အကျဉ်းချုပ်
Vol. 6 Ch. 57
ကလိုင်းဟာ ခဏရပ်ကာ စဉ်းစားပြီးမှ ဆက်ရေးပါတယ်။
“ဆေးရည်ရဲ့ ပြဿနာတွေကို ချေဖျက်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းတာက ရိုးရိုးရှင်းရှင်း ပြောရရင် ဆေးရည်ရဲ့ စွမ်းအားကို ထိန်းချုပ်တာ မဟုတ်ဘူး... ဒါက နားလည်လွယ်ပါတယ်”
“ဆေးရည်ရဲ့ စွမ်းအားကို ထိန်းချုပ်ပြီး သုံးတာက ပြင်ပလက်နက်လို အသုံးပြုတာပဲ... ယဉ်ပါးအောင် သင်ကြားထားတဲ့ သားရဲကို ဘယ်လိုပဲ ထိန်းချုပ်နိုင်ပါစေ အဲဒါက အဲဒီလူရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာ မဟုတ်ဘူး... အဲဒီတော့ အဲဒီသားရဲက အဲဒီလူကို ပြန်မကိုက်ဘူးလို့ မပြောနိုင်ဘူး...”
“ချေဖျက်တဲ့ နည်းလမ်းကျတော့ ဆေးရည်ရဲ့စွမ်းအားကို သူတို့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်တာပဲ... တစ်စစီဖြိုခွဲပြီး ပေါင်းစပ်တယ် စုပ်ယူတယ်... ဒီလိုနဲ့ စုပေါင်းပြီး စနစ်သစ်တစ်ခု ဖြစ်လာတာပဲ”
“လောလာဆယ်တော့ ငါ ဒီတစ်ချက်ကို သေချာ သိသွားပြီ... ပိုပြီး အရေးကြီးတာက သရုပ်ဆောင်တာက ချေဖျက်တာကို ဘယ်လိုကူညီပေးလဲဆိုတာပဲ”
“ဒီနေ့ ငါ့ရဲ့ အမြင်ဆရာ အတွေ့အကြုံအရ ကောက်ချက်နှစ်ခု ချထားတယ်... ဒီနှစ်ချက် မှန်မမှန်ဆိုတာ နောက်ကျရင် သိရမှာပဲ”
“(၁) သရုပ်ဆောင်တာက ဆေးရည်ရဲ့ နာမည်အတိုင်း ခန္ဓာကိုယ် နှလုံးသားနဲ့ ဝိညာဉ်ကို ပြောင်းလဲပြီး ဆေးရည်ရဲ့ အဓိက ပါဝင်ပစ္စည်းတွေမှာ ကျန်နေတဲ့ စိတ်ဝိညာဉ်နဲ့ နီးစပ်အောင် လုပ်တာပဲ... ဒီလိုလုပ်ရင် ဆေးရည်ရဲ့ လက်ကျန်စိတ်ဝိညာဉ်နဲ့ ပဲ့တင်ထပ်ပြီး လက်ကျန်စိတ်ဝိညာဉ်က တဖြည်းဖြည်း လက်ခံလာလိမ့်မယ်... ဒီလိုဆို ဆေးရည်ကို စုပ်ယူရတာ လွယ်ကူသွားလိမ့်မယ်”
