အတွေးရေယာဉ်
Vol. 6 Ch. 58
နောက်တစ်နေ့၊ တနင်္လာနေ့ မနက်ခင်း။
တစ်ရက်အလုပ်ပိတ်တဲ့ ကလိုင်းဟာ အိမ်က မထွက်ဘဲ သူ့ဆရာ ကွမ်တင်ကိုဟင်ဆီ ရေးတဲ့စာကို မလီဆာလက်ထဲ အပ်ကာ တံဆိပ်ခေါင်းဝယ်ဖို့ လိုအပ်တဲ့ပိုက်ဆံထက် ပိုပေးပါတယ်။ ပြီးတဲ့အခါမှာတော့ ထင်းဂန်နည်းပညာကျောင်းနားက စာပို့ရုံးကနေ စာပို့ခိုင်းပါတယ်။
သူဟာ မနက်စာ စားပြီးတဲ့အခါ မနေ့ညက မအိပ်ခဲ့ရတဲ့အတွက် နေ့ခင်းနားကပ်လို့ ဗိုက်ထဲက တဂွီဂွီ မြည်တဲ့အထိ အတိုးချအိပ်ပါတယ်။
သူဟာ လက်ကျန်ဟင်းတချို့ကို နွေးပြီး ပေါင်မုန့်နဲ့ စားပါတယ်။ အဲဒီနောက် သတင်းစာတစ်စောင်ကို ဆွဲယူပြီး ဒုတိယထပ်က ရေချိုးခန်းထဲ ဝင်ပါတယ်။
သူဟာ ဒီလိုလုပ်တိုင်း စမတ်ဖုန်းမရှိတာကို သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။
၇ မိနစ် ၈ မိနစ် ကြာတဲ့အခါမှာတော့ သူဟာ အိမ်သာထဲကထွက်ပြီး လက်ဆေးပါတယ်။ ပြီးတဲ့အခါမှာတော့ အိပ်ခန်းထဲ ပြန်ပြီး တံခါးလော့ချလိုက်ပါတယ်။
ကလိုင်းဟာ လိုက်ကာဆွဲပိတ်ပြီး ဓာတ်ငွေ့မီးအိမ် ထွန်းကာ တွေးခေါ်မှုကို နာရီဝက် လေ့ကျင့်ပါတယ်။ စိတ်ဝိညာဉ်အာရုံကို လေ့ကျင့်ပြီးတဲ့နောက် စိတ်ဝိညာဉ် တွက်ချက်မှုတွေကို နာရီဝက်ကြာအောင် လေ့ကျင့်ပါတယ်။ ပြီးတဲ့အခါမှာတော့ သူ မကြာသေးခင်က လေ့လာခဲ့တဲ့ ဂမ္ဘီရအသိပညာတွေကို တစ်နာရီကြာအောင် စိတ်ထဲမှာ ပြန်သုံးသပ်ပါတယ်။
ဒါတွေလုပ်ပြီးတဲ့အခါမှာတော့ သူဟာ သတင်းစာဟောင်းကို ဆုတ်ဖြဲပြီး အလုံးတွေဖြစ်အောင် လုံးခြေလိုက်ပါတယ်။ သူဟာ အဲဒီအလုံးတွေပေါ်မှာ လပန်းဖယောင်းတိုင်၊ လပြည့်ဆီနဲ့ တခြားပစ္စည်းနာမည်တွေကို ချရေးပါတယ်။
ပြီးတဲ့အခါမှာတော့ သူ့ခေါင်းထဲက အစီအရင်မှော်ရဲ့ အဆင့်တိုင်းကို အသေးစိတ်ချရေးပါတယ်။ ကလိုင်းဟာ ဒီအစီအရင်မှော်နဲ့ မရင်းနှီးမချင်း အစီအရင်လုပ်ဖို့ မစဉ်းစားထားပါဘူး။ အစီအရင်တစ်ခုက အကုန်အကျများပြီး ဘေးတွေ့ဖို့ လွယ်ကူတယ် မဟုတ်ပါလား။
သူဟာ ဒီလိုထပ်ခါထပ်ခါ လေ့ကျင့်ရင်း အိတ်ဆောင်နာရီကို တစ်ချက် ကြည့်မိလိုက်တဲ့အခါ သုံးနာရီထိုးဖို့ ၁၅ မိနစ်ပဲ လိုတော့တာကို တွေ့လိုက်ရပါတယ်။
