← Chapters

သေရာပါအားနည်းချက်

Vol. 87 Ch. 1132

သေရာပါအားနည်းချက်

Vol. 87 Ch. 1132

ယန်အာက မီးငြိမ်းရန် ‌ကြိုးစားနေသော သနားစရာ ဧကရာဇ်ပလ္လင်အဆင့်ပုဂ္ဂိုလ်၏ အဖြစ်ကို ကြည့်နေသည်။ သူမက တောင်ပံတဖျတ်ဖျတ် ခတ်ကာ မေး၏။ “သခင်လေး၊ နင့်ရဲ့မီးတောက်ကို သူတို့ ဘာလို့ မငြိမ်းနိုင်တာလဲ…. ငါ မြင်ရတာတော့သူတို့ရဲ့ ချီစွမ်းအင်၊ သိုင်းအဆင့်နဲ့ ကောင်းကင်နတ်သိုင်းစွမ်းအားက နင့်ထက် အများကြီး သန်မာပါတယ်”

“သူတို့ အရင်က မသင်ဖူးဘူးလေ”

ချင်မူက အေးစက်စွာ လှောင်ပြောင်လိုက်သည်။ “ပြောရရင် ကောက်းကင်နတ်အရှင်ဟွေ့က သူတို့ကို မသင်ပေးခဲ့တာပေါ့…”

နဂါးချီလင်က ချင်မူ့ကို ဂရုတစိုက် ကြည့်၍ ပြောသည်။ “ဂိုဏ်းသခင်၊ ကျွန်တော်တော့ တောင်ကောင်းကင်က အဆင်ပြေနေတာပဲလို့ ထင်တယ်…. လူတွေက အနည်းဆုံးတော့ အသက် ၆၀ မပြည့်သေးသရွေ့ ကပ်ဘေးတွေကို စိတ်ပူစရာမလိုဘဲ အခြေချနိုင်ကြတယ်လေ…. လူတွေကြည့်ရတာ ပျော်ရွှင်နေကြတဲ့အပြင် အပူအပင်ကင်းနေကြတဲ့ပုံပါပဲ”

“သူတို့မှာ ရေရှည်တွေးပူစရာတွေ မရှိရင် ရေတိုတွေးပူစရာတွေရှိ ရှိကိုရှိရမယ်.… လူဆိုတာ ပူပန်ရတဲ့အချိန်တွေမှာ‌မှ တိုးတက်ပြီး အေးအေးချမ်းချမ်း သေဆုံးကြရတာ…. အပြင်ကနေ ကျူးကျော်လာတဲ့သူ တစ်ယောက်မှမရှိရင် အပြင်က လောကအကြောင်း ဘယ်တော့မှ မသိဘဲ နွားခြေရာခွက်ကိုပဲ ကမ္ဘာထင်နေတော့မှာပေါ့”

ချင်မူ အေးစက်စွာ သရော်နေသည်။ “အပြင်က ရန်သူတစ်ယောက်သာ ကျူးကျော်လာခဲ့ရင် အလိုလိုက်ခံထားရ‌ပြီး ခေါင်းမာနေတဲ့ ဒီအရူးတွေက တောင့်ခံနိုင်မယ် ထင်လို့လား…. တခြားသူမပြောနဲ့…. ငါ့ရဲ့ အစ်ကိုသုံး ကျန်းပိုင်ကွေ့တောင် တောင်ကောင်းကင်ထဲက ကျောက်စိမ်းမြို့တော်အဆင့် သိုင်းသမားတစ်ရာလောက်နဲ့ တိုင်းပြည်တွေရော၊ ဇာမဏီနတ်မင်းကောင်းကင်နန်းဆောင်က သန်းနဲ့ချီတဲ့ မိစ္ဆာတွေ၊ ‌နတ်ဘုရားတွေရော ဆယ်ခါပြန် ချေမှုန်းပစ်နိုင်တယ်…. “

သူက ဒေါသတချောင်းချောင်း ထွက်လျက် အင်္ကျီလက်အိုးများကို ခါကာ ပြောသည်။ “မမကြီးယန်အာ၊ အဲ့မီးတောက်တွေကို သွားငြိမ်းပေးလိုက်ပါ….”

