← Chapters

ပုံတူပန်းချီ

Vol. 5 Ch. 46

ပုံတူပန်းချီ

Vol. 5 Ch. 46

“ဝေါ့... ဝေါ့...”

ကလိုင်းဟာ နေရာမှာ ဆက်တိုက် အန်ပါတယ်။ မနက်စာ မစားထားတော့ သိပ်ကြာကြာတော့ မအန်လိုက်ရပါဘူး။

အဲဒီအချိန်မှာပဲ သူ့ရှေ့ကို စီးကရက်ဘီးနဲ့တူတဲ့ သံဘူလေးတစ်ဘူး ရောက်လာပါတယ်။ အဖုံးဖွင့်လိုက်တဲ့အခါ ဒီသံဘူးလေးထဲကနေ ဆေးရွက်ကြီး၊ ပိုးသတ်ဆေးနဲ့ ပင်စိမ်းပင်ကို ရောထားတဲ့ အနံ့လိုမျိုး အနံ့တစ်နံ့ ထွက်လာပါတယ်။ ဒီရနံ့က ကလိုင်းရဲ့ နှာခေါင်းကို ရှင်းလင်းပေးပြီး အားပြန်ရှိသွားစေပါတယ်။

ပုပ်စော်နံက ဆက်ရှိနေသေးပေမဲ့ ကလိုင်းဟာ မသတီ မဖြစ်တော့ပါဘူး။ ပျို့အန်ချင်စိတ်လည်း ရပ်သွားပါတယ်။

ကလိုင်းဟာ သံဘူးလေးနောက်ကို လိုက်တဲ့အခါ သက်ရှိမဟုတ်ဘူးလို့ ထင်ရတဲ့ ဖြူဖတ်ဖြူရော် လက်တစ်လက်ကို တွေ့လိုက်ရပါတယ်။ အဲဒီနောက် အနက်ရောင် လေကာအင်္ကျီ ဝတ်ဆင်ထားတဲ့ အေးစက် မှောင်မိုက်တဲ့ အလောင်းစုသမား ဖရိုင်းကို သူ တွေ့လိုက်ရပါတယ်။

“ကျေးဇူးပဲ” ကလိုင်းဟာ နေသာထိုင်သာ ပြန်ရှိသွားပြီး ဒူးပေါ် လက်ထောက်ကာ မတ်မတ် ပြန်ရပ်ပါတယ်။

ဖရိုင်းဟာ ခံစားချက်ကင်းမဲ့စွာ ခေါင်းညိတ်ပါတယ် “အကျင့်ဖြစ်သွားရင် နောက်ကျ အဆင်ပြေသွားမှာပါ”

ဖရိုင်းဟာ သံဘူးလေးကို သူ့အိတ်ကပ်ထဲ ပြန်ထည့်ပြီး တစ်ဖက်လှည့်ကာ တော်တော်လေး ပုပ်နေတဲ့ အလောင်းဆီ လျှောက်သွားပါတယ်။ သူဟာ လက်အိတ်တောင် မဝတ်ဘဲ အမျိုးသမီးအိုကြီးရဲ့ အလောင်းကို စတင် စစ်ဆေးပါတယ်။

ဒန်းစမစ်နဲ့ လန်နာ့ဒ်ကတော့ အခန်းပတ်လည် လျှောက်ကြည့်ပြီး စားပွဲနဲ့ သတင်းစာတွေကို မကြာမကြာ ကိုင်ကြည့်ပါတယ်။

အပြင်မှာ ရပ်နေတဲ့ လူအိုကြီးနီးလ်ဟာ နှာခေါင်းရှုံ့ပြီး ညည်းတွားလိုက်ပါတယ် “တော်တော် ဆိုးရွားတာပဲ... ငါ ဒီလ အပိုလခရမှ ဖြစ်မယ်”

ဒန်းစမစ်ဟာ ခေါင်းလှည့်ပြီး မီးလင်းဖိုဘေးက နံရံကို လက်အိတ်စွပ်ထားတဲ့ ညာလက်နဲ့ ကိုင်ကြည့်ကာ ကလိုင်းကို မေးပါတယ် “ဒီနေရာနဲ့ တရင်းတနှီး ရှိလား”

ကလိုင်းဟာ အသက်အောင့်ပြီး စိတ်ထဲမှာ ငွေရောင် အိတ်ဆောင် နာရီတစ်လုံး တည်ဆောက်ကာ စိတ်ငြိမ်အောင် လုပ်ပါတယ်။

