#ရောက်ရှိလာခြင်း#
Vol. 25 Ch. 357
နောက်ထပ်ရက်အနည်းငယ်အတွင်း ဤဖြစ်ရပ်က ဆက်လက်လှုပ်လှုပ်ရွရွဖြစ်နေခဲ့သည်။
ပထမတန်းစားအင်အားစုသုံးစုဖြစ်သည့် ရေခဲဝိဉာဉ်ဂိုဏ်း၊ လှံနတ်ဘုရားဂိုဏ်းနှင့် ရွှမ်မင်ချောက်ကမ်းပါးတို့က ကြယ်ကြွေဓားဂိုဏ်းသို့ စစ်စာစောင်ပို့ခဲ့ကြသည်။
တချိန်တည်းမှာပင် တခြားအင်အားစုများစွာကလည်း တိတ်တဆိတ်ပါ၀င်လာကြသည်။
ယခုတကြိမ်က ကြယ်ကြွေဓားဂိုဏ်းအတွက် အကြီးမားဆုံးအကျပ်အတည်းတခုဟုဆို၍ရသည်။
"ကြယ်ကြွေဓားဂိုဏ်းက ဒါကို ယဲ့ချိုးပိုင်၊ ရှီရှန်းနဲ့ ရှောင်ဟိုင်တို့ကို ကာကွယ်ဖို့အတွက် လုပ်ခဲ့တာလို့ ငါကြားခဲ့တယ်"
"ယဲ့ချိုးပိုင်၊ ရှီရှန်း၊ ရှောင်ဟိုင်လား၊ သူတို့ကဘယ်သူတွေလဲ"
"မင်းဘာသတင်းမှ မကြားဘူးလား၊ ဒီလူသုံးယောက်က ခွန်းလွန်ကောင်းကင်ဘုံရေကန်တိုက်ပွဲမှာ ကျော်ကြားလာခဲ့ကြတာလေ"
ချက်ချင်းဆိုသလို ထိုလူက ယဲ့ချိုးပိုင်တို့ သုံးယောက် ခွန်းလွန်ကောင်းကင်ဘုံရေကန်၌ လုပ်ခဲ့သည်ကို ပြောပြီးနောက်တွင် သံသယဖြစ်နေသည့်သူက အံ့ဩသင့်သွားရသည်။
နယ်စပ်ကိုကျော်ဖြတ်ကာ သိုင်းဧကရာဇ်တ၀က်ကျင့်ကြံသူများစွာကို ခေါင်းဖြတ်ခဲ့သည်။
သူတို့ထဲတွင် နယ်ပယ်ကို ဖိနှိပ်ထားကြသည့် သိုင်းဧကရာဇ်တ၀က်နယ်ပယ် စွမ်းအားရှင်များပင် ပါကြသေးသည်။
ဤသည်အပြင် ခွန်းလွန်ကောင်းကင်ဘုံရေကန်၌ ပါ၀င်နိုင်သူများက ဂိုဏ်းများထဲတွင် မောက်မာကြသည့်သူများပင်။
မည်သည့်အတွက်ကြောင့် ဤသည်က အရမ်းလွယ်ကူသွားရလေသနည်း။
သို့စေကာမူ ယဲ့ချိုးပိုင်တို့က သူတို့ကို နတ်ဘုရားတ၀က်နယ်ပယ်ခွန်အားဖြင့် သတ်ပစ်ခဲ့သည်။
ထို့ထဲမှ ရှီရှန်းက ခွန်းလွန်ကောင်းကင်ဘုံရေကန်၏ အနက်ရှိုင်းဆုံးနေရာက ပစ္စည်းကိုပင် ရသွားသေးသည်။
ကြယ်ကြွေဓားဧကရာဇ်က ထူးခြားသည့် အောင်မြင်မှုများ ရယူနိုင်ခဲ့ခြင်းက သူအနက်ရှိုင်းဆုံးနေရာသို့ရောက်ရှိကာ ရက်အနည်းငယ်မျှ လေ့ကျင့်ခဲ့သောကြောင့်ပင်။
ယခုတွင် ရှီရှန်းက ယူဆောင်သွားခဲ့သည်။ အကယ်၍သူသာကြီးထွားလာမည်ဆိုပါက ကြယ်ကြွေဓားဧကရာဇ်ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းနေပေလိမ့်မည်။
"ငါဆိုရင်တောင် သူတို့ကိုရန်စမိခဲ့တယ်ဆိုရင် အနာဂတ်ပြဿာနာတွေကို ရှောင်ရှားဖို့အတွက် တတ်နိုင်သမျှ မြန်မြန်ရှင်းပစ်မှာ"
"ဒါပေမယ့်... သူတို့အကြားကရန်လိုမှုက တပည့်တွေကြားမှာပဲရှိတာပါ၊ ပုံမှန်အားဖြင့် ဒီလိုဆူပူအုံကြွမှုကြီးကို ဖြစ်စေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ စစ်ပွဲဆိုတာကို ပြောနေစရာတောင်မလိုဘူး"
"တုံးအလိုက်တာ၊ သူတို့က အဲဒီပစ္စည်းအတွက် သွားနေတာကို ဘယ်သူမဆို သိနိုင်တာပဲလေ"
"သူတို့ဆင်ခြေက နည်းနည်းအကျဉ်းတန်နေရုံပါပဲ..."
