ထိပ်ဆုံးသို့
Vol. 85 Ch. 1178
သက်လတ်ပိုင်းမီးစောင့်နတ်မှာ အထင်မှားခဲ့လေသည်။ သူသည် လောကပါလတာအိုအင်မော်တယ်ကို တစ်ခါမှ မမြင်ခဲ့ဖူးသည့်အတွက် .... မန်ဟိုက ပထမဆုံး လောကပါလအင်မော်တယ်ဖြစ်၍ ထို့နောက်ပိုင်း နှစ်ယောက်မြောက်၊ သုံးယောက်မြောက် သို့မဟုတ် ထို့ထက်ပိုများသော လောကပါလအင်မော်တယ်များ ပေါ်လာလျှင်တောင်မှ .... မန်ဟိုသည် တန်ခိုးအကြီးဆုံးအမျိုးအစား-လောကပါလတာအိုအင်မော်တယ် ဖြစ်နေဦးမည်ကို မီးစောင့်နတ် မသိပေ။
ထိုမျှသာမက သူက သမိုင်းတွင် တန်ခိုးအကြီးဆုံး လောကပါလတာအိုအင်မော်တယ်များထဲမှ တစ်ယောက်လည်း ဖြစ်သည်။
အဘယ်ကြောင့်သော် .... သူ၏အပြင်အားကိုယ်ကြောင့်ပင်။
သူ့အပြင်အားကိုယ်ခွန်အားက သူ၏လောကပါလတာအိုအင်မော်တယ်အဆင့် အတိုက်အခိုက်စွမ်းရည်ကို ပို၍ပင်အားကောင်းစေသည်။
“နတ်မီးတောက်ကို အလောတကြီး စုပ်ယူစရာမလိုဘူး ... “ သူက တိုးညင်းစွာ ပြောသည်။ “ငါ ပိုပြီးသန်မာလာနိုင်သေးတယ်” သူ့ကိုယ်ထဲရှိ အဆုံးမဲ့အင်မော်တယ်တန်ခိုးအရ သူသာ စိတ်ရှိလျှင် မီတာသုံးထောင်ကောင်းကောင်းကျော်သည့် ခန္ဓာကိုယ်အရွယ်အစားသို့ ကြီးထွားစေနိုင်ကြောင်း သူ ခံစားရသည်။
“ငါ့အပြင်အားကိုယ်မှာ ... မီးမထွန်းရသေးတဲ့ ဝိညာဉ်မီးအိမ်တစ်လုံး ကျန်သေးတယ်။ အကုန်လုံးထွန်းပြီးရင် ... ငါ ဘယ်လောက်အစွမ်းထက်လာမလဲ မသိဘူး” မန်ဟို့မျက်လုံးများ ထူးဆန်းစွာလင်းလက်သွားစဉ် ဝိညာဉ်မီးအိမ်ကိုးလုံးသည် သူ့ပတ်ပတ်လည်တွင် ပေါ်ပေါက်လာ၏။ ရှစ်လုံးက ထာဝစဉ်တစ်လျှောက် မီးလင်းနေပြီး ကိုးလုံးမြောက်ကတော့ မီးသေနေသေးသည်။
သူက ကိုးလုံးမြောက်ဝိညာဉ်ကို တခဏ စိုက်ကြည့်ရင်း တွေးတောနေပြီးနောက် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် မီတာသုံးထောင်မိုးပြာရောင်အလင်းရပ်ဝန်း ပျောက်ကွယ်သွားသည်။ ထိုအခါ မီးတောက်မီးလျှံများအပေါ် ဖိနှိပ်ထားသော ဖိအားလည်း ပျောက်ကွယ်သွားရာ မီးပင်လယ်သည် ဒေါသတကြီး သောင်းကျန်းတော့၏။
ချက်ချင်းပင် ပတ်ဝန်းကျင်တစ်ခုလုံး မီးလျှံများဖြင့် ဝါးမြိုခံလိုက်ရသည်။ အနုသုခုမနတ်ခန္ဓာအသွင်ဖြင့် မီးစောင့်နတ်မှာ မန်ဟို့အရိပ်အယောင်ကို မမြင်ရတော့ပေ။