စိတ်ဝိညာဉ်အာရုံ ဖွင့်ထားတာမလို့ သူဟာ ထူးခြားမှုကို ချက်ချင်း ခံစားလိုက်ရပါတယ်။ သူ့ရဲ့ ဟိုးနက်ရှိုင်းတဲ့ မှတ်ဉာဏ်တွေထဲက မြင်ကွင်းတစ်ကွင်းဟာ သူ့မျက်လုံးထဲမှာ ပေါ်လာပါတယ်။

မီးလင်းဖို၊ လှုပ်ကုလားထိုင်၊ စားပွဲ၊ သတင်းစာ၊ တံခါးပေါ်က သံချေးတက်နေတဲ့ သံတွေ၊ ငွေကွပ်ထားတဲ့ သံဘူး...။

မြင်ကွင်းတွေက ကမ္ဘာမြေပေါ်က အဖြူအမည်း မှတ်တမ်းတွေလို မှောင်မှိုက်ပြီး ငြီးငွေ့စရာ ကောင်းပါတယ်။ ကုန်ကုန်ပြောရရင် တော်တော် ဝေဝါးပြီး ရေရေရာရာ မရှိပါဘူး။

မြင်ကွင်းတစ်ခုဟာ ကလိုင်း ကြည့်နေတဲ့ မြင်ကွင်းပေါ် ခပ်မြန်မြန် လာထပ်ပါတယ်။ ပစ္စုပ္ပန်ကို ကြုံတွေ့ဖူးတဲ့ ခံစားချက်ဟာလည်း သူ့အလိုလို ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာပါတယ်။

ဝေဝါးပြီး ရေရေရာရာ မရှိတဲ့ သိမ်မွေ့ညင်သာတဲ့ အော်သံတစ်သံဟာ မမြင်နိုင်တဲ့ နံရံတွေကို ထိုးဖောက်ပြီး ထွက်ပေါ်လာပါတယ်။

‘ဟွန်းနာဆစ်... ဖလဲဂွေယာ... ဟွန်းနာဆစ်... ဖလဲ‌ဂွေယာ... ဟွန်းနာဆစ်... ဖလဲဂွေယာ...’

“နည်းနည်း ရင်းနှီးတယ်လို့ ခံစားရတယ်...” ကလိုင်းဟာ ရိုးရိုးသားသား ဖြေလိုက်ပါတယ်။ ဒီအချိန်မှာ ခေါင်းနည်းနည်း ကိုက်လာတဲ့အတွက် နဖူးလယ်ကို လက်နဲ့ နှစ်ချက်တောက်ပြီး စိတ်ဝိညာဉ်အာရုံကို သူ ပြန်ပိတ်လိုက်ပါတယ်။

‘ဟွန်းနာဆစ်... အရင်ကလိုင်းရဲ့ ဒိုင်ယာရီထဲမှာ ပါတဲ့ ဟွန်းနာဆစ်တောင်တန်းလား...’

‘ဒါက အန်တီဂိုနပ် မိသားစုရဲ့ မှတ်စုစာအုပ်ထဲကနေ ဘာသာပြန်ထားတာပဲ’

‘ဒီရေရွတ်သံတွေက အရင်တစ်ခေါက် ရေရွတ်သံတွေနဲ့ ဆင်တယ်... ဟွန်းနာဆစ်ဆိုတဲ့ စကားလုံး ပါတယ်... ဒါက သွေးဆောင်ဖြာယောင်းတာလား...’

ကလိုင်းဟာ တုန်လှုပ်ချောက်ချားပြီး နက်နက်နဲနဲ ဆက်မတွေးရဲပါဘူး။ စိတ်လွတ်တဲ့ လမ်းကြောင်းပေါ် ရောက်သွားမှာစိုးလို့ပါ။

ဒန်းစမစ်ဟာ ခေါင်းအသာညိတ်ပြီး ဗီရိုတစ်လုံးဆီ လျှောက်သွားပါတယ်။ ဗီရိုနား ရောက်တဲ့အခါ ရုတ်တရက် လက်ဆန့်ပြီး ဗီရိုရဲ့ သစ်သားတံခါးကို ဆွဲဖွင့်လိုက်ပါတယ်။

