← Chapters

ရတနာလှံ၏ စွမ်းအား

Vol. 010 Ch. 970

ရတနာလှံ၏ စွမ်းအား

Vol. 010 Ch. 970

ရီဖူရှင်း၏ ထီမထင်သော လေသံက လေဟာနယ် တစ်ခုလုံးအား ရိုက်ခတ်သွားကာ အားလုံးမှာ သူ့ထံမှ ရိုက်ခတ်လာသော သတ်ဖြတ်ခြင်း အငွေ့အသက်များအား ခံစားမိကြ၏။ သေခါနီး လူတစ်ယောက်က မည်သို့ စကားကို အထိန်းအကွပ်မဲ့ ပြောနိုင် ရသည်ကို လူအများက နားမလည်ပေ။

သူ မသေပေဘူးလား။

ပြည်နယ်ကိုးခုမှ လူများစွာကို ရင်ဆိုင်လျှင် ရီဖူရှင်းက မည်သို့ မသေဘဲ နေမည်နည်း။

ဘုန်း ...

ရီဖူရှင်းက နောက်ထပ် လေထဲတွင် ခြေတစ်လှမ်း လှမ်းလိုက်ကာ သူ့လမ်းတွင် မည်သူတို့ ပိတ်ဆို့ ရဲမည်ကို ကြည့်လိုပေ၏။

မြေရိုင်း ပြည်နယ်မှ လူများသည်လည်း ရီဖူရှင်းနှင့် အတူ ရှေ့သို့ တက်လာကြသည်။ သူတို့ အားလုံးထံမှ ပြင်းထန်သော ကိုယ်ရောင် ကိုယ်ဝါများ ထွက်ပေါ် လာကြသည်။ ကျန်ကျောင်းနှင့် တခြားလူများက ဝင်္ကပါအား ဖွဲ့စည်းကြ၏။ ဟောင်ကျူဂီထံမှ အလင်းတန်းများ ဖြာထွက် လာခဲ့ကာ ရန်ဟောင် လေးတစ်လက် ပေါ်လာ၏။ သူ့ထံမှ ထွက်ပေါ်လာသော ရန်ဟောင်လေးမှာ အချိန်နှင့် လေဟာနယ်လှံမှ ထွက်သော အားအဟုန်ထက် မနိမ့်ပေ။

ထိုအခိုက်တွင် ရှန့်ထိုများ၏ လောဘများမှာ ပိုမို အားကောင်းလာသည်။

ရန်ဟောင်လေးက လေထဲသို့ ချိန်ရွယ်လျှင် ဟောင်ကျူဂီထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ ပိုမို ပြင်းထန်လာဟန် ရသည်။

“သွားရအောင် ... ” ရီဖူရှင်းက ပြောသည်။ သူက လေထဲသို့ ခုန်တက်သွားကာ သည်နေရာမှ သည်အတိုင်း ထွက်သွားမည့်ဟန် ရသည်။ သူ့လမ်းတွင် ပိတ်ဆို့သူ ဟူသမျှအား သတ်ဖြတ်ပေသည်။

အပေါ်မှ ပြင်းထန်သော ဖိအားတစ်ခု ကျဆင်းလာ၏။ လေထဲတွင် ပြည်နယ်ကိုးခု ရှီအဆင့်တွင် နံပါတ်(၉)ချိတ်သူ ခွန်ယို ရပ်နေ၏။ သူ့အား နတ်ဘုရား ဆင်သတ္တဝါဆန်းများ ရစ်ပတ်ထားပြီး အရာအားလုံးကို နင်းခြေတော့မည့်ဟန် ရှိနေ၏။

