အိုးထဲက လမ်း
Vol. 87 Ch. 1133
“မာဟာ မာဟာ”
ချင်မူ၏ အိပ်မက်ကမ္ဘာထဲတွင် ချင်မူသေးသေးလေးများက ခေါင်းတခါခါဖြင့် မည်သူမှ နားမလည်သော ဘာသာစကားအား ပြောဆိုနေကြသည်။ သူတို့က ကောင်းကင်နတ်အရှင်လင်၏ စာကို ဖတ်၍ မိမိ၏နားလည်မှုများနှင့် ပတ်သက်ပြီး တစ်ယောက်နှင့်တစ်ယောက် ငြင်းခုံနေကြလေသည်။
ငြင်းခုန်ကြသည်သာမက နားလည်ထားသော ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းကိုပါ အသုံးပြုကာ တိုက်ခိုက်နေကြ၏။ အုပ်လိုက်ကြီး အော်ဟစ်ကြိမ်းမောင်းကာ ရိုက်ပုတ်နေကြသည်။
ချင်မူသေးသေးလေးများတွင် အစွမ်းအစကိုယ်စီ ရှိကြသော်လည်း သူတို့ထဲက မည်သူမှ ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းကို ထပ်တူကျ ပုံတူမပွားနိုင်ချေ။ အလွန်ဆုံးမှ တစ်စိတ်တစ်ပိုင်းကိုသာ ပွားနိုင်ကြ၏။
သို့သော် အိမ်မက်ကမ္ဘာထဲက အိမ်မက်ကမ္ဘာများ ကြေမွကုန်သောကြောင့် ချင်မူ၏ အိပ်မက်ကမ္ဘာမှာ ဖရိုဖရဲ ဖြစ်နေတော့သည်။
အိပ်မက်ကမ္ဘာတစ်ခု ပြိုကွဲသွားလျှင် နောက်တစ်ခုက ဖွဲ့တည်လာပြီး ချင်မူ့အိပ်မက်ကမ္ဘာထဲတွင်သာ ဆက်လက်ပိတ်မိနေစေသည်။
ရုတ်တရက် ချင်မူအသေးစားလေးတစ်ယောက်က လက်ဝှေ့ယမ်းလိုက်ရာ အချိန် ရပ်တန့်သွားသလို ဖြစ်သွား၏။ သို့သော် အချိန်က ရပ်တန့်သွားခြင်း မဟုတ်။ အမှန်တကယ် ရပ်တန့်သွားသည်က ဒြပ်ထုများဖြစ်သည်။ သူတို့ကို ဖွဲ့တည်ပေးထားသော အမှုန်များက ရပ်တန့်သွားချေပြီ။
ချင်မူ့ အိပ်မက်ကမ္ဘာပင်လျှင် တောင့်တင်းအေးခဲသွားသည့်အလား ထင်ရသည်။
ချင်မူသေးသေးလေးများမှာ မလှုပ်နိုင်တော့ပေ။ မျက်တောင်ပင် မခတ်နိုင်ကြ။ ဒြပ်ထုများကို အေးခဲရပ်တန့်သွားစေနိုင်သည့် ကောင်းကင်နတ်သိုင်းကို အသက်သွင်းခဲ့သော ချင်မူသေးသေးကလေးပင်လျှင် မလှုပ်နိုင်ပေ။
“ကျရှုံးသွားပြီ”
ခမ်းနားသော အသံကြီးတစ်ထံ ထွက်ပေါ်လာပြီး ချင်မူ အိပ်မက်မှ နိုးထလာသည်။ အိပ်မက်ကမ္ဘာ ပြိုကွဲသွားသဖြင့် ချင်မူသေးသေးကလေးများမှာ မီးခိုးငွေ့များအလား ပျောက်ကွယ်သွားကြသည်။
အိပ်မက်ကမ္ဘာထဲ ၀င်ရောက်ခဲ့စဉ်က ရရှိခဲ့သော အသိအမြင်များ စိတ်ထဲသို့ စုပြုံဝင်ရောက်လာနေစဉ် ချင်မူက ခါးကြောဆန့်၍ ရေနွေးကြမ်း ငှဲ့လိုက်သည်။
သူက ထိုနားလည်မှုများကို ပြန်လည်စီစစ်ရင်း ရေနွေးကြမ်းသောက်နေ၏။ ထို့နောက် သမ်းဝေလျက် ရေနွေးခွက်ကို ချကာ ပြန်အိပ်သွားသည်။