အထဲမှာ မှိုတက်နေတဲ့ ပေါင်မုန့်တွေနဲ့ မီးခိုရောင် ကြွက်သေ ၇ ကောင် ရှိနေပါတယ်။

“လန်နာ့ဒ်... အောက်ဆင်းပြီး ကင်းလှည့်နေတဲ့ ရဲတွေ သွားခေါ်ချည်... ဒီက အခြေအနေကို ရှင်းပြလိုက်” ဒန်းစမစ်က ညွှန်ကြားပါတယ်။

“ဟုတ်ကဲ့ပါ” လန်နာ့ဒ်ဟာ တိုက်ခန်းထဲကနေ လှည့်ထွက်သွားပါတယ်။

အဲဒီနောက် ဒန်းစမစ်ဟာ တခြား အိပ်ခန်းနှစ်ခန်းရဲ့ တံခါးတွေကို ဖွင့်ပြီး သေချာ ရှာဖွေပါတယ်။

အန်တီဂိုနပ် မိသားစု မှတ်စုစာအုပ်နဲ့ ပတ်သက်တဲ့ ဘာသဲလွန်စမှ မရှိဘူးဆိုတာ သေချာမှ ဖရိုင်းဟာ မတ်တတ်ရပ်လိုက်ပါတယ်။ သူဟာ လက်ကိုင်ပဝါနဲ့ လက်နှစ်ဖက်ကို သုတ်ပြီး...

“သေတဲ့အချိန်က လွန်ခဲ့တဲ့ ငါးရက်ကျော်ကပဲ... ပြင်ပဒဏ်ရာ လုံးဝ မရှိဘူး... သာလွန်သူ စွမ်းအားကြောင့် ဖြစ်တဲ့ လက္ခဏာတွေလည်း တစ်စက်မှ မရှိဘူး... သေရတဲ့ အကြောင်းအရင်းကို တိတိကျကျ သိရဖို့ဆိုရင် ခွဲစိတ် စစ်ဆေးရလိမ့်မယ်”

“မင်းတို့တွေ တစ်ခုခု တွေ့သေးလား” ဒန်းစမစ်ဟာ လူအိုကြီးနီးလ်နဲ့ ကလိုင်းဘက်လှည့်ပြီး မေးပါတယ်။

စိတ်ဝိညာဉ်အာရုံကို ပိတ်လိုက်ပြီဖြစ်တဲ့ ကလိုင်းနဲ့ လူအိုကြီးနီးလ်ဟာ တညီတညာတည်း ခေါင်းခါလိုက်ပါတယ်။

“အလောင်းကလွဲရင် အားလုံး ပုံမှန်ပဲ... မဟုတ်ဘူး... ဒီတိုက်ခန်းကို ချိပ်ပိတ်ထားတဲ့ မမြင်နိုင်တဲ့ စွမ်းအား ရှိသေးတယ်... အဲဒါက ငါတို့တွေ အစီအရင်မှော်သုံးရင် လုပ်လေ့လုပ်ထရှိတဲ့ အကာအကွယ် သဘောမျိုးပဲ” လူအိုကြီးနီးလ်ဟာ သုံးလေးစက္ကန့် စဉ်းစားပြီး ဖြေပါတယ်။

ဒန်းစမစ်ဟာ တစ်စုံတစ်ခုကို ပြောဖို့ ပြင်လိုက်ပေမဲ့ နောက်ဆုံးမှာ မပြောဖြစ်တော့ဘဲ တံခါး အပြင်ဘက်ကို လှမ်းကြည့်လိုက်ပါတယ်။ သုံးလေးစက္ကန့် ကြာတဲ့အခါမှာတော့ ကလိုင်းနဲ့ လူအိုကြီးနီးလ်လည်း တစ်စုံတစ်ခုကို အာရုံခံမိတဲ့အတွက် လှေကားဘက် လှည့်ကြည့်လိုက်ပါတယ်။

လေးငါးစက္ကန့် ကြာတဲ့အခါ ခပ်ယဲ့ယဲ့ ခြေသံတွေ ထွက်ပေါ်လာပြီး တဖြည်းဖြည်း ကျယ်လောင်လာပါတယ်။ အဲဒီနောက် လန်နာ့ဒ်ဟာ ရဲတစ်ယောက်နဲ့အတူ ပေါ်လာပါတယ်။

ပုပ်စော်နံရသွားတဲ့ ရဲဟာ မျက်နှာပျက်သွားပြီး အထူးစစ်ဆင်ရေးဌာနက လုပ်ဖော်ကိုင်ဖက်နဲ့ ပူးပေါင်းကာ ဒုတိယထပ်မှာရှိတဲ့ တိုက်ခန်းတံခါးတွေ လိုက်ခေါက်ပြီး တတိယထပ်ရဲ့ အခြေအနေကို မေးမြန်း စုံစမ်းပါတယ်။

တစ်အောင့်ကြာတဲ့အခါမှာတော့ ငွေရောင်နှစ်ရစ်နဲ့ ရဲတပ်ကြပ်ဟာ လှုပ်ကုလားထိုင်ပေါ်က အလောင်းကို ကြည့်ပြီး...