မင်း ထွက်သွား ချင်တာလား...။

မင်း ဘယ်လို အဆုံးသတ်မယ် ဆိုတာ ကြည့်ရတာပေါ့...။

ရီဖူရှင်းထံမှ အလွန် အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခု ထွက်ပေါ်လာသည်။ နတ်ငှက် ပေါ်လာကာ သူ့နောက်ကျော၏ အတောင်ပံတစ်စုံ ပေါ်လာ၏။ သွေးကြောမ ခုနစ်ခုလုံး ပွင့်ထွက် လာခဲ့ကာ အလင်းတန်းများ သူ့ခန္ဓာကိုယ်သို့ ဖြတ်သန်းစီးဆင်း သွားကြသည်။ သက်စောင့် ဟော်နန်းမှ ကမ္ဘာသစ်ပင် လှုပ်ယမ်းလျှင် ပတ်ဝန်းကျင်မှ သဘာဝ စွမ်းအားများမှာ သူ့ထံသို့ အဆက်မပြတ် စီးဆင်း လာကြတော့သည်။

ထိုအခိုက်တွင် သူ၏စိတ် အသိမှာ နေရာတိုင်း၌ ရှိသည်ဟု ရီဖူရှင်း ခံစားရသည်။

ကျိရာနှင့် ကျိမူတို့ သူတို့၏တော်ဝင်အလင်း ဓားများကို ကိုင်စွဲထားချိန်တွင် ယိကလန်ဝင်များက သူတို့၏လေးများကို ကိုင်စွဲထားကြသည်။ ကျင့်ယွီချန်းအား သတ်ဖြတ်ခဲ့သူများ အားလုံးမှ ကြီးမားသော ကိုယ်ရောင်ကိုယ်ဝါများ ထုတ်လွှတ်ကြ၏။

သူတို့၏ တိုက်ခိုက်မှုအောက်တွင် ကျင့်ယွီချန်းကား စက္ကန့်ပိုင်းမျှသာ ခံခဲ့ရာ ရီဖူရှင်းက မည်သို့ ခုခံမည်ကို သူတို့ ကြည့်လိုသည်။

ဘုန်း..

ရီဖူရှင်း လှုပ်ရှားကာ လျှပ်စီးအလင်းတန်း အလား လှုပ်ရှားသည်။ သူက လှံရှည်အား တင်းတင်းဆုပ်ကိုင် ထားကာ သူ့အနီးတွင် ပြင်းထန်သော လေဟာနယ် ဆုတ်ဖြဲခြင်း စွမ်းအားများ ဖြစ်ပေါ်လာ၏။ သူဖြတ်သန်းသွားရာ လမ်းကြောင်းမှ မည်သည့် လောကဓာတ် မဆို ကျေပျက်ရကာ ရီဖူရှင်းကား တစ်နေရာသို့ အလင်းတန်း အလား ပျံသန်းသွားသည်။

ထိုနေရာတွင်ကား ကျောက်ပြည်ထောင်၏ မင်းသား ကျောက်ဟောင် ရှိနေ၏။

ခွန်ယိုသည် လေထဲသို့ ခုန်တက်ကာ နတ်ဆင် လောကဓာတ်များအား ရန်သူထံသို့ ကျဆင်းစေ၏။ သို့သော်လည်း ရီဖူရှင်းကား ဂရုစိုက်ဟန် မရပေ။ လေထဲတွင် ရွှေရောင်အလင်းတန်း တစ်ခုသာ ပေါ်လာခဲ့၏။

ကျောက်ဟောင်၏ အမူအရာကား အေးစက်နေသည်။ ရီဖူရှင်းကား ယခင်က ဝင်္ကပါ၏ အစွမ်းဖြင့် သူ့ကို ဖမ်းဆီး ခဲ့ဖူးသည်။ ယခု ရီဖူရှင်းသည် သူ့အား ဦးစွာ တိုက်ခိုက်ခဲ့သည်။

ယခုမှ ကွန်းရှီအဆင့်သို့ တက်လှမ်း လာခဲ့သော ရီဖူရှင်းသည် သူ့အား မည်သို့ ရင်ဆိုင် တိုက်ခိုက်မည်ကို ကြည့်လိုသည်။

