ငါ မင်းကို စားရမလား
Vol. 87 Ch. 1130
မြောက်ကောင်းကင်သည် မင်တု၌ စံမြန်းသော ကောင်းကင်ယင်သားတော်၏ ပိုင်နက်ဖြစ်သည်။ မြောက်ကောင်းကင်၏ ဧရာမကုန်းမြေကြီးမှာ မြေအောက်ဘုံအရှင်သခင်၏ ချိုတစ်စိတ်တစ်ပိုင်းမှ ဖန်ဆင်းထားခြင်းဖြစ်ရာ ချင်မူ၏ ချင်စာလုံးမြေနှင့် ဆင်တူလေသည်။
သို့သော် မြေအောက်ဘုံအရှင်သခင်၏ ချိုအပြင် အမှောင်ပင်လယ်လည်း ရှိသည်။ ပင်လယ်က ကောင်းကင်ယင်သားတော် သန့်စင်ထားသည့် ရတနာတစ်ပါးဟု ဆိုရမည်။ ခမ်းနားလှသည် အမှောင်ပင်လယ်ကြီးကား မင်တုကုန်းမြေအောက် သေးငယ်မနေချေ။
မင်တုအပြင်၌မူ ကြယ်တာရာအစုအဝေး ၄၀ မှ ဖွဲ့တည်နေသော ကြယ်တာရာဘုံများ တည်ရှိကြသည်။ အမျိုးမျိုးသော ကောင်ကင်ဘုံများသည် ကျယ်ပြောလှသော ဤစကြ၀ဠာထဲတွင် မြောလွင့်နေကြ၏။
ယနေ့တွင် ကောင်းကင်ယင်သားတော်သည်လည်း မင်တု၏ မဟာစစ်တပ်ကြီးကို ဦးဆောင်လျက် မဟာလေဟာနယ်အား တိုက်ခိုက်ရန် ချီတက်သွားသည်။
ဂိုဏ်းကြီးလေးဂိုဏ်းစလုံး မဟာလေဟာနယ်တွင် ခွက်ခွက်လန် ရှုံးနိမ့်ခဲ့သောကြောင့် ကောင်းကင်နတ်အရှင်ဆယ်ပါးက ဒေါသူပုန်ထနေကြ၏။ ဤတစ်ကြိမ်တွင် သူတို့သည် ကောင်းကင်ယင်သားတော်အပါအဝင် ကျန်နတ်မင်းလေးပါး၏ အင်အားတို့ကို စုစည်းကာ မဟာလေဟာနယ်အား တစ်ချက်တည်းဖြင့် နှိမ်နှင်းဖို့ ရည်ရွယ်ထားလေသည်။
ချင်မူက မင်တုထဲတွင် လျှောက်သွားရင်း ၎င်းကောင်းကင်နန်းဆောင်၏ တည်ဆောက်ပုံမှာ အင်မတန် ထူးဆန်း၍ အန္တရာယ်ပြုနိုင်သော အရိပ်အယောင်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ နန်းတော်နံရံများပေါ်ရှိ ပန်းချီများနှင့် ရုပ်တုများမှာ သရဲသဘတ်များ၊ တစ္ဆေများ မဟုတ်လျှင် မိစ္ဆာနတ်ဘုရားများ ဖြစ်ကြသည်။ မဟာကာလ၏ ရုပ်တုများပင် ရှိကြ၏။
သို့သော် မြေအောက်ဘုံအရှင်သခင်၏ ရုပ်တုများ၊ တိုင်လုံးများ၊ နံရံပန်းချီများနှင့် ပန်းပုရုပ်များက အများဆုံးဖြစ်ချေသည်။
“အင်..” မြေအောက်ဘုံအရှင်သခင်ပိစိလေးက နဂါးချီလင်၏ နားထဲမှ ထွက်လာပြီ ထိုပန်းချီများ၊ ပန်းပုရုပ်များကို ကြောင်အစွာ ကြည့်နေသည်။ ကောင်းကင်ယင်သားတော်သည် အဘယ့်ကြောင့် သူ့ကို ကိုးကွယ်နေသည်လဲ သူ နားမလည်နိုင်ချေ။
ယန်အာက သူ့ကို အပြင်ထုတ်ပေးလိုက်ပြီး နဂါးချီလင်၏ ခေါင်းပေါ် တင်ကာ ဆုချသည့်အနေဖြင့် စွမ်းအင်ဆေးလုံးတစ်လုံး ပေးလိုက်သည်။