“ကေသီ စတက်ဖီနီယာ ဘီဘာ... အသက်က ၅၅ နှစ် ကနေ ၆၀ ကြား... မုဆိုးမ... ဒီတိုက်ခန်းကို သူ့သား ရေးဘီဘာနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ငှားရမ်းနေထိုင်ခဲ့တာ”

“သူ့ယောက်ျားက ကျောက်မျက်ရတနာသမား... သူ့သားက အသက် ၃၀ လောက်ရှိပြီ... လူပျိုကြီး.. သူ့အဖေရဲ့ အလုပ်ကို ဆက်လုပ်ကိုင်တယ်... တစ်ပတ်ကို တစ်ပေါင်နဲ့ ၁၅ ဆိုလီ ရတယ်... အိမ်နီးနားချင်းတွေရဲ့ စကားအရဆိုရင် သူတို့တွေက ဘီဘာတို့ သားအမိနှစ်ယောက်ကို မတွေ့တာ တစ်ပတ်ကျော်ပြီ”

ရဲအရာရှိ ဆက်မပြောခင်မှာပဲ ကလိုင်းဟာ အရေးကြီးတဲ့ အချက်ကို သိလိုက်ပါပြီ။

‘ပျောက်နေတယ်... တိတိကျကျ ပြောရရင် ရေးဘီဘာ ဘယ်သွားလဲဆိုတာ ဘယ်သူမှ မသိဘူး... ရှေးဟောင်း မှတ်စုစာအုပ်က သူ့ဆီမှာ ဖြစ်ဖို့ များတယ်’

“မင်းဆီမှာ ရေးဘီဘာရဲ့ ဓာတ်ပုံရှိလား” ဒန်းစမစ်ဟာ ရဲအရာရှိကို ကြည့်ပြီး ရဲအုပ်လေသံနဲ့ မေးခွန်းထုတ်ပါတယ်။

တကယ်တော့ ဒါက အယောင်ဆောင်တာ မဟုတ်ပါဘူး။ ဒန်းစမစ်က ရဲဌာနရဲ့ အမည်စာရင်းထဲမှာ ရဲအုပ်စစ်စစ်ပါ။ သူ့လစာနဲ့ ခံစားခွင့်တွေကလည်း ရဲအုပ်အဆင့်အတိုင်း ရရှိပါတယ်။ အဲဒီထဲမှာ ဘုရာကျောင်းကရတဲ့ လစာ မပါသေးပါဘူး။

ရဲအရာရှိဟာ ခေါင်းခါပြီး ရင်တုန်တုန်နဲ့ ပြန်ဖြေပါတယ် “ကျွန်တော်လည်း သေချာ မသိဘူး... ရဲဌာနမှာ ပြန်ပြီး ရှာကြည့်ရလိမ့်မယ်... ဌာနမှာ လူတိုင်းရဲ့ ဓာတ်ပုံရှိဖို့က ဖြစ်နိုင်တာတော့ မဟုတ်ဘူး”

“အေး... သိပြီ... ပထမထပ်မှာ နေတဲ့လူတွေကို ဆက်ပြီးတော့ မေးမြန်းချည်... အသေးစိတ်မေး...” ဒန်းစမစ်က အမိန့်ပေးလိုက်ပါတယ်။

ရဲအရာရှိ ထွက်သွားတာကို ကြည့်ပြီးနောက် ဒန်းစမစ်ဟာ တံခါးပိတ်ပြီး လူအိုကြီးနီးလ်ဘက် လှည့်လိုက်ပါတယ်။

“ကျန်တဲ့ကိစ္စကို ခင်ဗျားလက်ထဲအပ်မယ်... မဟုတ်ရင် ငါတို့တွေ ဒီအဆောက်အဦးထဲမှာ နေတဲ့လူ အကုန်လုံးကို အိပ်မောကျအောင်လုပ်ပြီး ရေးဘီဘာ ဘယ်လိုပုံစံရှိလဲဆိုတာ ရှာဖွေရလိမ့်မယ်... ပါးစပ်ကပြောတာ နားထောင်ပြီး ဆွဲထားတဲ့ ပုံကြမ်းကို ငါ မယုံဘူး”