ယန်အာသည် ထိုမီးတောက်အကြောင်း စဉ်းစားလိုက်၏။ ၎င်းက ယိုတိုနတ်သိုင်းဖြစ်ပြီး ချင်မူ ယခင်က ကျင့်ကြံနေသည်ကို သူမ မြင်ဖူးသည်။ ထို့ကြောင့် သူမက ၀၀တုတ်တုတ် ကောင်မလေးတစ်ယောက်အဖြစ် ပျံသန်းသွားပြီး လက်များကို ဝှေ့ရမ်းလိုက်ရင်း မီးတောက်များကို ပျောက်ကွယ်သွားစေသည်။

မြို့ထဲရှိ ကောင်းကင်နတ်အရှင်ဟွေ့၏ တပည့်များမှာ သူမကို ငေး၍ ကြည့်နေကြသည်။ ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်က အလျင်အမြန် အရိုအသေပြုလေသည်။ “သခင်မလေး၊ မင်းရဲ့ စွမ်းဆောင်နိုင်ရည်က အံ့မခန်းပါပဲ…. မင်းက ဘယ်တောင်တန်းရဲ့ တန်ခိုးရှင်ပါလဲ…. ကျုပ် ယန်ယစစ် က အရိုအသေပြုပါတယ်”

ယန်အာသည် ကောင်းကင်နတ်အရှင်ဟွေ့ကို ရွံရှာသဖြင့် သူ့တပည့်များကိုလည်း မနှစ်သက်ချေ။ ထို့ကြောင့် ဟွန့်ခနဲ အသံပြုပြီးနောက် ပြန်ထွက်လာသည်။

ယန်ယစစ်မှာ ကြောင်အသွား၏။ သူက အင်္ကျီလက်စများ မတင်၍ အပြစ်တင်တော့သည်။ “ယဉ်ကျေးမှုမရှိလိုက်တာ….. ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်သလဲ”

ကျန်သူများကလည်း အသီးသီး ဝေဖန်ကြသည်။ “ကောင်းကင်နတ်အရှင်က ‌လူဆိုးတွေနဲ့ မိန်းမတွေပဲ ပြောဆိုရခက်တယ်လို့ ပြောဖူးတယ်…. ဒီလိုရိုင်းစိုင်းမှုမျိုးက တွေ့မြင်နေကျမဟုတ်ဘူး”

ချင်မူက ယန်အာနှင့် နဂါးချီလင်တို့ကို ခေါ်ကာ မြို့ထဲမှ ထွက်သွားသည်။ ရုတ်တရက် သူသည် တစ်ခုခုကို နားလည်သွားသကဲ့သို့ တုံ့ခနဲ ရပ်သွားရာ နဂါးချီလင်နှင့် ယန်အာမှာ ဇဝေဇဝါ ဖြစ်သွား၏။

ရုတ်တရက် ချင်မူက အော်လိုက်သည်။ “ငါ ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ အားနည်းချက်ကို သိပြီ”

နဂါးချီလင်လည်း ဉာဏ်အလင်းပွင့်သွားသည်။ “ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ အားနည်းချက်က ယိုတုကောင်းကင်နတ်သိုင်းတွေပဲ… ဒါက အားနည်းချက်ကြီးတစ်ခုတောင် မဟုတ်ဘူး သေစေနိုင်တဲ့ အားနည်းချက်ပဲ”