“(၂) ဆေးရည်ရဲ့ လက်ကျန်စိတ်ဝိညာဉ်က ခုခံစနစ်ပါတဲ့ ကွန်ပျူတာလိုမျိုး ဖြစ်နိုင်တယ်... အဲဒီတော့ သူ့ကို တိုက်ခိုက်ချင်ရင်ပဲဖြစ်ဖြစ် ထိုးဖောက်ချင်ရင်ပဲဖြစ်ဖြစ် ချို့ယွင်းချက်တို့ လုံခြုံရေးယိုပေါက်တို့ သော့ချက်တို့ကို ရှာရလိမ့်မယ်... ဆေးရည်ရဲ့ နာမည်က ဒီအရာအတွက် ပေးထားတဲ့ သဲလွန်စပဲ”
“အဲဒီသဲလွန်စကနေ သရုပ်ဆောင်တဲ့ နည်းလမ်းနဲ့ ငါတို့ရဲ့ ခန္ဓာကိုယ် နှလုံးသားနဲ့ ဝိညာဉ်ကို စနစ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရုပ်ဖျက်ပြီး စနစ်ရဲ့ ခုခံစနစ်ကို လိမ်ညာနိုင်လိမ့်မယ်... ဒီကောက်ချက်က ဧကရာဇ်ရစ်ဆဲလ်ရဲ့ ရှင်းပြချက်နဲ့တော့ ဆင်တယ်”
“ဘယ်ဟာပဲဖြစ်ဖြစ် ခန္ဓာကိုယ် နှလုံးသားနဲ့ ဝိညာဉ်ကနေ မလွတ်ဘူး... သူတို့တွေက သရုပ်ဆောင်တာနဲ့ ဆေးရည်ရဲ့ စွမ်းအားကို ဆက်သွယ်ပေးတဲ့ တံတားတွေပဲ”
ကလိုင်းဟာ ဖော့ပင်ကို အောက်ချပြီး သူရေးထားတဲ့ စာပိုဒ်ကို ပြန်ကြည့်ပါတယ်။ တစ်ခဏအတွင်းမှာ သူဟာ ၂၁ ရာစုမှာ စာသင်ခဲ့ရတာကို ကျေးဇူးတင်မိသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံအားဖြင့် ယုတ္တိကျကျ တွေးခေါ်နိုင်လို့ပါပဲ။ စာသာမသင်ခဲ့ရရင် ကီးဘုတ်သမားဖြစ်လာစရာ အကြောင်း မရှိသလို အခုလိုမျိုး သူ့ရဲ့ လက်ရှိအခြေအနေကိုလည်း သုံးသပ်နိုင်မှာ မဟုတ်ပါဘူး။
“သရုပ်ဆောင်တာက အကျိုးတော့ ရှိတယ်... ဒါပေမဲ့ ဘယ်လိုအကျိုးပေးလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်”
အဲဒီနောက် သူဟာ သူ့ရဲ့ ဒုတိယမြောက် မေးခွန်းကို ချရေးပါတယ်။
“ဂမ္ဘီရနယ်ပယ်မှာ သူများထက် ပိုသင်ယူထားတဲ့ ပရော်ဖက်ရှင်နယ် ပိုကျတဲ့ အမြင်ဆရာက ဘာဖြစ်လို့ တိုက်ခိုက်ရေးဘက်မှာ အားနည်းနေရတာလဲ... သူများထက် ပိုသင်ယူထားပြီး ပရော်ဖက်ရှင်နယ်ပိုကျတဲ့ အမြင်ဆရာက ပိုပြီးတော့ စွမ်းအားကြီးရမှာ မဟုတ်ဘူးလား... သူတို့ရဲ့ ရန်သူကို အနိုင်ယူနိုင်မဲ့ အစွမ်းအစတော့ ရှိရမယ်မလား”
“အကြောင်းရင်းက...