လူအိုကြီးနီးလ်ဟာ ခေါင်းညိတ်လိုက်ပြီး လက်မအရွယ်အစားရှိတဲ့ ပုလင်းတွေကို သူ့ရဲ့ ဂန္တဝင် အနက်ရောင် ဝတ်ရုံကြီးရဲ့ အိတ်ကပ်ထဲကနေ ထုတ်ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ပုလင်းထဲက အရည်တွေကို အစီအစဉ်တကျ ကြဲပက်ပါတယ်။

အဲဒီနောက် အမှုန့်တစ်ဆုပ် နှိုက်ပြီး သူ့ဘေးပတ်လည်မှာ စက်ဝိုင်းပုံ ကြဲပက်ပါတယ်။

ထူးဆန်းစွာပဲ အခန်းထဲက နံဟောင်လှတဲ့ ပုပ်စော်နံကို မကြောက်တဲ့ နောက်ထပ် အနံ့စူးစူးတစ်မျိုး ထွက်ပေါ်လာပါတယ်။

ကလိုင်းလည်း သူ့ဘေးပတ်လည်မှာ မမြင်နိုင်တဲ့ အားစက်ကွင်းတစ်ခု ပေါ်လာတာကို ရုတ်တရက် သတိထားမိလိုက်ပါတယ်။ ဒီစက်ကွင်းက သူ့ကို ပတ်ဝန်းကျင်နဲ့ တခြားလူတွေနဲ့ ခြားနားသွားစေပါတယ်။ အခန်းက အရင်အခြေအနေမှာ ရှိနေတဲ့အတိုင်းပါပဲ။

လူအိုကြီးနီးလ်ဟာ မျက်စိတစ်ဝက်မှိတ်ပြီး ပါးစပ်ကလည်း တတွတ်တွတ်နဲ့ မန်းမှုတ်ပါတယ်။

ဘာမှပြင်ဆင်ထားခြင်း မရှိတာတောင် ကလိုင်းဟာ စကားလုံးတချို့ကို မသဲမကွဲ ကြးလိုက်ရပါတယ်

“နတ်ဘုရားမ... ကျွန်တော်မျိုးကို စွမ်းအား ပေးသနားတော်မူပါ”

“ကျွန်တော်မျိုးတို့တွေ ညရဲ့ ကာကွယ်စောင့်ရှောက်မှုကို မျှော်လင့် တောင့်တပါတယ်”

“ဟူး...”

ပြတင်းပေါက်ကို ဖြတ်ပြီး တိုက်ခိုက်လာတဲ့ ရုတ်တရက် လေပြင်းဟာ အမှုန့်တွေကို ပြန့်ကျဲသွားစေပါတယ်။

ကလိုင်းဟာ နှလုံးခုန် ရုတ်တရက် မြန်သွားပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားပါတယ်။ ဒီအခြေအနေက စကားလုံးနဲ့ ဖော်ပြဖို့ ခက်ပါတယ်။ သူ တိုက်ရိုက်ရင်ဆိုင်ဖို့ ကြောက်တဲ့ ကြောက်မက်ဖွယ် အနံ့ဟာ အခန်းထဲမှာ အလျင်အမြန် ပျံ့နှံ့လာပါတယ်။

ကလိုင်းဟာ ဝေခွဲမရ ဖြစ်သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားပါတယ်။ ခက်ခဲလွန်းတဲ့ သင်္ချာပုစ္ဆာတစ်ပုဒ်ကို ကြိုးစားတွက်ချက်ပြီးရင် ဖြစ်သွားတတ်တဲ့ အခြေအနေမျိုးနဲ့ ဆင်တူပါတယ်။

ရုတ်တရက် လူအိုကြီးနီးလ်ဟာ မျက်လုံး ဖွင့်လိုက်ပါတယ်။ သူ့မျက်လုံးတွေက မည်းနက်နေပါတယ်။

သူဟာ အိတ်ကပ်ထဲက ဖော့ပင်တစ်ချောင်းကို ဆွဲထုတ်ပြီး စားပွဲပေါ်က စက္ကူရွက်ပေါ်မှာ စပြီးတော့ ရေးဆွဲပါတယ်။ သူ့လက်က မြန်လွန်းလို့ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေပါတယ်။

