← Chapters

အစစ်အမှန်တာအိုအင်မော်တယ်

Vol. 85 Ch. 1177

အစစ်အမှန်တာအိုအင်မော်တယ်

Vol. 85 Ch. 1177

“လောကပါလတာအိုအင်မော်တယ်”

“မဖြစ်နိုင်တာကြီး" မီးစောင့်နတ်က အသံဩဩကြီးဖြင့် ပြောသည်။ “တောင်ပင်လယ်လောကမှာ ဘယ်လိုလုပ်လောကပါလတာအိုအင်မော်တယ် ရှိနေတာတုန်း။ မဖြစ်နိုင်တာ” သူသည် မန်ဟို၏မိုးပြာရောင်အလင်းကို အာရုံလုံးလုံးမရှိခဲ့ပေ။ အစိမ်းရောင်၊ မိုးပြာရောင်အလင်းများ ဖြန့်ကျက်ပေးနိုင်သည့် တာအိုမှော်သိုင်းကွက်များနှင့် အခုအခံမှော်ပစ္စည်းများစွာ ရှိသည်မဟုတ်ပါလော။ ထို့ကြောင့် ထိုအလင်းပေါ်လာလျှင်ချင်း လောကပါလအင်မော်တယ်အကြောင်း တွေးမိဖို့ရန်က ယုတ္တိမရှိပေ။

မီးစောင့်နတ် မှတ်မိသည်အရ လောကပါလတာအိုအင်မော်တယ်များသည် ဒဏ္ဍာရီသာ ဖြစ်ကြပြီး အစွမ်းထက်တန်ခိုးရှင်များသာ သူတို့အကြား ဝင်ဆန့်နိုင်၏။ ဤနေရာတွင် အတင်းအကြပ် တာဝန်ချခံထားရသော သူ့အတွက်တော့ လောကပါလတာအိုအင်မော်တယ်များသည် လက်လှမ်းမမှီနိုင်သော ဖြစ်တည်မှုများသာ ဖြစ်သည်။

မီးဟုန်းဟုန်းတောက်နေသော မန်ဟို့ထံမှ မိုးပြာရောင်အလင်းက နတ်မီးတောက်ထက် ပိုမိုတောက်ပလာခဲ့၍ သူ့အာရုံကို ဆွဲဆောင်နိုင်ခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် မီးစောင့်နတ်အနေဖြင့် ၎င်းသည် လောကပါလတာအိုအင်မော်တယ်တစ်ဦး၏အလင်းရောင်ဟု သတိထားမိမည်မဟုတ်ပေ။

မန်ဟို့မျက်လုံးများသည် အေးစက်စက် လင်းလက်နေပြီး သူ့အပြင်အားကိုယ်မှ ဖျစ်ဖျစ်ဖျောက်ဖျောက်မြည်သံများ ထွက်နေ၏။ သူ့ကျင့်ကြံခြင်းအခြေခံက တဝုန်းဝုန်း လှုပ်ရှားနေပြီး သူ၏နိဗ္ဗာနသစ်သီးကား နတ်မီးတောက်၏ကျေးဇူးကြောင့် သူနှင့် ပို၍ပေါင်းစည်းလာခဲ့လေပြီ။

မကြာမီ ခုနစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်လာခဲ့၏။

သူက တဆတ်ဆတ် တုန်ရီနေလျက် ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ သူ့ထံမှ ဖြာထွက်နေသော မိုးပြာအလင်းအရောင်သည် နတ်မီးတောက်ကို ဖိနှိပ်နိုင်ပုံရသော အံ့ဖွယ်ပြင်းအားဖြင့် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားရင်း အရောင်အဝါပိုမိုခံ့ညားလာ၏။ အမှန်တွင် မန်ဟို့ထံ ပြေးဝင်လာနေသော မီးတောက်များပင်လျှင် တုံ့ခနဲ ရပ်သွားကြရသည်။