အဲဒါနဲ့ သူဟာ လေးငါးစက္ကန့်လောက် စဉ်းစားပြီး သတင်းစာဟောင်း အပိုင်းအစတွေကို ပထမထပ်က မီးဖိုချောင်းထဲ ယူသွားပြီး မီးရှို့ပစ်ပါတယ်။ ဒီလိုလုပ်နေတုန်းမှာ ကလိုင်းဟာ တဲရော့တွေ့ဆုံပွဲအတွက် သူ့စိတ်ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပါတယ်။
သူ့အိပ်ခန်းတံခါးကို ထပ်လော့ချပြီးနောက် ကလိုင်း သုံးနာရီထိုးတဲ့အထိ မစောင့်ပါဘူး။ သူဟာ မီးခိုးရောင် မြူခိုးကမ္ဘာထဲကို စောစောဝင်ဖို့ စီစဉ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီးခိုးရောင်မြူခိုးကမ္ဘာကို စူးစမ်းလေ့လာချင်တာကြောင့်ပါ။
ကလိုင်းဟာ သူ့အခန်းထဲက နေရာလွတ်မှာ မတ်တတ်ရပ်ပြီး နာရီလက်တံပြောင်းပြန်အတိုင်း လမ်းစလျှောက်ပါတယ်။ ရုတ်တရက်ဆိုသလို သူဟာ တရားမျှတမှုနဲ့ လူဇောက်ထိုးက သင့်တော်တဲ့နေရာမှာ ရှိမနေမှာကို စိုးရိမ်ပူပန်သွားပါတယ်။ ဖြစ်လာနိုင်ခြေရှိတဲ့ ပြဿနာတစ်ခုကိုလည်း တွေးမိလိုက်ပါတယ်။
‘သူတို့တွေ နှောင့်ယှက်ခံရနိုင်လား... ဒါမှမဟုတ် တစ်ယောက်ယောက်က သူတို့ကို ရှာတွေ့သွားနိုင်လား’
အရင်တစ်ခေါက်တုန်းက ကလိုင်းဟာ တရားမျှတမှုနဲ့ လူဇောက်ထိုးကို အကြောင်းအရင်း တချို့ကြောင့် တွေ့ဆုံပွဲ မတက်နိုင်ရင် တွေ့ဆုံပွဲ မတိုင်ခင် ခွင့်တိုင်လို့ရအောင် လုပ်ပေးမယ်လို့ ပြောခဲ့ဖူးပါတယ်။
အရင်တုန်းကဆိုရင် ဒီကိစ္စက ကလိုင်းအတွက် ဖြေရှင်းဖို့ မလွယ်ကူတဲ့ ပြဿနာတစ်ခုပါ။ ဒီကမ္ဘာမှာ အင်တာနက်ကို သူ လက်ဗလာနဲ့ တည်ဆောက်နိုင်စရာအကြောင်း လုံးဝ မရှိပါဘူး။ ကြေးနန်းထက်သာတဲ့ ဘယ်နည်းပညာမဆို သူ့ကို ပေါ်သွားစေမှာပါ။
ဒါပေမဲ့ အခုအချိန်မှာတော့ သူဟာ အစီအရင်ပညာကနေ အတွေးသစ် အမြင်သစ် ရသွားပါတယ်။
‘အစီအရင်ပညာက မတူညီတဲ့ တည်ရှိမှုတွေရဲ့ အကူအညီနဲ့ တခြားစွမ်းအားကို ငှားသုံးတာပဲ... မန္တန်ထဲမှာပါတဲ့ စာသားတွေက ဘယ်သူ့ကို ရည်ညွှန်းလဲဆိုတာ အစမှာထဲက ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်... ဥပမာ ထာဝရညနတ်ဘုရားမ၊ ကြက်သွေးရောင် မိန်းမပျိုဆိုပြီးတော့ပေါ့... ဒီလိုမှ မဟုတ်ရင်လည်း တခြား အမျိုးအမည်မသိ တည်ရှိမှုတွေရဲ့အကြောင်းကို ဖော်ပြတယ်’
‘အဲဒါဆိုရင် ငါ မန္တန်ကိုပြင်ပြီး ငါ့ဆီ ဦးတည်အောင် လုပ်လို့ရနိုင်လား’
‘ငါ့ဆီ ဦးတည်အောင်...’
