ရှေးဟောင်းဥကို ခွဲဖွင့်တော့မည့် ကောင်းကင်နတ်အရှင်မူ
Vol. 87 Ch. 1134
ပန်းအိုးကမ္ဘာထဲတွင် ချင်မူသည် အိပ်မက်ထဲသို့ ထပ်ခါထပ်ခါ ၀င်ရောက်နေ၏။ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကျရှုံးနေသော်လည်း ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို နားလည်ရာတွင် ဖြည်းဖြည်းချင်း တိုးတက်လာခဲ့သည်။
ကောင်းကင်နတ်သိုင်းမှာ ပိုပို၍ ပြည့်စုံလာ၏။
ကောင်းကင်နတ်သိုင်းကို သင်ယူရန်ပင် အင်မတန် ခက်နေခြင်းအရ ကောင်းကင်နတ်အရှင်လင် ၎င်းကို ဖန်တီးနိုင်ခဲ့ခြင်းမှာ မည်မျှပင် ကောင်းကင်နှင့်မြေကြီးအား တုန်လှုပ်စေခဲ့ကြောင်း ပြသနေသည်။
ကောင်းကင်နတ်အရှင်လင်သည် အမြင့်မားဆုံး ပင်ကိုယ်ပါရမီနှင့် သဘောပေါက်နားလည်နိုင်စွမ်းတို့ ပိုင်ဆိုင်ထားပြီး သူမနှင့်ယှဉ်ပါက သူ့မှာ မြူမှုန်တစ်မှုန်စာမျှပင် အသုံးမ၀င်ကြောင်း ကောင်းကင်နတ်အရှင်ယွီကိုယ်တိုင် ပြောခဲ့ခြင်းဖြစ်သည်။
သို့ထိတိုင် ချင်မူမှာ ပို၍ခါးသီးသော အမှန်တရားကို သိခဲ့ရလေ၏။ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို အပြည့်အ၀ အသက်သွင်းပြီးပါက သူလည်း မပြောင်းလဲသောဒြပ်ထု ဖြစ်လာမည့် အမှန်တရားပင်။
အခြားနည်းဖြင့် ပြောရလျှင် ထိုကောင်းကင်နတ်သိုင်းသည် ကြောက်မက်ဖွယ် ရလဒ်များကို ဖြစ်ပေါ်စေလိမ့်မည်။ သူ့အနေဖြင့် မပြောင်းလဲသော ဒြပ်ထု ဖြစ်လာမည့် အခြေအနေမှ ဘယ်တော့မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ချင်မူက အိပ်မက်ထဲသို့ အကြိမ်ကြိမ်အခါခါ ဝင်ရောက်ကာ အဖန်တလဲလဲ ကြိုးစားနေသည်။ သို့သော် အကြိမ်တိုင်း ရလဒ်များက တစ်ပုံစံတည်းသာ ဖြစ်၏။ သူ့အိပ်မက်ထဲရှိ ချင်မူသေးသေးလေးများမှာ မပြောင်းလဲသောဒြပ်ထုဖြစ်သည့် မြူခိုးများ ဖြစ်သွားတတ်ကြသည်။
ကောင်းကင်နတ်အရှင်လင်သည် မာန်ဟုန်မြစ်၏ မြူခိုးများ ဖြစ်၏။ ကောင်းကင်နတ်သိုင်းကို အသက်သွင်းပြီးနောက် သူမမှာ မပြောင်းလဲသော ဒြပ်ထုဖြစ်လာရန် လက်ခံခဲ့ရသည်။ သူမကိုယ်တိုင်လည်း လွတ်မြောက်နိုင်မည့် အခွင့်အရေး မရှိဘဲ ထိုနေရာ၌ ပိတ်မိခဲ့ရသည်။