“(၁) ငါ အရင်က ဖတ်ဖူးတဲ့ အွန်လိုင်းစာစဉ်တွေလိုမျိုး လက်တွေ့ လောကဖြစ်သွားတဲ့ ဂိမ်းလောကကို ငါ ဘဝကူးပြောင်းလာတာပဲ.. အဲဒါကြောင့် မတူညီတဲ့ အလုပ်အကိုင်တွေက ကွဲပြားတဲ့ ထူးခြားအစွမ်းအစတွေ ရှိပြီး တစ်ခုနဲ့တစ်ခု မျှခြေဖြစ်နေတာပဲ... ဒါပေမဲ့ အခုအချိန်အထိ ဒီကမ္ဘာက ဂိမ်းလောကဆိုတဲ့ လက္ခဏာ တစ်ခုမှ မတွေ့ရဘူး... မစ်ရှင် အရိပ်အယောင်လည်း မတွေ့ရဘူး... ငါ ဒီအကြောင်းရင်းကို ပထမဆုံး စဉ်းစားမိတာဆိုပေမဲ့ ဖြစ်နိုင်ခြေ တော်တော်နည်းတယ်”
“(၂) ဒီကမ္ဘာရဲ့ အခြေခံနိယာမက မျှခြေပဲ... ဖန်တီးရှင်က ဒီကမ္ဘာကို မျှတရမယ်ဆိုတဲ့ အယူအဆနဲ့ ဖန်တီးခဲ့တာပဲ”
“(၃) ဆုံမှတ်တူ ဆေးရည်တွေက စွမ်းအားအဆင့် တူတူပဲ... ဒီဆေးရည်တွေက ငါတို့ရဲ့ အရင်စီနီယာတွေ ဘဝနဲ့ရင်းပြီး ရလာတဲ့ အတွေ့အကြုံတွေကနေ အသင့်လျော်ဆုံးဖြစ်အောင် စီမံထားခဲ့တာပဲ... ဒီစွမ်းအားအဆင့်ကို ကျော်လွန်သွားရင် ပြိုလဲပြီး စိတ်လွတ်ဖို့ လွယ်ကူသွားလိမ့်မယ်... ဒီစွမ်းအားအဆင့် အောက်မှာဆိုရင် လိုချင်တဲ့ သာလွန်သူစွမ်းအားကို ရနိုင်မှာ မဟုတ်ဘူး... အဲဒီတော့ မျှခြေစွမ်းအား အခြေအနေအောက်မှာ တစ်ခု စွမ်းအားကြီးရင် တခြားတစ်ခုမှာ အားနည်းသွားလိမ့်မယ်”
“(၄) ဒီကမ္ဘာရဲ့ အရာအားလုံးက ရင်းမြစ်တစ်ခုတည်းကနေ ဆင်းသက်လာတာ... သူတို့တွေက ဖန်တီးရှင်ရဲ့ လက်ကျန်အပိုင်းအစတွေကနေ ဖြစ်တည်လာတာ... အဲဒီတော့ ဒီကမ္ဘာရဲ့ အရာအားလုံးက ဖန်တီးရှင်ရဲ့ အပိုင်းအစတွေပဲ... သူတို့တွေက တစ်ခုနဲ့တစ်ခု ဖြည့်ဖက်တွေဆိုတော့ သူတို့ရဲ့ အားနည်းချက်တွေကို ဆေးရည်သောက်သုံးသူက အမွေဆက်ခံရတာ ဖြစ်နိုင်တယ်”
“ငါ နံပါတ်သုံးနဲ့ နံပါတ်လေး အချက်ကို ပိုအားသာတယ်... ဒါပေမဲ့ နံပါတ်လေးအချက်က အတည်မပြုရသေးတဲ့ ယုံတမ်းဒဏ္ဍာရီကနေ ဆင်းသက်လာတာဆိုတော့ အရန်အနေနဲ့ပဲ ထားတာ ကောင်းလိမ့်မယ်”
“အဲဒီတော့ ငါ နံပါတ်သုံးအချက်ကို မြေပုံထားပြီး ငါ့ရဲ့ လက်ရှိ အသိပညာ၊ နောက်ပိုင်း လေ့လာမှာတွေနဲ့ သေချာအောင် စိစစ်ရမယ်”