‘အဲဒီလိုဆိုရင် တရားမျှတမှုနဲ့ လူဇောက်ထိုးက ဘယ်နေရာမှာပဲ အစီအရင်လုပ်လုပ် သူတို့ရဲ့ သတင်းစကားကို ငါကြားနိုင်မှာပဲ’
ကလိုင်းဟာ ရုတ်တရက် အကြံသစ်တွေ ရလာတဲ့အတွက် အလုပ်ဖြစ်နိုင်မဲ့ အခြေအနေကို စပြီးတော့ သုံးသပ်ပါတယ်။
‘ဒီကိစ္စမှာ အခက်အခဲနှစ်ခုရှိတယ်... (၁) ငါက စွမ်းအားကြီးတဲ့ အဆင့်မြင့် သာလွန်သူ မဟုတ်ဘူး... ဒီတော့ မန္တန်က ငါ့ကို ရည်ညွှန်းရင်တောင် အဲဒီတောင်းဆိုမှုကို ငါ ကြားရဖို့က မသေချာဘူး’
‘(၂) မန္တန်ပါ စာသားတွေက ငါ့ကို တိတိကျကျ ရည်ညွှန်းပြီး တခြားအမျိုးအမည်မသိ တည်ရှိမှုတွေဆီ လမ်းမလွဲသွားအောင် ငါ ဘယ်လိုလုပ်ရမလဲ... မတော်လို့ လမ်းလွဲပြီး တခြားအမျိုးအမည်မသိ တည်ရှိမှုတွေဆီ ရောက်သွားရင် အန္တရာယ် အရမ်းများလိမ့်မယ်’
ကလိုင်းဟာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း အလုပ်ဖြစ်နိုင်မဲ့ နည်းလမ်းကို စူးစူးစိုက်စိုက် စဉ်းစားပါတယ်။
သူဟာ တိတ်တဆိတ် လမ်းလျှောက်ရင်း ဒီကိစ္စကို လျှို့ဝှက်ဆန်းကြယ် မီးခိုးရောင် မြူခိုးကမ္ဘာနဲ့ ချိတ်ဆက်ဖို့ အကြံရသွားပါတယ်။
‘ငါ သတင်းစကားကို လက်မခံနိုင်ရင်တောင် မီးခိုးရောင်မြူခိုးကမ္ဘာက လက်ခံနိုင်မှာပဲ... သူနဲ့ ကြက်သွေးရောင်ကြယ်တွေရဲ့ ဆက်သွယ်မှုက ဘယ်နေရာမှာရှိတဲ့ လူတစ်ယောက်ကိုမဆို ဒီနေရာထဲ တိုက်ရိုက် ဆွဲသွင်းနိုင်တာပဲ’
‘ဒီတော့ မန္တန်စာသားထဲမှာ ငါ့ကိုယ်ငါ ဒီလျှို့ဝှက်ဆန်းကြယ်နေရာနဲ့ ချိတ်ဆက်လိုက်လို့ရတယ်’
‘ဒီအတွေးအတိုင်းဆိုရင် တခြားလူ အစီအရင်လုပ်နေတုန်း သူတို့ရဲ့ တောင်းဆိုမှုကို ငါ ချက်ချင်း မကြားရဘူးဆိုရင်တောင် ငါ မီးခိုးရောင်မြူခိုးကမ္ဘာထဲ ဝင်လိုက်တာနဲ့ သူတို့နဲ့ သက်ဆိုင်တဲ့ သတင်းစကားကို တွေ့ရမှာပဲ’
‘ရှင်းရှင်းပြောရရင် လိုင်းသုံးသလိုပဲ’