အိပ်မက်ကမ္ဘာသည် တဖန်ပေါ်လာပြန်ပြီး ချင်မူသေးသေးလေးများက အိပ်မက်ကမ္ဘာအတွင်းမှ ခေါင်းပြူထွက်ကာ ခုန်ထွက်လာကြသည်။
ချင်မူသေးသေးလေးများသည် ချင်မူစိစစ်ထားသော အသိပညာများကို ပိုင်ဆိုင်ထားပြီး ဖြစ်၏။ ထို့ကြောင့် ယခင် ချင်မူသေးသေးလေးများထက် မပြောင်းလဲသောဒြပ်ထုအကြောင်း ပို၍ နားလည်ကြသည်။
ချင်မူသေးသေးလေးများက တည်ကြည်လေးနက်စွာ အတူ စုထိုင်ကာ ဆွေးနွေးနေကြသည်။
“မာဟာ”
“ကျိကု…”
သူတို့၏ ဆွေးနွေပွဲမှာ ပြင်းထန်လှသည်။ သို့သော် ဆွေးနွေးပြီးနောက် ကွဲပြားသော အမြင်များစွာ ရှိသဖြင့် အဖွဲ့ကွဲကုန်ကြသည်။
ထိုအဖွဲ့များမှာ တခြားအဖွဲ့များကို နားမချနိုင်ကြသောကြောင့် တိုက်ခိုက်ကြပြန်၏။ နောက်ဆုံးတွင် ကျီကုအဖွဲ့က မာဟာအဖွဲ့နှင့် ကျိကုကျိကုအဖွဲ့ကို အနိုင်ရခဲ့သည်။ နိုင်ပွဲပြီးနောက် သူတို့သည် ထိုသနားစရာ ချင်မူသေးသေးလေးများအား အတန်းလလိုက် စီတန်းချုပ်နှောင်ထားကြလေသည်။
ကျီကုအဖွဲ့၏ ခေါင်းဆောင်ငယ်က အတောင်ပံများကို ဖြန့်ကားလျက် အော်ဟစ်လိုက်သည်။ အခြားချင်မူသေးသေးလေးများက သူ့အောက်တွင် စုဝေး၍ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို အတူတူ အသက်သွင်းနေကြသည်။
အိပ်မက်ကမ္ဘာထဲတွင် အရာအားလုံး ငြိမ်သက်သွားသော်လည်း ကျီကုအဖွဲ့၏ ချင်မူသေးသေးကလေးများမှာ လှုပ်ရှားနိုင်သေးသဖြင့် အလွန်အမင်း ပျော်ရွှင်သွားကြပြီး ချုပ်နှောင်ခံထားရသည့် ချင်မူသေးသေးလေးများကို ကြွားဝါနေချေသည်။
ရုတ်တရက် သူတို့၏ ကောင်းကင်နတ်သိုင်းမှာ ထူးဆန်းစွာ ပြောင်းလဲသွားပုံရပြီး ချင်မူသေးသေးကလေးများမှာ ငယ်ရွယ်လာတော့သည်။
ကျီကုအဖွဲ့၏ ချင်မူသေးသေးကလေးများမှာ ကြောင်အနေကြသည်။ သူတို့က လူတိုင်း ငယ်ရွယ်လာသည်ကို တွေ့သောအခါ ပြဿနာကို ဆွေးနွေးနေကြသည်။ မကြာမီ သူတို့မှာ တည်ကြည်လေးနက်သော အမူအရာများဖြင့် တတွတ်တွတ် ရွတ်နေသော လမ်းလျှောက်စ ကလေးငယ်များ ဖြစ်လာကြ၏။
ခမ်းနားသောအသံက ထပ်မံပြော၏။ “နောက်တစ်ခါ ကျရှုံးပြန်ပြီ”
အသံပျောက်ကွယ်မသွားမီ အိပ်မက်ကမ္ဘာမှာ ပြိုလဲသွားသည်။ ကိုယ်တုံးလုံး လမ်းလျှောက်စကလေးများမှာ အိမ်မက်ကမ္ဘာ၏ မီးခိုးငွေ့များအကြား ပျောက်ကွယ်မသွားမီ ငိုယိုနေကြလေသည်။
