန်ရစ်ခဲ့သော တတိယ ဘုရားသခင် နတ်ဘုရား၏အပြုံးဖြစ်သည်။
ထိုအပြုံးတွင် အသိအမှတ်ပြုခြင်းပါရှိသည်။
ရုပ်တု၏ဘယ်ခြေထောက်ကို ပေါ်လွင်လာချိန်တွင် စုမင်၏ ခန္ဓာကိုယ်အတွင်း၌
ကနဦးကျင့်ကြံစွမ်းအားပေါက်ကွဲသွားပြီး
မာန်စိတ်ဝိညာဉ်နှောင်းပိုင်းနယ်ပယ်အထွတ်အထိပ်သို့ ချက်ချင်းရောက်ရှိသွားခဲ့သည်။ သူအောင်မြင်မှုရရှိရန် အလွှာပါးလေးတစ်ခုသာလိုတော့သည်။
သူ၏တည်ရှိမှုက ကောင်းကင်နှင့်မြေကြီးကို လှုပ်ခတ်သွားစေသည့် ဒီလှိုင်းကြီးတစ်ခုလိုပင်ဖြစ်သည်။ ကောင်းကင်တွင် တွန့်လိမ်ပုံပျက်မှုများမှ ဟိန်းဟောက်သံများ ပိုမိုအားကောင်းလာပြီး လေဟာပြင်တစ်ခုလုံး သက်တံများဖြင့်ပြည့်နှက်နေလေသည်။
အလင်းတိုင်များအတွင်းမှဆင်းသက်လာသော အင်မော်တယ်ပုံရိပ်များက တဖြည်းဖြည်း ပေါ်ထွက်လာသည်။သူတို့က အယောက်တစ်ရာခန့်ရှိ၍ လျင်မြန်စွာ မူလပုံစံရောက်ရှိလာသည်။
စုမင်က သူတို့ကို သွားနှောင့်ယှက်မနေတော့ပေ။ သူက မာန်နတ်ဘုရားရုပ်တုကိုကြည့်ကာ မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် သူ့မျက်လုံးကိုပြန်ဖွင့်ပြီး သူ့ညာလက်ကိုမြှောက်ကာ ကောင်းကင်သို့ လွှဲယမ်းလိုက်လေသည်။
ကောင်းကင်မှ သောင်းသောင်းဖျဖျ အော်ဟစ်သံများ မြည်ဟည်းလာသော်လည်း စုမင်ထံမှ ထွက်လာသောအသံကို မဖုံးကွယ်ထားနိုင်ပေ။
“လောကကြီးထဲမှာ စိတ်ဝိညာဉ်အပိုင်းအစတွေ ချန်ခဲ့တဲ့..ဒုတိယမာန်နတ်ဘုရားသခင်...သင်တို့ ဒီနေရာမှာ စုရုံးပြီး ငါရုပ်တုရဲ့ညာခြေထောက်ဖြစ်လာဖို့ ဆန္ဒရှိသလား...ငါ သေချာပေါက် အင်မော်တယ်တွေကို ဖျက်စီးပြီး သင့်အတွက်လက်စားချေပေးမယ်...”