ကလိုင်းဟာ တွေးလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာပြီး သူ့အကြံကို စမ်းကြည့်သင့်တယ်လို့ ခံစားလိုက်ရပါတယ်။
‘အင်း... ဘယ်လို စာသားမျိုးက ငါနဲ့ မီးခိုးရောင်မြူခိုးကမ္ဘာကို တိတိကျကျ ရည်ညွှန်းမလဲ’ သူဟာ အသေးစိတ်ကို စပြီးတော့ တွေးတောပါတယ်။
တကယ်တော့ သူ့ဆီမှာ သေချာပေါက် အလုပ်ဖြစ်တဲ့ မန္တန်တစ်ပုဒ် ရှိပါတယ်။ အဲဒါကတော့ မိုးမြေတို့နှင့် ညီမျှသော နတ်ဒေဝါတာမှ ကောင်းချီပေးတော်မူပါ ဆိုတဲ့ မန္တန်ကို လိုအင်ဘာသာ ပြန်ဆိုတာပါ။ ဒါပေမဲ့ ဒီနေရာမှာ ပြဿနာတစ်ခု ရှိပါတယ်။ အဲဒါက သူ မီးခိုးရောင်မြူခိုးကမ္ဘာကို ထိန်းချုပ်မှုလွတ်ပြီး ခေါင်းဆောင်နေရာက ပြုတ်ကျသွားမှာပါ။ အဲဒါကြောင့် သူဟာ ဒီနည်းလမ်းကို ဖယ်ထားလိုက်ပါတယ်။
‘အပြိုင်ကမ္ဘာက အရူးဆိုရင်ရော... မဟုတ်သေးဘူး... ဒါက တိကျပြီး ဒီစာသားနဲ့ လိုက်ဖက်တဲ့လူ တခြားတစ်ယောက် မရှိနိုင်ဘူးဆိုပေမဲ့ ငါ့ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက် ပေါ်သွားလိမ့်မယ်...’ ကလိုင်းဟာ စာသားတွေကို တစ်ခုပြီးတစ်ခု စဉ်းစားရင်း တစ်ခုပြီးတစ်ခု ကြက်ခြေခတ်ပစ်ပါတယ်။
လေးငါးမိနစ် ကြာတဲ့အခါမှာတော့ သူဟာ သူ့ကို ရည်ညွှန်းမဲ့ ပထမဆုံးစာကြောင်းကို ဆုံးဖြတ်နိုင်သွားပါတယ်။
‘ဒီခေတ်က မပိုင်ဆိုင်တဲ့ အရူး’
ဒါက မတိကျသေးတဲ့အတွက် ကလိုင်းဟာ နောက်တစ်ကြောင်း ထပ်ဖြည့်လိုက်ပါတယ်။
‘မီးခိုးရောင်မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ်တဲ့ စိုးမိုးသူ’
ဒီနှစ်ကြောင်းပေါင်းလိုက်ရင် သူ့ကို ရည်ညွှန်းတာ ဖြစ်သွားပါပြီ။ မီးခိုးရောင် မြူခိုးကမ္ဘာကိုလည်း သူနဲ့ ချိတ်ဆက်ထားပါတယ်။
‘နည်းနည်းတိုသေးတယ်... မီးခိုးရောင်မြူခိုးထက်မှာ တခြားနေရာတွေ ရှိနိုင်တဲ့ ဖြစ်နိုင်ခြေလည်း ရှိသေးတယ်... နောက်ပြီး ဒီစာသားတွေက စိတ်ဝိညာဉ်လောကကို ဦးတည်တဲ့ ဖြစ်နိုင်ခြေလည်း ရှိသေးတယ်...’