ရွှေဖီးနစ်ဓားက အလင်းရောင်များ ဖြာထွက်လာခဲ့ကာ သူ့အပေါ်တွင်လည်း ရွှေဖီးနစ်တစ်ကောင် ပေါ်လာခဲ့၏။ အတောင်ပံများကို ဖြန့်ကြက်လိုက်လျှင် လေပွေမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ သူကိုယ်တိုင်က လျှပ်စီးတန်းတစ်ခု အသွင်ဖြင့် ရီဖူရှင်းထံသို့ ပျံသန်းသွားသည်။

“ကျောက်ဟောင် ... သူနဲ့ မျက်နှာချင်းဆိုင် မတိုက်ခိုက်နဲ့ ... ” ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်ကား ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့၏ တိုက်ပွဲကို မြင်တွေ့ဖူးပြီး ဖြစ်ရာ ရီဖူရှင်း မည်မျှ အားကောင်းသည်ကို သိသည်။ ထို့ကြောင့် သူက ကျောက်ဟောင်အား စိတ်ဖြင့် အလွန် လေးနက်စွာ သတိပေးသည်။

သူ့အဖေ၏ သတိပေးသံကို ကြားသော်လည်း ကျောက်ဟောင်ကား ရပ်တန့်ခြင်း မရှိပေ။ သူ့အဖေကပင် သူသည် ရီဖူရှင်းအား ရှုံးနိမ့်မည်ဟု တွေးထင် နေသည်လား။

ကျောက်ဟောင်ထံမှ ပိုမို ပြင်းထန်သော အလင်းများ ကွဲအက်လာခဲ့ကာ အကြောက်အလန့် ကင်းစွာ ရှေ့ဆက် တိုးသွားသည်။ ဖီးနစ်ပုံရိပ်သည် ကောင်းကင်အား ပိတ်ဆို့ပြီး လေထဲတွင် ဖီးနစ်ဓား ပေါ်လာခဲ့ကာ အလင်းတန်းများ ဖြာထွက်လာခဲ့ပြီး လေဟာနယ်အား ခွင်းကာ ရီဖူရှင်းထံသို့ ပိုင်းဖြတ်လာခဲ့၏။

မည်သည့် ထိပ်သီး တန်ခိုးရှင်ကမှ ကျောက်ဟောင်အား ကူညီခြင်း မပြုကြပေ။ သူတို့အားလုံးက အချိန်နှင့် လေဟာနယ် လှံကို ကိုင်စွဲထားသော ရီဖူရှင်း၏တိုက်ခိုက်ရေး စွမ်းအား မည်မျှ မြင့်မားသည်ကို တွေ့မြင်လိုကြသည်။

ဧရာမ ဓားအလင်းကြီးက လေဟာနယ်ကို ခွင်းကာ ရီဖူရှင်းထံသို့ ရောက်လာသည်။ သို့သော်လည်း သူက ဂရုစိုက်ဟန် မတူဘဲ ဓားသူ့ထံသို့ ကျဆင်းလာစေ၏။ လက်ရှိတွင် သူ့စိတ်၌ ကျောက်ဟောင် တစ်ယောက်တည်းသာ ရှိကာ တခြားမရှိပေ။

အသက်ရှူမှားဖွယ် အမြန်နှုန်းဖြင့် အလင်းတန်း နှစ်ခု ရင်ဆိုင် တိုးမိကြသည်။ ရီဖူရှင်းက ကျောက်ဟောင်နှင့် နီးကပ်လာသော အခိုက်တွင်ပင် အချိန်နှင့် လေဟာနယ် လှံဖြင့် ထိုးနှက်လိုက်သည်။

လှံ၏ရှေ့တွင် အရာအားလုံးကို အစိတ်စိတ်အမြွှာမြွှာ ကွဲအက်စေသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