ချင်မူက ‌ခေါင်းညိတ်၍ ပြောသည်။ “သူ့တပည့်တွေ ငါ့ရဲ့မိစ္ဆာမီးတောက်ကို မငြိမ်းသတ်နိုင်တာက ကောင်းကင်နတ်အရှင်ဟွေ့လည်း နားမလည်ဘူးဆိုတာ ပြသနေတယ်…. သူရဲ့ ယိုတုကောင်းကင်နတ်သိုင်းအဆင့်က နိမ့်ကျလွန်းတယ်… သူ့မူလဝိညာဉ်က သန်မာပေမယ့် သူ့ဝိညာဉ်က နိမ့်ကျလွန်းတဲ့ အဓိပ္ပာယ်ပဲ…. ဒီအားနည်းချက်က အသက်ကို သေစေနိုင်တယ်”

ကောင်းကင်နတ်အရှင်ဟွေ့သည် တောင်နတ်မင်းကို သတ်၍ သူမ၏သိုင်းကျင့်စဉ်ကို သိမ်းပိုက်ခဲ့သည်။ ၎င်းက သူ့ကို မှော်စွမ်းအင်တွင် များစွာ အားကောင်းစေခဲ့ရာ ကောင်းကင်နတ်အရှင်ဆယ်ပါးတွင် ပထမ မဟုတ်လျှင်တောင်မှ ထိပ်ဆုံးသုံးဦးတွင် ပါ၀င်လာခဲ့၏။

မီး‌ကောင်းကင်နတ်သိုင်းလမ်းစဉ်ရှိ သူ၏အောင်မြင်မှုများကို မည်သူမှ မကျော်လွန်နိုင်ချေ။ သူသည် အနည်းဆုံး ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် ၁၈ ခုကို ပေါင်းစည်းထားသည့်အလျောက် ပိုမိုအင်အားကြီးမားသော ကောင်းကင်နတ်အရှင်များထဲမှ တစ်ဦးဖြစ်ကြောင်း ပြသနေသည်။

သို့သော် သူ၏အားနည်းချက်မှာ ကြီးမားလှ၏။

ထို့ကြောင့် သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်သူကား မြေအောက်ဘုံအရှင်သခင်၏ သမီးတော် ကောင်းကင်နတ်အရှင်ရှုပင်။

'ကောင်းကင်နတ်အရှင်ဟွေ့က ဒါကို သိတဲ့အတွက် ကောင်းကင်နတ်အရှင်ရှုအနား ကပ်ခဲ့တာပဲ…. သူက အများထင်နေသလို ရဲရဲတောက်စိတ်ဓာတ်ကို ပိုင်ဆိုင်ထားတာမဟုတ်ဘူး….အဲ့ဒီအစား ကလိမ်ကကျစ်တစ်ယောက်ပဲ”

ချင်မူက တွေးနေသည်။ 'ကောင်းကင်နတ်အရှင်ရှုအပြင် ကောင်းကင်နတ်အရှင်ရုံလည်း ရှိသေးတယ်…. သူနဲ့ ကောင်းကင်နတ်အရှင်ရုံ မတည့်တာ ဒီအကြောင်းကြောင့်များလား’

‘တကယ်တော့ ကောင်းကင်ယင်သားတော်လည်း သူ့ကို ခြိမ်းခြောက်နိုင်တာပဲ… သူ့အားနည်းချက်က ကြီးမားလွန်းတယ်…. ဘယ်လောက်ပဲ ကောင်းကောင်း ဖုံးကွယ်ပါစေ ခြေရာလက်ရာ ကျန်ခဲ့မှာပဲ’

တောင်ကောင်းကင်ဆီသို့ ကျူး‌ကျော်မှုဖြစ်လာလျှင် သူတို့သည် လုံး၀ ခုခံနိုင်တော့ဘဲ ဖရိုဖရဲဖြစ်သွားလိမ့်မည်။ ထို့မှသာ သူ့လူများသေဆုံးသွားမှုကြောင့် သူ၏မကောင်းမှုများနှင့် အပြစ်များကို ပေါ်လွင်လာစေလိမ့်မည်။

ထိုအခါ သူသည် လူသားမျိုးနွယ်ကို နွံထဲ့သို့ ဆွဲချခဲ့သော အပြစ်သားတစ်ယောက် ဖြစ်လာလိမ့်မည်။

သူ၏စံနှုန်းများနှင့် ‌ခေါင်းမာမှုလည်း ပြိုလဲသွားလိမ့်မည်။ ထိုအချိန်မှသာ သူ့အမှားများကို သဘောပေါက်နားလည်ပေလိမ့်မည်။ ထိုအချိန်မတိုင်ခင်တော့ သူသည် ထူးဆန်းသော စည်းမျဉ်းများ ချမှတ်ရုံဖြင့် လူသားများကို ကာကွယ်ပေးနေသော လူတစ်ဦးသာ ဖြစ်ပေလိမ့်မည်။

သူ၏ ‌ကောင်းမှု၊ မကောင်းမှုများကို တောင်ကောင်းကင်ရှိ လူများ မမြင်နိုင်ကြချေ။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှ လာရောက်ခဲ့သူတချို့ပင်လျှင် တောင်ကောင်းကင်သည် လူသားမျိုးနွယ်အတွက် ဖြူစင်သောနယ်မြေတစ်မြေဖြစ်သည်ဟု ထင်ကြလိမ့်မည်။

ကောင်းကင်နတ်အရှင်ဟွေ့က အပြစ်သားတစ်ယောက်ဖြစ်သည်ဟု ချင်မူ အတင်းအကြပ်ပြောလိုက်လျှင် တောင်ကောင်းကင်ရှိ လူများကို ဒေါသထွက်စေလိမ့်မည်။ သူတို့သည် ချင်မူ့ကို နားမလည်ဘဲ သေဒဏ်ပေးရန် အော်ဟစ်ကြလိမ့်မည်။

လူတစ်ယောက်၏ ကောင်းမှု၊ မကောင်းမှုများကို ဆင်ခြင်နိုင်ရန် အချိန်များစွာ ယူရ၏။ သမိုင်းကြောင်း၏ ဖုန်မှုန့်တို့ အနည်ကျသွားသည့်အချိန်မှ တစ်ဦးတစ်ယောက် အမှားလုပ်ခဲ့သည်တို့ကို သိရလေသည်။

ချင်မူက စိတ်တည်ငြိမ်စေလိုက်ရင်း ‌ရှုခင်းလှသော တောင်ကောင်းကင်ရှိ နေရာတစ်နေရာသို့သွား၍ အိမ်အချို့ မြင်ယောင်ဖန်ဆင်းလိုက်သည်။ ဤနေရာတွင် ခေတ္တ နေထိုင်ကာ ကောင်းကင်နတ်အရှင်လင်၏ စာကို လေ့လာရပေမည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အတော်များများ နားလည်ခဲ့သော်လည်း ကျင့်စဉ်တစ်ခု မဖော်ဆောင်နိုင်သေးချေ။

နဂါးချီလင်နှင့် ယန်အာမှာ အနားယူချိန်ရသဖြင့် စိတ်လွှတ်ကာ ဟိုဟိုသည်သည် ပြေးလွှားနေကြသည်။ ချင်မူလည်း နှောင့်ယှက်မည့်သူ မရှိသဖြင့် ပန်းအိုးကို စားပွဲပေါ်တင်ကာ အထဲဝင်လိုက်ပြီး အတွင်းရှိ အိမ်ထဲသို့ ရောက်လာ၏။

ခုံပေါ်ရှိ ရေနွေးကြမ်းမှာ နွေးနေဆဲပင်။ ချင်မူက ဝေစွေ့ဖုန်း ချန်ထားခဲ့ပုံရသော ရေနွေးခွက်ကို မြှောက်လိုက်သည်။ အနံ့ခံကြည့်လိုက်သည့်အခါ လန်းဆန်းသွား၏။