ကလိုင်းဟာ မျက်မှောင်ကြုတ်ပြီး ပိုပြီးသေချာအောင်လုပ်ဖို့ စဉ်းစားပါတယ်။
‘အင်း...’ သူဟာ တစ်မိနစ်ကြာအောင် စဉ်းပြီးနောက် နောက်ဆုံး စာကြောင်းကို ဆုံးဖြတ်လိုက်ပါတယ်။
‘ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင်ဘုရင်’
ဒီစာကြောင်းက မိုးမြေနတ်တို့၏အရှင်မှ ကောင်းချီးပေးတော်မူပါနဲ့ ဆင်တူပါတယ်။ တရုတ်စာမှာ အဝါရောင်က မြေကြီးနဲ့ အနက်ရောင်က ကောင်းကင်ကို ရည်ညွှန်းပါတယ်။
ဒီစာကြောင်းချည်းပဲဆိုရင် အဝေးဆီ ဦးတည်ပြီး တခြားအမျိုးအမည်မသိတဲ့ တည်ရှိမှုတစ်ခုခုဆီ ရောက်သွားနိုင်ပါတယ်။ ဒါပေမဲ့ ပထမစာကြောင်းနှစ်ကြောင်းရဲ့ ကန့်သတ်မှုက ဒီလိုမဖြစ်အောင် တားဆီးထားပါတယ်။ ဒီလိုမန္တန်မျိုးကြောင့် သူကိုယ်တိုင် မြူခိုးကမ္ဘာထဲကို ရောက်ခဲ့တာဆိုတော့ ဒီဖော်ပြချက်က တခြားကို ဦးမတည်ဘူးလို့ ကလိုင်း ယုံကြည်ထားပါတယ်။
ကလိုင်းဟာ ဒီသုံးကြောင်းမန္တန်နဲ့ အစီအရင်လုပ်တာက အကျိုးရှိမလား မသိပေမဲ့ တခြားကို ဦးမတည်ဘူးဆိုတာတော့ သိပါတယ်။ အနည်းဆုံး တရားမျှတမှုနဲ့ လူဇောက်ထိုးကို ဘေးအန္တရာယ် ဖြစ်စေမှာတော့ မဟုတ်ပါဘူး။
ကလိုင်းဟာ သက်ပြင်းရှည်ကြီးချပြီး သူဆုံးဖြတ်လိုက်တဲ့ မန္တန်ကို ရွတ်ကြည့်လိုက်ပါတယ်။
“ဒီခေတ်က မပိုင်ဆိုင်တဲ့ အရူး... သင်ဟာ မီးခိုးရောင် မြူခိုးကမ္ဘာထက်က လျှို့ဝှက်ဆန်းကြယ်တဲ့ စိုးမိုးသူပါ... သင်ဟာ ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင်ဘုရင်ပါ”
ကလိုင်းဟာ မသိမသာ ခေါင်းညိတ်ပြီး အိတ်ဆောင်နာရီ ထုတ်ကာ နာရီကြည့်ပါတယ်။
‘၃ နာရီထိုးဖို့ ၂ မိနစ်ပဲ လိုပါတော့လား...’ ကလိုင်းဟာ ဆက်မတွေးတော့ဘဲ အိတ်ဆောင်နာရီကို သိမ်းကာ တွေးခေါ်မှု အခြေအနေထဲ ဝင်လိုက်ပါတယ်။ မကြာခင်မှာပဲ သူဟာ မန္တန်ရွတ်ပြီး နာရီလက်တံ ပြောင်းပြန်အတိုင်း စတုရန်းပုံ ခြေလှမ်း လေးလှမ်း လှမ်းပါတယ်။