မှန်ပါသည်။ သူမက မပြောင်းလဲသောဒြပ်ထု ဖြစ်လာသည့်အခါ မဟာဧကရာဇ်၏ လူ၀င်စား၊ ၁၁ ယောက်မြောက် ကောင်းကင်နတ်အရှင် မင်ဖန်းယွီကိုလည်း ၎င်းအတွင်း ဆွဲထည့်ခဲ့သည်။
ကောင်းကင်နတ်အရှင် မင်ဖန်းယွီသည် ထိုစဉ်က ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာအစစ်အမှန်ကို အသုံးပြုနေခဲ့သူ ဖြစ်၏။ သူ၏မူလဝိညာဉ်နှင့်အတူ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာပါ ပါသွားခဲ့ရာ ကောင်းကင်နတ်အရှင်ဆယ်ပါးမှာ ဆက်လက်အုပ်ချုပ်နိုင်ရန် ဖန်ဆင်းကောင်းကင်လက်နက်ဖြင့် နောက်ထပ် ကောင်းကင်နတ်ဧကရာဇ်တစ်ပါးအား ဖန်ဆင်းခဲ့ကြရသည်။
ဤကောင်းကင်နတ်သိုင်း၏ ကြောက်မက်ဖွယ်အကောင်းဆုံးအချက်မှာ ပိတ်မိနေသော လူအရေအတွက် မဟုတ်ပေ။ ၎င်းကို အသုံးပြုပြီးပါက မပြောင်းလဲသော ဒြပ်ထုအဖြစ်မှ မလွတ်မြောက်နိုင်သည့် အခြေအနေပင် ဖြစ်၏။ မင်ဖန်းယွီနှင့် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာပင်လျှင် ၎င်းမှ ဖိအားပေးလာသော သံသရာစက်၀န်းဆီမှ မလွတ်မြောက်နိုင်ကြချေ။
အိပ်မက်ထဲရှိ ချင်မူလည်း အလားတူပင်။ သူ့မှာ ကောင်းကင်နတ်သိုင်းကို အကြိမ်ကြိမ် အသက်သွင်းခဲ့ပြီးနောက် အကြိမ်ကြိမ် ပိတ်လှောင်ခံခဲ့ရသည်။
သူ့အိပ်မက်ထဲရှိ ချင်မူသေးသေးလေးများမှာ မြူခိုးများ ဖြစ်ကာ ထာ၀ရပိတ်မိသွားတတ်ကြသည်။
သူ့အနေဖြင့် ကောင်းကင်နတ်အရှင်လင်အတွက် လွတ်လမ်းရှာချင်ပါဿာ်လည်း အကြိမ်တိုင်း ဤရလဒ်သာ ထွက်နေ၏။
ထိုအဖြစ်အပျက်အရ ချင်မူသာ အပြည့်အ၀ အသက်သွင်းလိုက်ပါက ကောင်းကင်နတ်အရှင်ကဲ့သို့ မပြောင်းလဲသောဒြပ်ထု ဖြစ်လာမည်ဟု ပြသနေချေသည်။
သို့သော် အခြားအရာတို့ကိုလည်း သူ တွေ့ရှိခဲ့သည်။ ကောင်းကင်နတ်သိုင်း၏ တစ်စိတ်တစ်ပိုင်းသာ အသုံးပြုပါက ပိတ်လှောင်ခံရမည်မဟုတ်ချေ။ ထို့ကြောင့် ကောင်းကင်နတ်အရှင်လင်သည် ကောင်းကင်နတ်သိုင်း အပြီးမသတ်ရသေးခင် တစ္ဆေသင်္ဘောကို သုံး၍ ယွီလင်နန်းစောင့်တပ်ဖွဲ့များအား နယ်နှင်ဒဏ်ပေးနိုင်ခဲ့ခြင်း ဖြစ်၏။