"ဟား၊ နယ်နိမိတ်မဲ့မင်းဆက်တောင် ဒီအဆင့်ပစ္စည်းနဲ့ဆိုရင် သွေးဆောင်ခံရလိမ့်မယ်၊ ဒီပထမတန်းစားအင်အားစုတွေဆိုတာ ပြောနေစရာတောင်မလိုတော့ဘူး"
ထိုအချိန်တွင် နယ်နိမိတ်မဲ့နယ်မြေ၌ ဧကရာဇ် မုကျန်းထင်က ခန်းမပလ္လင်၌ ထိုင်နေသည်။
တခြားတဘက်တွင် မုဖူရှန်းက အောက်တွင်ထိုင်ကာ ဝိုင်သောက်နေသည်။
ဤမြင်ကွင်းကိုမြင်သောအခါ မုကျန်းထင်တယောက် ခေါင်းကိုက်သလိုပင် ခံစားလာရသည်။
"အဲဒီ ခွန်းလွန်ကောင်းကင်ဘုံရေကန်အောက်က ပစ္စည်းကို မင်းဘယ်လိုထင်လဲ"
မုဖူရှန်းဝိုင်တငုံသောက်ကာ အပြုံးဖြင့်ပြောသည်။
"အဖေ့မှာ အကြံများရှိလား"
"မင်းအဲဒါကိုမလိုချင်ဘူးလား"
မုဖူရှန်းစိုက်ကြည့်လိုက်သည်။
"သေချာပေါက် ကျွန်တော်လိုချင်တာပေါ့"
မုကျန်းထင်အပြုံးဖြင့်မေးသည်။
"အိုး၊ ဒါဆိုလုပ်လို့ရပြီပေါ့၊ ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းမှာ အရမ်းကြီးမားပြီး အမည်မသိ လျှို့ဝှက်ချက်တခုပါရှိတယ်"
မုဖူရှန်းခေါင်းခါယမ်းသည်။
"တကယ်လို့ ကျွန်တော့်ရှေ့မှာသာရှိမယ်ဆိုရင် ကျွန်တော်တကယ်လိုချင်မှာ၊ ဒါပေမယ့် တခြားသူတွေက ရပြီးသွားပြီ၊ ဆိုလိုတာက ကျွန်တော့်ဘက်မှာ ကံတရားမရှိဘူး၊ ဘာလို့ အတင်းအကြပ်လုပ်နေရမှာလဲ"
ဤသည်ကို ကြားသောအခါ မုကျန်းထင် ညင်သာစွာ ခေါင်းညိတ်သည်။
အောင်မြင်မှုအတွက် ကိုယ်စားလှယ်လောင်းများစွာအနက် မည်သည့်အတွက်ကြောင့် မုကျန်းထင်က အရမ်းကိုပေါ့ပါးပြီး ပျင်းရိတတ်ပုံရသည့် မုဖူရှန်းကို ရွေးချယ်ခဲ့လေသနည်း။
အကြောင်းရင်းက ဒါဖြစ်သည်။
သူကအတော်လေးဉာဏ်ကောင်းပြီး အရာတိုင်းကို ရှင်းရှင်းလင်းလင်းမြင်နိုင်သောကြောင့်ပင်။
ဤအချက်က ပြောရန်လွယ်ကူသော်လည်း တကယ်တမ်းတွင် လူဘယ်နှစ်ယောက်က လုပ်နိုင်ခဲ့လေသနည်း။
ဤအရောင်စုံကမ္ဘာကြီးတွင် ဖြားယောင်မှုများစွာရှိသည်။ လူဘယ်နှစ်ယောက်ကများ သွေးဆောင်ဖျားယောင်မှုကို ခုခံနိုင်လေသနည်း။
"ဒါပေမယ့် ကြယ်ကြွေဓားဂိုဏ်းက ဒီစမ်းသပ်မှုကနေ တကယ်လွတ်မြောက်နိုင်မှာလား"
မုကျန်းထင်ခေါင်းခါယမ်းသည်။
"ဒီအကြောင်းကိုငါမသိဘူး"
ချက်ချင်းဆိုသလို နက်ရှိုင်းသည့် အဓိပ္ပာယ်များပါ၀င်သည့်အကြည့်ဖြင့် သူက မုဖူရှန်းကိုကြည့်ကာ ပြုံးသည်။
"မင်းဘာလို့သွားပြီး တချက်မကြည့်တာလဲ၊ ဘာပဲဆိုဆို၊ မင်းကဒီနေရာမှာ သောက်ပဲသောက်နေပြီး ဘာမှလုပ်တာမှမဟုတ်တာ"
"အဖေ၊ အဖေက ကျွန်တော့်ကို မှားယွင်းစွာပြောနေတာပဲ" မုဖူရှန်း မကျေနပ်မှုကို ပြသကာ လက်ကို ဆန့်ထုတ်လိုက်သည်။
"ဒါက ဘ၀ကို သာယာပျော်မွှေ့ခြင်းတဲ့"
"ဒါပေမယ့်အခုတော့ အရမ်းပျင်းဖို့ကောင်းနေပြီ"
စကားပြောပြီးနောက် မုဖူရှန်းထရပ်ကာ အပြင်သို့လျှောက်သွားသည်။
မုကျန်းထင် မုဖူရှန်း၏ကျောကို တချက်ကြည့်ရင်း ပြုံးကာ ခေါင်းခါယမ်းသည်။
ထို့နောက်ထရပ်ကာ မုဖူရှန်း ယခုလေးတင်သောက်သုံးခဲ့သည့် နေရာသို့သွားပြီး ဝိုင်တခွက်ငှဲ့ထည့်ကာ တငုံသောက်လိုက်သည်။
"ဒီပြဿာနာအိုးလေးက ဒါကို သောက်တဲ့နေရာမှာတော့ မဆိုးဘူးဘဲ"
....
ငါးရက်ကုန်လွန်သွားသည်။
ကြယ်ကြွေတောင်တန်းတွင် အမှောင်ယံ၌ နေရာတိုင်း၌ ရန်သူ့မျက်လုံးများရှိနေကြသည်။
ကြယ်ကြွေဓားဂိုဏ်းက စတင်စောင့်ကြည့်နေကြသည်မှာ သိသာထင်ရှားနေလေပြီ။
တချိန်တည်းမှာပင် ဤကည်က တရား၀င်စစ်ပွဲက သိပ်မဝေးတော့ဘူးဟု ဆိုလိုနေခြင်းပင်။
ကြယ်ကြွေဓားဂိုဏ်းက အပြင်ပရှိ ဂိုဏ်းသားများနှင့် အကြီးအကဲများကို ပြန်ခေါ်နိုင်သည်အထိ ကံကောင်းခဲ့သည်။
လက်အိတ်ထုတ်ပြလိုက်ပြီးနောက်တွင် အဓိကဂိုဏ်းသုံးဂိုဏ်း၏လူများက ပြင်ပတွင်နေထိုင်သည့် ကြယ်ကြွေဓားဂိုဏ်း၏ တပည့်များအား စတင်အသေးစိတ်ရှာဖွေကြသည်။
ကံကောင်းစွာပင် ဆုံးရှုံးမှုသိပ်မရှိခဲ့ပါ။
ယဲ့ချိုးပိုင်က ဂိုဏ်းချုပ်ကျန်းဝူဖန်းနှင့် ယှဉ်ပြိုင်နေသည်။
ကျန်းဝူဖန်းက သူ့နယ်ပယ်ကို ယဲ့ချိုးပိုင်နှင့် တူညီသွားစေရန် ဖိနှိပ်ထားခဲ့သည်။
သို့စေကာမူ နယ်ပယ်ကို ဖိနှိပ်ထားသည့်တိုင် စွမ်းရည်နှင့်ဓားဆန္ဒအပေါ် သူ့၏နားလည်နိုင်စွမ်းက ယဲ့ချိုးပိုင်ထက် အများကြီးမြင့်မားသည်။
ယဲ့ချိုးပိုင်ဓားကို ဆွဲထုတ်သည်။
ကျန်းဝူဖန်းရှင်းပြသည်။
"ဓားတာအိုကအဆုံးမဲ့တယ်၊ အခုမင်းက စကြာ၀ဠာသခင်တ၀က်အဆင့် ရောက်နေပြီဆိုတော့ မင်းအဖော်တွေထက် အများကြီးသာတယ်လို့ ပြောလို့ရတယ်"
"အဲဒီအထက်မှာ ဓားသခင်၊ ဓားသခင်အထွပ်အထိပ်နဲ့ ငါအခုရောက်ရှိနေတဲ့ အန္တိမဓားနယ်ပယ်တို့ရှိတယ်"
"အရင်က မင်းအဆင့်ချိုးဖျက်တာက အရမ်းမြန်ပြီးတော့ မင်းအဲဒါကို အခြေကျအောင်လုပ်ဖို့လိုတယ်၊ ဒီတော့ အခုမင်းတိုးတက်အောင်လုပ်ဖို့လိုတာက ဓားပညာရဲ့နယ်ပယ်ပဲ"
ယဲ့ချိုးပိုင်ညင်သာစွာခေါင်းညိတ်သည်။
ကျန်းဝူဖန်း၏စကားလုံးများကို နားထောင်ရင်း သူ့လက်ထဲကဓားကရပ်မနေဘဲ ခုတ်လိုက်၊ ထိုးလိုက်၊ ခုတ်လိုက်လုပ်နေခဲ့သည်။
သူကဓားပညာကိုမသုံးဘဲ ဓားပညာအပေါ် နားလည်မှုကို တိုးမြှင့်လာစေရန်အတွက် ရှေးအကျဆုံးဓားစွမ်းရည်များကို သုံးခဲ့သည်။
ဤနေ့ရက်များတွင် ပထမနေ့ကတည်းက သူက သုံးချက်အတိသာ ခံနိုင်သည်။
ငါးရက်သို့ရောက်သောအခါ သူအမွေးတိုင်တချောင်းစာခန့် ဆုပ်ကိုင်နိုင်လာသည်။
ကျန်း၀ူဖန်းက ဓားပညာ၏ အန္တိမနယ်ပယ်ဖြစ်သည်။
ယဲ့ချိုးပိုင်ထက်အဆင့်မည်မျှပင် ကျော်လွန်နေလေသနည်း။
ကျန်းဝူဖန်းကိုယ်တိုင်ပင်လျှင် အတော်လေးထိတ်လန့်နေမိသည်။
ယဲ့ချိုးပိုင်က သူမြင်ဖူးသမျှဓားပညာရှင်များထဲတွင် အမြင့်ဆုံးပါရမီရှင်တစ်ယောက်ဟု ဆို၍ရသည်။
ဓားအသိပညာကို စုပ်ယူမှုက အတော်လေးမြန်ဆန်သည်။
သူကအလျင်အမြန်နားလည်သွားသည်သာမက ကိုယ်ပိုင်အသုံးပြုမှုအဖြစ်လည်း အလျင်အမြန် ပြောင်းလဲနိုင်သေးသည်။
အမှန်ပြောရမည်ဆိုပါက ယဲ့ချိုးပိုင်၏ လက်ရှိဆရာသာမရှိခဲ့လျှင် ကျန်းဝူဖန်း ယဲ့ချိုးပိုင်ကို သူ့တပည့်ဖြစ်လာစေရန်အတွက် နည်းလမ်းမျိုးစုံကို သုံးမိပေလိမ့်မည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်ဓားနှင့်အတူ လွင့်စင်သွားသည်။
ကျန်းဝူဖန်းပြုံးလိုက်သည်။
"အရမ်းကောင်းတယ်၊ မင်းကအခု အမွေးတိုင်နှစ်တိုင်စာလောက် ခုခံထားနိုင်နေပြီ"
ယဲ့ချိုးပိုင်အပြုံးဖြင့်ထရပ်ကာ ဦးညွတ်သည်။
"စီနီယာက ကျုပ်ကို ပိုကောင်းလာအောငါ သင်ကြားပေးခဲ့တာပါ"
"ဒီလိုဆိုရင် ဘာလို့ငါ့ကို ဆရာလို့သတ်မှတ်ပြီး အရိုအသေမပေးရသေးတာလဲ"
ယဲ့ချိုးပိုင်ခေါင်းကုတ်ကာ ခပ်ရှက်ရှက်ပြုံးလိုက်မိသည်။
ထပ်ပြီး အဲကိစ္စဟောင်းပဲလား!