ကလိုင်း အာရုံစိုက်ပြီး ကြည့်လိုက်တဲ့အခါ စာရွက်ပေါ်မှာ နှာတံမောက်မောက် မျက်ကွင်းနက်နက်နဲ့ မျက်နှာတစ်ခု အလျင်အမြန် ပေါ်လာတာကို တွေ့လိုက်ရပါတယ်။

သဘာဝအတိုင်း တွန့်လိမ်နေတဲ့ ဆံပင်တိုတိုကို ဆွဲပြီးတဲ့နောက်မှာတော့ လူအိုကြီးနီးလ်ဟာ ပုံတူပန်းချီအောက်မှာ စာတစ်ကြောင်း ရေးလိုက်ပါတယ်။

“အနက်ရောင်ဆံပင်၊ အပြာရောင် မျက်လုံး၊ ဘယ်ဘက်ပါးစပ်မှာ ကြွေသွားအပြည့် စိုက်ထားတယ်”

“ဖတ်...”

သူ့လက်ထဲက ဖော့ပင်ဟာ စာရွက်ပေါ် ပြုတ်ကျသွားပြီး လူအိုကြီးနီးလ်ဟာ သုံးလေးကြိမ် ဆတ်ခနဲ ဆတ်ခနဲ တုန်တက်သွားပါတယ်။

“ဒါက အခန်းထဲမှာ ကျန်နေခဲ့တဲ့ ရေးဘီဘာရဲ့ ပုံရိပ်ပဲ” မျက်လုံးအရောင် နဂိုအတိုင်း ပြန်ဖြစ်နေတုန်းမှာ လူအိုကြီးနီးလ်က ခပ်အုပ်အုပ် ပြောပါတယ်။

အဲဒီနောက် လူအိုကြီးနီးလ်ဟာ သူ့ရဲ့ မူလနေရာကို ပြန်သွားပြီး ဖြည်းဖြည်းချင်း စက်ဝိုင်းပုံ ပတ်ပါတယ်။ ဒီအခါမှာ အရာဝတ္ထုတွေကို သီးခြားခွဲထုတ်ထားတဲ့ မမြင်နိုင်တဲ့ အားစက်ကွင်းက လေပြေပုံစံနဲ့ ရုတ်ခြည်း လွင့်ပါး ပျောက်ကွယ်သွားပါတယ်။

“အရှင်မကို ချီးမွမ်းကြလော့” လူအိုကြီးနီးလ်ဟာ ရင်ဘက်မှာ ကြက်သွေးရောင်လပုံ လေးချက် ထိလိုက်ပါတယ်။

ကလိုင်းရဲ့ တင်းမာနေတဲ့ အကြောတွေလည်း ပြေလျော့သွားပါတယ်။ သူဟာ ရေးဘီဘာရဲ့ မျက်နှာပန်းက ဘာမှ ထူးထူးခြားခြား မရှိတာကို တွေ့လိုက်ရပါတယ်။ ရေးဘီဘာက လူကြားထဲမှာ ပေါ်လွင်တဲ့မျက်နှာမျိုး မရှိပါဘူး။ နှာခေါင်းအောက်မှာရှိတဲ့ မြောင်းလေးကတော့ သိသိသာသာ အိကျနေပါတယ်။

“ကျွန်တော် တုတ်ဗေဒင် သုံးကြည့်မယ်”

ကလိုင်းဟာ ပုံတူပန်းချီကို ကောက်ယူပြီး အိပ်ခန်းထဲက ရှာတွေ့တဲ့ အမျိုးသား အဝတ်အစားတွေနဲ့ ကြမ်းပြင်ပေါ် ဖြန့်ခင်းလိုက်ပါတယ်။

ဒန်းစမစ် လန်နာ့ဒ်နဲ့ လူအိုကြီးနီးလ်ဟာ ကလိုင်းကို မတားဘဲ ဘေးကနေ ကြည့်နေပါတယ်။ ကလိုင်းဟာ အနက်ရောင် လက်ကိုင်တုတ်ကို ပုံတူပန်းချီနဲ့ အဝတ်အစားတွေ အထက်မှာ ထားလိုက်ပါတယ်။ ဖရိုင်းကတော့ ထုံးစံအတိုင်းပဲ တိတ်ဆိတ်နေပါတယ်။

ကလိုင်း ရွတ်ဖတ်လို့ ပြီးတဲ့အခါ သူ့မျက်လုံးတွေဟာ အညိုရောင်ကနေ အနက်ရောင် ပြောင်းသွားပါတယ်။ လက်ထဲက လက်ကိုင်တုတ်ကိုလည်း လွှတ်ပေးလိုက်ပါတယ်။