သို့သော် မိုးပြာရောင်အလင်း မည်မျှတောက်ပနေပါစေ၊ မန်ဟို့ကိုယ်ထဲရှိ မီးပွားသည် အားထပ်ထည့်၍ နတ်မီးတောက်ကို ဆက်လက်ဆွဲငင်ရင်း တစ်ဖန်ရွေ့လျားလာစေ၏။ တစ်လောကလုံးရှိ မီးတောက်မီးလျှံအားလုံး တုန်ရီသွားကြသည်။

မန်ဟိုမှာ မီးပင်လယ်၏အတွင်း၌ တဆတ်ဆတ် တုန်နေသည်။ သူ့မှာ ဆက်လက်တောင့်မခံနိုင်တော့သော အခိုက်အတန့်သို့ ရောက်လာခဲ့လေပြီ။ သူ့ခန္ဓာကိုယ်သည် အက်ကွဲစပြုလာပြီး နတ်မီးတောက်များက သူ့ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်မရအောင် လုပ်နေသည်။

မိုးပြာရောင်အလင်း၏တည်ရှိမှုကြောင့်သာ မဟုတ်လျှင် မန်ဟို သေနှင့်နေလေပြီ။

“လောကပါလတာအို” မန်ဟိုက ဤသေရေးရှင်ရေးအခိုက်အတန့်တွင် ဟိန်းဟောက်လိုက်သည်။ သူ၏တတိယနိဗ္ဗာနသစ်သီးသည် ပို၍ပင် ပေါင်းစည်းလာ၏။ ပိုမိုတောက်ပသောမိုးပြာရောင်အလင်းများ သူ့ကိုယ်ထဲမှ ဖြာထွက်ကာ မီတာသုံးဆယ်အကွာအတေးသို့ ရောက်သွားကြသည်။

ထိုမီတာသုံးဆယ်အတွင်း၌ မိုးပြာရောင်အလင်းမှအပ မည်သည့်အရာမှ မတည်ရှိပေ။

ယခုတွင် သူ၏တတိယနိဗ္ဗာနသစ်သီးကား ရှစ်ဆယ်ရာခိုင်နှုန်း စုပ်ယူခံထားရပြီးပြီဖြစ်သည်။

ပုံမှန်ဆို ယခုလေးတင် ပေါင်းစည်းသွားသကဲ့သို့ ဆယ်ရာခိုင်နှုန်းပြီးမြောက်ဖို့ကား တစ်လကြာခဲ့လိမ့်မည်။ သို့သော် ယခုမူ နတ်မီးတောက်၏အကူအညီဖြင့် ဖြစ်စဉ်သည် လျှပ်တပြက်အတွင်း ပြီးစီးသွား၏။ ဤအခြေအနေကို မန်ဟို့အတွက် အခွင့်အရေးတစ်ခုအဖြစ် မြင်နိုင်သော်လည်း ထိုအခွင့်အရေးနောက်တွင် သေမင်းအရိပ်က ရစ်ဝဲနေသည်။

လောကပါလတာအိုအင်မော်တယ်တန်ခိုး ရှစ်ဆယ်ရာခိုင်နှုန်းဖြင့် မန်ဟိုမှာ တခဏမျှ အမောဖြေနိုင်သွားသည်။ သူ့ထာဝရအလွှာက သူ့အသက်စွမ်းအားကို အသည်းအသန် ဖြည့်တင်းပေးနေသည့်တိုင် သူ့မှာ နတ်မီးတောက်ထံမှ ခြိမ်းခြောက်မှုကို ခံစားနေရသေး၏။