ဧရာမ ဓားအလင်းကြီးမှာ တစ်စ တစ်စ ကျေပျက်သွားပြီး လှံချက်က ဖီးနစ်ဓားကို ဖြတ်သန်းကာ ကြီးမားသော စွမ်းအားလှိုင်းသည် ကျောက်ဟောင်၏ လက်သို့ ဦးတည် သွားခဲ့သည်။ ထိုအခိုက်တွင် အချိန်နှင့် လေဟာနယ်ပင် ရပ်တန့်သွားဟန် ရသည်။

နောက်ဆုံးတွင် ကျောက်ဟောင်၏ အမူအရာ ပြောင်းလဲ လာခဲ့သည်။ သူ့ရှေ့သို့ အရာခပ်သိမ်းအား ဖျက်ဆီးလျက် တိုးဝင်လာသော မုန်တိုင်းမှာ သူထင်သည်ထက် များစွာ အားကောင်းနေသည်။

သူက နောက်ဆုတ်ရန် ကြံရွယ်သော်လည်း ထိုအခိုက်တွင် သူ့လှုပ်ရှားမှုများမှာ အလွန် နှေးကွေးလေးလံ နေပြီး သူ့အတွေးများပင် ရပ်တန့်သွားဟန် ရသည်။

ဖူး ...

အသံတစ်သံနှင့် အတူ ကျောက်ဟောင်၏ အတွေးများလည်း ရပ်တန့် သွားရသည်။ လှံက သူ၏လည်ပင်းကို ဖြတ်သန်း သွားတော့သည်။

မဟုတ်ဘူး. ...

ကျောက်ဟောင်၏ အတွေးများတွင် ကြောက်လန့်ခြင်းများ ကြီးစိုးလာခဲ့သည်။ မရေမတွက်နိုင်သော မျက်လုံးများ အောက်တွင် သူ့ဦးခေါင်းမှာ ပေါက်ကွဲသွားပြီး ခန္ဓာကိုယ် တစ်ခုသာ ကျန်ရစ်သည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။

ပြည်နယ်ကိုးခု ရှီအဆင့်ဝင် တစ်ယောက် ဖြစ်သော၊ ကျောက်ပြည်ထောင် ဘုရင်၏ အကြီးဆုံးသား ကျောက်ဟောင်သည် လှံရှည် တစ်ချက်ဖြင့် အသတ်ခံရ၏။ ဤကား ပြည်နယ်ကိုးခုတွင် ပြိုင်ဘက်ကင်း ဖြစ်သော ရီဖူရှင်း၏ စွမ်းရည်ပင် ဖြစ်ပေသည်။

မြေရိုင်းပြည်နယ်မှ လူများက အဖြူရောင်ဝတ် လူငယ်အား ကြည့်ကာ တုန်လှုပ်ရသည်။ အဖြူရောင်ဝတ် လူငယ်ကား သူတို့၏တော်ဝင်ကျဲ နန်းတော်သခင် ရီဖူရှင်းဖြစ်သည်။

ကောလာဟလများအရ ရှီဟွာတောင်မှ လျူကျောင်းသည် ရီဖူရှင်းအား နောက်ဆုတ် စေခဲ့၏။ သို့သော်လည်း ယနေ့တွင် ရီဖူရှင်းက ပြည်နယ်ကိုးခု ရှီအဆင့်ဝင် တစ်ယောက်အား လှံရှည် တစ်ချက်ဖြင့် သတ်ဖြတ်ခဲ့၏။

ရီဖူရှင်းမှလွဲ၍ တခြားမည်သူတို့ ပြိုင်ဘက်ကင်း ဘွဲ့နာမဖြင့် ထိုက်တန်ပါ အံ့နည်း။

ထိုအခိုက်တွင် သူပြောသော စကား၏ အလေးကို အားလုံး ခံစားကြရသည်။ အကယ်၍ သူသာ ဤနေရာမှ အသက်ရှင် လွတ်မြောက်ခဲ့လျှင် တော်ဝင်ကျဲ နန်းတော်မှ တစ်စုံ တစ်ယောက်ကို သတ်သည့် တော်ဝင်မြေတိုင်းအား ရှန့်ထိုသာ ကျန်ရစ်သော နေရာအဖြစ် ပြောင်းလဲစေမည်။