အိုးထဲရှိ ရေနွေးကြမ်းမှာ အရသာပျောက်သွားပြီ ဖြစ်သော်လည်း ချင်မူက နောက်တစ်အိုး ထည့်၍ သောက်ရင်း အသိအမြင်များအား စီစစ်နေသည်။
သူသည် ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းတွင် နံပါတ်တစ်ဖြစ်သော်လည်း သူပင်လျှင် ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းကို နားလည်နိုင်ရန် ခက်ချေသည်။
သင်ကြားမှုများအတိုင်း သူ နားလည်လျှင်တောင်မှ အမှားများက အိပ်မက်ကမ္ဘာထဲရှိ ထိုချင်မူကလေးများအား အကြိမ်ပေါင်းထောင်ပေါင်းများစွာ သေစေမည်ကို စိုးရိမ်နေမိသည်။
ဗြဟ္မာ့ဗုဒ္ဓ၏ အနန္တကပ်ဘေးသုတ္တန်ကို ရရှိထားပြီး အိပ်မက်မှတဆင့် လမ်းစဉ်သို့ ၀င်ရောက်နိုင်ခဲ့၍ တော်သေးသည် ဆိုရမည်။ ထိုသုတ္တန်ကြောင့် သူသည် အိပ်မက်များကို အသုံးချလျက် မရေမတွက်နိုင်သော သေဆုံးခြင်းများမှတဆင့် တစ်ခုတည်းသော လမ်းအမှန်ကို ဖြေရှင်းရှာဖွေနိုင်ပေလိမ့်မည်။
သူက ထပ်အိပ်လိုက်ပြန်သည်။ သူ့အိပ်မက်ထဲတွင် ချင်မူသေးသေးလေးများ စုဆောင်းရရှိထားသည့် အသိအမြင်တို့က ပို၍ နက်နဲလာကြသည်။
သို့ထိတိုင် ဤတစ်ကြိမ်တွင် ချင်မူသေးသေးလေးများကြားရှိ စိတ်၀မ်းကွဲမှုမှာ ပို၍ပင် ပြင်းထန်နေ၏။ တစ်ယောက်လျှင် အဖွဲ့တစ်ဖွဲ့နီးပါး ဖြစ်လာကြသည်။ မည်သူကမှ အခြားသူတို့ကို အသိအမှတ်မပြုတော့ချေ။။
အားလုံး တစ်ဦးကို တစ်ဦး သတ်ဖြတ်ကြသည်။ အိမ်မက်ထဲတွင် ပို၍ အချုပ်အနှောင်ကင်းမဲ့လာ၏။ အခြားသူများကို မစည်းရုံးနိုင်သည့်အခါ သူတို့သည် သတ်ဖြတ်ဖို့သာ ရွေးချယ်သောကြောင့် အသတ်နိုင်ဆုံးသူက အာဏာရှင်ပမာ ဖြစ်လာသည်။
ထို့နောက် အာဏာရှင်အဖွဲ့အဖြစ် စုမိသွားသည်။
ချင်မူမှာ သူတို့မစုဝေးနိုင်အောင် အိပ်မက်ကမ္ဘာကို ခွဲခြမ်းလိုက်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ သို့ထိတိုင် သူတို့က ခြားနားထားသည်ကို ဖြတ်၍ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နေကြပြီး တစ်ဖက်နှင့်တစ်ဖက် သတ်ဖြတ်ရမည့် ဒိဋ္ဌိများဟုသာ သတ်မှတ်နေကြ၏။
အံ့ဩဖွယ်ကောင်းစွာနှင့် သူတို့က အိပ်မက်ကမ္ဘာများကို ဖြတ်ကျော်လာကာ တစ်ယောက်ကိုတစ်ယောက် သွေးရူးသွေးတန်း သတ်ဖြတ်ကြသည်။ ရုတ်တရက် ချင်မူသေးသေးကလေးများက သူတို့ဘာသာ နားလည်ထားသည့် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်ကြသည်။ လူတိုင်းမှာ သိသိသာသာ အိုမင်းလာကုန်ကြသည်။