“မင်း သေချာပေါက် သေတော့မှာ” မီးစောင့်နတ်က ပြောသည်။ “လောကပါလတာအိုအင်မော်တယ်ဖြစ်နေလဲ ဘာအရေးလဲ။ ဒီနေရာကို ဒီလောက်နှစ်တွေအများကြီး စောင့်ရှောက်ပြီးတဲ့နောက်မှာ လောကပါလတာအိုအင်မော်တယ်တစ်ဦး အရှင်လတ်လတ် မီးလောက်တိုက်သွင်းခံနေရတာကို မြင်ရလိမ့်မယ်လို့ ငါ ထင်တောင်မထားဘူး” မီးစောင့်နတ်က ခေါင်းနောက်လှန်၍ တဟားဟား ရယ်သည်။

“မင်း စိတ်လှုပ်ရှားနေတာ စောလွန်းတယ်” မန်ဟိုက သံသံချင်းပွတ်တိုက်သံကဲ့သို့ အက်ကွဲကွဲသံကြီးဖြင့် ပြောသည်။ သူက စိတ်ပိုင်းဖြတ်ထားသောမျက်ဝန်းများဖြင့် ညာလက်ကို ဆန့်၍ သူ့နဖူးပေါ် ဖိချလိုက်သည်။

အံ့ဖွယ်တန်ခိုးက သူ့စိတ်ထဲတွင် လှုပ်ရွထကြွသွားပြီး သူကား သူ၏တတိယနိဗ္ဗာနသစ်သီးကို တိုက်ခိုက်နေပုံပေါ်သည်။ သူ့တစ်ကိုယ်လုံးမှာ တုန်ရီနေပြီး သူက သွေးသုံးလုပ် အန်လိုက်ရ၏။ ချက်ချင်းဆိုသလို သွေးသည် သွေးမြူအဖြစ် အငွေ့ပျံသွားပြီး မန်ဟို့ခန္ဓာကိုယ်မှာ ပို၍ပင် ခြောက်ကပ်သွားတော့သည်။ သို့သော် သူက တန်ခိုးအားကို အသုံးပြုရင်း နိဗ္ဗာနသစ်သီးကို ထပ်မံစုပ်ယူလိုက်နိုင်၏။

ကိုးဆယ်ရာခိုင်နှုန်း

လောကပါလတာအိုအင်မော်တယ် ကိုးဆယ်ရာခိုင်နှုန်း

မိုးပြာရောင်အလင်းသည် သူ့ပတ်ပတ်လည်သို့ လိမ့်ထွက်သွား၏။ ၎င်းက မီတာသုံးဆယ်သာ မဟုတ်ဘဲ ဆယ်ဆတိုး၍ မီတာသုံးရာသို့ ရောက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် မန်ဟို၏အသက်စွမ်းအားသည် တဟုန်ထိုးမြင့်တက်လာပြီး အဆများစွာ တိုးပွားလာ၏။

သူက ဟောဟောဟဲဟဲ အသက်ရှူပြီးနောက် ခေါင်းနောက်လှန်ကာ မာန်သွင်းဟိန်းဟောက်လိုက်သည်။ ဟိန်းဟောက်သံက စေတီကိုးသိန်းကိုးသောင်းအနက်မှ ထောင်ပေါင်းများစွာကို ပြိုကျသွားစေသည်။

ဤဖြစ်ရပ်က မီးစောင့်နတ်ကို မျက်စိမျက်နှာပျက်သွားစေသည်။ သူက မန်ဟို့ကို အထိတ်တလန့်ကြည့်ရင်း မန်ဟိုလုပ်ခဲ့သောအရာကို မယုံနိုင်ဖြစ်နေသည်။ ရုတ်တရက်ဆိုသလို သူ့ယုံကြည်ချက်မှာ ယိမ်းယိုင်လာပြီး မန်ဟို အောင်မြင်သွားလောက်သည်ဟုပင် သူ ခံစားလာရတော့သည်။