ဒီအချိန်မှာ ကလိုင်းဟာ စာရွက်နှစ်ရွက်ပြည့်အောင် ချရေးပြီးသွားပါပြီ။ ဒါပေမဲ့ သူဟာ စာရေးတာ မရပ်ဘဲ နောက်ထပ် မေးခွန်းတစ်ခုကို ချရေးလိုက်ပါတယ်။
“ဒီနေ့ ငါ သင်ယူခဲ့ရတာကနေ ငါ့ရဲ့ ကံကောင်းစေတဲ့ အစီအရင်က အစီအရင်ပညာထဲမှာ ပါတယ်ဆိုတာကို သိလိုက်ရတယ်”
“အပိုင်းသုံးပိုင်း ခွဲခြားလို့ရတဲ့ အစီအရင်ပညာပဲ... ပထမပိုင်းက ယဇ်ပူဇော်ပြီး သက်ဆိုင်တဲ့ တည်ရှိမှု စိတ်ဝင်စားအောင် လုပ်တာ... ဒုတိယပိုင်းက သီကုံထားတဲ့ မန္တန်တွေသုံးပြီး အဲဒီတည်ရှိမှုကို အသေးစိတ် ဖော်ပြတာ... တတိယပိုင်းက ရိုးရှင်းတဲ့ ပုံစံနဲ့ သင်္ကေတတွေသုံးပြီး ဘာတောင်းဆိုတာလဲဆိုတာကို သိစေတာ”
“ဒါကို စံထားပြီး ငါ့ရဲ့ ကံကောင်းစေတဲ့ အစီအရင်ကို စိစစ်သုံးသပ်မယ်ဆိုရင် ပြဿနာတစ်ခု ရှိတယ်... အဲဒါက တတိယပိုင်း မရှိတာပဲ”
“ယဇ်ပူဇော်တာက အခြေခံစားသောက်ကုန်ကို ထောင့်လေးထောင့်မှာ ထားတာနဲ့ နာရီလက်တံပြောင်းပြန်အတိုင်း စတုရန်းပုံ ခြေလေးလှမ်း လျှောက်တာပဲ... မန္တန်ကလည်း ဘယ်သူ့အတွက်လဲဆိုတာ သိသာတယ်.... မိုးမြေအင်မော်တယ်အရှင်မှ ကောင်းချီပေးတော်မူပါ ဆိုတဲ့ စာသားမှာ မိုးမြေအင်မော်တယ်အရှင်ကို ရည်ညွှန်းတယ်ဆိုတာ အသိသာကြီး...”
“ဒါပေမဲ့ အဲဒါတွေပြီးရင် ငါလုပ်တာက မျက်စိမှိတ်ပြီး စောင့်နေတာပဲ... အစီအရင်ရဲ့ ရည်ရွယ်ချက်က ကံကောင်းချင်တာလို့ ဖော်ပြတာ မပါဘူး”
“တခြားစကားနဲ့ ပြောရရင် အဲဒီသက်ဆိုင်တဲ့ တည်ရှိမှုက ကံကောင်းစေတဲ့ အစီအရင်ကနေ ဘာတောင်းဆိုနေလဲဆိုတာ သိနိုင်စရာအကြောင်း မရှိဘူး... အဲဒီတော့ သူ အဆင်ပြေသလိုပဲ ကြည့်လုပ်ပေးလိမ့်မယ်... အဆင်ပြေသလိုပဲ ကြည့်လုပ်ပေးတယ်...”
“စိတ်ပျက်စရာပဲ... အဲဒီ ချင်နဲ့ဟန်မင်းဆက်က လျှို့ဝှက်ဆန်းကြယ် ဂမ္ဘီရပညာရပ်စာအုပ်က တစ်ဝက်တစ်ပျက်ကြီးလား မသိဘူး”
“ငါ အဲဒီတုန်းက ဒီအစီအရင်ကို စမ်းခဲ့တာ ရူးနေလို့ပဲ ဖြစ်မယ်”
ကလိုင်းဟာ စာရေးတာ ရပ်ပြီး အသက်အရှည်ကြီး နှစ်ကြိမ် ရှူသွင်းကာ စိတ်ငြိမ်အောင် ကြိုးစားပါတယ်။ အဲဒီနောက် လေပူတွေကို ဟူးခနဲ မှုတ်ထုတ်ပြီး စာဆက်ရေးပါတယ်။