ချင်မူက ရေနွေးကြမ်းသောက်ရင်း ဖတ်ရှုနေသည်။

ကောင်းကင်နတ်အရှင်လင်၏စာမှာ ဖန်ဆင်းခြင်းလမ်းစဉ်ဘက်သို့ ပို၍တိမ်းစောင်းသော်လည်း သင်္ချာသဘောတရားများ မပါသဖြင့် ဖတ်ရခက်လေသည်။

ချင်မူသည် ဖန်ဆင်းခြင်းလမ်းစဉ်တွင် ပညာရှင်တစ်ဦးဖြစ်သော်လည်း သူ့အတွက်ပင် ကောင်းကင်နတ်အရှင်လင်၏စာကို ဖတ်ရန် ခက်ခဲ၏။ တစ်ခါတရံတွင် သူမရေးထားသည်အား နားလည်နိုင်ရန် နတ်လက်နက်များကိုပင် သုံး၍ တွက်ချက်ရလေသည်။

'နှစ်ပေါင်းလေးသိန်းတိတိ လက်ထဲ ရှိခဲ့တာတောင် ကောင်းကင်နတ်ဘုံ အဖြေမရှာနိုင်ခဲ့တာ အံ့ဩစရာမရှိဘူး… ငါ ဒါကို တာအိုဘိုးဘေးကြီးဆီ ယူသွားရင်တောင် သူလည်း နားမလည်နိုင်လောက်ဘူး…”

ချင်မူမှာ ကောင်းကင်နတ်အရှင်လင်အပေါ် မလေးစားမိဘဲမနေချေ။ သူမစာတွင် ဗဟုသုတများစွာ ပါရှိ၏။ အများစုက သင်္ချာနယ်ပယ်ထက်ပင် ကျော်လွန်ချေသည်။ သင်္ချာက ၎င်းတို့အားလုံးကို မဖြေပေးနိုင်ချေ။

သူမစာ၏ နောက်ကျောဘက်တွင် သူမ၏ အသိအမြင်သည် ဖန်ဆင်းခြင်းလမ်းစဉ်ကို ကျော်၍ သေခြင်းရှင်ခြင်း၊ ကပ်ဘေးနှင့် ရောဂါတို့ မရှိသော နောက်ထပ်အဆင့်တစ်ဆင့်ကို ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ပြောင်းလဲမှုအားလုံးသည် ဒြပ်ထုတို့ ပြောင်းလဲခြင်းမှ ဆင်းသက်လာကြောင်း သူမက နားလည်ခဲ့လေသည်။ ရှင်ခြင်း၊ သေခြင်းနှင့် ကပ်ရောဂါတို့သည် ဒြပ်ထုများ ပြောင်းလဲခြင်းမှ ဖြစ်တည်လာကြသည်။ နတ်ဘုရားဖြစ်လာခြင်းကလည်း ဒြပ်ထုများ ပြောင်းလဲခြင်း ဖြစ်၏။

ရှေးဟောင်းနတ်ဘုရားများ အားလုံးနီးပါးသည် ဒြပ်ထုတို့ဖြင့် ဖွဲ့တည်ထားခြင်းဖြစ်သည်ဟု ချင်မူ ခံစားလာရသည်။ ဒြပ်ထုများ ရှိသရွေ့ ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းသည် တန်ပြန်တိုက်ခိုက်နိုင်၏။

ကောင်းကင်နတ်အရှင်လင်၏ စာတွင် ထိုသို့ ကောင်းကင်နတ်သိုင်း‌မျိုး၏ သက်သေအထောက်အထားနှင့် မှတ်တမ်းတို့ ပါဝင်မနေချေ။ သူမမှာ ၎င်းမည်မျှအင်အားကြီးကြောင်း စိတ်မ၀င်စားသော လေ့လာသူတစ်ဦးကဲ့သို့ပင်။

သို့ထိတိုင် ချင်မူကမူ သူမ၏ကောင်းကင်နတ်သိုင်းတွင် ကြောက်မက်ဖွယ် အလားအလာကို တွေ့မြင်နေရသည်။