“မဖြစ်နိုင်ဘူး” မီးစောင့်နတ်က အခိုင်အမာယုံကြည်နေသောမျက်ဝန်းများဖြင့် ရေရွတ်လိုက်သည်။ "အရှင်တောက်ဖန်မှာ ကြီးမြတ်တဲ့ကျင့်ကြံခြင်းအခြေခံ ရှိတယ်။ သူ့ကျိန်စာကို တောင်ပင်လယ်လောကက ဘယ်သူမှ မချိုးဖျက်နိုင်ဘူး။ ဒီအမွေအနှစ်ကို ဘယ်သူ့မှ မရယူနိုင်ဘူးလို့ သူ ပြောခဲ့တယ်။ ဒါကြောင့် ဘယ်သူမှ မယူနိုင်ဘူး”

“တောက်ဖန်ရဲ့ကျိန်စာက ချိုးဖျက်လို့မရဘူးဆိုရင်" မန်ဟိုက ပြောသည်။ “မင်းအနေနဲ့ ဘာကြောင့် ဒီနေရာကို စောင့်ရှောက်ဖို့ လိုဦးမှာလဲ။ ဘာကြောင့် အစောင့်အရှောက်ထားနေဖို့ လိုဦးမှာလဲ” သူက ညာလက်ကို အရှေ့သို့ တွန်းလိုက်ကာ နတ်မီးတောက်အား တရိပ်ရိပ်လှုပ်၍ ရပ်တန့်သွားစေသည်။

မိုးပြာရောင်အလင်းရပ်ဝန်း မီတာသုံးရာအတွင်း မည်သည့်နတ်မီးတောက်မှ မတည်ရှိတော့ပေ။ ၎င်းတို့အားလုံးသည် ရပ်ဝန်း၏အပြင်သို့ တွန်းထုတ်ခံထားရရာ မန်ဟို့အား အသက်ရှူချောင်သွားစေ၏။

သူ၏ထာဝရအလွှာက သူ့ခန္ဓာကိုယ်ကို ကုစား၍ သူ့အသက်စွမ်းအားကို ဖြည့်တင်းပေးရင်း တဝုန်းဝုန်း လှုပ်ရှားနေသည်။ လောကပါလတာအိုအင်မော်တယ်တန်ခိုးနှင့် ပေါင်းစည်းသွားသည့်အခါ မန်ဟို့စွမ်းအားသည် မြင့်မားသထက် မြင့်မားလာ၏။ ကောင်းကင်ထက်တွင် အရောင်အဝါများ ပြိုးပြိုးပြက်ပြက်လက်လာပြီး ဤနေရာတွင် မည်သည့်ရာသီဥတုမှ မရှိသော်လည်း အလိပ်လိပ်ထနေသော တိမ်တိုက်များသည် ကောင်းကင်ထက်တွင် လူးလွန့်လျက် ဘွားခနဲ ပေါ်လာခဲ့လေပြီ။

စကားလုံးများဖြင့် ဖော်ပြမရသောစွမ်းအားတစ်ရပ်က မန်ဟို့ထံမှ ပေါ်ထွက်လာနေသည်။

၎င်းက စွမ်းအားထက်မပိုသော်လည်း မီးစောင့်နတ်အား မျက်နှာပျက်သွားစေသည်။ သူ့ခမျာ မန်ဟို့ကို မျက်လုံးအပြူးသားနှင့်ကြည့်ရင်း အသက်ရှူမြန်လာသည်။ မန်ဟို့ကျင့်ကြံအဆင့် မြင့်တက်လာသည်ကို အာရုံရသော် ၎င်းက သူ့ကို ပြင်းထန်သောအကြောက်တရားတို့ဖြင့် ပြည့်နှက်လာစေသည်။

အပြင်အားကိုယ်နှင့် ကျင့်ကြံအဆင့် တစ်ပြိုင်တည်း တဟုန်ထိုး မြင့်တက်လာမှုက ကြောက်ခမန်းလိလိဖိအားအား လိမ့်ထွက်လာစေ၏။