“ငါ ဒီအစီအရင်ကို ပြန်ပြင်ပြီး ပိုပြီးတော့ ပြည့်စုံအောင် လုပ်လို့ရတယ်... ဒီအစီအရင်ရဲ့ ရည်ရွယ်ချက်က ငါ့မိဘနဲ့ သူငယ်ချင်းတွေရှိတဲ့ ကမ္ဘာမြေဆီ ပြန်ဖို့ပဲ”
“အဲဒါဆိုရင် ဒီမှာ မေးခွန်းတစ်ခု ပေါ်လာပြီ... အဲဒီတည်ရှိမှုက စိတ်ကူးပေါက်သလို လျှောက်လုပ်နေတာလား... ဒါမှမဟုတ် ဒီ့နောက်ကွယ်မှာ နက်ရှိုင်းတဲ့ အကြောင်းအရင်းတစ်ခုခု ရှိနေတာလား”
“နောက်ပြီး ဒီမန္တန်ထဲမှာ ရည်ညွှန်းထားတဲ့ တည်ရှိမှုက ကမ္ဘာမြေက တည်ရှိမှုနဲ့ အတူတူပဲလား”
“အဲဒီလိုဆိုရင် ပထမတစ်ခေါက် ရလဒ်နဲ့ ဒုတိယတစ်ခေါက် ရလဒ် မတူတာက အဲဒီတည်ရှိမှု စိတ်ကူးပေါက်သလို လုပ်လို့ပဲ... ဒါပေမဲ့ ဒုတိယတစ်ကြိမ်နဲ့ တတိယတစ်ကြိမ် ငါ မီးခိုးရောင်မြူခိုးထက်မှာ ပေါ်လာပြီး တရားမျှတမှုနဲ့ လူဇောက်ထိုးကို ဆက်သွယ်နိုင်တာက အတူတူချည်းပဲ... မတူတာ ဘာမှမရှိဘူး... ဘာဖြစ်လို့ အဲဒီလို ဖြစ်ရတာလဲ”
“မနက်ဖြန် စတုတ္ထမြောက် အစီအရင်မှာ ဒီလိုပဲ ထပ်ဖြစ်မယ်ဆိုရင် အကျိုးရလဒ်က မပြောင်းလဲသွားဘူးလို့ ဆိုလိုတာပဲ... အဲဒါဆိုရင် အဲဒီအမျိုးအမည်မသိ တည်ရှိမှုဆီမှာ ငါ မသိတဲ့ အစီအစဉ်တစ်ခု ရှိနေတာပဲ... အဲဒီအတိုင်းသာဆိုရင် ငါ အစီအရင်ကို ဘယ်လိုပြောင်းပြောင်း ရလဒ်က ပြောင်းသွားမှာ မဟုတ်ဘူး... ပိုရှုပ်ထွေးပြီး တခြားမဟုတ်တာတွေပါ ဖြစ်လာနိုင်ခြေ ရှိတယ်”
“ငါခေါ်တဲ့ တည်ရှိမှုက တစ်ခုတည်းဆိုရင် ပထမအစီအရင်နဲ့ နောက်ပိုင်းအစီအရင်တွေ ရလဒ် မတူတာက ငါနေတဲ့ကမ္ဘာ မတူလို့များလား... ကြားခံစနစ် မတူလို့ ရလဒ်မတူတာလား”
“အဲဒါဆိုရင် ငါလိုချင်တဲ့ ရလဒ်ရအောင် ဒီအစီအရင်ကို ဘယ်လိုပြောင်းရမလဲ”
“ပထမအစီအရင်နဲ့ နောက်ပိုင်းအစီအရင်တွေရဲ့ နောက်ကွယ်မှာရှိတဲ့ တည်ရှိမှုက အတူတူပဲဆိုရင် တချို့ပြဿနာတွေ လုံးဝ ရှင်းသွားပြီ... ဒါပေမဲ့ ဒုတိယနဲ့ တတိယ အစီအရင်တွေ ရလဒ် တူနေတာက အဲဒီတည်ရှိမှုဆီမှာ လုပ်ငန်းစဉ်တစ်ခုခု ရှိနေတယ်လို့ ပြနေတာပဲ... အဲဒါကို ငါ လောလောဆယ် ပြောင်းလဲနိုင်မှာ မဟုတ်သေးဘူး”