ပြောရလျှင် ဤပိစိလေးက ချင်းကျုံးကို သတိထားခဲ့မိသူ မဟုတ်ပါလော။ ထို့ကြောင့် ဆုပေးရန် ထိုက်တန်၏။
ချင်မူက ပတ်၀န်းကျင်ကို အကဲခတ်လိုက်သည်။ ကောင်းကင်ယင်သားတော်သည် မင်တု၏ စစ်အင်အားအများစုကို ခေါ်ဆောင်သွားခဲ့သည့်အတွက် ချင်မူ့ကို အန္တရာယ်ပေးနိုင်သူ များများစားစား မကျန်ရစ်ခဲ့ပေ။
‘ကောင်းကင်ယင်သားတော်က မြေအောက်ဘုံအရှင်သခင်ရဲ့ တကယ့် အမာခံပရိတ်သတ်ပဲ' ချင်မူမှာ မြေအောက်ဘုံအရှင်သခင်ရုပ်တုများကို ကြည့်၍ တိတ်တဆိတ် တွေးလိုက်မိသည်။
သူက မင်တုမှ ရှန်းလီနန်းတော်ကြယ်အစုအဝေးဆီသို့ ခရီးဆက်သွားပြီး ကောင်းကင်ဘုံတစ်ဘုံထဲ ၀င်ရောက်ကာ ကောင်းကင်နတ်အရှင်လင်၏ စာအတိုင်း လူတို့၏နေထိုင်မှုဘ၀ကို လေ့လာနေသည်။
သူ လိုက်လံကြည့်ရှုခဲ့ရာ ထိုနေရာရှိ လူများသည် အနောက်ကောင်းကင်မှ လူများနှင့် သိပ်မကွာကြောင်း တွေ့ခဲ့ရ၏။
ကောင်းကင်ယင်သားတော်သည် ဝိညာဉ်များကို ထိန်းချုပ်နိုင်သော လူသားမျိုးနွယ်နတ်မင်း ဖြစ်၍ မြေအောက်ဘုံအရှင်သခင်နှင့် တန်းတူ ရှိသည့်တိုင် သူ့ပိုင်နက်ရှိ လူများမှာ လူနေမှုအဆင့်အတန်း အနိမ့်ကျဆုံး ဖြစ်ကာ ရှေဟောင်းနတ်ဘုရားများနှင့် နတ်ဘုရားတစ်ပိုင်းတို့အတွက် အစာဘဝမှ မကျွတ်လွတ်ကြသေးပေ။
လူသားများမှာ ရှင်သန်နိုင်ရန် ရုန်းကုန်နေကြရသည်။ မကြာခဏဆိုသလို ရေကြီးမှုများနှင့် သားရဲရိုင်းများကဲ့သို့သော အန္တရာယ်များ တွေ့ကြုံကြရ၏။ ထိုမျှသာမက ကောင်းကင်နတ်သိုင်းပညာရှင်တို့၏ ခေါင်းပုံဖြတ်မှုနှင့် မိစ္ဆာနတ်ဘုရားတို့၏ သဘောထားသိမ်ဖျင်းမှုတို့ကိုလည်း လှိမ့်ခံကြရဿည်။ ယဇ်ပူဇော်မှုများသာ အချိန်မှန်မလုပ်ပါက မိစ္ဆာနတ်ဘုရားများက သူတို့အား ကျိန်စာတိုက်တတ်ကြသည်။
များစွာသော ဘုရားကျောင်းများမှာ လူတို့ဖြင့် ပြည့်သိပ်၍ အခိုးအငွေ့များ ကြိုင်ကြိုင်လှိုင်နေကြသည်ကို ချင်မူ မြင်နေရသည်၏။ ထိုအခိုးအငွေ့များမှာ အမွှေးနံ့သာ ဖြစ်ဟန်မတူချေ။ ထိုအစား အနီးအနားရှိ မြို့ရွာများမှ လူတို့သည် လူငယ်အပျိုလေးများနှင့် သိုး၊ နွားကဲ့သို့သော တိရစ္ဆာန်များကို ခေါ်လာ၍ ခမ်းနားမြင့်မြတ်သော မိစ္ဆာနတ်ဘုရားများထံတွင် ယဇ်ပူဇော်နေကြခြင်း ဖြစ်လိမ့်မည်။
အမွှေးတိုင် ထွန်းညှိလိုက်လျှင် မိစ္ဆာနတ်ဘုရားများက မိစ္ဆာချီများ စီးနင်းလျက် ဆင်းသက်လာကာ ယဇ်ပူဇော်မှုများကို စားသုံးကြသည်။
ချင်မူ ထိုကောင်းကင်ဘုံ၏ ဧရာမမြစ်ကြီးတစ်စင်းမှ ဖြတ်သွားသည့်အခါ ရွာသားများသည် မိန်းမငယ်များကို ဖောင်တို့အပေါ် တင်၍ ရေစီးနှင့်အတူ မျှောချလိုက်သည်ကို တွေ့လိုက်ရသည်။
ယင်းက မြစ်နတ်ဘုရားအတွက် ယဇ်ပူဇော်မှု ဖြစ်ချေသည်။ မြစ်နတ်ဘုရားသည် မိန်းမငယ်များကို စားသုံးပြီးနောက် မြစ်ကမ်းနှစ်ဖက်လုံးတွင် ရေကြီးရေလျှံမှုများ ပပျောက်စေလိမ့်မည်။
လူငယ်မိန်းမပျိုလေးများအား မီးတောင်ထဲ ပစ်ချနေသော ရွာသားများကိုပင် တွေ့လိုက်ရသည်။ ထိုမီးတောင်အတွင်း၌ တောင်နတ်ဘုရား နေထိုင်၏။
ယဇ်မပူဇော်ပါက တောင်နတ်ဘုရားသည် အမျက်ထွက်ပြီး မီးတောင်ကို ပေါက်ကွဲစေလိုက်ကာ ပတ်၀န်းကျင် မိုင်တစ်ထောင်ကျော်အား မီးတောင်တိုက်သွင်းပစ်တတ်၏။ ထိုအခါ မရေမတွက်နိုင်သော လူများစွာ အရှင်လတ်လတ် မီးမြိုက်ခံရလိမ့်မည်။
ချင်မူသည် ဤကောင်းကင်ဘုံ၏ ကြွယ်၀အချမ်းသာဆုံး နေရာသို့ ရောက်ရှိလာသည့်အခါ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ ကျွန်လုပ်သားများအဖြစ် မိုင်းတွင်းများ၌ ခိုင်းစေခံနေရသည်ကို တွေ့လိုက်ရသည်။
သူတို့၏မူလဝိညာဉ်များမှာ ဝိညာဉ်အစီအရင်တစ်မျိုးမျိုးဖြင့် ထိုးဖောက်ခံထားရလေသည်။ အမြင့်တွင် ရပ်နေသော နတ်ဘုရားတို့က ကြာပွတ်များ ကိုင်လျက် ကျွန်များအား ကြီးကြပ်နေကြသည်။ ကျွန်များ အနည်းငယ် ဂရုမစိုက်မိသည်နှင့် ကြာပွတ်များသည် ဖြန်းခနဲ ရောက်လာကြကာ သူတို့ ဝမ်းနည်းပက်လက် အော်ဟစ်ညည်းညူရသည်အထိ ဝိညာဉ်တို့ကို ရိုက်နှက်တတ်ကြသည်။
ကောင်းကင်ယင်သားတော်သည် ကောင်းကင်နတ်အရှင်ဟောင်နှင့် သွေးဆက်တူ၏။ ကောင်းကင်နတ်အရှင်ဟောင်က လူသားတစ်ပိုင်း ဖြစ်သော်လည်း သူ့ကိုယ်သူ လူသားဟု ဘယ်တုန်းကမှ မမှတ်ယူခဲ့ချေ။ အလားတူပင် ကောင်းကင်ယင်သားတော်မှာ လူသားဖြစ်သော်လည်း သူ့ကိုယ်သူ လူသားတစ်ယောက်အဖြစ် မသတ်မှတ်ချေ။
ချင်မူ စိတ်ထဲတွင် အတော်လေး ကြေကွဲဝမ်းနည်းမိသည်။ တစ်ခါတစ်ရံတွင် လူသားများအပေါ် အရက်စက်ဆုံးမှာ နတ်ဘုရားတစ်ပိုင်းများမဟုတ်ဘဲ လူသားများကိုယ်တိုင်ပင် ဖြစ်ကြချေသည်။
ချင်မူမှာ သူ့အရှေ့ရှိ မြင်ကွင်းကို ဆက်မကြည့်နိုင်တော့ချေ။
ကောင်းကင်နတ်ဘုံနှင့် ကမ္ဘာဦးဘုံအပြင်ရှိ အပြင်လောကကို သူ တွေ့မြင်ခဲ့ချင်ဖူးသည်။ သို့သော် တွေ့မြင်ရလေလေ၊ မခံစားနိုင်လေလေ ဖြစ်ရ၏။
တွေ့မြင်သမျှ အားလုံးကို စုပြုံသတ်ဖြတ်ချင်မိသော်လည်း သူတစ်ယောက်တည်းဖြင့် အရာရာတိုင်းကို ပြောင်းလဲရန်မှာ ခက်ခဲချေသည်။
'ကောင်းကင်နတ်အရှင်ဟွေ့၊ ခင်ဗျားက ဘာကို ပြောင်းလဲဖို့ ကြိုးစားနေတာလဲ”
သူ ရယ်လိုက်မိ၏။ ယနေ့တွင် ကောင်းကင်နတ်ဘုံ၌ လူသားမျိုးနွယ်၏ ထိပ်တန်းသိုင်းပညာရှင်များစွာ ရှိနေပြီဖြစ်သဖြင့် ကောင်းကင်နတ်အရှင်ရှောင်မှာ သူ့ပေါ ဂရုမစိုက်အားပေ။ သို့သော် ကောင်းကင်နတ်အရှင်ဟွေ့က လူသားမျိုးနွယ်၏ ကောင်းကင်နတ်အရှင်စစ်စစ် မဟုတ်လော။
ကောင်းကင်နတ်အရှင်ဟွေ့၊ ကောင်းကင်ယင်သားတော်၊ တာအိုဘိုးဘေးကြီး၊ ဗြဟ္မဗုဒ္ဓ၊ ကောင်းကင်အရှင်သခင်ပိုင်ယွီကျင့်… ထိုသူတို့၏ အစွမ်းအစများသည် အားမနည်းပေ။ သူတို့အပြင် ခိုင်ဧကရာဇ်ကဲ့သို့ ပုဂ္ဂိုလ်များလည်း ရှိကြ။ သို့စေကာမူ လူသားများမှာ အနိမ့်ကျဆုံး ဖြစ်နေသေးသည်။
ကောင်းကင်နတ်အရှင်ဟွေ့က သူ့ကိုယ်သူ မြင့်မြတ်သူတစ်ဦးအဖြစ် အမြဲပြုမူခဲ့သည်။ ချင်မူမှာ ကောင်းကင်နတ်အရှင်ဟွေ့၏ ပိုင်နက်သို့ သွားရောက်၍ သူ့လက်အောက်ရှိ လူသားများ မည်သို့နေထိုင်ကြသည်ကို ကြည့်ချင်လာမိသည်။
သူက မြောက်ဘက်ရှိ ကောင်းကင်ဘုံများကို စွန့်ခွာကာ တောင်ဘက်ရှိ ကောင်းကင်ဘုံများဆီ ထွက်ခွာလာခဲ့သည်။
တောင်ကောင်းကင်သည် ဇာမဏီနတ်မင်း ချီရှားယွီ၏ အာဏာစက်အောက်တွင် ဖြစ်သည်။ နာမည်အရ အုပ်ချုပ်သူမှာ သူမ ဖြစ်သော်လည်း အမှန်တွင် ကောင်းကင်နတ်အရှင်ဟွေ့က အုပ်ချုပ်၏။
ဇာမဏီနတ်မင်း၏ မျိုးဆက်တိုင်းမှာ ကောင်းကင်နတ်အရှင်ဟောင် ထောက်ပံ့ပေးထားသော ရုပ်သေးရုပ်များနှင့် မခြားပေ။ ရှေးခေတ်ကတည်းက ဇာမဏီနတ်မင်းဟု လူသိကြသော်လည်း အာဏာအစစ်က သူ့လက်ထဲတွင်သာ ရှိချေသည်။
ကောင်းကင်နတ်အရှင်ဟွေ့သည် တောင်ကောင်းကင်၏ အုပ်ချုပ်သူအစစ် ဖြစ်နေသည့်အတွက်ကြောင့်လည်း တောင်နတ်မင်းကျုချွဲနှင့် အငြိုးအတေး ရှိခဲ့ရခြင်းဖြစ်သည်။
တောင်နတ်မင်းကျုချွဲက စကြ၀ဠာအစွန်းရှိ တောင်၀င်ရိုးစွန်းကို အုပ်ချုပ်သဖြင့် တောင်ကောင်းကင်နယ်စပ်နှင့် နီးကပ်လေသည်။ သူမ၏ပိုင်နက်များမှာ အရေးပါသည်ဟု သတ်မှတ်မခံရချေ။
သို့ထိတိုင် ကောင်းကင်နတ်အရှင်ဟွေ့က တောင်ဝင်ရိုးစွန်းသို့ အမြဲတစေ ကျူးကျော်ခဲ့ပြီး ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် တိုက်ခိုက်လာသည့်အခါ တောင်နတ်မင်းကျုချွဲမှာ ခုခံရန် မည်သည့်တပ်ဖွဲ့မှ မရှိသည်အထိ ဖြစ်ခဲ့ရသည်။
ချင်မူက ဇာမဏီနတ်မင်း၏ စွမ်းအင်အကူးအပြောင်းတံတားမှ ထွက်လာပြီး ဟိုဟိုသည်သည် သူသည် တောင်ဘက်တွင် ဇာမဏီနတ်မင်းကောင်းကင်နန်းဆောင်ကို ဗဟိုပြုလျက် ခြံရံထားသည့် ကောင်းကင်ဘုံများစွာအား တွေ့လိုက်ရသည်။ ၎င်းတို့က အရွယ်စုံအနီရောင်ကြယ်များ ကောင်းကင်ထက်၌ တွဲခိုလျက် တလက်လက် တောက်ပနေသကဲ့သို့ အင်မတန် လှပတင့်တယ်နေချေသည်။
ချင်မူသည် ဇာမဏီနတ်မင်း ကောင်းကင်နတ်ဘုံသို့ တန်းဝင်မသွားဘဲ လှည့်ပတ်နေ၏။ တောင်ကောင်းကင်ရှိ လူများမှာ ပျော်ရွှင်တင်းတိမ်စွာ အလုပ်လုပ်နေကြပြီး အရာအားလုံး စနစ်တကျဖြစ်နေဟန် ရှိသည်။
ရောင်စုံဇာမဏီငှက်တစ်ကောင်က တေးသီငှက်ကဲ့သို့ ကြည်လင်စွာ မြည်တွန်ရင်း ကောင်းကင်ကို ဖြတ်ကာ ပျံသန်းသွားသည်။
ချင်မူက ရေစပ်နားသို့ လျှောက်သွားလိုက်သည့်အခါ တောင်၏ စမ်းချောင်းထဲတွင် နတ်နဂါးတစ်ကောင် ပုန်းခိုနေကြောင်း တွေ့လိုက်ရသည်။ ၎င်းက ကြည်လင်နေသော ရေထဲတွင် ခွေနေပြီး ပါးစပ်ဟ၍ နေနှင့် လအနှစ်သာရကို စုပ်ယူထားသော နဂါးပုတီးစေ့တစ်လုံး ထွေးထုတ်လိုက်သည်။
တောင်၏တောအုပ်ထဲမှ တဝှီးဝှီးအသံများ ထွက်ပေါ်လာသည်။ ချီလင်တစ်ကောင်က တောအုပ်အတွင်းမှ ထွက်လာကာ စမ်းချောင်းတွင် ရေလာသောက်သည်။ ၎င်းက သူတို့ကို အဝေးမှ တစ်ချက်ကြည့်ပြီးနောက် ခေါင်းငုံ့လျက် ရေဆက်သောက်နေ၏။
ဤစမ်းချောင်းကပ်ရပ်တွင် မိသားစုဆယ်စုကျော် နေထိုင်ကြသည်။ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းပင် တည်ထောင်ထား၍ စာရွတ်ဆိုသံများ ကြည်လင်ပြတ်သားစွာ ထွက်လာနေသည်။
ချင်မူမှာ အံ့အားသင့်သွားပြီး အသံတို့အား ဂရုတစိုက် နားထောင်လိုက်၏။
“အရှင်ဘုရင်က လက်အောက်ငယ်သားကို ဦးဆောင်တယ်…. အဖေက သားကို ဦးဆောင်တယ်… ခင်ပွန်းက ဇနီးကို ဦးဆောင်တယ်… သူတို့က အဓိကဦးဆောင်သူသုံးဦးပဲ”
ချင်မူ မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။ “ဒါက လူသားတွေကို မပုန်ကန်အောင် သင်နေတာပဲ…”
သူသည် ဤတောင်ရွာကလေးမှ ထွက်ခွာတော့မည့်အချိန် ရုတ်တရက် အသုဘသီချင်းသံ ကြားလိုက်ရသဖြင့် ရပ်လိုက်၏။ ရွာရှိ အဘိုးအိုတစ်ယောက်၏ အသုဘဖြစ်သည်။ ရွာသားများက အဖုံးအုပ်မထားသော ခေါင်းတလားကို သယ်လာကြသည်။ ထိုအပေါ်တွင် အဘိုးအိုကြီးတစ်ဦးက လက်များယှက်၍ အခြားရွာသားများအား ပြုံးရွှင်စွာ နှုတ်ဆက်နေသည်။ “ဒီနေ့ ငါဟာ နတ်ဘုရားတွေကို အလုပ်အကြွေးပြုဖို့ ကောင်းကင်ဘုံဆီ တက်လှမ်းတော့မယ်… ဝမ်းမနည်းကြနဲ့”
ချင်မူမှာ ရိုးရာဓလေ့ကို နားမလည်သဖြင့် ရပ်၍ ကြည့်နေမိသည်။
ရွာသားများက မောင်းများ၊ ဗုံများ တီးခတ်လျက် ခေါင်းတလားအား ရွာတစ်လျှောက် သယ်ဆောင်ရင်း ဆယ်မိုင်ကျော်ရှိ ဘုရားကျောင်းဆီသို့ လျှောက်သွားကြ၏။ စောင့်ကြပ်နေသည့် တာအိုရသေ့သည် တံခါးကို အလျင်အမြန် ဖွင့်ကာ အသုဘအခေါင်းအား ၀င်ရောက်စေသည်။
ဗုံသံများက နားအူမတတ် ဆူညံနေသည်။ ရွာသားတို့က အဘိုးအိုကြီးနှင့် ခေါင်းတလားကို ခန်းမထဲရှိ နတ်ဘုရားရုပ်တုရှေ့တွင် ချလိုက်ကြပြီး အမွှေးတိုင်အချို့ ထွန်းညှိပြီးနောက် လူစုခွဲသွားကြ၏။
ချင်မူ၊ နဂါးချီလင်နှင့် ယန်အာမှာ အပြင်၌ ရပ်၍ ကြည့်နေကြသည်။ တခဏကြာသော် အလင်းတန်းတစ်တန်းသည် ကောင်းကင်မှ ဖြာကျလာပြီး နတ်ဘုရားရုပ်တုရှေ့သို့ ကျရောက်ကာ ငှက်ဦးခေါင်းနှင့် လူခန္ဓာ ရှိသည့် နတ်ဘုရားတစ်ပါးအသွင် ဖွဲ့တည်သွားလေသည်။
ခေါင်းတလားထဲရှိ အဘိုးအိုက မကြောက်ပေ။ သူက ဦးညွှတ်အရိုအသေပေးကာ လျှောက်တင်သည်။ “နိမ့်ကျလှတဲ့ တောင်ရွာသားက တောင်နတ်ဘုရားလီကို ဂါ၀ရပြုပါတယ်”
ငှက်ဦးခေါင်းနှင့်နတ်ဘုရားက သူ့ကို ခြေအစခြေအဆုံး ကြည့်သည်။ “မင်းက ဒီနှစ် အသက်ဘယ်လောက် ရှိပြီလဲ”
“တောင်နတ်ဘုရားလီ၊ ကျွန်တော်က အသက် ၆၀ ပါ”
တောင်တန်းနတ်ဘုရားလီက ပြော၏။ “လူတွေ အသက် ၆၀ အထိ နေနိုင်တာ ရှားတယ်.. မင်းက ဒီအသက်အထိ နေနိုင်တာဆိုတော့ အတော်လေး ဩချလောက်စရာပဲ”
အဘိုးအိုက တောက်ပစွာ ပြုံးလျက် ဖြေသည်။ “အသက် ၆၀ အထိ နေနိုင်တဲ့သူက စည်းမျဉ်းအတိုင်း တောင်နတ်ဘုရားကို အလုပ်အကျွေးပြုရပါတယ်…. ကျွန်တော့် မြေးတွေ အရွယ်ရောက်လာတာကို မြင်ပြီးပြီဆိုတော့ နောင်တမရှိပါဘူး..”
တောင်တန်းနတ်ဘုရားလီက ခေါင်းညိတ်ကာ တလေးတစား မေးသည်။ “ဒါဆိုရင် ငါ မင်းကို စားခွင့်ရှိမလား”
“ကျေးဇူးပြုပြီး စားပေးပါ” အဘိုးအိုက အားရကျေနပ်စွာ ဖြေလိုက်၏။