← Chapters

လုံရှန်းပန်းချီ မဟာဝင်္ကပါ

Vol. 87 Ch. 1136

လုံရှန်းပန်းချီ မဟာဝင်္ကပါ

Vol. 87 Ch. 1136

“မင်းက တကယ့်ကို မိန်းမလှသတ်သမားပဲ ဧကရာဇ်အတိုင်ပင်ခံရေ….ကောင်းကင်ယင်သားတော်‌တောင် မင်းနဲ့ ယှဉ်ရင် မှေးမှိန်သွားလိမ့်မယ်…”

ဧကရာဇ်ယန်ဖုန်းမှာ ယန်ယွင်ရှီ မည်မျှစိတ်ပျက်အားငယ်သွားကြောင်း မြင်လိုက်ရသဖြင့် သနားစိတ်၀င်မိသွားသည်။ သို့သော် သူ့စိတ်ထဲတွင် ကြီးစိုးနေသည့် ခံစားချက်ကား လေးစားအားကျမှုပင် ဖြစ်၏။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ဧကရာဇ်အတိုင်ပင်ခံဟောင်း ကျန်းပိုင်ကွေ့အပေါ် လေးစာအားကျမှုပင်။

ကျန်းပိုင်ကွေ့သည် အမျိုးသမီးများအပေါ် အမြဲရိုးသားခဲ့၏။ ထာ၀ရငြိမ်ချမ်းရေးအင်ပါယာမှာတုန်းက သူကား သူတော်စင်တန်ခိုးရှင်တစ်ဦးဖြစ်လာရန် ရည်မှန်းထားခဲ့သဖြင့် အချစ်နှင့် သာယာမှုအပေါ် အာရုံမရှိချ။ ဝန်ထုပ်ဝန်ပိုးများဟုပင် သဘောထားခဲ့သည်။

သူ အတင်းအကြပ် မိန်းမပေးစားခဲ့မှုနှင့် ချင်မူ၏ တိုက်တွန်းမှုကြောင့်သာ မဟုတ်လျှင် ‌ကျန်းပိုင်ကွေ့တစ်ယောက် ယနေ့အထိ လူပျိုကြီး ဖြစ်ကောင်းဖြစ်နေလိမ့်ဦးမည်။

ကျန်းပိုင်‌ကွေ့သည် သစ္စာရှိသူတစ်ဦး ဖြစ်၏။ မချစ်ရလည်း အဆင်ပြေသလို ချစ်မိသည့်အချိန်တွင်လည်း ထိုတစ်ယောက်တည်းအပေါ်သာ အလွန်အမင်း သစ္စာရှိလေသည်။ ယန်ယွင်ရှီက သူ့ဇနီးထက် ပိုလှပသည့်အပြင် ပိုမိုထက်မြတ်သော်လည်း စိတ်ထဲပင် မရှိချေ။

ထိုအကြောင်းကြောင့် သူ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှ ထွက်သွားခြင်းကို သူ့ဇနီးက စိတ်ချခြင်းပင်။

ကျန်းပိုင်ကွေ့ထံမှ စကားတစ်ခွန်းက ယန်ယွင်ရှီ၏ မျှော်လင့်ချက်များကို ရက်စက်စွာ ရိုက်ချိုးပစ်ခဲ့သည်။

ကျန်းပိုင်ကွေ့က ဦးညွှတ်အရိုအသေပေးကာ ယန်ယွင်ရှီအား ပြော၏။ “ဦးရီးတော်၊ ကျုပ်က အင်အားတစ်သန်းရှိတဲ့ နတ်ဘုရားနဲ့ မိစ္ဆာစစ်တပ်တစ်တပ်လောက် တန်ဖိုးရှိတယ်ဆိုတော့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ ကပ်ဘေးတစ်ခုခု ဖြစ်လာခဲ့ရင် အဲ့ဒီစစ်တပ်နဲ့ ကူညီလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ယန်ယွင်ရှီမှာ ဖြူဆုတ်နေသော မျက်နှာလေးဖြင့် တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။

ကျန်းပိုင်ကွေ့က မတ်မတ်ထိုင်၍ လေးနက်စွာ ပြော၏။ “ဒါကြောင့် ဦးရီးတော်၊ နတ်ဘုရင်လန်ဝူနဲ့ ခိုင်ဧကရာဇ်တို့နဲ့အတူ သွားပြင်ဆင်လို့ရပါပြီ”

ယန်ယွင်ရှီ ထွက်ခွာသွားသည်။

တစ်ချိန်တည်းမှာပင် အောက်မှ ပျင်းရိပျင်းတွဲအသံတစ်သံက ထွက်ပေါ်လာကာ ပြော၏။ “မင်းက တကယ်စွမ်းအားကြီးတာပဲ ညီလေး”

ကျန်းပိုင်ကွေ့နှင့် ဧကရာဇ်ယန်ဖုန်းတို့ မျှော်စင်ပေါ်မှ ငုံ့ကြည့်လိုက်သည့်အခါ စုတ်ပြတ်နုံချာသော အ၀တ်များ ၀တ်ထားသည့် လူဝကြီးတစ်ဦးအား တွေ့လိုက်ရသည်။ သူသည် သူ့ကိုယ်ပေါ်မှ သန်းနှင့် မွှားတို့ကို အေးအေးလူလူ ဖယ်ရင်း စိတ်မနှံ့သည့်အလား အဆက်မပြတ် ရယ်နေ၏။

ဧကရာဇ်ယန်ဖုန်း၏အကြည့်က လင်းခနဲ လက်သွားသည်။ “ဒီသူတောင်းစားက ဘယ်ကနေ ရောက်လာတာလဲ… ရူးနေတဲ့ပုံပဲ…. ကောင်းကင်ဆရာသခင်ကျစ်ရှီက အင်မတန်‌ တော်တဲ့ ဆရာတစ်ယောက်ပါ… သူတောင် ဒီလူ့ကို အာရုံမခံနိုင်ခဲ့ဘူး”

ကျန်းပိုင်ကွေ့သည် မျှော်စင်ပေါ်မှ လွှားခနဲ ခုန်ချ၍ ထိုလူအရှေ့တွင် လက်နောက်ပစ်လျက် ရပ်လိုက်သည်။ သူက အေးအေးလူလူ ပြောလိုက်၏။ “ဒါပေါ့.. ကျုပ်က စွမ်းအားကြီးတာပေါ့…”

အရူးက သန်းများ ဖမ်းရင်း သူ့ကို မော့ကြည့်ပြီးနောက် ရယ်လိုက်သည်။ “သစ်ခုတ်သမား ဝမ်ထျန်းကဲရဲ့ တပည့်လား….. ထင်ထားတဲ့အတိုင်း လေသံက မော‌က်မာလိုက်တာ”

သူက ထရပ်ပြီး သန်းတို့ကို ပါးစပ်ထဲ ထည့်လိုက်ရာ တဖောက်ဖောက် မြည်သွားသည်။ ထို့နောက် ထွေးထုတ်၍ ပြောသည်။ “၀မ်ထျန်းကဲတောင် ငါ့ရှေ့မှာ သိပ်မမောက်မာရဲဘူး…. သူ ငါ့ကို ရှုံးခဲ့တယ်လေ…. မင်းကို တိုက်ခိုက်နေတဲ့ ကောင်းကင်ဆရာသခင်လေးပါးလုံးက ဉာဏ်ကောင်းကြတယ်…. မင်း သူတို့ကို ကျစ်ရှီနဲ့အတူ ပေါင်းတိုက်ရင်တောင် အနိုင်မယူနိုင်လောက်ဘူး”

ကျန်းပိုင်ကွေ့က အေးအေးလူလူ ပြောသည်။ “သူတို့က အိုပြီး ခေတ်နောက်ကျနေပြီ… ကျုပ် ၀င်္ကပါတွေနဲ့ တန်ပြန်တိုက်ခိုက်မှာ”

“ဒါပေမဲ သူတို့စွမ်းအားက ကြီးမားလွန်းတယ်”

အရူးက ရယ်သည်။ “ရွှင်ပျော်ပျော်ကျေးရွာမှာ လူဘယ်လောက်ရှိလဲ… ဖန်ဆင်းရှင်ကရော ဘယ်နယောက်ရှိလဲ…. စစ်ပွဲဘယ်လောက်များများ ‌တောင့်ခံနိုင်မှာမလို့လဲ….. မကြာခင် စစ်သားတွေ ကုန်သွားလိမ့်မယ်…. မင်းက ကမ္ဘာပေါင်း ထောင်ပေါင်းများစွာကို ဖန်ဆင်းရှင်တွေနဲ့ ရွှင်ပျော်ပျော်ကျေးရွာနဲ့ ရင်ဆိုင်နေရတာ….မင်း မနိုင်နိုင်ဘူး”

ကျန်းပိုင်‌ကွေ့၏ မျက်ခုံးများ တွန့်ချိုးသွားသည်။

အရူးက ရယ်ပြန်၏။ “မင်းက သိပ်တော်တယ်ဆို… သစ်ခုတ်သမား ၀မ်ထျန်းကဲက မောက်မာလှပြီထင်နေတာ မင်းက ပိုလို့တောင် မောက်မာသေးတယ်”

ကျန်းပိုင်ကွေ့သည် ဟာသနှော၍ ပြောလိုက်၏။ “ကျုပ်က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ စွမ်းအားအကြီးဆုံး မဟုတ်ဘူး…. ကျုပ်နဲ့ အဆင့်တူမှာ ကျုပ်ထက်သာတဲ့ အစ်ကိုတစ်ယောက် ရှိတယ်…. ဒါပေမဲ့ တြိဂံလို တခြားသူတွေနဲ့ ယှဉ်ရင် ကျုပ်က မျဥ်းဖြောင့်တစ်ကြောင်းပဲ”

အရူးမှာ ကြောင်အသွားပြီး သူ နားလည်ရန် အချိန်တခဏ ယူလိုက်ရ၏။ “ငါက ဉာဏ်ပညာအကြောင်း ပြောနေတာ…. စွမ်းအားမဟုတ်ဘူး”

“အဲ့လိုလား”

ကျန်းပိုင်ကွေ့က ပြော၏။ “ဉာဏ်ပညာမှာဆိုရင်တော့ ကျုပ်ရဲ့ ဒုတိယအစ်ကိုတောင် ကျုပ်ကို အမွှမ်းတင်ရလိမ့်မယ်… သူက ကျုပ်လောက် မထက်မြတ်ဘူး…. ကျုပ်နဲ့ ယှဉ်ရင် သူက မျဉ်းဖြောင့်တစ်ကြောင်း လိုနေတယ်…”

အရူးက ရယ်၍ ပျင်းတွဲတွဲ ပြောသည်။ “ဒါဆိုရင် ငါတို့ ပြိုင်ကြတာပေါ့…. ငါက ဝင်္ကပါကို ဖန်တီးမယ်….မင်းက ချိုးဖျက်…. မင်း ချိုးဖျက်နိုင်ရင် မဟာကောင်းကင်ဆရာသခင်လေးပါးကို တိုက်ဖို့ ငါ ကူညီပေးမယ်… မချိုးဖျက်နိုင်ရင်တော့ မင်းသေတာ ထိုင်ကြည့်‌နေမယ်”

ကျန်းပိုင်ကွေ့သည် မျက်ခုံးများ ပင့်လျက် မေးလိုက်၏။ “ခင်ဗျားက ဘယ်သူများလဲ”

အရူးတွင် စိတ်မနှံ့သည့် အရိပ်အယောင်များ ပျောက်ချင်းမလှ ပျောက်သွားပြီး သူက မတ်မတ်ရပ်လိုက်သည်။ ထို့နောက် ခန့်ညားသော ဟန်ပန်အမူအရာအပြင် လေးစားကြည်ညိုဖွယ် အသံအနေအထားဖြင့် ပြန်ဖြေသည်။ “ကောင်းကင်နတ်ဘုံရဲ့ နံပါတ်တစ် ကောင်းကင်ဆရာသခင်ဟောင်း၊ တာအိုဂိုဏ်းရဲ့ ယွဲ့ထင်းကဲပဲ… လက်ရှိ မဟာကောင်းကင်ဆရာသခင်လေးပါးလုံးက ငါ့ကို ရှုံးခဲ့ကြတယ်…. ခိုင်ဧကရာဇ်ရဲ့ မဟာကောင်းကင်ဆရာသခင်လေးပါး ဖြစ်တဲ့ ငါးဖမ်းသမား၊ သစ်ခုတ်သမား၊ လယ်သမားနဲ့ စာပေသမားတို့လည်း ခွန်အားရော၊ ဉာဏ်ပညာမှာပါ ငါ့ဆီ ရှုံးနိမ့်ခဲ့ကြတယ်”

ကျန်းပိုင်ကွေ့မှာ ရင်ထဲ လှုပ်ခတ်သွားသဖြင့် တောင်းဆိုလိုက်သည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံဟောင်း ကျန်းပိုင်ကွေ့က သင်ကြားပြသပေးဖို့ တောင်းဆိုပါတယ်”

ယွဲ့ထင်းကဲ၏ အရှိန်အဝါသည် ပြင်းထန်ကြမ်းတမ်း၏။ သူက ချီစွမ်းအင်ကို သုံးကာ ၀င်္ကပါဖော်ဆောင်လိုက်သည်။ စစ်သားများ၊ ရတနာများ ပုံစံများလည်း ဖွဲ့တည်လာပြီး သူက သူ၏၀င်္ကပါတွင် ၎င်းတို့အား နေရာချလိုက်၏။

၀င်္ကပါမှာ ထူးခြားလှပြီး အံ့ဩဖွယ်ကောင်းစွာနှင့် နံပါတ်တစ်ရတနာ ‌ဖန်သားကောင်းကင်စေတီ၏ အသွင်သဏ္ဍာန်နှင့် ဆင်တူလေသည်။ ဝင်္ကပါသည် ကောင်းကင်ဘုံ ၂၈ ဘုံအဖြစ် ခွဲခြားခံထားရပြီ ကောင်းကင်ဘုံတစ်ဘုံချင်းစီတွင် ရတနာအမျိုးမျိုး ကိန်းအောင်းနေ၏။ ရတနာများပတ်လည်တွင် စစ်သားများအား နေရာချထားးသည်။ မများပြားသော်လည်း ရတနာတို့နှင့် တစ်သားတည်းဖြစ်ကာ ပြောင်မြောင်လှသော အခင်းအကျင်းများအား ဖြစ်ပေါ်လာစေတော့သည်။

ထိုသည်သာမက ယွဲ့ထင်းကဲ၏ ၀င်္ကပါတစ်ခုချင်းစီမှာ မတူကြပေ။ ထောင်ချီသော ရတနာတို့မှ ဖွဲ့တည်လာသည့် ထောင်ချီသော ၀င်္ကပါအမျိုးမျိုး ရှိလေသည်။ ထို၀င်္ကပါတစ်ခုချင်းစီသည် ရတနာတို့နှင့် တစ်သားတည်း ဖြစ်နေကြ၏။

ပိုမိုကြောက်မက်ဖွယ်ကောင်းသည်က သူသည် လူအနည်းငယ်သာ သုံး‌ထားသော်လည်း ၀င်္ကပါတစ်ခုချင်းစီ၏ ဖွဲ့စည်းပုံက လူနှင့် ရတနာများကို ကျစ်လစ်နေစေသည်။ ခုခံရန် လွယ်ကူသော်လည်း တိုက်ခိုက်ရန် ခက်ခဲ၏။

ယွဲ့ထင်းကဲက ၀င်္ကပါကို ဖော်ဆောင်ပြီးသွားသဖြင့် တည်ကြည်စွာ ပြောသည်။ “ဒီ၀င်္ကပါက လုံရှန်းပန်းချီရဲ့ မဟာ၀င်္ကပါလို့ခေါ်တယ်…. နံပါတ်နှစ် ကောင်းကင်ဆရာသခင် ရှန့်ပင်းယင်က ပြန်ပြုပြင်ပြီး ရေးဆွဲခဲ့တာ…. လျှို့ဝှက်တဲ့ ၀င်္ကပါသခင် လုံရှန်းဆန်းရန်ဆီမှာ ရှုံးသွားပြီး နှစ်ထောင်ပေါင်းများစွာ ရူးသွားခဲ့တဲ့သူပေါ့…. ရှန့်ပင်းယင်က တစ်လောကလုံးက ပညာရှိတွေကို ခေါ်ပြီး ချိုးဖျက်ကြည့်ခိုင်းခဲ့တယ်…. နှစ်ရာပေါင်း၊ ထောင်ပေါင်းများစွာ ကြာတာတောင် ဘယ်သူမှ မချိုးဖျက်နိုင်ခဲ့ဘူး…ငါ ချိုးဖျက်နိုင်ခဲ့တဲ့အတွက် ကောင်းကင်နတ်ဘုံရဲ့ နံပါတ်တစ်ကောင်းကင်ဆရာသခင်ဆိုတဲ့ ဘွဲ့ကို ရခဲ့တာပဲ..”

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ဖန်သားကောင်းကင်စေတီ ဖွဲ့တည်ထားသော ၀င်္ကပါကို ကြည့်ကာ တုန်လှုပ်သွားသည်။ ‘ဒီ၀င်္ကပါရဲ့ ဝင်္ကပါသိုင်းကွက်အများစုက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုတုန်းက လေ့လာပြုစုခဲ့တာ…. အတိတ်က အဲ့ဒီလုံရှန်းဆန်းရန်ဆိုတာ ဘယ်သူများပါလိမ့်’

ဖန်သားကောင်းကင်စေတီ၏ မဟာ၀င်္ကပါပန်းချီထဲတွင် ထာ၀ရငြိမ်းချမ်း‌ရေးအင်ပါယာ၏ ၀င်္ကပါများက များပြားလွန်းနေ၏။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာတွင် ၀င်္ကပါပညာအဆင့်အရ လူသိများသူ သုံးဦးရှိသည်။ တစ်ဦးက ဧကရာဇ်အတိုင်ပင်ခံဟောင်း ကျန်းပိုင်ကွေ့ပင်။ ကျန်နှစ်ဦးက ဒုက္ခိတကျေးရွာ၏ နတ်မျက်စိမျက်ကန်းနှင့် ‌အနောက်ကမ္ဘာမြေ၏ ၀င်္ကပါဆရာမ ဟယ့်ရီရီတို့ ဖြစ်ကြသည်။

သူတို့သည် အမျိုးမျိုးသော ၀င်္ကပါသိုင်းကွက်များကို စွန့်ဦးတီထွင်ခဲ့ကြပြီး ၀င်္ကပါအပြောင်းအလဲတို့ဖြင့် လမ်းစဉ်သို့ ၀င်ရောက်ခဲ့ကြ၏။

သူတို့သုံးဦးအပြင် သေနင်္ဂဗျူဟာစစ်သူကြီးချင်ကျန်းသာမက အသတ်အဖြတ်၀င်္ကပါများကြောင့် နာမည်ကျော်‌သော ချင်ပေါင်ယွဲ့၊ ကောင်းကင်နှင့်မြေကြီးတို့၏ စွမ်းအားမှတဆင့် ၀င်္ကပါများအား အသက်သွင်းသောကြောင့် နာမည်ကြီးလာသော စစ်တူရှို့လဲ့ချင်းတို့လည်း ရှိကြသည်။ သိုင်းကွက်၀င်္ကပါများကြောင့် လူသိများသော မြင်းဖြူစစ်သူကြီးဝူတင့်လည်း ရှိ၏။ သူတို့အားလုံး၌ အထူးပြုနယ်ပယ် အသီးသီး ရှိကြလေသည်။

လုံရှန်းဆန်းရန်၏ မဟာ၀င်္ကပါပန်းချီတွင် အသုံးပြုထားသော ၀င်္ကပါများတွင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ၀င်္ကပါပန်းချီများ အများအပြား ကိန်းဝပ်နေသည်။

အခြား၀င်္ကပါများမှာ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ၀င်္ကပါများကို ပြုပြင်ပြောင်းလဲထားမှုများ ဖြစ်သော်လည်း ပို၍အနုစိတ်သည်။ ကျန်းပိုင်ကွေ့ တစ်ခါမှမမြင်ဖူးသော အခြား၀င်္ကပါသိုင်းကွက်များလည်း ထောင်နှင့်ချီလျက် ပါဝင်နေသည်။ သို့ထိတိုင် ၎င်းတို့ကို ချိုးဖျက်ရခြင်းက သူ့အတွက် မခက်ခဲလှချေ။

သူ့မှာ လေ့လာရင်း ဤလုံရှန်းဆန်းရန်ဆိုသူကို မလေးစားဘဲ မနေနိုင်ချေ။ ၀င်္ကပါသည် ထောင်ပေါင်းများစွာသော ‌၀င်္ကပါများနှင့် ၀င်္ကပါသိုင်းကွက်များကို ပေါင်းစည်းထားခြင်း ဖြစ်၏။ ပေါင်းစည်းလိုက်ခြင်းဖြင့် ဧရာမ အသတ်အဖြတ်၀င်္ကပါကြီးတစ်ခုကို ဖြစ်ပေါ်လာစေသည်။