နောက်ဆုံးတော့ ချင်မူက အိပ်မက်မက်နေခြင်းကို ရပ်တန့်လိုက်သည်။ ထိုအစား ထိုက်ရှီဥမှ နားလည်ထားခဲ့သော တာအိုသင်္ကေတငါးခုကို ထုတ်လိုက်သည်။
'အစ်ကိုကြီးနဲ့ ကောင်းကင်နတ်အရှင်လင်ကို လွတ်မြောက်စေမယ့် တစ်ခုတည်းသော နည်းလမ်းက ဥကို သုံးပြီး ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို ချိုးဖျက်ဖို့ပဲ…. ငါ အဲ့ဒီလိုလုပ်နိုင်ဖို့က ဒီသင်္ကေတငါးခု ဘယ်လောက်မှန်၊ မမှန် အပေါ်မှာ မူတည်နေတယ်’
ချင်မူ စိတ်ကို တည်ငြိမ်စေလိုက်သည်။ သူ့မှာ သူ့အိမ်မက်ထဲတွင် နှစ်ထောင်ပေါင်းများစွာ ခရီးသွားနေရသလို ခံစားခဲ့ရ၏။ ၎င်းက သူ့အိပ်မက်ထဲရှိ ဒြပ်ထုများ ပြောင်းလဲသွားခြင်းမှ ဖြစ်ပေါ်လာသော ပုံရိပ်ယောင်ပင်။
သင်္ကေတငါးခုမှာ ထိုက်ရှီဥမှ သူ နားလည်ထားခဲ့သော မဟာတာအိုသင်္ကေတငါးခု ဖြစ်သည်။ ဝေစွေ့ဖုန်းသည် ဥကို နှစ်ခြမ်းခွဲရန် ကြိုးစားခဲ့သဖြင့် ဥဆီမှ အဆုံးမဲ့အလင်းတန်းများ ဖြာထွက်လာခဲ့ကာ တစ္ဆေသင်္ဘောအား ခဏတဖြုတ် ပျက်စီးသွားစေခဲ့၏။ ထိုအခါ မပြောင်းလဲသော ဒြပ်ထုအဖြစ်မှလည်း တခဏတာ လွတ်မြောက်သွားခဲ့သည်။
ထိုအခိုက်အတန့်သည် ထိုက်ရှီ၏ တာအိုကား မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်း၏ အဖြေဖြစ်ကြောင်း ချင်မူ သိခဲ့ရသည့် အခိုက်အတန့် ဖြစ်လေသည်။
သူ နားလည်ခဲ့သော ထိုက်ရှီဥပေါ်မှ တာအိုသင်္ကေတများ မှန်၊ မမှန် စစ်ဆေးနိုင်ရန် ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းကို လိုအပ်၏။
သူက ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းအတွက် လိုအပ်သော သင်္ကေတများကို စေ့စပ်စွာ နေရာချလိုက်သည်။ သူ့ချီစွမ်းအင်သည် အဆန်းတကြယ် သင်္ကေတအမှတ်အသားများ ဖွဲ့တည်လျက် သူ့အား ဝန်းရံထား၏။ သင်္ကေတများက တဖျတ်ဖျတ် လက်နေရင်း ဆန်းကြယ်သော စွမ်းအားကို ကွယ်ဝှက်ထားကြလေသည်။
ချင်မူမှာ အလွန်ဂရုစိုက်နေသည်။ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းအဖြစ် ထိုသင်္ကေတများ ဖွဲ့တည်သွားမည်ကို သူ ခွင့်ပြု၍မဖြစ်ပေ။ ထိုသို့ဖြစ်သွားလျှင် သူသည် ကောင်းကင်နတ်သိုင်းအသွင်းသို့ ဆွဲသွင်းခံလိုက်ကာ မပြောင်းလဲသောဒြပ်ထု ဖြစ်လာပေလိမ့်မည်။