'မဟုတ်မှလွဲရော…. ကမ္ဘာ‌နှောင်းပိုင်းမဟာတာအိုရဲ့ နံပါတ်တစ်ကောင်းကင်နတ်သိုင်းက ခိုင်ဧကရာဇ်ရဲ့ ဓားတာအိုမဟုတ်ဘဲ ကောင်းကင်နတ်အရှင်လင်ရဲ့ မပြောင်းလဲတဲ့ ကောင်းကင်နတ်သိုင်းများလား… သူ့ယုံကြည်ချက်တွေက တစ်လောကလုံးမှာ ကြောက်စရာအကောင်းဆုံး ကောင်းကင်နတ်သိုင်းဖြစ်လာနိုင်တယ်…”

ချင်မူ ရုတ်တရက် ကြက်သီးတဖြန်းဖြန်း ထသွားမိသည်။ ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းသည် ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နတ်ဧကရီ၊ ယွမ်မုနှင့် ‌ကောင်းကင်ယင်နတ်ဘုရားမ,တို့ကဲ့သို့ မဟာတာအိုမှ မွေးဖွားလာသော ဖြစ်တည်မှုများကို မရင်ဆိုင်နိုင်သော်လည်း ကောင်းကင်နတ်ဧကရာဇ်နှင့် မဟာဧကရာဇ်ကိုတော့ အလွယ်တကူ ရှင်းလင်းနိုင်ပေသည်။

ကောင်းကင်နတ်ဧကရာဇ်ကိုပင် သူ့ဥထဲ ပြန်ထည့်နိုင်ပေလိမ့်မည်။

ကောင်းကင်နတ်အရှင်လင်မှာ အတိုက်အခိုက်စွမ်းရည်တွင် မထူးချွန်သော်လည်း ချင်မူကမူ တိုက်ခိုက်ခြင်းဖြင့် ကြီပြင်းလာခဲ့သူ ဖြစ်သည်။ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ ဥ ရှိနေ‌သရွေ့ ကောင်းကင်နတ်အရှင်လင်အနေဖြင့် မပြောင်းလဲသော ဒြပ်ထုကို သုံး၍ သူ့အား ဥထဲသို့ ပြန်ပို့ကာ မမွေးဖွားလာအောင် တားဆီးနိုင်ပေလိမ့်မည်။

မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်ကတော့ ပြန်လာနိုင်မည့် အခွင့်အရေးမရှိဘဲ လုံးလုံးလျားလျား ဖိနှိပ်ခံရပေလိမ့်မည်။

နောက်ဆုံးတော့ ချင်မူ ဖတ်ရှုပြီးသွား၏။ သူက သမ်းဝေလိုက်ရင်း စာအုပ်များပေါ်တွင် လှဲကာ အိပ်ပျော်သွားတော့သည်။

သူ ‌ဟောက်နေစဉ် သူ့ဆံပင်များသည် အနည်းငယ်ထောင်လာပြီး ချင်မူသေးသေးလေးများက ချောင်းကြည့်နေကြသည်။ သူတို့က ဟိုဟိုသည်သည် ကြည့်၍ မည်သူမှ မတွေ့ရသည့်အခါ စိတ်လှုပ်တရှား အော်ဟစ်လိုက်ကြလေသည်။

ချင်မူသေးသေးလေး ထောင်ပေါင်းများစွာက ချင်မူ့အိပ်မက်ကမ္ဘာထဲမှ ထွက်လာကြသည်။ သူတို့က ခုန်ပေါက်ရင်း ကောင်းကင်နတ်အရှင်လင်၏စာကို လှန်လှောနေကြသည်။ တချို့က မြေပြင်တွင်ထိုင်ပြီး တချို့က စားပွဲပေါ်တွင် ထိုင်ကြ၏။ တချို့ဆိုလျှင် ချင်မူ့ခေါင်းပေါ်တွင် ထိုင်လျက် လေ့လာနေကြလေသည်။

All Chapters