မန်ဟိုက လက်မြှောက်လိုက်ရာ သွေးခွေးကြီးလည်း မိုးပြာရောင်အလင်းကို ထုတ်လွှတ်စပြုလာသည်။ မိုးပြာရောင်အလင်းသည် မန်ဟို့စိတ်ဆန္ဒကို နာခံ၍ သွေးခွေးကြီးကိုလည်း ကောင်းချီးပေးကာ လောကပါလတာအိုအင်မော်တယ်တစ်ဦး၏ ကာကွယ်မှုကို ရရှိသွားစေ၏။

သွေးခွေးကြီးက ဝမ်းမြောက်ဝမ်းသာ ဟောင်ပြီးနောက် မန်ဟို့သိုလှောင်အိတ်ထဲ ပြေးဝင်လာသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားသည်။ ထို့နောက် မန်ဟိုက သိုလှောင်အိတ်ကို ပုတ်၍ အဝတ်အစားအသစ်ထုတ်ကာ ဝတ်လိုက်သည်။ ထို့နောက် သူသည် သက်လတ်ပိုင်းအရွယ် မီးစောင့်နတ်ကို မော့ကြည့်လိုက်၏။

“မင်း နည်းနည်းသန်မာလာလည်း အကြောင်းမထူးဘူး” မီးစောင့်နတ်က မန်ဟို့ကို စိန်းစိန်းဝါးဝါးကြည့်ရင်း ကြိမ်းဝါးသည်။ “မင်း မီးပင်လယ်တစ်စင်းလုံးကို မစုပ်ယူနိုင်သေးဘူး။ မီးပွားက မင်းကို မသတ်နိုင်ရင်တောင်မှ မင်း အဲဒါကို ယူသွားနိုင်ဦးမှာ မဟုတ်ဘူး”

“မင်း မှန်တယ် ငါ အဲ့ဒါကို ယူမသွားနိုင်ဘူး” မန်ဟိုက ပြောသည်။ “ဒါပေမဲ့ ... မကြာခင် ယူသွားမယ်။ မပူနဲ့ မင်းကို ကြည့်ခွင့်ပေးမှာပါ။ ပြီးမှ မင်းမျက်လုံးတွေကို တစ်သက်လုံး ပိတ်ပေးမယ်” ထို့နောက် မန်ဟိုသည် သူ့မျက်လုံးများကို ပိတ်လိုက်၏။

ချက်ချင်းပင် မိုးပြာရောင်မှော်သင်္ကေတတစ်ခု သူ့နဖူးထက်တွင် ပေါ်လာသည်။ အက်ရှလွန်အမှတ်အသားမဟုတ်၊ လောကပါလအင်မော်တယ်တစ်ဦး၏အမှတ်အသား ဖြစ်သည်။

၎င်းသည် စက်ဝိုင်းသဏ္ဌာန်ရှိပြီး အဝန်းပြတ်ဆယ်ခု ရှိသည်။ အဝန်းပြတ်ကိုးခုက မိုးပြာရောင်အလင်းဖြင့် တောက်ပနေပြီး တစ်ခုကတော့ မှေးမှိန်နေသည်။ သို့သော် ထိုအဝန်းပြတ်တွင်လည်း အလင်းရောင်သည် တစတစ ဝင်ရောက်လာနေလေပြီ။

အသက်ရှူချိန်အနည်းငယ်အတွင်း ထိုမှော်သင်္ကေတ၏နောက်ဆုံးဆယ်ရာခိုင်နှုန်းကား မျက်စိကျိန်းလုမတတ် တောက်ပလာခဲ့၏။

အလင်းရောင်မှာ ယခုတွင် အဆများစွာ တောက်ပနေလေပြီ။ ၎င်းကား ... မိုးပြာရောင်နေတစ်စင်းနှင့် တူချေသည်။