သူက မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းသင်္ကေတများကို ဂရုတစိုက် ချိတ်ဆက်၍ သင်္ကေတငါးခုနှင့် ထိတွေ့စေရင်း ၎င်းတို့အကြားရှိ တုံ့ပြန်မှုများအား စစ်ဆေးနေသည်။
'ဒီသင်္ကေတက မှားနေတယ်’
'ဒါလည်း မှားတယ်’
‘ဒါလည်း အမှန်မဟုတ်ဘူး’
…
သင်္ကေတငါးခုလုံးကို စစ်ဆေးပြီးဆုံးသွားသည့်အခါ ချင်မူ မျက်မှောင်ကြုတ်သွားသည်။
သူ့မှာ အသိအမြင်မှန်သမျှ အကုန်အစင် သုံး၍ ထိုက်ရှီဥ၏ တာအိုသင်္ကေတအမှတ်အသားများကို တွက်ချက်ခဲ့သည့်တိုင် အကုန်လုံးမှားယွင်းနေချေသည်။
သူ စိတ်မပူမိဘဲ မနေနိုင်တော့ချေ။ သူက ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသဖြင့် ထိုက်ရှီဥကို ထုတ်၍ မပြောင်းလဲသော သင်္ကေတများ၏ အလယ်တွင် ထားလိုက်သည်။
'ငါ ဒီသင်္ကေတငါးခုကို တာအိုအသံကနေ တွက်ချက်ခဲ့တာ…. အထဲက ထိုက်ရှီတာအိုက မပြည့်စုံသေးတာ ဖြစ်နိုင်တယ်…. အစ်ကိုကြီးက ဒါကို ခွဲဖို့ ကြိုးစားရင်း လက်ချောင်းသုံးချောင်း ကျိုးခဲ့ရတယ်.... တာအိုအသံအပြင် ရှေးဟောင်းနတ်ဘုရားဥက ပြန်တိုက်ခိုက်တဲ့အချိန်မှာ တာအိုအလင်းတန်းကနေ အမှတ်အသားတွေ ဖွဲ့တည်ပေးခဲ့တယ်”
ချင်မူအကြည့်က ဖျတ်ခနဲ လက်သွားသည်။ သူကား မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်း၏ အစိတ်အပိုင်းများကို အသုံးချ၍ ရှေးဟောင်းနတ်ဘုရားဥအား တိုက်ခိုက်တော့သည်။
ဥမှ ပြန်ခုခံလျှင် သူ တစ္ဆေသင်္ဘောပေါ်တွင် မြင်ခဲ့ရသော လှပသည့် တာအိုအမှတ်အသားများ ထွက်ပေါ်လာနိုင်မည်မဟုတ်လော။ ထိုတာအိုအမှတ်အသားများမှတဆင့် သင်္ကေတငါးခုတွင် မည်သည်တို့ လိုအပ်နေကြောင်း နားလည်နိုင်ပေလိမ့်မည်။
မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းမှာ အသက်၀င်လာပြီး ထိုက်ရှီဥအပေါ် ကျရောက်သွားသည်နှင့် ဖြူစင်သန့်ရှင်း၍ လုံး၀န်းနေသော ဥကား တောက်ပလာတော့သည်။ ရှေးဟောင်းနတ်ဘုရား ကုဋေပေါင်းများစွာ၏ ရွတ်ဖတ်ပူဇော်နေသံနှင့်တူသော တာအိုအသံက ၎င်းထံမှ ပျံ့လွင့်လာသည်။