၀င်္ကပါထောင်ပေါင်းများစွာက ပြည့်စုံသော ၀င်္ကပါတစ်ခုတည်း ဖြစ်လာရန် အတူတကွ ပေါင်းစည်းလုပ်ဆောင်နေကြသည်။

ယွဲ့ထင်းကဲက ချောင်းဟန့်ကာ သူ့အား သတိပေး၏။ “ကျန်းပိုင်ကွေ့၊ ကောင်းကင်ဘုံ ၂၈ ဘုံရဲ့ အစဉ်လိုက်က အချိန်မရွေး ပြောင်းလဲနိုင်တယ်နော်…”

ကျန်းပိုင်ကွေ့၏ နှလုံသားမှာ တုန်လှုပ်သွားပြီး သူက ဖြည်းဖြည်းချင်း ခေါင်းညိတ်၍ ချီးကျူးလိုက်မိသည်။ “တကယ်ကို စွမ်းအားကြီးတာပဲ… လောကတခွင် ပညာရှိတွေရဲ့ နှစ်ရာပေါင်း၊ ထောင်ပေါင်းများစွာ ကြိုးစားမှုကို တောင့်ခံနိုင်ခဲ့တာ အံ့ဩစရာမရှိဘူး”

သို့သော် ၀င်္ကပါကို နေရာချထားခဲ့သူသည် အလျင်စလို လုပ်ခဲ့ရကြောင်း သူ မြင်နေရ၏။ လုံရှန်းဆန်းရန်သည် ပိုမိုအနုစိတ်အောင် ပြုလုပ်နိုင်ပါသော်လည်း ၀င်္ကပါနေရာ‌ချရာတွင် စွမ်းအင်မလုံလောက်မှုကြောင့် ဖြစ်ပေါ်လာသော အမှားအချို့ကို တွေ့ရလေသည်။

သူ မှန်၏။ ချင်မူ့အသိစိတ်အလျဉ်မှာ မဟာဧကရာဇ်ကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့သည်မဟုတ်လော။ သူ့မှာ မူးဝေကာ သတိရတစ်ချက်၊ မရတစ်ချက် ဖြစ်ခဲ့သဖြင့် ၀င်္ကပါတွင် အမှားများစွာ ပါ၀င်ခဲ့သည်။

ထို့အပြင် နဂါးချီလင်မှတဆင့် ဖော်ဆောင်ခဲ့ရသောကြောင့် နဂါးချီလင်သည် နံပါတ်တစ်ကောင်းကင်ဆရာသခင်ဟူသော ဘွဲ့ကို ရရှိသော်လည်း ၀င်္ကပါထဲတွင် ချို့ယွင်းချက်များစွာ ရှိလာခဲ့သည်။

လုံရှန်းမဟာ၀င်္ကပါပန်းချီ၏ ကြောက်မက်ဖွယ်အကောင်းဆုံးအချက်မှာ ကောင်းကင်ဘုံ ၂၈ ဘုံသည် မည်သည့်အချိန်တွင်မဆို နေရာပြောင်းသွားနိုင်ခြင်းပင်။ ၎င်းက ချိုးဖျက်ရန် ကြိုးစားခဲ့မှုများကို အလဟဿဖြစ်သွားစေလိမ့်မည်။

နေရာပြောင်းလဲလိုက်ခြင်းဖြင့် အခြားသူတစ်ယောက်၏ ကြိုးစားမှုများကို ပျောက်ကွယ်သွားစေနိုင်သည့် အတွက်ကြောင့်ပင်။

“ထာ၀ရငြိမ်းချမ်းရေး ကောင်းကင်ဆရာသခင်၊ ချိုးဖျက်ဖို့ လူ ဘယ်နှယောက် လိုသလဲ” ယွဲ့ထင်းကဲက မေး၏။

ကျန်းပိုင်ကွေ့က တိတ်တဆိတ် တွေးပြီးနောက် ပြန်ဖြေသည်။ “ငါးသိန်း”

ယွဲ့ထင်းကဲမှာ ကြောင်အသွားသည်။ သူ့မှာ ချိုးဖျက်ရန် လူတစ်သန်း သုံးခဲ့ရသည်မဟုတ်လော။

All Chapters