မန်ဟို့ကျင့်ကြံခြင်းအခြေခံက တိုးပွားလာနေသောစွမ်းအားနှင့်အတူ မြင့်တက်နေသည်။ တန်ခိုးလှိုင်းများ အရပ်လေးမျက်နှာသို့ ဖြာထွက်နေသဖြင့် မိုးနှင့်မြေသည် တုန်ခါနေပြီး တစ်လောကလုံး လှုပ်ရမ်းလျက်ရှိသည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာထဲရှိ မရေမတွက်နိုင်သောစေတီများမှာ မန်ဟို့စွမ်းအား၏ တိုးပွားလာသောဖိအားကြီး၏အောက်တွင် တစ်ဆူပြီးတစ်ဆူ စတင်ပြိုကျလာသည်။

တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း၊ နှစ်သိန်း ...

စေတီများ ပြိုကျနေစဉ် မြေကြီးအောက်ထဲမှ အာခေါင်ခြစ်အော်နေသကဲ့သို့ အော်သံများ တစ်လောကလုံးတွင် ဆူညံလာသည်။ မိုးကောင်းကင်နှင့် မြေကြီးသည် ကမ္ဘာပျက်ကိန်းကြုံနေရသကဲ့သို့ ပြင်းပြင်းထန်ထန် တုန်ခါလာ၏။

ဤဖြစ်ရပ်အားလုံးကား ..... မန်ဟို့ကြောင့်။

ဤဖြစ်ရပ်အားလုံးကား ... မန်ဟို လောကပါလတာအိုအင်မော်တယ် ဖြစ်နေသည့်အတွက်ကြောင့် ဖြစ်နေသည်။

မိုးပြာရောင်အလင်းသည် အရပ်လေးမျက်နှာသို့ ဖြာထွက်လာ၏။ ၎င်းဖြာထွက်လာသည့်အခါ နတ်မီးတောက်မှာ ၎င်းကို ရှောင်ရန် နောက်သို့ဆုတ်ဆုတ်သွားသည်။ မျက်စိတစ်မှိတ်အတွင်း မီတာ ၃၀၀၀ ဧရိယာအတွင်း၌ မန်ဟိုတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေပြီ။

မီးစောင့်နတ်ပင်လျှင် တအံ့တဩဖြင့် နောက်ဆုတ်လိုက်ရသည်။

မန်ဟို၏ခန္ဓာကိုယ်သည် မိုးပြာရောင်နေတစ်စင်းဖြစ်နေသည့်အလား အဆုံးမဲ့မိုးပြာရောင်အလင်းကို ဖြန့်ကျက်နေသည်။ သူ၏စွမ်းအားက တဟုန်ထိုး မြင့်တက်နေပြီး သူ၏ကျင့်ကြံခြင်းအခြေခံက တဝုန်းဝုန်း လှုပ်ရှားလျက်ရှိကာ သူကား သူ့တစ်ဘ၀လုံးတွင် အစွမ်းထက်ခဲ့ဖူးသည်ထက်ပို၍ အစွမ်းထက်နေချေပြီ။

ယခုအချိန်တွင် တစ်၀က်တစ်ပျက်တာအိုမိုးတိမ်ဂုရုကြီးနှင့် တွေ့လျှင် ထိုလူ့ကို မြက်ခြောက်လေး နင်းသလို သတ်ပစ်နိုင်မည်ဖြစ်ကြောင်း သူ ယုံကြည်ချက်ရှိသွားသည်။

အနှစ်သာရနှစ်ခု သို့မဟုတ် နှစ်ခုအောက်နည်းသော တာအိုနယ်ပယ်ပညာရှင်များကိုပင်လျှင် သူ ... သတ်ပစ်နိုင်သည်။

မန်ဟို၏မျက်လုံးများက ဖျတ်ခနဲ ပွင့်လာသည်။ မိုးပြာရောင်အလင်းက ၎င်းတို့ထံမှ စီးဖြာထွက်ကာ လေဟာနယ်ကို ပိုင်းဖြတ်၍ သက်လတ်ပိုင်းအရွယ်မီးစောင့်နတ်၏ မျက်လုံးများကို ရိုက်ခတ်လိုက်သည်။ မီးစောင့်နတ်၏စိတ်ထဲတွင် မိုးထစ်ချုန်းသံများ ပြည့်နှက်သွား၏။