ကျောက်ပြည်ထောင် ဘုရင် လျှပ်တစ်ပြက် ကျောက်ဟောင်၏ အသက်မဲ့သော ခန္ဓာအား လှမ်းဖမ်း လိုက်သည်။ သူ့ထံမှ အဆုံးမဲ့သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ရီဖူရှင်းထံသို့ ဦးတည် လာခဲ့သည်။

“ကျောက်ပြည်ထောင်ဘုရင် ...” ရှန့်ထိုရှား၏ အေးစက်သောအသံက ကျောက်ပြည်ထောင် ဘုရင်အား စည်းကမ်းများကို သတိရစေသည်။

ကျောက်ပြည်ထောင် ဘုရင်က သူ၏ ကိုယ်ရောင်ကိုယ်ဝါကို ထိန်းချုပ်လိုက်ကာ ခေါင်းနှင့်ကိုယ် အိုးစားကွဲနေသော ကျောက်ဟောင်အား ကြည့်သည်။ ထိုအခိုက်တွင် သူ၏နှလုံးက တမြည့်မြည့် ပူဆွေးရ၏။

ကျောက်ဟောင်သည် ရီဖူရှင်းအား ယှဉ်နိုင်မည် မဟုတ်သည်ကို သူသိ၏။ သို့သော် အခြေအနေက ဤသို့ ဖြစ်လာမည်ဟု သူမထင်ထားပေ။ လှံတစ်ချက်တည်းက သူ၏ သားကျောက်ဟောင်အား အသက်ပျောက် စေ၏။

တစ်ချိန် တစ်ခါက သူ အထင်သေးခဲ့သော အရေးမပါသော ပုရွက်ဆိတ်ကလေးကား ယခု သူ့အား စစ်ခင်းရုံမက သူ့ဆက်ခံသူကိုပါ သတ်ဖြတ်ခဲ့လေပြီ။

ရီဖူရှင်းသည် ကျောက်ပြည်ထောင် ဘုရင်အား ကြည့်ခြင်းပင် မပြု။ သူက ဖီးနစ်ဓားအား ယူကာ သိမ်းဆည်း လိုက်၏။

သူက မော့ကြည့်ကာ လေထဲမှ ထိပ်သီး တန်ခိုးရှင်များအား လှံရှည်ဖြင့် ချိန်ရွယ်လျက် မေးသည်... “ကျုပ်နဲ့ ဘယ်သူ တိုက်ခိုက်ရဲသလဲ...”

သူ၏ဆံပင် လေထဲတွင် လွင့်နေကာ မြေရိုင်းပြည်နယ်မှ လူများ အားလုံးမှာ သူ့အား ကြည့်နေသော မျက်လုံးများ နီရဲလာပြီး မျက်ရည်များပင် ကျလုကျခင် ဖြစ်လာ၏။ သည်အရာကပင် ပြိုင်ဘက်ကင်း တစ်ယောက်၏ ဂုဏ်သရေ ဖြစ်ပေလိမ့်မည်။ လှံကို ချိန်ရွယ်ကာ သူမေးသော စကားကား သူ့ကို မည်သူတို့ တိုက်ခိုက်ရဲသနည်း။

ပြည်နယ်ကိုးခုလုံးနှင့် ရန်သူဖြစ်ရခြင်းက အရေး မဟုတ်ပေ။ သို့သော် သူ့ကို မည်သူတို့ တိုက်ခိုက်ရဲ သနည်း။ တော်ဝင်ကျဲ နန်းတော်မှ တစ်ယောက်အား သတ်ဖြတ်လျှင် ထိုတော်ဝင်မြေအား ရှန့်ထိုမှလွဲ၍ ဘာမှ မကျန်သော နေရာ ဖြစ်စေမည်။ သူ၏ လှံတစ်ချက်တွင် ရှန့်ထိုများပင် ထိတ်လန့် ကြရ၏။ လှံတစ်ချက်က ပြည်နယ်ကိုးခု ရှီအဆင့်မှ တစ်ယောက်အား အသက်ပျောက် စေ၏။ သူကား ကွန်းရှီအဆင့်သို့ ယခုမှ တက်ရောက်လာသူ ဖြစ်သည်။