အနက်ရောင် လက်ကိုင်တုတ်ဟာ မြေကြီးထဲမှာ စိုက်ထားသလိုမျိုး တိတ်တဆိတ် ထောင်နေပါတယ်။

‘ရေးဘီဘာရဲ့ တည်နေရာ’ ကလိုင်းဟာ စိတ်ထဲမှာ ထပ်ခါထပ်ခါ ပြောလိုက်ပါတယ်။

ဝီးခနဲ လေတိုက်သံနဲ့အတူ လက်ကိုင်တုတ်ဟာ အောက်ပြုတ်ကျသွားပြီး ဦးတည်ရာ ဆက်တိုက် ပြောင်းလဲပါတယ်။ နောက်ဆုံး စက်ဝိုင်းပုံ စလည်ပါတယ်။

ပြီးတဲ့အခါမှာတော့ ဘယ်သူ့အကူအညီမှ မပါဘဲ လက်ကိုင်တုတ်ဟာ ပြန်ထောင်မတ်လာပြီး ငြိမ်သက်သွားပါတယ်။

ကလိုင်းဟာ သုံးလေးကြိမ် ကြိုးစားကြည့်ပေမဲ့ အကြိမ်တိုင်း ဒီလိုချည်းပါပဲ။ အဲဒါကြောင့် ဒန်းစမစ်နဲ့ လူအိုကြီးနီးလ်ကို ခေါင်းခါပြလိုက်ရပါတယ်။

ထူးဆန်းတဲ့ စွမ်းအားတစ်မျိုးက သူ့တွက်ချက်မှုကို နှောင့်ယှက်နေပါတယ်။

ဒန်းစမစ်ဟာ လက်အိတ်ချွတ်ပြီး လန်နာ့ဒ်နဲ့ ကလိုင်းကို ပြောပါတယ် “ရေးဘီဘာရဲ့ ပုံတူပန်းချီကိုယူပြီး အိမ်နီးနားချင်းတွေဆီမှာ နောက်ဆုံး အတည်ပြုချက် ယူချည်... ပြီးရင် ငါတို့တွေ သူ့ကို သူ့အမေသတ်မှုနဲ့ ဖမ်းဝရမ်း ထုတ်မယ်”

“ဟုတ်ကဲ့ပါ” ကလိုင်းဟာ လက်ကိုင်တုတ် ကိုင်လျက် ခါးကုန်းပြီး ပုံတူပန်းချီကို ကောက်ယူပါတယ်။

အိမ်နီးနားချင်းတွေက ပုံတူပန်းချီဟာ ရေးဘီဘာ အစစ်ဖြစ်ကြောင်း အတည်ပြုပြီးတဲ့နောက်မှာတော့ ဒန်းစမစ်ဟာ လန်နာ့ဒ်နဲ့ ရဲအရာရှိကို ရဲဌာနမှာ ဖမ်းဝရမ်အတွက် လိုအပ်တာတွေ ဆောင်ရွက်ဖို့ ညွှန်ကြားပါတယ်။ သူနဲ့ ဖရိုင်းကတော့ တခြားနည်းလမ်းနဲ့ ရှာဖွေဖို့အတွက် ထင်းဂန်မြို့ထဲက ဘားတွေဆီ သွားပါတယ်။

ကလိုင်းနဲ့ လူအိုကြီးနီးလ်ကတော့ အများသုံး မြင်းလှည်းစီးပြီး ဆူးနက်လုံခြုံရေး ကုမ္ပဏီဆီ ပြန်ပါတယ်။ သူတို့ပြန်ရောက်တော့ ၈ နာရီတောင် မထိုးသေးပါဘူး။

တံခါးပိတ်ပြီးတဲ့အခါမှာတော့ ကလိုင်းဟာ လူအိုကြီးနီးကို ကြည့်ပြီး သူ သိချင်တာ မေးပါတော့တယ် “ကျွန်တော်က အန်တီဂိုနပ် မိသားစု မှတ်စုစာအုပ်ကို ဘာဖြစ်လို့ ရေးဘီဘာအိမ်ဆီ ပို့လိုက်ရတာလဲ”