“အရေးအကြီးဆုံး မေးခွန်းက အဲဒီတည်ရှိမှု ဘယ်သူလဲဆိုတာပဲ... သူ ဘယ်မှာနေတာလဲ... သူက ဘာဖြစ်လို့ ငါ့ကို ဘာသဲလွန်စ ဘာလမ်းညွှန်မှ မပေးတာလဲ”
“သူက မြူခိုးကမ္ဘာရဲ့ ဟိုးနက်ရှိုင်းတဲ့ တစ်နေရာမှာ ရှိနေတာလား”
“အင်း... ငါ သူ့ကို လှုံ့ဆော်မှု တစ်ခုခုပေးရင် အသေတုံ့ပြန်တဲ့ အိပ်ပျော်နေတဲ့ တည်ရှိမှုလို့ ယူဆလိုက်ရမလား... အဲဒါကလွဲရင် ငါဘာလုပ်လုပ် ဝင်မပါတဲ့ တည်ရှိမှုပေါ့”
“အဲဒါဆိုရင် ငါ တခြားအစီအရင်ကို လှုံ့ဆော်မှုအနေနဲ့ မိတ်ဆက်ပေးပြီး ငါ ပြန်ရတဲ့ တုံ့ပြန်မှုက တစ်သမတ်တည်းလား ဆိုတာကို ကြည့်ရမယ်... အဲဒီလိုဆိုရင် ငါ အိမ်ပြန်ဖို့ နည်းလမ်းမှန်ကို ရှာနိုင်ပြီ”
“ဒါပေမဲ့ ပြဿနာက သူ အိပ်မပျော်နေတဲ့ ဖြစ်နိုင်ခြေပဲ... အဲဒီလိုဆိုရင် ဒီလိုစမ်းသပ်မှုက ကြောက်စရာကောင်းတဲ့ ရလဒ်တွေ ယူဆောင်လာကောင်း ယူဆောင်လာနိုင်တယ်... တကယ်ကို အန္တရာယ်ကြီးနိုင်တယ်”
“ပထမစမ်းသပ်မှုကို သေချာဂရုတစိုက်လုပ်မှ ဖြစ်မယ်... အဲဒီအစီအရင်က အဲဒီတည်ရှိမှုကို စိတ်ဆိုးစေလို့ မဖြစ်ဘူး...”
“စိတ်ရှုပ်ဖို့ကောင်းလိုက်တာ... ငါ ဒီထက် ပိုသိဖို့ လိုတယ်”
ကလိုင်းဟာ သက်ပြင်းချပြီး အကျဉ်းချုပ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ တခြားအရာတွေကို ချရေးပါတယ်။
“ငါ့နားထဲမှာ အမြဲတမ်း ပဲ့တင်ထပ်နေတဲ့ အသံတစ်သံရှိတယ်... ဟွန်းနာဆစ်ဆိုပြီး အမြဲတမ်း အော်နေတာ... ဖလိုင်းဂွေယာလား ဖလဲဂွေယာလားဆိုလား... အဲဒါလည်း ပါသေးတယ်”
“ဟွန်းနာဆစ်က လိုအင်နိုင်ငံနဲ့ အင်ထစ်သမ္မတနိုင်ငံကို ပိုင်းခြားထားတဲ့ တောင်တန်းပဲ... သူ့ရဲ့ အဓိကတောင်ထိပ်က ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ခြောက်ထောင်မှာရှိတယ်”
“အန်တီဂိုနပ်မိသားစုရဲ့ ဒိုင်ယာရီ မှတ်တမ်းအရ အဲဒီမှာ စတုတ္ထယုဂ်တုန်းက ထာဝရညနိုင်ငံတော် တည်ရှိခဲ့တယ်တဲ့... ထာဝညနိုင်ငံတော်က ထာဝရညနတ်ဘုရားမနဲ့ ပတ်သက်နေတာလား... ဒီနှစ်ခုက တကယ်ကို အဆက်အစပ် ရှိနေတာလား... သူတို့တွေက ရန်သူတွေလား မိတ်ဆွေတွေလား... အန်တီဂိုနပ်မိသားစုကို ထာဝရည နတ်ဘုရားမ ဘုရားကျောင်းက သုတ်သင်လိုက်တာ ထာဝရညနိုင်ငံတော်ကြောင့်လား”