ပြည်နယ်ကိုးခုတွင် သူ့အား မည်သူတို့ တားဆီး နိုင်ပါမည်နည်း။

ရှန့်ထိုရှားက လေထဲမှ လူငယ်အား ကြည့်သည်။ မင်းသမီးအား ငြင်းပယ်ရဲသော သူကား ဤသို့ မောက်မာနိုင်ခွင့် ရှိကာ ရီဖူရှင်းကား ထိုသို့လုပ်ရန် အဆင့်မီသည်ထက် ပို၏။

မင်းသမီးက ထွက်သွားခါနီးတွင် တော်ဝင်မြေများအား စည်းကမ်း မချိုးဖောက်စေရန် သူ့အား စောင့်ကြည့် စေခိုင်းခဲ့ခြင်းမှာ မထူးဆန်းတော့ပေ။ ရီဖူရှင်းသည် ဤနေရာမှ သတ်ဖြတ်ကာ ထွက်သွားနိုင်စွမ်း ရှိသည်ဟု မင်းသမီး ယုံကြည်နေသည်။

မင်းသမီးပင် ဤသို့ တွေးသည်ဆိုပါက ရှေးအုတ်ဂူထဲတွင် ဘာတွေ ဖြစ်ပျက်ခဲ့သနည်း။

အတွင်း၌ ရီဖူရှင်းက မင်းသမီးနှင့် တိုက်ခိုက်ခဲ့သလား။

ဤအရာက ရီဖူရှင်းအတွက် မင်းသမီး၏ စမ်းသပ်မှုလား။ ရီဖူရှင်းသာ အသက်ရှင် လွတ်မြောက်ခဲ့ပါက သူ၏အနာဂတ်မှာ ပြည်နယ်ကိုးခုကို ကျော်လွန် ပေလိမ့်မည်။

ရီဖူရှင်းက ရှီဟွာတောင်မှ ကျုံးခွေနှင့် လီတောက်ချူတို့အား ကြည့်သည်။

“မင်းတို့ နှစ်ယောက် ဘာကို စောင့်နေတာလဲ။ မင်းတို့ကို တစ်ယောက်ချင်း သတ်ဖြတ်တာကို ခံမလို့လား” ရီဖူရှင်း၏ မျက်လုံးများကို မြင်လျှင် ရှီဟွာတောင် ရှန့်ထိုက သတိပေးသည်။ တစ်ယောက်ချင်းတွင် ရီဖူရှင်းအား မည်သူတို့ တားဆီး နိုင်မည်နည်း။ ကျောက်ဟောင်ကား ဥပမာတည်း။

“သတ် ...” ခွန်ယိုက အေးစက်စွာ ပြောကာ ရှေ့သို့ တက်လာသည်။ နတ်ဆင်ကြီးက ဖိအားများ ဖြစ်ပေါ်အောင် နင်းခြေလျက် ရီဖူရှင်းထံသို့ ပြေးဝင်သည်။

သူနှင့် ရီဖူရှင်းအကြား သက်ညှာစရာ အကြောင်းမရှိပေ။ တခြားလူများ ပူးပေါင်း တိုက်ခိုက်မည် ကိုလည်း သည်လူရွယ် ရှီတန်ခိုးရှင်က သိပ်ခေါင်းထဲ ထည့်မည် မဟုတ်ပေ။

ကျုံးခွေထံမှ သူ၏ သက်စောင့်ဝိညာဉ် ရှေးခေါင်းလောင်း ပေါ်လာသည်။ ခေါင်းလောင်းသံ ထွက်ပေါ်လာကာ အနီးမှ လေထု တုန်ခါသည်။ အနီးမှ လူတိုင်းမှာ သူတို့၏ စိတ်စွမ်းအားများ ပြိုလဲတော့မည် ကဲ့သို့ ခံစားကြရ၏။ တစ်ချိန်တည်းမှာပင် လီတောက်ချူက လေထုကို လက်ဖြင့် ဖမ်းဆုပ်ဟန်လုပ်လျှင် ရီဖူရှင်းက သူ့အနားကို ကျောက်သား ကျောက်ဆောင်များ အလား ဖိအားများ ရစ်ပတ်လာသည်ကို ခံစားရ၏။

ကျောက်မင်ထံမှ လင်းလက်သော သက်စောင့်ဝိညာဉ် ဖီးနစ် အတောင်ပံများ ထွက်ပေါ်လာခဲ့ပြီး လေကိုခွင်းကာ ရီဖူရှင်းထံသို့ ပျံသန်းသည်။

ကျိရာထံမှ အဆုံးမဲ့သော အလင်းများ ဖြာထွက် လာသည်။ သူ့အပေါ်တွင် ဧရာမဓားကြီး တစ်လက် ပေါ်လာကာ ကောင်းကင်ကိုပင် ခွင်းနိုင်ဟန် ရနေသည်။

ပြည်နယ်ကိုးခု ရှီအဆင့်မှ နံပါတ်(၂)နေရာတွင် ရှိနေသော ကျိရာပင် ရှီတစ်ခိုးရှင် တစ်ပါးအား သတ်ရန် တခြားလူများနှင့် ပူးပေါင်း တိုက်ခိုက်ရသည်။

ပြည်နယ်ကိုးခု၌ ဤသို့သော အလေးပေးမှုကို ရီဖူရှင်း တစ်ယောက်သာ ရရှိနိုင်လောက် ပေသည်။

ထိုအခိုက်တွင် လူတစ်စု ရှေ့သို့တက်လာကာ ရီဖူရှင်းနောက်၌ ရပ်ကြသည်။ သူတို့၏ သက်စောင့်ဝိညာဉ်များ ထွက်ပေါ်လာကာ ချုပ်နှောင်ခြင်း လောကဓာတ်များ ပေါ်ထွက် လာတော့သည်။

အဆုံးမဲ့သော အလင်းများ ကျဆင်းလာခဲ့ကာ ပတ်ပတ်လည်၌ ချုပ်နှောင်ခြင်း အစီအရင်များ ပေါ်လာပြီး တိုက်ခိုက်မှုများအား ပျက်ပြယ် စေသည်။

ထိုမြင်ကွင်းအား ကြည့်ကာ လူအများအပြားမှာ ထိတ်လန့် ရသည်။

ယွီကလန်မှ တန်ခိုးရှင်များသည် ရီဖူရှင်းအား ကူညီကြ၏။

လက်ရှိတွင် ရီဖူရှင်းက ပြည်နယ်ကိုးခုလုံးနှင့် ရန်ဘက်ဖြစ်နေရာ သူ့အား ကူညီခြင်းမှာ လုံးဝ ကောင်းမွန်သော ရွေးချယ်မှုတစ်ခု မဟုတ်ပေ။

မှန်နန်းတော် သခင်မကား ယွီကလန်မှ လူများ၏ လှုပ်ရှားမှုကို မြင်လျှင် အခြေအနေကို နားလည် လိုက်သည်။ ဤသည်ကပင် ကျင့်ယွီချန်းမှ အသက်ဖြင့်ရင်း၍ ယူဆောင် လာပေးသော အခွင့်အရေး ဖြစ်၏။

ယွီကလန်ကား ရီဖူရှင်းနှင့် တရားဝင် မဟာမိတ်ပြုခြင်း ဖြစ်သည်။

***

All Chapters