ဒါက ဝဲလ်နေတဲ့ သံကြက်ခြေခတ်လမ်းနဲ့ လုံးဝ တခြားစီပါ။

လူအိုကြီးနီးလ်ဟာ ဆိုဖာဆီ လျှောက်သွားပြီး တစ်ချက် ရယ်ပါတယ် “အဲဒါ သိသာလွန်းတယ် မဟုတ်ဘူးလား... မှတ်စုစာအုပ်ထဲက ဘယ်လိုစွမ်းအားမျိုးကို မင်း နှိုးလိုက်လဲဆိုတာ ဘယ်သူ သိမှာလဲ... မင်းက အဲဒီမှာပါတဲ့ အစီအရင်တစ်ခုခုကို စမ်းလုပ်ကြည့်ပြီး ရန်မစသင့်တဲ့ ထူးဆန်းတဲ့ တည်ရှိမှုတစ်ခုခုကို ရန်စမိလိုက်တာလည်း ဖြစ်နိုင်တာပဲ... အဲဒီတည်ရှိမှုရဲ့ ရည်ရွယ်ချက်က မှတ်စုစာအုပ်ကို ရေးဘီဘာဆီပို့ပြီး သဲလွန်စတွေ အကုန်ဖျောက်ပစ်ဖို့ပဲ... အဲဒါမှ ငါတို့တွေ သူ့ကို ရှာမတွေ့နိုင်မှာလေ”

“အဲဒါကြောင့် ရွေးချယ်ခံရတဲ့ မင်းကလွဲရင် ဝဲလ်နဲ့ နာယာက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်... မင်းကတော့... ရိုးရိုးသားသား ပြောရရင် မင်း ဘယ်လို အသက်ရှင်ခဲ့လဲဆိုတာ ငါ အခုထိ နားမလည်နိုင်သေးဘူး”

“ကျွန်တော်လည်း သိချင်တာပဲ...” ကလိုင်းဟာ ဆိုဖာပေါ်မှာ ထိုင်ရင်း ထူးဆန်းတဲ့ အပြုံးနဲ့ တမင် ပြန်ပြောလိုက်ပါတယ် “ဦးလေးပြောတဲ့ ခန့်မှန်းချက်ကို ကျွန်တော်လည်း တွေးမိပါတယ်... ဒါပေမဲ့ ကျွန်တော် နားမလည်နိုင်တာ တစ်ခုရှိတယ်... ကျွန်တော်က မှတ်စုစာအုပ်ကို ဘာဖြစ်လို့ ရေးဘီဘာကိုမှ ပေးရတာလဲ”

လူအိုကြီးနီးလ်ဟာ ပခုံးတွန့်လိုက်ပါတယ် “သူ့အသက်လမ်းကြောင်း နံပါတ်က လိုအပ်ချက်နဲ့ ကိုက်လို့ နေမှာပေါ့... ဒါမှမဟုတ် သူက အန်တီဂိုနပ် မိသားစုရဲ့ ကြွင်းကျန်ရစ်တဲ့ မျိုးဆက်တွေထဲက တစ်ယောက် ဖြစ်နိုင်တယ်... ပြောရရင်ကွာ... ဖြစ်နိုင်ခြေတွေက အများကြီးရှိတယ်... အဲဒီမှတ်စုစာအုပ်ကို ထင်းဂန်မြို့ဆီ ရောင်းခဲ့တာကလည်း ဒီလိုမျိုး အလားသဏ္ဍာန်တူတဲ့ အကြောင်းရင်းတွေရှိလို့ ဖြစ်လိမ့်မယ်”

“ရေးဘီဘာက အန်တီဂိုနပ် မိသားစုရဲ့ မျိုးဆက် ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး” ကလိုင်းဟာ ရုတ်တရက် သဘောပေါက်သွားတယ်လို့ ခံစားလိုက်ရပြီး သက်ပြင်းချလိုက်ပါတယ် “ကံဆိုးချင်တော့ ကျွန်တော် ရေးဘီဘာနဲ့ မှတ်စုစာအုပ် ပျောက်သွားတာကို ချက်ချင်း ရှာမတွေ့မိလိုက်ဘူး”

လူအိုကြီးနီးလ်ဟာ ရယ်ပါတယ်။

“အဲဒါက ဒန်းစမစ် စိုးရိမ်ရမဲ့အရာ... မင်းအတွက်တော့ အဲဒါက ကောင်းတဲ့ကိစ္စပဲ”

“ဘာဖြစ်လို့ အဲဒီလိုပြောတာလဲ” ကလိုင်းဟာ မျက်မှောင်ကြုတ်ပြီး နားမလည်နိုင်တဲ့ မျက်နှာနဲ့ မေးပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters