ယန်ယွင်ရှီအပေါ် ကျန်းပိုင်ကွေ့၏ အောင်နိုင်မှု
Vol. 87 Ch. 1135
ယန်အာသည် မိုင်ထောင်ပေါင်းများစွာ ပျံသန်းလာပြီးနောက် ချင်မူ့ကို တောင်ကြီးတစ်လုံးအတွင်းထဲက စာလုံးပုံစံ ဂူတစ်ဂူထဲတွင် တွေ့လိုက်ရ၏။ ချင်မူမှာ ဂူနံရံထဲတွင် ခြေကားရားလက်ကားရားဖြင့် နစ်မြုပ်နေချေသည်။ အပြင်းအထန် ဒဏ်ရာရထား၍လည်း မလှုပ်နိုင်ပေ။
ယန်အာ ရောက်ရှိလာချိန်တွင် ထိုတောင်အပိုင်စားရထားသော တောင်နတ်ဘုရား မျောက်လွှဲကျော်တစ်ကောင်က ချောင်းကြည့်နေသည်။
ယန်အာက ၎င်းကို မောင်းထုတ်၍ ချင်မူ့ကို နံရံထဲမှ အလျင်အမြန် ဆွဲထုတ်ပေးလိုက်သည်။
ချင်မူက သွေးများ တပွက်ပွက် အန်လျက် တဟက်ဟက် ရယ်နေသည်။ သူ့ပါးစပ်ထဲမှ ထွက်လာသည့် သွေးတို့မှာ တရဟော ပန်းထွက်နေသော ရေပူစမ်းအလား ထင်ရ၏။
ယန်အာမှာ ကပျာကယာ ပြောလိုက်ရသည်။ “သခင်လေး၊ မရယ်နဲ့တော့… မဟုတ်ရင် ရှိသမျှသွေးတွေ အကုန် ကုန်တော့မယ်”
ချင်မူသည် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်ရင်း ကိုယ့်ကိုကိုယ် တည်ငြိမ်စေလိုက်သည်။ သူက ယိမ်းယိုင်စွာ ထိုင်ချလိုက်ပြီးနောက် ပြုံးလျက် ပြော၏။ “ကျွန်တော် ဘာမှမဖြစ်ပါဘူး… အသက်တစ်၀က်ပဲ ဆုံးရှုံးလိုက်ရတာပါ… တစ်ခုလုံး မဟုတ်ပါဘူး… ပထမဆုံးသင်္ကေတကိုတော့ ဖွင့်နိုင်ခဲ့ပြီ”
ယန်အာက အံ့ဩတကြီးဖြင့် မေးလေသည်။ “သခင်လေး၊ နှစ်နှစ်တောင် ရှိပြီနော်… ပထမသင်္ကေတပဲ ဖွင့်နိုင်သေးတာလား…. ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းတစ်ခုလုံးကို ဖွင့်ဖို့ ဘယ်လောက်တောင် ကြာဦးမှာလဲ”
“နှစ်နှစ်တောင် ရှိသွားပြီလား”
ချင်မူ ကြောင်အသွားမိ၏။ အလွန်ဆုံးနေမှ တစ်နှစ်သာ ကုန်နိုင်သေးသည်ဟု ထင်ထားခဲ့မိသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် နှစ်နှစ်ကုန်ခဲ့လေပြီ။
ဤအချက်ကြောင့် အခြားကောင်းကင်နတ်သိုင်းပညာရှင်များနှင့် နတ်ဘုရားကဲ့သို့ တံခါးပိတ်ကျင့်ကြံရသည်ကို သူ မနှစ်သက်ခြင်း ဖြစ်သည်။
ယခုလို ကျင့်ကြံခြင်းမျိုးသည် နားထဲ ရှိန်စရာ ဖြစ်သော်လည်း အပြင်လောကနှင့် ဆယ်နှစ်၊ နှစ်နှစ်ဆယ် သို့မဟုတ် နှစ်ရာပေါင်းများစွာပင် အဆက်အသွယ်ပြတ်နိုင်၏။ ထို့ကြောင့် လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ တိုးတက်လာမှု၊ လူသစ်များ ထွက်ပေါ်လာမှု အစရှိသော ကိစ္စအတော်များများနှင့် လွဲချော်သွားနိုင်သည်။ ပြန်ထွက်လာသည့်အချိန်တွင် မိမိ၏ခေတ် ကုန်သွားပေလိမ့်မည်။
ချင်မူ နှစ်နှစ်ကြာ တံခါးပိတ်ကျင့်ကြံခဲ့ရသည်ကို မကျေနပ်ပေ။ ကောင်းသည့်အချက်က ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းကို ရှင်းလင်းစွာ နားလည်သွားခြင်းနှင့် ထိုက်ရှီဥ၏ တုံ့ပြန်မှုတို့ကြောင့် ထိုက်ရှီ၏ ပထမမဟာတာအိုသင်္ကေတအား နောက်ဆုံးတော့ နားလည်နိုင်ခဲ့သည်။
ယန်အာသည် စိတ်ထဲတွင် ကြိတ်ပျော်နေ၏။ ’သခင်လေးက ကောင်းကင်နတ်အရှင်ရဲ့ ကောင်းကင်နတ်သိုင်း ပထမသင်္ကေတကို နားလည်ဖို့ နှစ်နှစ်အချိန်ယူခဲ့ရင် သူ ဒီမှာ အကြာကြီး နေရမယ့် အဓိပ္ပာယ်မလား…အဲ့ဒါဆို ငါ ငါ့ရဲ့ မောင်ချစ်ချစ်လေးနဲ့ ဒီမှာ အကြာကြီး တစ်တီတူးလို့ရပြီ’
ချင်မူက ထရပ်၍ အကြောဆန့်လိုက်သည်။ “မမကြီးယန်အာ၊ ပြန်ကြစို့…. ကျွန်တော်တို့ တောင်ကောင်းကင်ကနေ အခုပဲ ထွက်ခွာကြမယ်”
ယန်အာ၏ လေထဲက အိမ်ကလေး ပျက်စီးသွားချေပြီ။ “ဒီမှာနေပြီး ကောင်းကင်နတ်သိုင်းကို နားလည်အောင် မလုပ်တော့ဘူးလား… သခင်လေး”
“ကျွန်တော် ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို နားလည်ပြီးသွားပြီ…. ဒီမှာနေလို့ အကျိုးမရှိတော့ဘူး”
သူတို့နှစ်ယောက်သား နဂါးချီလင်ရှိရာသို့ ပြန်လာကြသည်။ ချင်မူက ထိုက်ရှီဥကို ယူ၍ ပြော၏။ “သွားကြစို့…. ငါ ကောင်းကင်နတ်ဘုံ မဟာလေဟာနယ်ကို တိုက်ခိုက်မယ့်အကြောင်း သိချင်တယ်…. ပြီးတော့ တစ္ဆေသင်္ဘောရဲ့ ကောင်းကင်နတ်သိုင်းကို ချိုးဖျက်နိုင်မယ့် နေ့နဲ့လည်း ငါတို့ ဖြည်းဖြည်းချင်း နီးကပ်လာပြီ”
သူ့မှာ ဒဏ်ရာများမှ မသက်သာသေးသဖြင့် နဂါးချီလင်၏ ကျောပေါ်တွင် ထိုင်၍သာ တောင်ကောင်းကင်၏ စွမ်းအင်အကူးအပြောင်းတံတားမှ အလောတကြီး ထွက်ခွာသွားသည်။ ကျယ်ပြောသော မြေထုကြီးဘေးမှ ဖြတ်သွားနေရင်း ချင်မူ ငေးမောကြည့်နေမိသည်။
ဤကောင်းကင်ဘုံသည် အေးချမ်းနေပြီး စစ်ပွဲများ၊ ပဋိပက္ခများ မရှိချေ။
'ဒီနေရာက လူတွေက သူတို့မှာ တခြားရွေးချယ်စရာရှိတာ မသိကြဘူး… ဒါပေမဲ့ သူ့ကျွန်ဘ၀မှာ နေဖို့ ပုံသွင်းခံထားရတော့ မပုန်ကန်နိုင်ကြတော့ဘူး’
ချင်မူက သူနှင့် ယန်အာကို စွမ်းအင်အကူးအပြောင်းတံတားဆီသို့ ခေါ်သွားပေးနေသော နဂါးချီလင်ကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် စိတ်ပျက်နေသည့် မျက်နှာအမူအရာဖြင့် တိတ်တဆိတ် တွေးနေ၏။ ‘သူတို့က နတ်ဘုရားတစ်ပိုင်းတွေ မွေးထားတဲ့ ခြံမွေးတိရစ္ဆာန်တွေပဲ… အလွန်ဆုံး စားချင်တဲ့အခါ ခွင့်တောင်းပေးတာလေးပဲ ရှိတာ... သေရတာက ကြောက်စရာမကောင်းဘူး.... ကြောက်စရာကောင်းတာက မျိုးဆက်သစ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခု မတည်ဆောက်ပေးနိုင်တော့တာပဲ... သူတို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဖားတုလို့ ခရုခုန်နေတယ်လို့ လှောင်ကောင်း လှောင်မှာပေါ့လေ... ကောင်းကင်နတ်အရှင်ဟွေ့ ငါ့ကို လှောင်ခဲ့သလိုမျိုးပေါ့’
ချင်မူ မနေနိုင်ဘဲ ရယ်လိုက်မိ၏။
မဟာလေဟာနယ်တွင်….