ကြမ်းတမ်းလှတဲ့ ဆူညံသံတွေနဲ့ ရင်တုန်စရာကောင်းတဲ့ အော်ဟစ်သံတွေကို သူ ထပ်ပြီးတော့ ကြားလိုက်ရပါတယ်။ ဒီခေါင်းကိုက်မှုက အမြင်ဆရာဆေးရည်ကို သောက်သုံးတုန်းကထက် ပိုဆိုးတယ်လို့ သူ ခံစားလိုက်ရပါတယ်။
ဒီနာကျင်မှုက ခေါင်းကို ထိုးခွဲတဲ့ စူးရှတဲ့ နာကျင်မှုမျိုး မဟုတ်ပါဘူး။ တဆစ်ဆစ်ကိုက်ခဲပြီး အရူးအမူးဖြစ်ကာ ထင်ရာစိုင်းစေမဲ့ နာကျင်မှုမျိုးပါ။ သူ့ကို ဇဝေဇဝါ ဖြစ်စေတဲ့ နာကျင်မှုမျိုးပါ။
ကလိုင်းဟာ တွေးခေါ်မှုကို သုံးပြီး သူ့ကိုယ်သူ ထိန်းချုပ်ကာ ဒီအသံတွေကို လျစ်လျူရှုဖို့ ကြိုးစားပါတယ်။ ဒီအခါမှာ ညည်းညူသံတွေဟာ ဒီရေလိုမျိုး ပြန်ကျသွားပါတယ်။ သူ့ခန္ဓာကိုယ်ကလည်း စိတ်ဝိညာဉ်နဲ့အတူ သိမ်မွေ့ညင်သာသွားပြီး အရာအားလုံး ပေါလောမျောနေတယ်လို့ ခံစားလိုက်ရပါတယ်။
အဆုံးမရှိတဲ့ မီးခိုးရောင် မြူခိုးတွေဟာ သူ့ရှေ့မှာ ပေါ်လာပါတယ်။ သူနဲ့ အကွာအဝေး အမျိုးမျိုး ဝေးကွာနေတဲ့ ကြက်သွေးရောင်ကြယ်တွေဟာ မျက်လုံးအစုံတွေလိုပါပဲ။
မီးခိုးရောင်မြူခိုးထက်မှာတော့ ဘီလူးတွေရဲ့ အိမ်လိုမျိုး နန်းတော်ကြီးတစ်ဆောင် ထီးထီးမားမား ရှိနေပါတယ်။ ဒီနန်းတော်က နှစ်ပေါင်းသန်းချီကြာအောင် တည်ရှိခဲ့သလိုပါပဲ။
ကလိုင်း စိတ်ထဲကနေ တောင့်တလိုက်တယ်ဆိုရင်ပဲ နေရာကနေ ပျောက်ကွယ်ပြီး ကြေးစားပွဲရှည်ရဲ့ ထိပ်ဆုံးထိုင်ခုံမှာ ပေါ်လာပါတယ်။
“အစီအရင်ရဲ့ အကျိုးသက်ရောက်မှုက အသေပဲဆိုတာ သေချာတယ်...” ကလိုင်းဟာ ရေရွတ်လိုက်ပါတယ်။
အဲဒီနောက် နဖူးလယ်ကို တောက်ရင်း မြူခိုးတွေ သူ့ကို ဖုံးအုပ်သွားအောင် လုပ်လိုက်ပါတယ်။ ဒီတစ်ခါ မြူခိုးတွေ သူ့ကို ဖုံးအုပ်တာက အရင်တစ်ခါထက် ပိုထူပါတယ်။ လူဇောက်ထိုးရဲ့ စကားအရ တရားမျှတမှုသာ ပွဲကြည့်သမားဖြစ်လာရင် သူမရှေ့မှာ ဘာအပြုအမူမှ မပေါ်တာ အကောင်းဆုံးပါ။
စူးစမ်းလေ့လာဖို့ အချိန်မရှိတော့တဲ့အတွက် ကလိုင်းဟာ ညာလက်ဆန့်ပြီး ကြက်သွေးရောင် ကြယ်နှစ်လုံးကို သူ့နဲ့ ဆက်သွယ်လိုက်ပါတယ်။
.....