စုမင်၏ အသံက အရပ်ရပ်သို့ တဟုန်ထိုး တုန်ခါသွားကာ ထိုအသံကို ကြားရသူတိုင်း ငြိမ်သက်သွားကြသည်။
ကျီအန်းနှင့်စုမင်အစ်ကိုကြီး၏တိုက်ပွဲမှကျယ်လောင်စွာထွက်ပေါ်လာသောအသံများအပြင် ကျန်နေရာအားလုံးက တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
စုမင်က မာန်နတ်ဘုရားဧ။်အဖြေကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။ စုမင် ကျင့်ကြံစွမ်းအားနည်းနေလျှင် လုံးဝမမျှော်မှန်းရဲသော ကိစ္စမျိုးဖြစ်သည်။ယခုအခါ စုမင်က မာန်ပြည်ထောင်၏ကံကြမ္မာကို ပိုင်ဆိုင်ထားပြီး နတ်ဘုရားရုပ်တုကို အပြည့်အဝတပ်ဆင်နေလေသည်။သူ၏အသံက မာန်ပြည်ထောင်လောကထဲသို့ ပျံလွင့်သွားပြီး တစ်လောကလုံးရှိ စိတ်ဝိညာဉ်အပိုင်းအစများက ထိုအသံကို ကြားနိုင်မည်ဖြစ်သည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။ အသက်ရှိုက်စာ အနည်းငယ်ကြာပြီးနောက် အလင်းတိုင်နှစ်တိုင်အတွင်း အင်မော်တယ်များ ပိုမိုများပြားလာသည်။အချို့က သူတို့ဧ။်မူလပုံစံကို လျင်မြန်စွာ ရရှိခဲ့သည်။
ထို့နောက် ရုပ်တု၏ ညာခြေထောက်ဖြစ်လာမည့် နေရာတွင် အရပ်ရပ်မှ ထွက်ပေါ်လာသော အစိမ်းရောင်အရှိန်အဝါတစ်ခု စုစည်းလာလေသည်။ ထိုရောင်ဝါများ ပေါင်းစည်းပြီးနောက် စုမင်ရှေ့တွင် မထင်ရှားသောအစိမ်းရောင်ပုံရိပ်တစ်ခု ရောက်ရှိလာသည်။
ထိုပုံရိပ်က တတိယဘုရားသခင့်ကဲ့သို့ပင် မထင်မရှားဖြစ်နေသည်။ စုမင်က ထိုပုံရိပ်ကို စိုက်ကြည့်နေလေသည်။
သူတို့၏ အကြည့်များ တွေ့ဆုံမှုတွင် စုမင်၏အမှတ်တရများမှ ဖုံးကွယ်ထားသည့် ရင်းနှီးသော ခံစားချက်ကို တစ်ဖန် ပြန်လည်ထကြွစေခဲ့သည်။ စုမင် စစ်မာရှင်းကို တိုက်ခိုက်ပြီးနောက် ဒုတိယမာန်နတ်ဘုရားလက်ကို ထိတွေ့မိချိန်၌ ပထမဆုံး တွေ့ကြုံရသော ခံစားချက်မျိုးဖြစ်သည်။
ထိုခံစားချက်မျိုးကို ဒုတိယအကြိမ် ခံစားရပြီးနောက် စုမင်၏မျက်နှာက အံ့ဩမင်သက်နေလေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အချိန်တစ်ခုဆီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင်သူ့နားထဲတွင် ကလေးမလေး ငိုသံ၊ အမျိုးသမီးတစ်ဦး၏ နူးညံ့သိမ်မွေ့သောအသံကို ကြားလိုက်ရပြီး... ဂုဏ်သိက္ခာနှင့် ပြည့်စုံသော ယောက်ျား၏အသံကို နူးညံ့သိမ်မွေ့စွာ ခံစားလိုက်ရသည်။
ဒုတိယမာန်နတ်ဘုရားသခင် ...