မန်ဟိုက မီးစီးကြောင်းများကို သူ့ကိုယ်ထဲ ဝင်ရောက်ခွင့်ပြုရင်း မျက်လုံးများပိတ်လျက် မီးပင်လယ်ထဲ၌ ရှိနေဆဲပင်။ သူသည် အပြင်မီးများကို ဝင်ရောက်ခွင့်ပြုထားသော်လည်း သူ့ကိုယ်ထဲရှိ မီးပွားကိုတော့ မီးတောက်များအား စုပ်ယူခွင့်မပေးဘဲ ၎င်းတို့အား စုဝေးလာစေသည်။
နတ်မီးသည် သူ့ကိုယ်ထဲ အသည်းအသန် စီးဝင်ရင်း သူ၏ချီစီဆင်းမှုလမ်းကြောင်းများတစ်လျှောက် ဖြတ်သန်းကာ သူ၏ကိုယ်တွင်းအင်္ဂါများကို မီးမြိုက်၍ သူ့အသွေးအသားများထဲတွင်လည်း နေရာယူလာသည်။ ၎င်းသည် သူ့အရိုးများထဲသို့ပင် စိမ့်ဝင်သွား၏။
မန်ဟိုမှာ မဆိုစလောက် တုန်ရီလာသော်လည်း သူ့အမူအရာကား ပြောင်းလဲခြင်းမရှိပေ။ မီးပွားကို ဆက်လက်ချိတ်ပိတ်ထားရင်း သူသည် မီးလူသားနှင့် တူလာသည့်တိုင်အောင် သူ့ကိုယ်ထဲ၌ နတ်မီးတောက်များအား တစတစ စုဝေးလာစေသည်။ သူ့အသား၊ အရိုး၊ ချီစီးဆင်းမှုလမ်းကြောင်းများနှင့် တခြားအစိတ်အပိုင်းအားလုံးတွင် နတ်မီးများ စိမ့်ဝင်နေခဲ့လေပြီ။
ထို့အပြင် ထိုပမာဏသည် ဆက်လက်၍သာ တိုးပွားလာနေ၏။ သင်သာ မန်ဟို့ကို ပုလင်းတစ်ပုလင်းဟု မှတ်ယူလိုက်လျှင် လက်ရှိအချိန်တွင် ထိုပုလင်းတွင် နတ်မီးတောက် လေးဆယ်ရာခိုင်နှုန်းကျော် ပြည့်နေလေပြီ။
ထို့အပြင် သူကား မပြီးသေး။
သူသည် တွင်းနက်ကြီးသဖွယ် နတ်မီးတောက်ကို စုပ်ယူနေ၏။ မီးတစ်စမှ မီးပွားထံ သွားရောက်ခွင့်မရှိဘဲ သူ့ကိုယ်ထဲ၌သာ စုဝေးလာနေသည်။ လောင်မြိုက်နေသောခံစားချက်က မီးတောက်များ စုဝေးလာလေလေ၊ ပြင်းထန်လာလေလေ ဖြစ်သည်။ မန်ဟိုက ဤနည်းလမ်းကို အသုံးပြုရင်း .... သူ၏အပြင်အားကိုယ်ကို ညှင်းဆဲလေ့ကျင့်ပေးနေ၏။
ရှဲ ရှဲ ရှဲ
ငါးဆယ်ရာခိုင်နှုန်း၊ ခြောက်ဆယ်ရာခိုင်နှုန်း၊ ခုနစ်ဆယ်ရာခိုင်နှုန်း
ဤခန္ဓာကိုယ်ညှင်းဆဲလေ့ကျင့်မှုဖြစ်စဉ်က သူ့ကို တဆတ်ဆတ် တုန်နေစေသည်။ ခက်ခဲမှုအား ဖော်ပြ၍ပင် မရပေ။ အလွန်တရာသန်မာသော အပြင်အားကိုယ်နှင့် လောကပါလတာအိုအင်မော်တယ်တန်ခိုးကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့်သာမဟုတ်လျှင် သူ့အနေဖြင့် ငရဲမီးတမျှ ပြင်းလှသော အပူဒဏ်ကို တောင့်ခံနိုင်မည်မဟုတ်ပေ။