နတ်မင်းလေးပါးကောင်းကင်လက်နက်များသည် ကစဉ့်လျားဟင်းလင်းပြင်အပေါ် ဖိနှိပ်ပေးထားပြီး ကောင်းကင်နတ်ဘုံ၏ စစ်တပ်က မဟာလေဟာနယ်ကို တိုက်ခိုက်ရန် ၀င်ရောက်လာသည်။
ဖန်ဆင်းရှင်များမှာ ကျန်းပိုင်ကွေ့နှင့် ဧကရာဇ်ယန်ဖုန်း ခိုးလာခဲ့သည့် နတ်မင်းလေးပါးကောင်းကင်လက်နက်များကို အသုံးချရင်း ကောင်းကင်နတ်ဘုံစစ်တပ် ချီတက်လာမှုကို နှောင့်ယှက်ကာ ချုံခိုတိုက်ခိုက်ကြရသည်။
သို့သော် ဤတစ်ကြိမ်တွင် စစ်တပ်ကို ဦးဆောင်လာသူမှာ ကောင်းကင်နတ်မင်းလေးပါးနှင့် ကောင်းကင်ဆရာသခင်လေးဦးတို့ ဖြစ်ချေသည်။ ကောင်းကင်ဆရာသခင်လေးဦးက အလွန်အမင်း ထက်မြတ်ပြီး မဟူရာနတ်မင်း၊ အဖြူရောင်နတ်မင်း၊ အစိမ်းရောင်နတ်မင်းနှင့် ဇာမဏီနတ်မင်းတို့ကမူ အင်အားကြီးမားကြသည်။ ဖန်ဆင်းရှင်များမှာ အောင်မြင်ခဲ့သည်ဟု ဆိုနိုင်သော်လည်း အထိအခိုက်အကျအဆုံး များပြားလွန်း၍ ဆုတ်ခွာခဲ့ရသည်။
နတ်ဘုရင်လန်ဝူက သူမနှင့်အတူ ဟင်းလင်းပြင်သားရဲများ ခေါ်လာ၍ စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ကာ ကောင်းကင်နတ်ဘုံစစ်တပ်အား အထိနာစေခဲ့သည်။ သို့သော် ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ဟုန်က အလျင်အမြန် ရောက်ရှိလာပြီး နတ်ဘုရင်လန်ဝူကို အပြင်းအထန် ထိခိုက်စေသောကြောင့် ဟင်းလင်းပြင်းသားရဲစစ်တပ်အား ဆုတ်ခွာသွားစေခဲ့သည်။
ဖန်ဆင်းရှင်တို့ အကြံကုန်နေချေပြီ။ သူတို့မှာ မဟာလေဟာနယ်ကို တတ်နိုင်သမျှ စောင့်ကြပ်ထားရင်း စစ်ပွဲကြီးဖြစ်ပွားလာမည်ကိုသာ စောင့်နိုင်ကြတော့သည်။
ဤစစ်ပွဲသည် ရက်စက်ပြင်းထန်ပြီး သွေးချောင်းစီးမည်ကို အားလုံး သိကြသည်။ မဟာလေဟာနယ်ထဲတွင် ကျန်ရှိသော ဖန်ဆင်းရှင်အချို့မှ အနည်းငယ်သာ ရှင်ကျန်ခဲ့ပေလိမ့်မည်။
“ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ နံပါတ်တစ် ကောင်းကင်ဆရာသခင်၊ ကျွန်တော်တို့ ကောင်းကင်နတ်ဘုံစစ်တပ်ကို ဘယ်လို တားဆီးပြီး အင်အားလျော့သွားအောင် လုပ်သင့်သလဲ” ယန်ယွင်ရှီက မေးသည်။
ကျန်းပိုင်ကွေ့က ဖြေသည်။ “ရိုးရှင်းပါတယ်…. ကျုပ်တို့ရဲ့ ခံစစ်ကို မာယာအပေါ် အခြေခံလိုက်မယ်… မာယာအများဆုံးနေရာက ကစဉ့်လျားဟင်းလင်းပြင်ပဲ”
ယန်ယွင်ရှီ၏ မျက်ဝန်းများ လင်းခနဲ လက်သွားပြီး သူမက မေးလေသည်။ “နတ်ဘုရင်လန်ဝူက ဟင်းလင်းပြင်သားရဲစစ်တပ်ကို ဦးဆောင်တိုက်ခိုက်ခဲ့ပေမယ့် အကျအဆုံး များပြီး ပြန်လာခဲ့ရတယ်…. ဖန်ဆင်းရှင်တွေရဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေလည်း ဘာမှမလုပ်နိုင်ကြဘူး… ခင်ဗျားက အဲ့ဒါကို ဘယ်လိုလုပ်မှာလဲ… ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်ဆရာသခင်”
ကျန်းပိုင်ကွေ့က ထူးဆန်းစွာ ကြည့်လိုက်ကာ မေး၏။ “ကျုပ်ကို စမ်းသပ်နေတာလား…. ခင်ဗျား ကိုယ့်ကိုကိုယ် သိသင့်တယ်… ကျုပ်ရဲ့ ဉာဏ်ပညာကို စစ်ဆေးနေတာပါလား”
ယန်ယွင်ရှီက ဝှစ်ခနဲ ယပ်တောင်ခါလိုက်ရင်း ပြောသည်။ “ခင်ဗျားက ကျွန်တော်တို့ကို စစ်ကူဖို့ ရောက်လာတဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ နံပါတ်တစ် ကောင်းကင်ဆရာသခင်ပဲဟာ… ခင်ဗျားရဲ့အဖြေကို ပြောပါ…. ခင်ဗျားက ဘယ်လောက် ထိုက်တန်သလဲ ကျွန်တော် ကြည့်ချင်တယ်…”
ကျန်းပိုင်ကွေ့က ခပ်ပြတ်ပြတ် ပြောလိုက်သည်။ “ဘယ်လောက်တန်သလဲဟုတ်လား…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေး ဖြစ်ခဲ့တုန်းက ကျုပ်က ဘယ်လောက်မှ မတန်ခဲ့ဘူး”
ယန်ယွင်ရှီမျက်နှာထက်ရှိ အပြုံး တောင့်တင်းသွားတော့သည်။
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးတွင် ခိုင်ဧကရာဇ်သည် ဖုန်းတုအား ချုံ့ပစ်ရန် အမိန့်ပေးခဲ့၏။ ထို့ကြောင့် ခိုင်ဧကရာဇ်၏ နတ်ဘုရားများက လူများကို ကယ်တင်နိုင်ရန် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအား မကူညီခဲ့ပေ။ ကျန်းပိုင်ကွေ့ ဤသို့ထုတ်ပြောလာခြင်းက သူမကို အပြစ်ရှိသလို ခံစားရစေသည်။
“ဒါပေမဲ့ ကျုပ်က ခင်ဗျားတို့လို မဟုတ်ဘူး…. ဒီကို ကူညီဖို့ ရောက်လာတာ…”
ကျန်းပိုင်ကွေ့က ပြောသည်။ “ကျုပ်သာ ခင်ဗျားဆိုရင် လူအမှိုက်သုံးထောင်ကို ရွေးပြီး ကစဉ့်ကလျားဟင်းလင်းပြင်ဆီ ပို့လိုက်တယ်… သူတို့ရဲ့ တာအိုနှလုံးသားတွေက ပျက်စီးပြီး အကြောက်တရားနဲ့ ပြည့်နှက်နေမှာပဲ…. သူတို့နှလုံးသားထဲက မိစ္ဆာတွေက အတောမသတ်နိုင်အောင် မွေးဖွားလာပြီး ကောင်းကင်နတ်ဘုံစစ်တပ်ကို တားဆီးနိုင်တဲ့ စစ်တပ်တစ်တပ် ဖြစ်လာလိမ့်မယ်….”
ယန်ယွင်ရှီသည် မျက်ဝန်းများ တောက်ပသွားပြီးနောက် ပြုံးလျက် ပြောလိုက်၏။ “ကျွန်တော်လည်း သဘောတူတယ်”
“ဆိုတော့ ကျုပ် ဘယ်လောက် ထိုက်တန်သလဲ သိသွားပြီလား….ကောင်းကင်ဆရာသခင် ကျစ်ရှီ”
“အင်အားတစ်သန်းရှိတဲ့ ကောင်းကင်နတ်မြစ်ရေတပ်တောင် ခင်ဗျားကို မယှဉ်နိုင်ဘူး”
ယန်ယွင်ရှီသည် သူမ၏ယပ်တောင်ကို ခပ်ပြင်းပြင်း ခတ်လျက် အိမ်ရှေ့စံမင်းသား၏ အိမ်ရှေ့စံအတိုင်ပင်ခံ ဖန်ရုံကျီကို ဆင့်ခေါ်လိုက်သည်။ “အဘိုးဖန်၊ ကျွန်တော့်ကို ရွှင်ပျော်ပျော်ကျေးရွာကနေ လူ့အမှိုက် သုံးထောင် ခေါ်လာပေးပါ… ကောက်းကင်နတ်ဘုံရဲ့ စစ်တပ်ကို တားဆီးဖို့ သူတို့ကို ကစဉ့်ကလျားဟင်းလင်းပြင်ဆီ လွှတ်မယ်”
ဖန်ရုံကျီသည် သူ့ခေါင်းတလားကို ဆီတ၀င်း၀င်း တောက်ပြောင်သည်အထိ တိုက်ချွတ်သော နတ်ဘုရားအိုတစ်ပါး ဖြစ်၏။ သူက သူ့စကား ကြားသောအခါ ပျော်ရွှင်သွားပြီး မေးလေသည်။ “သုံးထောင်နဲ့ လောက်ရဲ့လား… သုံးသောင်းဆိုရင်ရော”
ယန်ယွင်ရှီက ပြောလိုက်သည်။ “များလေ ကောင်းလေပဲ.. အရမ်းများလို့တော့ မဖြစ်ဘူး… သူတို့မိသားစုတွေ ဆူပူလာကြလိမ့်မယ်”
ဖန်ရုံကျီက ခပ်သုတ်သုတ် ထွက်သွားသည်။
ယန်ယွင်ရှီသည် ကျန်းပိုင်ကွေ့ကို တစ်ချက်ကြည့်၍ မေး၏။ “ကောင်းကင်နတ်ဘုံရဲ့ စစ်တပ်ကို တားဆီးနိုင်မယ်ထင်လား ကောင်းကင်ဆရာသခင်ကျန်း”
ကျန်းပိုင်ကွေ့က ခေါင်းရမ်းပြသည်။ “မထင်ဘူး... ဒီအကြံအစည်က ကောင်းကင်နတ်ဘုံစစ်တပ်ကို အထိအခိုက်များစေနိုင်ပေမယ့် မတားဆီးနိုင်ဘူး…. ကောင်းကင်နတ်ဘုံက လေဟာနယ်ကို ဖိနှိပ်ဖို့ ကောင်းကင်နတ်အရှင်တွေ ထပ်လွှတ်လိမ့်မယ်…. အဲ့အချိန်ကျ ကောင်းကင်နတ်ဘုံစစ်တပ်က ကျုပ်တို့နဲ့ တိုက်ခိုက်တော့မှာ…. သူတို့မှာ ကောင်းကင်နတ်အရှင်ဆယ်ပါး ရှိတဲ့အတွက် ကျုပ်တို့ ရှုံးလိမ့်မယ်”