မီးစောင့်နတ်မှာ ကြောက်လန့်တကြား အော်လိုက်ရပြီး တအုန်းအုန်းမြည်သံများနှင့်အတူ သွေးအန်လျက် နောက်သို့ဆုတ်လိုက်ရသည်။ မန်ဟို၏ အကြည့်တစ်ချက်က သူ့ကို ခြေခုနစ်လှမ်းဆုတ်လိုက်ရစေပြီးနောက် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားစေတော့သည်။

သူ၏အနုသုခုမနတ်ခန္ဓာ ပျံထွက်လာစဉ် မန်ဟို၏အတွေးတစ်ချက်က ပတ်၀န်းကျင်ရှိ မိုးပြာရောင်အလင်း စေစားနိုင်ကြောင်း ထင်ရှားလေသည်။

"ငါ ပြောခဲ့သလိုပဲ။ ငါ မီးပွားကို ဘယ်လိုယူသလဲ မင်း ကြည့်ခွင့်ရစေရမယ်" မန်ဟိုက မိုးနှင့်မြေတွင် အင်အားအကြီးဆုံးတန်ခိုးရှင်ကြီးသဖွယ် ပျံဝဲရင်း အေးတိအေးစက် ပြောလိုက်သည်။

မီးစောင့်နတ်၏ အနုသုခုမနတ်ခန္ဓာမှာ မန်ဟို့ကို အလွန်တရာ ကြောက်လန့်နေ၏။ ဤနယ်မြေကို အလွန်ကြာမြင့်စွာ စောင့်ရှောက်ခဲ့သော သူ၊ ရှေးဟောင်းနယ်ပယ်၏ မဟာစက်၀န်းအဆင့်ကျင့်ကြံခြင်းအခြေခံ ရှိသော သူက မန်ဟို၏အကြည့်လေးတစ်ချက်ကြောင့် ခန္ဓာကိုယ်ပျက်စီးသွားရလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။ အမှန်တွင် သူ၏အနုသုခုမနတ်ခန္ဓာပင်လျှင် အချိန်မရွေး အသတ်ခံရနိုင်သည်။

"လောကပါလတာအိုအင်မော်တယ် ... ဒါက လောကပါလတာအိုအင်မော်တယ်ဆိုတာပဲ

"ပါရာဂွန်အင်မော်တယ်လောကမှာတုန်းက သူတို့က ပါရာဂွန်မဟုတ်တာတောင် ပါရာဂွန်တွေ သူတို့ကို လေးစားကြရတယ်။ သူတို့ကို ကြောက်စရာ‌အကောင်းဆုံး သတ်ဖြတ်သူတွေ .... လောကပါလတာအိုအင်မော်တယ်‌တွေလို့ ခေါ်ကြတာမဆန်းဘူး"

မီးစောင့်နတ်၏အနုသုခုမနတ်ခန္ဓာမှာ မန်ဟို့ကို ကြည့်ရင်း တဆတ်ဆတ် တုန်နေသည်။ သူ့စိတ်မှာ ချာချာလည်နေပြီး သူ့မှာ ဒဏ္ဍာရီလာလောကပါလအင်မော်တယ်တစ်ဦးကို ကြည့်နေရကြောင်း မယုံနိုင်ဖြစ်နေသည်။ ထိုမျှသာမက ... ဤလူကား နိုးထနေဆဲ လောကပါလတာအိုအင်မော်တယ်မဟုတ်ဘဲ တန်ခိုးပြည့်၀နေသော ……

လောကပါလတာအိုအင်မော်တယ် ဖြစ်နေသည်။

All Chapters