“ငါကြားနေရတဲ့ ရေရွတ်ညည်းညူသံတွေက လွန်ခဲ့တဲ့ နှစ်တစ်ထောင် နှစ်ထောင်ကျော်က အန်တီဂိုနပ်မိသားစုရဲ့ အသံတွေလား”
“ဖရိုင်းဂွေယာ... အင်း... ဖလဲဂွေယာက ဘာကို ဆိုလိုတာလဲ”
“စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းပဲ... ဒီလိုမျိုး ဒိုင်ယာရီနဲ့ ချိပ်ပိတ်လက်နက် ၂-၀၄၉ ကို ချန်ထားနိုင်ခဲ့တာဆိုတော့ အန်တီဂိုနပ်မိသားစုက အဲဒီလောက်ရှိတဲ့ သာလွန်စွမ်းအားကို ပိုင်ဆိုင်မှာပဲ... အဲဒီလိုဆိုရင် သူတို့တွေ ဘယ်လမ်းကြောင်းကို ပိုင်တာလဲ... အပြည့်အစုံ ပိုင်တာလား... တစ်ဝက်တစ်ပျက် ပိုင်တာလား”
“ငါ့အထင် ဒီဒိုင်ယာရီ ရေးဘီဘာ လက်ထဲရောက်သွားတာ နည်းနည်းတော့ တိုက်ဆိုင်တယ်... ဒါပေမဲ့ ဘယ်သူမှ မစီစဉ်ဘူးဆိုတော့ ငါ့ရဲ့ ကံကြမ္မာက ဒီဒိုင်ယာရီနဲ့ တကယ်ပဲ ဆက်စပ်သွားတာလား”
….
ကလိုင်းဟာ သူ့အတွေးတွေကို စာရွက်ပေါ်မှာ အကုန်လုံး ချရေးပါတယ်။ အဲဒါအပြင် သူ့ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ခန့်မှန်းချက်တွေကိုလည်း ချရေးပါတယ်။
ဘယ်လောက်တောင် ချရေးလဲဆိုရင် စာမျက်နှာရှစ်မျက်နှာ ပြည့်တဲ့အထိပါပဲ။
“ဗြိ...”
ကလိုင်းဟာ စာရွက်လေးရွက်ကို ရုတ်တရက် ဆွဲဖြဲပြီး အပေါ်ကနေအောက် ဖတ်ပါတယ်။ တစ်ခါတစ်လေမှာ တချို့အပိုင်းတွေကို ဖော့ပင်နဲ့ အမှတ်အသားလုပ်ပြီး စာကြောင်းတချို့ ထပ်ဖြည့်ပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ တိမ်မည်းတွေက ကြက်သွေးရောင်လကို ခေတ္တခဏ ဖုံးအုပ်သွားပါတယ်။ ကလိုင်းဟာ စားပွဲပေါ်က အိတ်ဆောင်နာရီကို ကောက်ယူပြီး ကလစ်ခနဲ ဖွင့်ကာ အချိန်ကြည့်ပါတယ်။
အဲဒီနောက် သူဟာ အိတ်ဆောင်နာရီကို ပြန်ချပြီး အံဆွဲထဲက မီးခြစ်ဆံတစ်ဘူးကို ထုတ်ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ မီးခြစ်ဆံတစ်ချောင်းကို ဆွဲထုတ်ပြီး မီးညှိကာ စာရွက်လေးရွက်နား ကပ်လိုက်ပါတယ်။
လိမ္မော်ရောင်မီးလျှံဟာ စာရွက်အစွန်းကနေ စလောင်မြိုက်ပြီး စာရွက်လေးရွက်လုံးကို အလျင်အမြန် ကူးစက်သွားပါတယ်။