သို့သော် သူ့အပြင်အားကိုယ်ကို သန်မာစေဖို့၊ ဤကြုံတောင့်ကြုံခဲကံကြမ္မာကောင်းကို အမိအရဖမ်းဆုပ်နိုင်ဖို့ သူသည် ဆက်လက်စုပ်ယူနေ၏။ သူ့ကိုယ်တစ်လျှောက် စီးဆင်းနေသော အဆုံးမဲ့နတ်မီးတောက်များမှာ ခုနစ်ဆယ်ရာခိုင်နှုန်းမှ ရှစ်ဆယ်ရာခိုင်နှုန်းသို့ တွန်းပို့ခံရလိုက်သဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်လာသည်။
ဖြစ်စဉ်သည် ကိုးဆယ်ရာခိုင်နှုန်းရောက်သည်အထိ လျင်မြန်စွာ ဆက်သွားခဲ့၏။
ကိုးဆယ်ရာခိုင်နှုန်းသို့ ရောက်သော် မန်ဟိုမှာ ပြင်းပြင်းထန်ထန် တုန်ရီ၍ သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်ရသည်။ သူသည် အသွေးအသားဖြင့်တည်ဆောက်ထားသော သတ္တဝါဖြစ်နေသည့်တိုင် နတ်မီးတောက်၏ကိုးဆယ်ရာခိုင်နှုန်းကို စုပ်ယူခဲ့လေရာ ... မိုးကောင်းကင်တုန်ခါဟည်း၍ ပထဝီမြေအက်ကွဲကြေသွားစေသည့် ပြောင်းလဲမှုများကို ဖြစ်ပွားစေတော့သည်။ သူကား ယခုတွင် အသွေးအသားကိုယ်ပိုင်ဆိုင်ထားသည်မှလွဲ၍ မီးဝိညာဉ်ပမာ ဖြစ်နေချေပြီ။
“ငါ ဆက်သွားလို့ရသေးတယ် လာခဲ့စမ်း” မန်ဟိုသည် သူ၏ဝိညာဉ်မီးအိမ်ကိုးလုံးကို ကြည့်ကာ မျက်လုံးများ တောက်ပလာ၏။ မီးတောက်သေးသေးလေးတစ်စက နောက်ဆုံးမီးအိမ်တွင် ပေါ်လာခဲ့ပြီး ကြီးလာနေသည်။ မကြာမီ မီးအိမ်တစ်ခုလုံး အပြည့်အဝလင်းသွားလိမ့်မည်။ သူက ခိုင်မာပြတ်သားမှုတို့ မျက်ဝန်းများတွင် ပြည့်နှက်နေလျက် အံတင်းတင်းကြိတ်၍ မီးများကို ထပ်မံစုပ်ယူလိုက်သည်။
တဝုန်းဝုန်းမြည်သံများက အရာအားလုံးကို ပြင်းပြင်းထန်ထန် တုန်ခါနေစေရင်း ပဲ့တင်ရိုက်ခတ်နေသည်။ စေတီများ ပြိုကျ၍ မိုးကောင်းကင်မှာလည်း စုတ်ပြတ်လာရာ အပေါ်ရှိမြေများ ပေါ်လာသည်။
ဤနေရာမှာ မြေအောက်ရှိ ကမ္ဘာ မဟုတ်ပါလော။
သူ့ကိုယ်ထဲရှိ နတ်မီးတောက်ပမာဏ .... တစ်ရာရာခိုင်နှုန်းပြည့်သွားသည့်နောက်ဆုံး မန်ဟိုက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။
ယခုတွင် သူ၏အစိတ်အပိုင်းတစ်ခုစီသည် နတ်မီးတောက်ဖြစ်နေချေပြီ။ တစ်ချိန်တည်းမှာပင် သူ၏ကိုးလုံးမြောက်ဝိညာဉ်မီးအိမ်က မီးလင်းလာ၏။