ဆိုနီယာပင်လယ်ရဲ့ လှိုင်းလုံးပြာတွေကြားမှာ ရှေးဟောင်း ရွက်သင်္ဘောတစ်စင်း ရွက်လွင့်နေပါတယ်။
အယ်ဂျာဝဲလ်ဆင်ဟာ ကပ္ပတိန်အခန်းလေးထဲမှာ သူ့ကိုယ်သူ လော့ချပြီး သရဲသင်္ဘောရဲ့ အကောင်းဆုံး ကာကွယ်မှုကို ခံယူပါတယ်။ သူဟာ သူ့ရှေ့က အိတ်ဆောင်နာရီကို ဖွင့်ကြည့်လိုက်ပါတယ်။ နာရီလက်တံလေးဟာ တချပ်ချပ်နဲ့ ခံစားချက်မဲ့စွာ ရွှေ့လျားနေပါတယ်။
နာရီလက်တံ မိနစ်လက်တံနဲ့ စက္ကန့်လက်တံတို့ တစ်ထပ်တည်း ကျသွားတဲ့အခါမှာတော့ အယ်ဂျာဝဲလ်ဆင်ရဲ့ရှေ့မှာ ကြက်သွေးရောင် ပေါက်ကွဲထွက်လာပါတယ်။ ဒီကြက်သွေးရောင်ဟာ သူချထားတဲ့ အကာအကွယ်တွေ အကုန်လုံးကို နည်းနည်းလေးတောင် ဂရုမစိုက်ပါဘူး။
“ဟင်း...”
သူ့သက်ပြင်းချသံဟာ ကပ္ပတိန်အခန်းလေးထဲမှာ ပဲ့တင်ထပ်သွားပါတယ်။
.....
ဘက်ကလင်၊ ဧကရီမြို့နယ်။
အော်ဒရီဟောလ်ဟာ ငှက်မွေးခေါင်းအုံးပေါ် လဲလျောင်းပြီး လက်ထဲက စက္ကူဝါကို တစ်ချက် ကြည့်လိုက်ပါတယ်။ သူမရဲ့ တောက်ပတဲ့မျက်လုံးတွေဟာ ဝိညာဉ်နှစ်ခု ဖြည်းဖြည်းချင်း ခရုပတ် ပတ်နေသလိုပါပဲ။
သူမရဲ့ အကြည့်ဟာ ပြဇာတ်ကမှာကို စောင့်နေသလိုမျိုး တည်ငြိမ်အေးမြပါတယ်။
ကြက်သွေးရောင် ပေါက်ကွဲထွက်လာတဲ့အခါ သူမတစ်ကိုယ်လုံး လုံးဝ ဝါးမျိုခံလိုက်ရတာကို သူမ တွေ့လိုက်ရပါတယ်။
.....
မီးခိုးရောင်မြူခိုးထက်က ခမ်းနားကြီးကျယ်တဲ့ နန်းတော်ကြီးထဲမှာ ကြေးစားပွဲရှည်ကြီးနဲ့ ကျောမှီထိုင်ခုံရှည်တွေ ရှိနေပါတယ်။
စိတ်ဝိညာဉ်အာရုံ ဖွင့်ထားတဲ့ ကလိုင်းဟာ မစ္စတရားမျှတမှုရဲ့ ရုပ်သွင် ပေါ်လာတာနဲ့ လှမ်းကြည့်လိုက်တဲ့အခါ သူမရောင်ဝါနက်ထဲက အရောင်တွေဟာ ပိုနက်ရှိုင်းပြီး အတူတကွ ရောနှောသွားတာကို တွေ့လိုက်ရပါတယ်။ သူမရဲ့ရောင်ဝါဟာ ကြည်လင်အေးမြတဲ့ ရေကန်လို သန့်စင်ပြီး အေးချမ်းနေပါတယ်။
‘သူက တကယ်ကို သာလွန်သူ ဖြစ်လာတာပဲ’ ကလိုင်းဟာ အကြည့်သိမ်းဖို့ ပြင်လိုက်စဉ်မှာပဲ မစ္စတရားမျှတမှု ထိုင်နေတဲ့ ထိုင်ခုံက ရုတ်တရက် ပြောင်းလဲသွားတာကို တွေ့လိုက်ရပါတယ်။