ယန်ယွင်ရှီက မေး၏။ “ကျွန်တော်တို့ ဒါကို ဘယ်လိုချိုးဖျက်ရမလဲ”
“ခိုင်ဧကရာဇ်နဲ့ လန်ဝူကို လေဟာနယ်တံတားကနေတဆင့် ကောင်းကင်နတ်ဘုံကို တိုက်ခိုက်ခိုင်းပါ”
ကျန်းပိုင်ကွေ့က ပြောသည်။ “ကောင်းကင်နတ်ဘုံသာ နှောင့်ယှက်ခံရရင် ကောင်းကင်နတ်အရှင်တွေအနေနဲ့ မဟာလေဟာနယ်ကို အပြည့်အ၀ တိုက်ခိုက်ရဲမှာမဟုတ်ဘူး… ဒီနည်းနဲ့ မတိုးသာမဆုတ်သာ အခြေအနေ ဖန်တီးလို့ရတယ်”
ယန်ယွင်ရှီမှာ ကြက်သီးများထလာကာ အရိုအသေပေးလိုက်သည်။ “ကျွန်တော် ရှုံးသွားပြီ… ကျေးဇူးပြုပြီး စောင့်ပေးပါ”
သူမက အလျင်အမြန် ထွက်ခွာသွားလေသည်။
ဧကရာဇ်ယန်ဖုန်းက ကျန်းပိုင်ကွေ့ဘေးနား လာကာ ခပ်တိုးတိုး ပြောသည်။ “မင်း သူ့ကို နိုင်သွားပြီဆိုတော့ သူ မင်းကို စိတ်၀င်စားသွားပြီ… ဆရာကျစ်ရှီက သူ သဘောကျတဲ့လူကို တွေ့ရင် မိန်းမအဆန်ဆုံး အ၀တ်တွေကို ၀တ်ပြီးတော့ အဲဒီလူကလွဲပြီး ဘယ်သူ့ကိုမှ လက်မထပ်ဘူးလိူ့ ကျိန်ဆိုထားတာ… ဧကရာဇ်အတိုင်ပင်ခံ၊ ကြည့်ရတာ သူ အ၀တ်သွားလဲတဲ့ ပုံပဲ… သူ့နာမည်က ယွင်ရှီ…ကျစ်ရှီမဟုတ်ဘူး….မိန်းကလေးနာမည်”
ကျန်းပိုင်ကွေ့က သူ့ကို စောင်းစွေ့ကြည့်၍ ခေါင်းရမ်းကာ ပြောသည်။ “ပေါက်ကရတွေ ပြောနေပြန်ပါပြီ… ကျုပ်က သေတဲ့အထိ ကျုပ်ရဲ့ ကပ်စေးနည်းကော်တရာ မိန်းမကို ထာ၀ရသစ္စာရှိနေမှာဗျ”
သူတို့ စကားပြောနေကြစဉ် ယန်ယွင်ရှီက မိန်းကလေးအ၀တ်များ ၀တ်၍ ထွက်ချလာတော့သည်။ သူမမှာ တင့်တယ်လှပနေပြီး ရှားပါးသော အလှတစ်မျိုးကို ပိုင်ဆိုင်ထား၏။
သူမက ကျန်းပိုင်ကွေ့ဘေးသို့ သွား၍ စကားပြောတော့မည့်အချိန် ကျန်းပိုင်ကွေ့က ဦးညွှတ်အရိုအသေပေး၍ ပြောလိုက်လေသည်။ “ဦးရီးတော်ယန်”
ယန်ယွင်ရှီ၏မျက်နှာလေးမှာ သွေးဆုတ်ဖြူဖျော့သွားတော့သည်။
“မင်းကတော့ကွာ တကယ်ရက်စက်တာပဲ ဧကရာဇ်အတိုင်ပင်ခံ” ဧကရာဇ်ယန်ဖုန်းက သူ့အား တိတ်တဆိတ် လက်မ, ထောင်ပြလေသည်။