စုမင်၏မျက်လုံးထဲတွင် အစိမ်းရောင်ပုံရိပ်က လောကအနှံ့ပြန့်ကျဲနေသောဒုတိယနတ်ဘုရား၏ဝိညာဉ်အပိုင်းအစများနှင့် ဖွဲ့စည်းထားသည်။ ဤသည်မှာ သူ မသေဆုံးမီ သူ့ရှုံးနိမ့်မှုကို ဝန်ခံလိုသော စိတ်ဆန္ဒအားလုံး၏ သင်္ကေတဖြစ်သည်။ ထိုအချိန်တွင် သူက စုမင်ကိုကြည့်နေရင်း သူ၏ဗလာကျင်းနေသော မျက်လုံးများက တဖြည်းဖြည်း လင်းလက်လာသည်။ ထို့နောက် မျက်လုံးများကို တဖြည်းဖြည်းမှိတ်လိုက်သည်။
ထို့နောက် အစိမ်းရောင်ပုံရိပ်က စုမင်၏မာန်နတ်ဘုရားညာခြေထောက်အဖြစ် ပြောင်းလဲသွားပြီး ရုပ်တု ၏ ခြေထောက်နေရာကို ပြီးပြည့်စုံစေခဲ့သည်။
ထိုအချိန်တွင် စုမင်၏ကနဦးကျင့်ကြံမှုက ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ရုပ်တုက အများအားဖြင့် ပြီးပြည့်စုံလာပြီး ဦးခေါင်းသာကျန်ရှိတော့သည်။ လောကကြီးတွင် မားမားမတ်မတ်ရပ်နေသောမာန်နတ်ဘုရားရုပ်တုက ပေတစ်သောင်းမြင့်ပြီး အင်မော်တယ်အားလုံးကို တုန်လှုပ်သွားစေသည့် ကြီးမားသောဖိအားကို ထုတ်ပေးသည့် ဧရာမဘီလူးကြီးနှင့်တူသည်။
“ ပထမဆုံးမာန်နတ်ဘုရား...မာန်ပြည်ထောင်က ထွက်သွားတဲ့ လေ့ရှန်ရှို..မာန်ပြည်ထောင်တစ်ခုလုံးကို ကာကွယ်ဖို့ မှော်စီးယာဉ်ကို ဖန်တီးခဲ့တဲ့သူ.. ဒါပေမဲ့ သူထားခဲ့တဲ့အမွေအနှစ်တွေက တတိယနတ်ဘုရားထိပဲ ကြာမြင့်ခဲ့တယ်..”
“အခု မာန်ပြည်ထောင်မှာ စတုတ္ထမာန်နတ်ဘုရားသခင်ထွက်ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး... အရင်နတ်ဘုရားတွေရဲ့ အမွေအနှစ်..ကျင့်စဉ်တွေမရှိဘဲနဲ့ စတုတ္ထမာန်နတ်ဘုရား ဘယ်လိုလုပ်ဖြစ်လာမှာလဲ...ဒါက မာန်နတ်ဘုရားအသစ်ပဲဖြစ်ရမယ်...”
“ဒါဆို လောကတစ်ခွင်မှာ သင်တို့ချန်ခဲ့တဲ့ အမွေအနှစ်အပိုင်းအစတွေကို စုပြီး
ငါ့ရုပ်တုအတွက် ဦးခေါင်းပြုလုပ်ဖို့ ငါသုံးမယ်..အခုကစပြီး..မာန်ပြည်ထောင်ကို ဂုဏ်ကျက်သရေတိုးပွားအောင် ငါလုပ်ဆောင်သွားမယ်...”
စုမင်၏စကားက လောကကြီးကို ပဲ့တင်ထပ်စေလေသည်။ ထိုအချိန်တွင် မာန်ပြည်ထောင်တစ်ခုလုံးရှိ ရက်စက်ကြမ်းကြုတ်သောသားရဲများ—အရှေ့လွင်ပြင်များ၊ တောင်ပိုင်းအရုဏ်ဦးနယ် မြေ၊ မြောက်ပိုင်းခရိုင်ရှိကျွန်းများနှင့် အနောက်မဟာမိတ်နယ်မြေ—တို့မှ ထိတ်လန့်တုန်လှုပ်ဖွယ်ဟောက်သံများ ထွက်ပေါ်လာပြီး ကောင်းကင်ကို စတင်ဦးတိုက်လာကြသည်။
အရှေ့မြေရိုင်းနယ်မြေ၌ ပုန်းအောင်းနေသော မျိုးနွယ်စုသည် မာန်မျိုးနွယ်စုပင်ဖြစ်သည်။ သူတို့လည်း နှုတ်ဆိတ်ပြီး ထိုင်မနေနိုင်တော့ပေ။ သူတို့သွေးထဲရှိမီးတောက်များက ကျင့်ကြံစွမ်းအားက်ု
တိုးမြင့်လာစေသည်။တစ်ချိန်တည်းတွင် သူတို့၏သွေးထဲရှိ ဆန္ဒတစ်ခုလည်း ပေါက်ကြားလာခဲ့သည်။ နောက်ဆုံးတွင်မာန်ဘုရားသခင်နှင့်တွေ့ဆုံရန် မျိုးနွယ်စုရှိလူအများစုသည် ကောင်းကင်သို့ပျံသန်းရန် ရွေးချယ်ခဲ့ကြသည်။
အရှေ့မြေရိုင်းနယ်မြေရှိကျင့်ကြံသူများအားလုံးက စုမင် ရှိရာအရပ်ဆီသို့ အရှိန်တင်လိုက်သည်။
ထိုအချိန်တွင် စုမင်က သူ့ညာလက်ကို မာန်နတ်ဘုရားရုပ်တုဆီသို့ လွှဲယမ်းလိုက်သည်။ သူ၏ သိုလှောင်အိတ်ထဲမှ ဧရာမကျောက်တုံးကြီးသည် ချက်ချင်း ပျံတက်လာလေသည်။ ပထမဆုံး ဘုရားသခင် ထွက်ခွာသွားပြီးနောက် ကျန်ရစ်ခဲ့သော အမွေအနှစ်များပင် ဖြစ်သည်။
စုမင်၏ စကားကြောင့် ကျောက်တုံးကြီးက တုန်ခါလာလေသည်။ ၎င်းကသူ့ဘာသာသူ ပြိုကျပြီး ရုပ်တု၏ ဦးခေါင်းဖြစ်မည့် အလွတ်နေရာတွင် ချက်ချင်း စုရုံးသွားသည်။ ထို့နောက် အပိုင်းအစများက ဦးခေါင်းအဖြစ် ပြောင်းလဲသွားသည်။
ထိုဦးခေါင်းတွင် အင်္ဂါရပ်များမရှိသော်လည်း ၎င်း၏အသွင်အပြင်က
မာန်နတ်ဘုရားရုပ်တုကို ပြီးမြောက်စေလေသည်။
မာန်နတ်ဘုရားရုပ်တုပြီးစီးသွားသည်နှင့် ခမ်းနားထည်ဝါသောအရှိန်အဝါတစ်ခု ပျံ့လွင့်လာသည်။ လောကကြီးက တုန်လှုပ်လာပြီး ရုပ်တု၏ခေါင်းက ဖြည့်ညှင်းစွာလှည့်လာသည်။၎င်း၏ မျက်နှာက စုမင်ကို မူတည်နေသည့်မှန်တစ်ချပ်ကဲ့သို့ပင်ဖြစ်သည်။
ထိုအချိန်တွင် သူက မာန်စိတ်ဝိညာဉ်နှောင်းပိုင်းနယ်ပယ်ကိုရောက်ရှိရန် နောက်ဆုံးလိုအပ်ချက်ကို ပြီးမြောက်ခဲ့သည်။
မာန်နတ်ဘုရား၏ပြောင်ချောမျက်နှာပြင်ပေါ်တွင် မျက်နှာအဂ်ါရပ်များ ချက်ချင်းပုံပေါ်လာသည်။ ထိုမျက်နှာက စုမင်၏လက်ရှိမျက်နှာနှင့်ဆင်တူလေသည်။ ထိုခဏ၌ ကောင်းကင်ရှိ သက်တံအားလုံးက ပေါက်ကွဲသံကြီးဖြင့် ပြိုကျကုန်ပြီး ရုပ်ထုအတွင်း၌ စုရုံးလာကြသည်။
ကောင်းကင်ရှိ တွန့်လိမ်ပုံပျက်မှုများက ကန့်လန့်ကာကို ဆွဲဖြုတ်လိုက်သကဲ့သို့ ပြိုကျသွားသည်။ ထို့နောက် ကောင်းကင်က ထိုးဖောက်မြင်ရသကဲ့သို့ ကြည်တောက်လာလေသည်။
ထို နေရာရှိ ကောင်းကင်တစ်ခုတည်းကပင် ဖောက်ထွင်းမြင်ရခြင်း မဟုတ်ပေ။ မာန်ပြည်ထောင်တစ်ခုလုံးရှိ ကောင်းကင်က အမှောင်ထုဖယ်ရှားပြီး တိုးလျှိုးပေါက် မြင်နေရသည်။ မာန်မျိုးနွယ်စုများ၏ဘဝတွင် ပထမဆုံးမြင်ရသောမြင်ကွင်းဖြစ်ပြီး မာန်ပြည်ထောင်၏အစစ်အမှန်ကောင်းကင်ကြီးကိုမြင်နိုင်စေခဲ့သည်။
မာန်မျိုးနွယ်စုတို့၏ကမ္ဘာမှာ ကောင်းကင်မရှိပေ။
ယင်းအစား ဧရာမ ဝဲဂယက်တစ်ခုသာ ရှိခဲ့သည်။ မာန်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားနိုင်လောက်အောင် ကြီးမားသည်။ ထိုနယ်မြေရှိ လူတစ်ဦးက မည်သည့်ထောင့်မှာ ခိုးအောင်းနေထိုင်ပါစေ၊ ကောင်းကင်ရှိ အလွန်ကြီးမားသော အနက်ရောင် ဝဲဂယက်ကို မြင်နိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် ဝဲဂယက်က တအိအိ လည်နေသေးသည်။ ထိုဝဲဂယက်မှာ လောကကြီး၏နောက်ကွယ်မှ ထွက်ပေါ်လာသော အဆုံးမဲ့မြူခိုးများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုမြူခိုးများအတွင်း အချို့သားရဲကြီးများ၏မာန်ဖီသံများ ရံဖန်ရံခါထွက်ပေါ်လာသည်။
သို့သော်လည်း ထိုသားရဲများက ကြီးမားသော်လည်း ဝဲဂယက်နှင့်နှိုင်းယှဉ်ပါက သမုဒ္ဒရာအတွင်းရှိ သားရဲလေးများသာ ဖြစ်သည်။
ထိုအရာက မာန်ပြည်ထောင်၏တကယ့်ကောင်းကင်ပင်ဖြစ်သည်။
ဤသည်မှာ ပထမဆုံးဘုရားသခင်လက်ထပ်အတွင်းတည်ရှိခဲ့သောကောင်းကင်လည်းဖြစ်သည်။ နောက်ပိုင်းပေါ်လာသော နေ၊ လနှင့် ကြယ်အားလုံးက အတုအယောင်ပင်ဖြစ်သည်။
၎င်းတို့က အင်မော်တယ်တို့၏မှော်အစီအရင်ကြောင့် တည်ရှိခဲ့သည် ။
ကောင်းကင်ကြီးကို မြင်လိုက်ရချိန် ပျံသန်းနေသောမာန်ကျင့်ကြံသူများက ရွေ့လျားမှုရပ်တန့်သွားပြီး ရေဝဲဂယက်ကို ငေးကြည့်နေမိလေသည်။
မာန်နတ်ဘုရားရုပ်တုပြည့်စုံပြီးနောက် စုမင်၏ကနဦးကျင့်ကြံစွမ်းအားက ပေါက်ကွဲသွားသည်။ထို့နောက် မာန်စိတ်ဝိညာဉ်နှောင်းပိုင်းအဆင့်ကိုချိုးဖြတ်ကာ မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်သော ပြီးမြောက်မှု ကို ရရှိခဲ့သည်။