ကုလားထိုင်နောက်က တောက်ပတဲ့ကြယ်တွေဟာ လျင်မြန်စွာ ရွှေ့လျားပြီး လက်တွေ့လောကမှာ မရှိတဲ့ ပုံရိပ်ယောင် နက္ခတ်တစ်ခု ဖြစ်တည်လာပါတယ်။
ဒီနက္ခက ကလိုင်းနဲ့ ရင်းနှီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂမ္ဘီရ သင်္ကေတစ်ခု ဖြစ်နေလို့ပါပဲ။
ဒီသင်္ကေတက ဧရာမနဂါးကြီးကို ရည်ညွှန်းပါတယ်။
‘ပွဲကြည့်သမား... ဧရာမနဂါးကြီး...’ ကလိုင်းဟာ ခေါင်းမခါမိအောင် စိတ်ထိန်းပြီး လူဇောက်ထိုးရဲ့ ထိုင်ခုံနောက်ကို လှမ်းကြည့်လိုက်ပါတယ်။
ပြောရရင် ကလိုင်း ထိုင်နေတဲ့နေရာကနေ ကုလားထိုင်နောက်ကျောကို မြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ ကလိုင်းက အရာအားလုံးကို ထိန်းချုပ်ထားပါတယ်။ အကုန်လုံးက သူ့အလိုအတိုင်း လိုက်ဖြစ်ရပါတယ်။
လူဇောက်ထိုးရဲ့ ထိုင်ခုံနောက်က နက္ခတ်ဟာ ပြောင်းမသွားပါဘူး။ ဒါပေမဲ့ ဂမ္ဘီရအခြေခံကို နားလည်လာတဲ့ ကလိုင်းဟာ အရင်လိုမျိုး ဘာမှမသိတဲ့ တောသားလေး မဟုတ်တော့ပါဘူး။ အဲဒါကြောင့် ဒီသင်္ကေတဟာ လေမုန်တိုင်း သင်္ကေတဆိုတာကို သိပါတယ်။
‘သင်္ဘောသား... ပင်လယ်စောင့်... လေမုန်တိုင်း... ယုတ္တိရှိပါတယ်... လူဇောက်ထိုးရဲ့ ရောင်ဝါနက်ထဲက အရောင်တွေ ပိုပြီးတော့ သန့်စင်လာပါလား... သူ အဆင့်တက်သွားတာလား... အို မေ့နေ့လိုက်တာ... ငါ့ ထိုင်ခုံနောက်က သင်္ကေတက ဘာသင်္ကေတလဲ မသိဘူး’
ကလိုင်းဟာ ကြည့်ချင်စိတ်ကို နှိပ်ကွပ်ပြီး စားပွဲစွန်းကို အရင်လိုမျိုး သုံးချက်တောက်ကာ အပြုံးနဲ့...
“သာလွန်သူ ဖြစ်သွားလို့ ဂုဏ်ယူပါတယ် မစ္စတရားမျှတမှု”
‘သူက တန်းပြောနိုင်တာလား’ အော်ဒရီဟာ မှင်တက်သွားပေမဲ့ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ်။
“ကျေးဇူးပါ မစ္စတာအရူး... ကျေးဇူးပါ မစ္စတာလူဇောက်ထိုး”
“ဒါက ငါထင်ထားတာထက် ပိုမြန်တယ်” အယ်ဂျာက ရိုးရိုးသားသား ပြောပါတယ်။
ကလိုင်းဟာ ဒီအကြောင်းကို ဆက်မပြောတော့ဘဲ နဖူးလယ်ကို နှစ်ချက်တောက်ကာ အပြုံးနဲ့ မေးပါတယ် “မစ္စ... မစ္စတာ... ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီကို ရှာတွေ့ကြသေးလား”
မြန်မာပြည် ငြိမ်းချမ်းပါစေ။