ချင်မူ့နားထဲတွင် တဝီဝီမြည်သံများ ပဲ့တင်ထပ်လာပြီး သူ၏တတိယမျက်လုံး ပွင့်လာသည်။ ၎င်းက ရှေးဟောင်းနတ်ဘုရားဥမှ တာအိုအမှတ်အသားများကို စိုက်ကြည့်နေလေသည်။
အပြင်တွင် ယန်အာသည် လယ်ကွင်းဆီသို့ ခြင်းတောင်းကလေး ဆွဲ၍ လျှောက်နေ၏။ နဂါးချီလင်ကတော့ လယ်ကွင်းထဲတွင် စိုက်ပျိုးနေချေသည်။ သူကား ဧကရာချီ ကျယ်၀န်းသည့် သီးနှံစိုက်ခင်းနှင့် စွမ်းအင်ဆေးပင်စိုက်ခင်းများ စိုက်ပျိုးပြီးခဲ့လေပြီ။
နဂါးချီလင် နဖူးမှ ချွေးများ သုတ်နိုင်ရန် ယန်အာက ပဝါတစ်ထည် ထုတ်၍ အသာအယာ လှမ်းပေးလိုက်သည်။ သူမက ခြင်းတောင်းကို ဖွင့်လိုက်ကာ ပြော၏။ “ဒီမှာ ကြည့်... မောင့်အတွက် စွမ်းအင်ဆေးလုံး တစ်ပန်းကန်တောင် ယူလာခဲ့တယ်”
ချီလင်ခေါင်းဖြင့် လူငယ်တစ်ဦးအသွင် ပြောင်းထားသော နဂါးချီလင်သည် လယ်မြေပေါ်တွင် ထိုင်ချ၍ အငွေ့တထောင်းထောင်း ထနေသော စွမ်းအင်ဆေးလုံးများအား စားလိုက်သည်။ ယန်အာက သူ့ကို ရေတိုက်ရင်း ခပ်ဖွဖွ ပြောနေသည်။ “နင်ဦးမယ်….ဖြည်းဖြည်းစားပါ မောင်ရယ်…”
ထိုစဉ် သစ်ပင်များ တုန်ရီကာ လဲကျကုန်သည်။ မြေအောက်ဘုံအရှင်သခင်ပိစိလေးသည် တောင်ပံပါသည့် ဆင်တစ်ကောင်ဖြင့် ထွက်လာ၏။ ဆင်ကား တောင်ကောင်းကင်၏ နတ်ဘုရားတစ်ပိုင်းတစ်ပါး ဖြစ်ချေသည်။ သူ့မှာ ပျံသန်းနေစဉ် ပစ်ချခံခဲ့ရပြီး စားသုံးရန် ခေါ်ဆောင်လာခံခဲ့ရ၏။
မြေအောက်ဘုံအရှင်သခင်ပိစိလေးက သူ့ကို လယ်ကွင်းများဆီ ဆွဲခေါ်သွားတော့မည့်အချိန် နဂါးချီလင်က လိုက်ဖမ်းသည်။ “ငါ စိုက်ထားတဲ့ ဆေးပင်တွေအပေါ် တက်မနင်းနဲ့ .”
မြေအောက်ဘုံအရှင်သခင်ပိစိလေးမှာ ဆင်ကို ဘေးသို့ဖယ်၍ ယန်အာအား ကူကယ်ရာမဲ့စွာ ကြည့်လေသည်။ “မူး…”
ယန်အာက သူ့ကို ကူညီ၍ ဆင်အား ကင်ပေးတော့မည့်အချိန် ရုတ်တရက် ချင်မူ မြင်ယောင်ဖန်ဆင်းထားသော အိမ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ အိမ်သည် ရုတ်တရက် တောက်ပလာပြီး ကြောက်မက်ဖွယ်အလင်းတန်းက အိမ်အတွင်းမှ ပေါက်ထွက်လာ၏။
ဝှီး….
