ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီသုံးရွက်
Vol. 6 Ch. 59
မစ္စတာအရူးရဲ့ မေးခွန်းကို ကြားလိုက်ရတဲ့ အော်ဒရီဟာ အရင်လိုမျိုး ချက်ချင်း အဖြေပြန်မပေးဘဲ သူမရဲ့ သလင်းကျောက်မျက်လုံးတွေနဲ့ လူဇောက်ထိုးကို စေ့စေ့ ကြည့်ပါတယ်။
အယ်ဂျာဟာ ကိုယ်အမူအရာကို အလိုလို ထိန်းသိမ်းမိလိုက်ပြီး စက္ကန့်အနည်းငယ်ကြာမှ “ကျွန်တော် ဧကရာဇ်ရစ်ဆဲလ် ဒိုင်ယာရီရဲ့ စာရွက်နှစ်ရွက်ကို ရှာတွေ့ထားတယ်... အထဲမှာ ပါတာတွေကို အလွတ်မှတ်ထားပြီးပြီ”
“ကျွန်မလည်း တစ်ရွက် ရှာတွေ့ထားတယ်”
“အင်း ကောင်းပါတယ်” ကလိုင်းဟာ ဝမ်းသာခြင်းလည်းမရှိ စိတ်ပျက်ခြင်းလည်းမရှိတဲ့ အသံနဲ့ ဆိုပါတယ်။
တကယ်တော့ သူ့စိတ်ထဲမှာ သုံးရွက်ကြီးတောင် ရတဲ့အတွက် ဝမ်းသာသလို သုံးရွက်ပဲ ရတဲ့အတွက် စိတ်လည်း ပျက်သွားပါတယ်။ သူတို့တွေ ပထမဆုံးအကြိမ် ဒိုင်ယာရီ ရှာတာက သေချာပေါက် လွယ်ကူမှာပါ။ သူတို့နဲ့ ရင်းနှီးတဲ့ အဆက်အသွယ်တွေ လမ်းကြောင်းတွေကို အကူအညီ တောင်းလိုက်ရုံပါပဲ။ နောက်ပိုင်းကျရင် တခြားက ရှာရမှာဖြစ်တဲ့အတွက် ပိုပိုပြီး ခက်လာမှာပါ။
“ကျွန်မတို့တွေ အခုဖော်ပြရမလား” အော်ဒရီက တည်ငြိမ်တဲ့လေသံနဲ့ မေးမြန်းပါတယ်။
“အင်း...” ကလိုင်းဟာ ခေါင်းညိတ်လိုက်ပါတယ်။
သူဟာ သူ့ကိုယ်ဟန်ကို လုံးဝမပြောင်းလဲအောင် ထိန်းသိမ်းပါတယ်။ ပွဲကြည့်သမားရှေ့မှာ ဂရုစိုက်ဖို့လိုတယ် မဟုတ်ပါလား။
သူ့စကား ဆုံးသွားတယ်ဆိုရင်ပဲ အော်ဒရီနဲ့ အယ်ဂျာရှေ့မှာ ညိုဝါရောင် သိုးသားရေစက္ကူနဲ့ နီမှောင်ရောင် ဖောင်တိန်တွေ ပေါ်လာပါတယ်။
သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ ဖောင်တိန်တွေကို ကောက်ယူပြီး သူတို့မှတ်ထားတဲ့ သင်္ကေတတွေကို ပြန်တွေးလိုက်ပါတယ်။ အဲဒီနောက် ဖော်ပြချင်တဲ့ ခံစားချက်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ သိုးသားရေစက္ကူပေါ်မှာ စာကြောင်းတွေ တိတ်တိတ်ဆိတ်ဆိတ်ပဲ ပေါ်လာပါတယ်။
တချို့စာလုံးတွေက အဆင်ပြေရုံရှိပြီး တချို့စာလုံးတွေကတော့ သေသပ်လှပပါတယ်။ တချို့စာလုံးတွေကတော့ ပဲပင်ပေါက်လိုပါပဲ။
တစ်မိနစ်အတွင်းမှာပဲ အယ်ဂျာနဲ့ အော်ဒရီဟာ သူတို့ အတင်းမှတ်ထားတဲ့ အကြောင်းအရာတွေအားလုံး ရေးလို့ပြီးသွားပါတယ်။