ယခုတကြိမ်က ကျန်းဝူဖန်း ဤစကားကို ဆယ့်ရှစ်ကြိမ်မြောက်ပြောဆိုခြင်းပင်။
ယဲ့ချိုးပိုင်၏ပူပန်နေသည့်အမူအရာကို မြင်ရသောအခါ ကျန်းဝူဖန်ပြုံးလိုက်သည်။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ မင်းမှာဆရာရှိတာ ငါသိပါတယ်"
"ဒါပေမယ့် မင်းလိုထူးချွန်တဲ့တပည့်မျိုးကို ပျိုးထောင်ပေးနိုင်တဲ့ အမြော်အမြင်ရှိတဲ့ သူက ဘယ်လိုလူမျိုးလဲဆိုတာ ငါတကယ်မြင်ချင်ပါသေးတယ်"
ယဲ့ချိုးပိုင် လုချန်ရှန်းအကြောင်းကို တွေးမိသွားသည်။
ဆရာဘာလုပ်နေသလဲသူမသိပေ။ အိပ်များအိပ်နေမလား၊ ဒါမှမဟုတ် စံအိမ်တော်မှာ စားနေမလား။
"ဆရာ... ကအရမ်းအားကောင်းတယ်၊ သူ့ခွန်အားရဲ့အကန့်အသတ်က ဘယ်အဆင့်လဲဆိုတာ ကျုပ်မခန့်မှန်းနိုင်သေးဘူး"
ကျန်းဝူဖန်းခေါင်းညိတ်ကာ တခုခုပြောရန် ပြင်လိုက်စဉ်မှာပင် အသံလွှင်သံတခု ထွက်ပေါ်လာသည်။
နားထောင်ပြီးနောက် ကျန်းဝူဖန်း၏ မူလအေးဆေးတည်ငြိမ်နေသည့်အမူအရာက အတော်လေးလေးနက်သွားသည်။
ယဲ့ချိုးပိုင်ကလည်း ဤသည်ကို သတိထားမိသဖြင့် လေးနက်စွာမေးလိုက်သည်။
"စီနီယာကျန်း၊ သူတို့ရောက်နေပြီလား"
ကျန်းဝူဖန်းခေါင်းညိတ်သည်။
"အဓိကအင်အားစုသုံးစုကရောက်လာပြီး ကြယ်ကြွေတောင်တန်းကို ရောက်နေကြပြီ"
ချက်ချင်းဆိုသလို ကျန်းဝူဖန်း တောင်ထိပ်သုံးခု၏ သခင်များထံ အသံပို့လွှတ်လိုက်သည်။
"အမိန့်ကိုလက်ဆင့်ကမ်းကြ၊ ကြယ်ကြွေဓားဂိုဏ်းတပည့်တို့၊ လေ့ကျင့်တာရပ်ပြီးတော့ ရန်သူကို ခုခံကာကွယ်ဖို့အတွက် ပြင်ဆင်ကြ"
အပိုင်း(358) coming။
ငါ့တပည့်တွေက ဘုရင်တွေ