ကလိုင်းဟာ ဒီမီးလောင်နေတဲ့ စာရွက်လေးရွက်ကို သစ်သား အမှိုက်ပုံးနားထားပြီး ပြာတွေ အောက်ပြုတ်ကျသွားတာကို ကြည့်နေပါတယ်။ အဲဒီနောက် မီးလောင်နေတဲ့ စာရွက်တွေကို လွှတ်ချလိုက်ပါတယ်။
၁၀ စက္ကန့်အတွင်းမှာပဲ အရာအားလုံး ပျောက်ကွယ်သွားပါတယ်။ ကျန်နေခဲ့တာဆိုလို့ ပြာတွေနဲ့ မီးမြိုက်လို့ မည်းသွားတဲ့ သစ်သားအမှိုက်ပုံးရဲ့ အောက်ခြေပါ။
ဒီကမ္ဘာမှာ ဧကရာဇ်ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီ ရှိနေတဲ့အတွက် ကလိုင်းဟာ သူ တရုတ်စာတတ်တယ်ဆိုတဲ့ သဲလွန်စ ဘာတစ်ခုမှ ချန်မထားရဲပါဘူး။ လူအိုကြီးနီးလ်နဲ့ ကျန်တဲ့လူတွေသာ ဒီစာရွက်လေးရွက်ကို ရှာတွေ့သွားရင် သူ ဘယ်လိုမှ ရှင်းပြနိုင်မှာ မဟုတ်ပါဘူး။
သူ ဒီလျှို့ဝှက်မေးခွန်းတွေကို တရုတ်စာနဲ့ ရေးရတာက အကြောင်းရှိပါတယ်။ တစ်ယောက်ယောက်က သူ့ရဲ့ အိပ်မက်တွေကို အာရုံစိုက်နေမယ်ဆိုရင် သူ ဘယ်ဘာသာနဲ့ပဲရေးရေး လိုအင်ပဲဖြစ်ဖြစ် ဖေးဆက်ပဲဖြစ်ဖြစ် ဟာမီးပဲဖြစ်ဖြစ် အဲဒီလူက ဘာသာပြန်နိုင်မှာပါ။ တရုတ်စာကိုတော့ အဲဒီလူ ဘာသာပြန်နိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် တရုတ်စာနဲ့ ချရေးပြီး သူ့အတွေးတွေကို ရှင်းလင်းအောင် လုပ်တာပါ။ အခု သူလိုချင်တာ ရသွားပြီ ဖြစ်တဲ့အတွက် စာရွက်တွေကို မီးရှို့ဖျက်ဆီးပစ်လိုက်တဲ့အခါ ဘာသဲလွန်စမှ ကျန်မနေခဲ့တော့ပါဘူး။
ဒိုင်ယာရီရေးဖို့ မဖြစ်နိုင်တဲ့အတွက် သူဟာ အစီအစဉ်တစ်ခု ဆွဲလိုက်ပါတယ်။ အဲဒါကတော့ တစ်ပတ်ကိုတစ်ခါ ဒီလိုမျိုး အကျဉ်းချုံးပြီး ချရေးဖို့ပါ။ အဲဒါမှ တချို့အရာတွေကို သူ မေ့မသွားမှာပါ။
စက္ကူတွေ ပြာကျသွားတာကို ကြည့်ပြီးနောက် ကလိုင်းဟာ စာရွက်ဖြူတစ်ရွက်ကို ဆွဲထုတ်ပြီး အခုလို ခေါင်းစဉ်တပ်ပါတယ်။
“လေးစားရပါသော ဆရာ...”
သူဟာ ဟွန်းနာဆစ် တောင်တန်းရဲ့ အဓိကတောင်ထိပ်နဲ့ ပတ်သက်ပြီး ဆက်စပ်တဲ့ သမိုင်း အချက်အလက်တွေကို သိချင်တဲ့အတွက် အကြီးတန်းတွဲဖက်ပါမောက္ခ ကွမ်တင်ကိုဟင်ဆီ စာရေးပြီး မေးတာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။