ထိုသို့ဖြစ်ပျက်သောအခါ တဂျိန်းဂျိန်းမြည်သံများ သူ့ကိုယ်ထဲတွင် ဆူညံလာသည်။ သူ့နှလုံးခုန်အားက ပိုမိုအားကောင်းလာပြီး သူ့ချီနှင့်သွေးတို့ကား အပြင်လောကကိုပင် မှိန်ကျသွားစေသည်။ မိုးကောင်းကင်ကို ဖီဆန်သောအဆင့်အထိ ရောက်ရှိသွားခဲ့သော ကြောက်ခမန်းလိလိစွမ်းအားကြီးက သူ့ကိုယ်တွင်းမှ ပေါက်ဖွားလာသည်။
တောင်ပင်လယ်လောက၏ မူလအစမှ ယနေ့မျက်မှောက်ခေတ်အထိ .... ယခုလို သန်မာသော အပြင်အားကိုယ်ပိုင်ရှင်ကို ရှာတွေ့ဖို့ထက် ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသည်ကမှ တွေ့နိုင်ခြေရှိဦးမည်။ ပါရာဂွန်အင်မော်တယ်လောက၌ပင် ထိုကဲ့သို့ ခန္ဓာကိုယ်များအား ပါရာဂွန်များသာ ပိုင်ဆိုင်ထားနိုင်သည်။
ပါရာဂွန်များသာ သူတို့၏အပြင်အားကိုယ်ကို တာအိုနယ်ပယ်သို့ အဆင့်မြှင့်တင်နိုင်၏။
အဘယ်ကြောင့်ဆိုသော် အပြင်အားကိုယ် တာအိုအဆင့်တက်လျှင် .... မိုးနှင့်မြေ ဆွေးမြည့်သွားလျှင်တောင်မှ ထိုအပြင်အားကိုယ်ကား ပုပ်သိုးသွားမည်မဟုတ်၍ပင်။ ၎င်းကို ဖျက်စီးနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ တိုက်ပွဲများတွင်သာ ဖြစ်လိမ့်မည်။ အချိန်၏တိုက်စားမှုသော်လည်းကောင်း၊ မိုးနှင့်မြေ၏စွမ်းအားသော်လည်းကောင်း ၎င်းကို မဖျက်စီးနိုင်ပေ။
ယင်းက တာအိုနယ်ပယ်အပြင်အားကိုယ်ပင်။
မှန်သည်၊ မန်ဟိုက ထိုနယ်ပယ်မှ တစ်ဆင့်သာ ကွာဝေးတော့သည်။
သူ့မျက်လုံးများသည် ဖျတ်ခနဲ ပွင့်လာခဲ့ပြီး သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ရာ အပေါ်ရှိမြေထုကို ပြိုကျလာစေသည်။ ဖုန်သလဲကျောက်ခဲများ ဝေါခနဲ ကျလာပြီး အမိုးမှာ ပြိုကျမသွားသော်လည်း မီးပင်လယ်အပြင်ရှိ သက်လတ်ပိုင်းအရွယ် မီးစောင့်နတ်မှာတော့ ပို၍ပင်အံ့အားသင့်သွားရပြန်သည်။
မန်ဟို့ဟိန်းဟောက်သံကို တုံ့ပြန်သည့်အနေဖြင့် သူ့ပတ်ပတ်လည်ရှိ မီးပင်လယ်ကြီးသည် ဖရိုဖရဲဖြစ်သွားကာ စေတီများ တစစီ ပြိုကျလာသည်။
ဒုတိယအထပ် ဒုတိယအဆင့်နတ်မီးလျှံစမ်းသပ်ပွဲရှိ ရှေးဟောင်းသားရဲကြီးမှာ တစ်ထပ်လုံး သိမ့်သိမ့်တုန်သွားသဖြင့် ထိတ်လန့်သွား၏။ ပထမအထပ် ပထမအဆင့်နတ်မီးလျှံစမ်းသပ်ပွဲတွင်လည်း ထိုနည်းတူဖြစ်ပြီး ထို့လွန်က တာအိုရေကန်များပင်လျှင် တုန်ခါနေသည်။ မရေမတွက်နိုင်သော တာအိုရေကန်များက မှော်ပစ္စည်းများနှင့် တာအိုအရိပ်များကို ပန်းထုတ်ပေးလိုက်ရာ စုရုံးနေကြသည့် ကျင့်ကြံသူတို့မှာ အံ့ဩခြင်း၊ ဝမ်းမြောက်ခြင်းတို့ ဖြစ်ကုန်ကြသည်။