ကလိုင်း ဆန္ဒရှိလိုက်တယ် ဆိုရင်ပဲ သိုးသားရေစက္ကူ သုံးရွက်က သူ့လက်ထဲကို ရောက်လာပါတယ်။ သူဟာ စာရွက်တွေကို အပေါ်ယံ တစ်ချက်ကြည့်လိုက်တဲ့အခါ သဒ္ဒါတချို့ မှားနေတာကို တွေ့လိုက်ရပါတယ်။ မှားနေတဲ့စာလုံးတွေနဲ့ ပျောက်နေတဲ့စာလုံးတွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ လေ့လာစမ်းသပ်မှုတွေအရ စာလုံးတချို့ နေရာမှားတာက စာထဲမှာပါတဲ့ အကြောင်းအရာတစ်ခုလုံးကို မပြောင်းလဲစေပါဘူး။ နောက်ပြီး ကလိုင်းက ဆင်ဆာဖြတ်ခံရတဲ့ အွန်လိုင်းစာစဉ်တွေ ဖတ်ဖူးတော့ ဒီလောက်ကတော့ အပျော့ပါပဲ။
“ဧပြီ ၈ ရက်... ငါ ဘုရင်နက်ရဲ့ ဦးမှာ မတ်တတ်ရပ် လက်ဆန့်ပြီး ဂရင်းနဲ့ အက်ဝါ့ဒ်ကို ‘ငါ့ရဲ့ ကြွယ်ဝမှုတွေက မင်းတို့ အတွက်ပဲ... ဒါပေမဲ့ မင်းတို့တွေ အဲဒါကို အရင်ဆုံး ရှာရလိမ့်မယ်... ငါ ပိုင်ဆိုင်သမျှ အရာအားလုံးကို မြူပင်လယ်ရဲ့ အဆုံးမှာ ချန်ထားခဲ့တယ်’ လို့ ပြောလိုက်တယ်... သူတို့တွေက ငါ့ဟာသကို လုံးဝ နားမလည်ကြဘူး... ငါ့မှာ တခြားရတနာတွေ တကယ် ရှိနေတာလားလို့ မေးကြတယ်... ပျင်းဖို့ကောင်းလိုက်တာ... မင်းတို့တွေ ဒီလောက် အရည်အချင်းနဲ့ ငါရဲ့ မြင်းစီးစစ်သည်တော် လေးပါး မဖြစ်နိုင်ဘူး”
“ဧပြီ ၁၁ ရက်... ဘေးကင်းတဲ့ ပင်လယ်လမ်းကြောင်းမှာ မဟုတ်တဲ့ အမည်မဲ့ ကျွန်းတစ်ကျွန်းကို ငါ ရှာတွေ့ခဲ့တယ်... အဲဒီကျွန်းမှာ သာမန်မဟုတ်တဲ့ တိရစ္ဆာန်တွေ တော်တော်လေး ရှိတယ်... မဟုတ်ဘူး... ငါ သူတို့ကို သာမန်မဟုတ်တဲ့ သက်ရှိတွေလို့ ခေါ်ချင်တယ်... ဒီနာမည်က ပိုပြီးတော့ နားထောင်လို့ ကောင်းတယ်... အဲဒါကလွဲရင် တခြား ထူးဆန်းတဲ့ သတ္တဝါတွေလည်း ရှိသေးတယ်... ဒါဝင်သာ ဒီနေရာကို ဘဝကူးပြောင်းလာရင် သူ့ရဲ့ ဆင့်ကဲပြောင်းလဲခြင်း သီအိုရီကို ရေးခဲ့မှာ မဟုတ်ဘူး”
“ဧပြီ ၁၅ ရက်... ဂရင်းက ရုတ်တရက်ကြီး နည်းနည်း မူမမှန် ဖြစ်လာတယ်... သူ တစ်ခုခု ကူးစက်ခံလိုက်ရပြီ”
‘အင်ထစ်သမ္မတနိုင်ငံမှာ မွေးတဲ့ ဧကရာဇ်ရစ်ဆဲလ်က ဘယ်အချိန်မှာ ပင်လယ်ခရီး ထွက်သွားတာလဲ... မြူပင်လယ်က အင်ထစ်သမ္မတနိုင်ငံ အနောက်ဘက်က ပင်လယ် ဖြစ်မယ်... ဟုတ်တယ်... ငါ စာကြည့်တိုက်က သတင်းအချက်အလက်တွေကို သုံးပြီး ဒါနဲ့ အပြန်အလှန် ကိုးကားရမယ်...’