ပြင်းထန်လှသော လေကြမ်းများက အိမ်ကို အမှုန့်ချေလိုက်ပြီး ခမ်းနားလှသည့် တာအိုအသံက ပတ်၀န်းကျင်တွင် ပဲ့တင်ထပ်သွားသည်။ အလင်းတန်း ဖြာထွက်လာသည့်အခါ မြေကြီးတို့ အက်ကွဲကုန်ပြီး တောင်တန်းများ လှုပ်ခါကုန်သည်။
ယန်အာမှာ ထိုကြောက်မက်ဖွယ် အလင်းလှိုင်းများဆီမှ နဂါးချီလင်နှင့် မြေအောက်ဘုံအရှင်သခင်ပိစိလေးကို ကာကွယ်ပေးရန် တောင်ပံများ ချက်ချင်း ဖြန့်လိုက်သည်။
ထိုအချိန် ကြောက်မက်ဖွယ်လှိုင်းများကြောင့် ချင်မူ အဝေးသို့ လွင့်ထွက်သွားသည်ကို သူမ မြင်လိုက်ရ၏။
ယန်အာ ချက်ချင်း မော့ကြည့်လိုက်ရာ အဝေးရှိ တောင်တစ်လုံးဆီမှ အဖြူရောင်မီးခိုးလုံးများ မြောက်တက်လာသည်ကို တွေ့လိုက်ရသည်။ ထိုတောင်အနောက်ရှိ တောင်မှာလည်း အလားတူပင်။ အဖြူရောင်မီးခိုးငွေ့များမှာ ချင်မူ ၀င်တိုက်သွားသော တောင်များ၏ ကွဲကြေသွားသော ကျောက်တုံးတို့မှ ထွက်ပေါ်လာခြင်းဖြစ်သည်။
အဖြူရောင်မီးခိုးငွေ့များက အဝေးရှိ တောင်တန်းတစ်ခုစီမှ ထွက်ပေါ်လာပြန်သည်။ အဝေးသို့ လှမ်းကြည့်လိုက်ပါက ချင်မူသည် ပိုမိုများပြားသော တောင်တန်းများကို ဖောက်ထွက်သွားနေ၏။ မည်သည့်နေရာ၌ ရပ်တန့်လိမ့်မည်မှန်း မသိရချေ။
ယန်အာ တောင်ပံများကို ရုတ်လိုက်သည့်အခါ နဂါးချီလင်မှာ သိသိသာသာ မျက်နှာပျက်သွား၏။ သူက ခြေကို ဆောင့်၍ ပြောသည်။ “ကျွန်တော့် ဆေးပင်စိုက်ခင်းလေးတော့ ပျက်စီးပါပြီဗျာ”
ယန်အာက စိတ်ပူပန်စွာ ပြောသည်။ “နင် စိုးရိမ်ရမှာ သခင်လေးဟဲ့”
နဂါးချီလင်လည်း အိမ်အား အလောတကြီး လှည့်ကြည့်လိုက်သည်။ ချိုင့်နက်ကြီးတစ်ခုကိုသာ တွေ့လိုက်ရပြီး အောက်ခြေတွင် ထိုက်ရှီ၏ ဥ ရှိနေသည်။ ၎င်းပေါ်ရှိ တာအိုအမှတ်အသားများက ဖြည်းဖြည်းချင်း မှေးမှိန်သွားနေ၏။
“နင် ဒီမှာ ဥကို ကြည့်ထား…. ငါ သခင်လေးကို သွားရှာမယ်” ယန်အာက အလျင်အမြန် ပျံထွက်သွားသည်။
နဂါးချီလင်က သူနှင့်အတူ ဥကို စောင့်ကြည့်ရန် မြေအောက်ဘုံအရှင်သခင်ပိစိလေးကို ခေါ်သွားသည်။ မြေအောက်ဘုံအရှင်သခင်ပိစိလေးသည် ရှေးဟောင်းနတ်ဘုရားဥဘေးတွင် ဒူးထောက်လျက် နားထောင်ကြည့်နေ၏။ သူက လှည့်ကြည့်ကာ မေးသည်။ “မူး…”
နဂါးချီလင်က သူ၏ ခေါင်းပိစိလေးကို ထုကာ ပြောသည်။ “ဒါက စားလို့မရဘူး…. ဘယ်သူမှ မကင်နိုင်ဘူး…”
“ဟာ…..” မြေအောက်ဘုံအရှင်သခင်ပိစိလေးမှာ ၀မ်းနည်းသွားလေသည်။