တတိယအထပ် တတိယအဆင့်နတ်မီးတောက်ကမ္ဘာထဲတွင်တော့ မန်ဟို့ဟိန်းဟောက်သံများ ပဲ့တင်ထပ်နေစဉ် သူ၏လောကပါလတာအိုအင်မော်တယ်အဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ပေါ်ထွက်လာ၏။ သို့သော် မည်သည့်မိုးပြာရောင်အလင်းမှ ဖြာထွက်မလာသည့်အပြင် သူသည် နတ်မီးတောက်အား မီးပွားဆီ မစီးဆင်းနိုင်အောင်လည်း ဟန့်တားမနေတော့ပေ။
နောက်ဆုံးတွင်တော့ မီးပွားမှာ မစီးဆင်းလာအောင် ပိတ်ဆို့ခံထားရသည့် မီးတောက်များကို စုပ်ယူနိုင်သွားလေပြီ။ မန်ဟို့အပြင်ရှိ မီးလှိုင်းများသည် သူ့ထံသို့ အရှိန်အဟုန်ပြင်းပြင်း ရိုက်ခတ်လိုက်ကြသည်။
မန်ဟိုက တစ်လောကလုံးရှိ မီးအားလုံးကို စားလိုစိတ်ပြင်းပြနေသော မီးပွားဆီသို့ နတ်မီးတောက်များအား တရဟောစီးဆင်းစေရင်း လက်နှစ်ဖက်လုံးကို ဖြန့်ကားလိုက်သည်။
“မီးပွား ... မင်းက ငါ့အပိုင်ပဲ” သူက အင်္ကျီလက်စကို ခါ၍ လေပေါ် ပျံတက်ရင်း ပြောလိုက်သည်။ မီးတောက်မီးလျှံများသည်လည်း သူနှင့်အတူ မြင့်တက်လာရာ အဝေးမှကြည့်လျှင် တောင်ကြီးတစ်လုံးနှင့် တူနေတော့၏။ ၎င်းကို မြင်လိုက်ရသည့် မည်သူမဆို ရင်သပ်ရှုမောရလိမ့်မည်။
သင် ပို၍ပင် နီးနီးကပ်ကပ် ကြည့်လျှင်တော့ မန်ဟိုသည် မီးလျှံတောင်ပံတစ်စုံကို ဖြန့်လျက် အရာခပ်သိမ်းကို မီးလောင်တိုက်သွင်းရင်း မိုးကောင်းကင်တွင် ပျံဝဲနေသော မီးငှက်တစ်ကောင်နှင့် တူနေလိမ့်မည်။
ကမ္ဘာထဲရှိ နတ်မီးတောက်အားလုံးသည် စုဆုံ၍ ကျုံ့လာပြီး မန်ဟို့ကိုယ်ထဲ စီးဆင်းလျက်ရှိ၏။ သူ့ကိုယ်ထဲရှိ မီးပွားမှာ လင်းလက်တောက်ပလာပြီး မကြာမီ အနှစ်သာရအရှိန်အဝါတစ်ခုက သူ့ထံမှ ဖြာထွက်စပြုလာလေသည်။
ထိုအနှစ်သာရသည် အဆီအနှစ်မျှင်လေးသာ မဟုတ်တော့။ ခမ်းနားကြီးကျယ်၍ အဆုံးမဲ့သော အနှစ်သာရစစ်စစ် ဖြစ်နေချေပြီ။ ယခုမှစ၍ ဤအနှစ်သာရသည် မန်ဟို၏ပထမဆုံးအနှစ်သာရဖြစ်လာလိမ့်မည်။