မကြာမီ သူတို့အရပ်က တစ်မီတာနီးပါး ဖြစ်လာကြပြီး ဆံပင်ဖြူများနှင့် မြေကြီးကိုပင် တိုက်နေသည့် မှုတ်ဆိတ်မွှေးများပါ ပေါက်လာကြသည်။ သူတို့က တောင်ဝှေးတို့ဖြင့် တစ်ယောက်ခေါင်း တစ်ယောက် ရိုက်ခွဲရင်း သတ်ဖြတ်နေကြ၏။
ချင်မူ နိုးလာပြီး အိပ်မက်ကမ္ဘာကို ဖယ်ရှားလိုက်သည်။ ပြန်စီစစ်ပြီးနောက် ဇွဲမလျှော့ဘဲ အိပ်မက်ကမ္ဘာထဲ ပြန်၀င်ရောက်သွားပြန်သည်။
မကြာမီ ထပ်မံကျုရှုံးသွားသဖြင့် နိုးလာပြန်သည်။
အနန္တကပ်ဘေးသုတ္တန်သည် ဖြေရှင်းမရနိုင်သော ပြဿနာတစ်ခုကို တွေ့ကြုံနေသည့်အလားပင်။ ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်း ခက်ခဲမှုမှာ ရူးလောက်စရာ ဖြစ်၏။ အဓိပ္ပာယ်မဖော်နိုင်လုနီးပါးပင်။
ချင်မူသာ စည်းမျဉ်းများအတိုင်း နားလည်အောင် လုပ်ပါက နှစ်ထောင်ပေါင်းများစွာ ကြာသွားပေလိမ့်မည်။ အကြိမ်ပေါင်း မရေမတွက်နိုင်အောင်လည်း သေခဲ့ပေမည်။
အကြိမ်တိုင်း မတူညီသော အကြောင်းပြချက်တို့ဖြင့် သေမည်ဖြစ်၏။ ထူးဆန်းလှချေသည်။
ချင်မူမှာ အိပ်မက်ထဲ ထပ်ခါထပ်ခါ ၀င်ရောက်၍ အမှားပေါင်း ထောင်ပေါင်းများစွာထဲတွင် ဖြစ်နိုင်ချေအမျှင်လေးတစ်မျှင်ကို ရှာဖွေနေမိသည်။
ဤအိပ်မက်ကမ္ဘာထဲတွင် ချင်မူသေးသေးလေးတစ်ယောက်က ရုတ်တရက် ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။ အင်မတန် ဆန်းကြယ်သည့် တာအိုသံတစ်သံက ထွက်ပေါ်လာပြီး မြူခိုးငွေ့များ ဖွဲ့တည်လာတော့၏။
အခြားချင်မူသေးသေးကလေးများမှာ မြင်ကွင်းကို ကြောင်၍ ငေးကြည့်နေကြသည်။
မြူခိုးများသည် ပိုပို၍ နယ်ချဲ့လာကာ ချင်မူသေးသေးလေးများကိုလည်း လွှမ်းခြုံသွားသည်။ မကြာမီ မြူခိုးများ ပျောက်ကွယ်သွားပြီး အရိုးစုများသာ ကျန်ရစ်ခဲ့လေသည်။
နောက်တစ်ကြိမ် ကျရှုံးခြင်း။
ချင်မူ အိပ်မက်ကမ္ဘာကို ကွယ်ပျောက်စေလိုက်ရင်း အတော်လေး အံ့အားသင့်နေသည်။ သူက ထရပ်ပြီး စိတ်လှုပ်တရှား ခေါက်တုံ့ခေါက်ပြန် လျှောက်နေချေသည်။
သူ ကျရှုံးခဲ့သော်လည်း ဤကျရှုံးမှုက သူ့အား အောင်မြင်မှု၏ အလင်းရောင်ကို မြင်စေနိုင်ခဲ့သည်။
နောက်ဆုံးတော့ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းလမ်းစဉ်ကို ခံစားနိုင်ခဲ့လေပြီ။ ထိုလမ်းစဉ်၏ အစတွင်သာ ရှိသေးသော်လည်း ဆက်လျှောက်လှမ်းပါက သေချာပေါက် နားလည်နိုင်ပေလိမ့်မည်။
သူက ပန်းအိုးကမ္ဘာထဲမှ ခုန်ထွက်၍ အခန်းအပြင်သို့ လျှောက်သွားသည်။ အပြင်ကမ္ဘာမှာ စိမ်းစိုလှသော တောင်တန်းများ၊ ကြည်လင်လှသောရေတို့ဖြင့် ပြည့်နှက်နေ၏။ အဖြူရောင်တိမ်တိုက်များက ကောင်းကင်ထက်တွင် အေးအေးလူလူ မြောလွင့်နေပြီး နဂါးချီလင်က သစ်ပင်အောက်တွင် ထိုင်ကာ ယန်အာ ခွံ့ကျွေးနေသော စတော်ဘယ်ရီသီးများ စားနေသည်။
ချင်မူ ကြောင်သွားသည်။ သူ ပန်းအိုးထဲ မ၀င်ရောက်သေးစဉ်က စတော်ဘယ်ရီများသည် အပွင့်စပွင့်ခါစသာ ရှိသေး၏။ ထိုစဉ်က နွေဦးအချိန်သာ ဖြစ်နေသေးသည်။
ယခုတွင် ၎င်းတို့ သီးမှည့်လာပြီဖြစ်ရာ နှစ်တစ်၀က်ကုန်ဆုံးသွားသည့် အဓိပ္ပာယ်လော။
သူ အပြင်သို့ကြည့်လိုက်ရာ တောင်တန်းတစ်လျှောက်လုံး သစ်သီးများ သီးနေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့ကို မည်သူမှ မခူးဆွတ်ရဲကြချေ။
‘ငါက တစ်လောကလုံးမှာ ဉာဏ်အကောင်းဆုံးလူ မဟုတ်ဘူး… အနန္တကပ်ဘေးသုတ္တန်သာ မရှိရင် ငါ့အတါက် ဒီအဆင့်အထိ နားလည်ဖို့ နှစ်ထောင်ပေါင်းများစွာ ကြာခဲ့လိမ့်မယ်’
ချင်မူက သစ်သီးတို့၏ မွေးရနံ့တို့ဖြင့် ပြည့်နှက်နေသော လေကို ရှူသွင်းလိုက်သည်။
သူသည် ယန်အာနှင့် နဂါးချီလင်ကို အသိမပေးတော့ချေ။ ထိုအစား အခန်းထဲရှိ ပန်းအိုးအတွင်း ၀င်ရောက်၍ ဆက်လက်လေ့လာနေသည်။
နဂါးချီလင်က အိမ်သို့ လှမ်းကြည့်ကာ ပြောလေသည်။ “ဂိုဏ်းသခင် အဲ့နေရာထဲ ၀င်သွားတာ နှစ်တစ်ဝက်တောင် ရှိနေပြီ…. အခုထိ ပြန်ထွက်မလာသေးဘူး….. ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းက အဲ့လောက်တောင် ခက်တာလား..”
ယန်အာ၏ ခန္ဓာကိုယ်မှာ ထိုအချိန်တွင် ပုံမှန်ပြန်ဖြစ်နေချေပြီ။ သူမက အပြုံးလေးဖြင့် သူ့အား ခွံ့ကျွေးပြီးနောက် ပြောသည်။ “သခင်လေး ဒီမှာ အချိန်များများနေတာ ကောင်းတာပေါ့… ငါတို့ တူတူလျှောက်လည်လို့ ရတယ်လေ”
မြေအောက်ဘုံအရှင်သခင်ပိစိလေးက ဧရာမကြံ့ဖြူကြီးတစ်ကောင်ကို တောအုပ်အတွင်းမှ ဆွဲယူလာ၏။ ၎င်းသည် တောင်ငယ်တစ်လုံးအရွယ် ရှိသော်လည်း သူ့ကြောင့် မေ့မြောနေချေသည်။
“မူးးး…” မြေအောက်ဘုံအရှင်သခင်ပိစိလေးက ခပ်တည်တည် ပြောလိုက်၏။
ယန်အာက မီးမှုတ်၍ ကြံ့ကို ကင်ပေးလိုက်သည်။ မြေအောက်ဘုံအရှင်သခင်ပိစိလေးသည် ကြံ့ကင်ဘေးတွင် ထိုင်ကာန် စားနိုင်ရန် ကြိုးစားနေ၏။
တစ်နှစ်ကျော်ကြာပြီးနောက်တွင်တော့ သူ သူ့ကိုယ်သူ စောင့်ရှောက်နိုင်နေချေပြီ။