မန်ဟိုကား အင်မော်တယ်နယ်ပယ်အဆင့်နှင့်တင် အနှစ်သာရကို ထိန်းချုပ်နိုင်သော နှစ်ယောက်မရှိသည့်ကျင့်ကြံသူဖြစ်သည်။ (ပုံမှန်အားဖြင့် တာအိုနယ်ပယ်ရောက်မှ အနှစ်သာရကို ထိန်းချုပ်နိုင်မည်)
သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်စဉ် သူ့ပတ်ပတ်လည်ရှိ မီးပင်လယ်သည် ဖြည်းဖြည်းချင်း ကျုံ့လာ၏။ ၎င်းသည် မူလအရွယ်အစား၏ ခုနစ်ဆယ်ရာခိုင်နှုန်း၊ ငါးဆယ်ရာခိုင်နှုန်းနှင့် လေးဆယ်ရာခိုင်နှုန်းသို့ ကျုံ့လာခဲ့လေပြီ။
၎င်းက အလွန်တရာအံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။ မီးစောင့်နတ်မှာတော့ မန်ဟို မီးတောက်များအား စုပ်ယူနေသည်ကို ကြည့်ပြီး ယုံကြည်မှုတို့ ယိမ်းယိုင်လာတော့သည်။
“အရှင်တောက်ဖန်ရဲ့ ကျိန်စာ ... “ သူက ရေရွတ်နေသည်။ “ဘယ်သူမှ မီးပွားကို မယူနိုင်ဘူးလေ... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ... “ ယခုတွင် မီးပင်လယ်သည် မူလအရွယ်အစား၏သုံးဆယ်ရာနိုင်နှုန်းအထိ ကျုံ့လာခဲ့ပြီဖြစ်၏။
မန်ဟို စုပ်ယူလေလေ၊ သူ၏ကိုယ်တွင်းရှိ မီးပွားက တောက်ပလာလေလေပင်။ ယခုတွင် မီးပင်လယ်မှာ သူ့ကို အန္တရာယ်ပြုနိုင်ခြင်းမရှိတော့သည့်အပြင် သူသာ ၎င်းကို အပြည့်အဝစုပ်ယူပြီးလျှင် မီးကား မန်ဟို့ကို ဘယ်တော့မှ ထိခိုက်အောင် လုပ်နိုင်တော့မည်မဟုတ်ပေ။
ထစ်ချုန်းသံများ တစ်လောကလုံးတွင် ပြည့်နှက်သွားသည်။ မီးပင်လယ်သည် ထပ်မံကျုံ့သွားပြန်၏။
နှစ်ဆယ်ရာခိုင်နှုန်း
မီးတောက်မီးလျှံများ၏ နှစ်ဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။ ကမ္ဘာထဲရှိ ထာဝရနတ်မီးတောက်မှာ မန်ဟို၏ အလျှင်းစုပ်ယူခြင်း ခံနေရသည်။ နတ်မီးတောက်သည် မီးပွားများစွာအနက်မှတစ်ပွားသာ ဖြစ်သော်လည်း တာအိုနယ်ပယ်အဆင့်ပညာရှင်ပင် ၎င်းကို အငမ်းမရ လောဘတက်မိလိမ့်မည်။
ဆယ်ရာခိုင်နှုန်း
မန်ဟို့ထံမှ အလင်းရောင်များ ဖြာထွက်နေပြီး မီးပင်လယ်သည် ဆက်လက်ကျုံ့လာ၏။ သူ့ကိုယ်ပေါ်ရှိ အနှစ်သာရအရှိန်အဝါမှာ ပိုမိုအားကောင်းလာကာ သူ့ပတ်ပတ်လည်ရှိ အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါလာသည်။
အသက်ရှူချိန်အနည်းငယ်အတွင်း မီးပင်လယ်သည် နတ်မီးတောက်အမျှင်လေးတစ်မျှသာ ကျန်တော့သည်အထိ ကျုံ့သွားခဲ့၏။ ထိုအမျှင်ကလည်း မန်ဟို့ကိုယ်ထဲ ဝင်ရောက်သွားသည်။ ထိုအခိုက်အတန့်တွင် ဤနတ်မီးတောက်ကမ္ဘာတွင် မည်သည့်မီးတောက်မီးလျှံမှ မရှိတော့ပေ။
ယနေ့တွင် နှစ်ပေါင်းများစွာ တည်ရှိခဲ့ပြီး ထာဝစဉ်တောက်လောင်နေခဲ့သော မီးပင်လယ်ကား ... ပျောက်ကွယ်သွားခဲ့လေပြီ။ မည်သည့်နတ်မီးတောက်မှ မကျန်ခဲ့၍ အောက်ရှိမြေများ ပေါ်လွင်လာခဲ့ကာ ... တစ်ချိန်တည်းမှာပင် စေတီအားလုံး ဝုန်းခနဲ ပြိုကျသွားတော့သည်။
တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း .... မျက်စိတစ်မှိတ်အတွင်း တစ်နေရာလုံးတွင် မည်သည့်စေတီကို မရှိတော့သည့်အထိ ... တဝုန်းဝုန်းမြည်သံကြီးများ လိမ့်ထွက်ပဲ့တင်ရိုက်နေသည်ကို ကြားနေရသည်။
မန်ဟိုမှာ လုံးလုံးလျားလျား စိတ်နှလုံးတုန်လှုပ်နေလျက် မျက်လုံးများ ပိတ်လိုက်သည်။ သူ့ကိုယ်ထဲရှိ မီးပွားက တစ်ကမ္ဘာလုံးရှိ နတ်မီးတောက်အလုံးစုံကို စုပ်ယူခဲ့ပြီးလေပြီ။ ဤအခိုက်အတန့်တွင် ဟော်ရန်စစ်၏စိတ်ဆန္ဒသည် မန်ဟို့ကို အသိအမှတ်ပြုလိုက်ပြီး ခုခံမနေတော့ဘဲ သူ့ကိုယ်ထဲ ဝင်ရောက်ပေါင်းစည်းသွား၏။
“မဖြစ်နိုင်ဘူး” မီးစောင့်နတ်က စူးစူးဝါးဝါး အော်လိုက်သည်။ သူ စကားပြောလိုက်သောအခိုက်အတန့်တွင် သူ့ကို ဝန်းရံလျက်ရှိသော မိုးပြာရောင်လျှပ်စီးများသည် သူ့အနုသုခုမနတ်ခန္ဓာထဲ စိုက်ဝင်သွားသည့် မိုးပြာရောင်နဂါးများအသွင် ပြောင်းသွား၏။ သူ့အနုသုခုမနတ်ခန္ဓာကား ပျောက်ကွယ်သွားတော့သည်။ မန်ဟိုသည် စကားတည်ခဲ့ပြီး မီးစောင့်နတ်အား မီးပွားအမွေကို သူ လက်ခံနေသောမြင်ကွင်းအား ကြည့်ခွင့်ပြုခဲ့၏။
မန်ဟိုက လေတွင် ပျံဝဲရင်း ဘေးဘီဝဲယာကို ကြည့်လိုက်ရာ နောက်ဆုံးတွင် သူ့အကြည့်သည် အောက်ရှိမြေပြင်များအပေါ် ကျရောက်သွား၏။ အဝေးတွင် တခြားနတ်မီးတောက်မြေများနှင့် တခြားမီးပွားများ ရှိနေသည်။
သို့သော် အဝေးသို့ လှမ်းကြည့်လိုက်သောအခိုက်အတန့်တွင် မန်ဟို့စိတ်ထဲ၌ အန္တရာယ်ကို ခံစားလိုက်ရသည်။ သူက ချာခနဲလှည့်၍ ဓားသွားသဖွက် စူးရှနေသောမျက်ဝန်းများဖြင့် အောက်ရှိ မဟူရာမြို့နက်ကို ငုံ့ကြည့်လိုက်၏။