ကလိုင်းဟာ စာရွက်တစ်ရွက်ကို ခပ်မြန်မြန်ပဲ ဖတ်ပြီးသွားပြီး ကျန်တဲ့စာရွက် နှစ်ရွက်ဆီ အကြည့် ရောက်သွားပါတယ်။
ဒီအချိန်မှာ သူဟာ ဧကရာဇ်ရစ်ဆဲလ်ရဲ့ လျှို့ဝှက်သင်္ကေတတွေကို အဓိပ္ပာယ်ဖော်နိုင်တယ်ဆိုတဲ့ အချက်ကို ဖုံးကွယ် မထားတော့ပါဘူး။ ဒီအရည်အချင်းက အရူးရဲ့ အဆင့်တန်းနဲ့ ကွက်တိပဲ မဟုတ်ပါလား။
အော်ဒရီနဲ့ အယ်ဂျာဟာ ဘာမှ မပြောပါဘူး။ ဘာမှ မအံ့ဩသလိုမျိုး တိတ်တဆိတ် စောင့်ဆိုင်းပါတယ်။ တကယ်တော့ သူတို့တွေဟာ ဒါက ဖြစ်သင့်တယ်လို့တောင် ယုံကြည်ထားပါတယ်။
“အောက်တိုဘာ ၂ ရက်... သူတို့တွေက ငါ့ကိုတောင် မတိုင်ပင်ဘဲ အေဘယ်မိသားစုက မယ်ထလာနဲ့ လက်ဆက်စေချင်နေတယ်... အို ဘုရား ဘုရား... ငါ သူ့ကို တွေ့တောင် မတွေ့ဖူးဘူး... မဖြစ်ဘူး... ငါ ဒီကိစ္စကို လုံးဝ ငြင်းရမယ်... ငါ အိမ်ကနေ တစ်ကိုယ်တည်း ထွက်ပြေးရပြီး ဘဝကြီးရဲ့ ဒုက္ခတွေကို ခံစားရမယ်ဆိုရင်တောင် ဒီလက်ထပ်ပွဲကို တားဆီးရမယ်”
“အောက်တိုဘာ ၅ ရက်... မစ္စမယ်ထလာက တကယ်ကို လှတာပဲ”
“အောက်တိုဘာ ၆ ရက်... သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အပြုအမူတွေက ငါ့အကြိုက်ပဲ... ငါ ဒီလက်ထပ်ပွဲကို မငြင်းတော့ဘူး”
‘ဟေး... ဧကရာဇ်ရစ်ဆဲလ်... ခင်ဗျားရဲ့ ဂုဏ်သိက္ခာက ဘယ်နားရောက်သွားတာလဲ’ ကလိုင်းဟာ နောက်မှီထိုင်လိုက်ပြီး သူ့ခံစားချက်ကို မြူခိုးအပြင်ဘက် ထွက်ခွင့် မပြုပါဘူး။
သူဟာ ဧကရာဇ်ရစ်ဆဲလ်က အစပိုင်းမှာ နေ့တိုင်း ဒိုင်ယာရီ ရေးလေ့မရှိတာကို သတိထားမိလိုက်ပါတယ်။ အချိန်အများစုမှာ ဧကရာဇ်ရစ်ဆဲလ်က သူ ပုတ်ခတ်ချင်တဲ့ မှတ်တမ်းတင်ချင်တဲ့ အဖြစ်အပျက်တွေ အဲဒါမှမဟုတ်ရင်လည်း သူ့ခံစားချက်ကို ပုံချဖို့ပဲ ဒိုင်ယာရီ ရေးပါတယ်။
ကလိုင်းဟာ ဒီစာရွက်ရဲ့ နောက်ဆုံး စာကြောင်းကို ကြည့်လိုက်ပါတယ်။
“အောက်တိုဘာ ၉ ရက်... သူတို့က ငါ့ကို ရေနွေးငွေ့သားတော်လို့ ခေါ်တယ်... ငါ ဒီနာမည်ကို အရမ်းကြိုက်တယ်”
ပထမ စာရွက်နှစ်ရွက်ရဲ့ သတင်းအချက်အလက်က တန်ဖိုးသိပ်မရှိတဲ့အတွက် ကလိုင်းဟာ နည်းနည်းတော့ စိတ်ပျက်သွားပေမဲ့ စိတ်တော့မဆိုးပါဘူး။ သူဟာ တတိယစာရွက်ကို အပေါ်ဆုံး ရွှေ့လိုက်ပါတယ်။ ဒီစာရွက်က စာမျက်နှာ နှစ်မျက်နှာစလုံး စာတွေနဲ့ ပြည့်နေပါတယ်။
“မေ ၂၁ ရက်... လက်မှုပညာသည် ဘုရားကျောင်းက ငါ့ကို ရွေးချယ်စရာ နှစ်ခု ပေးတယ်... လမ်းကြောင်းနှစ်ကြောင်းရဲ့ အစဆုံမှတ်တွေပဲ... တစ်ခုက ပညာရှိ... ဒီဆုံမှတ်လမ်းကြောင်းက သူတို့မှာ အပြည့်အစုံ ရှိတယ်... နောက်တစ်ခုက လျှို့ဝှက်ဆန်းကြယ် စပ်စုသမား... ဒီဟာကတော့ သူတို့တွေ မိုးဇက်ဂိုဏ်းကနေ ရထားတာ... အဆင့်မြင့် ဆုံမှတ်တွေ မရှိသေးဘူး”
“မေ ၂၂ ရက်... ရွေးချယ်ဖို့က လွယ်ပါတယ်... ပညာရှိပေါ့... ပညာရှိ လမ်းကြောင်းက အပြည့်အစုံရှိတယ်လေ... ဂမ္ဘီရနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို ပိုသိတာက အိမ်ပြန်ဖို့ ကူညီပေးနိုင်တယ်ဆိုပေမဲ့ ပြဿနာက ငါ့မှာ စွမ်းအား အလုံအလောက် မရှိတာပဲ... ပြန်ပြီးတော့ ဘဝကူးပြောင်းဖို့ဆိုရင် ပြင်ပအကူအညီ ရှာဖို့လိုတယ်”
“အဲဒီ ပြင်ပတည်ရှိမှုက ကောင်းလား... ဆိုးလား... သဘောထားကြီးလား... ရက်စက်လား... ဆိုတာကို ငါ မသိဘူး... ငါ သူ့ကို ထိန်းချုပ်လို့မရတော့ တော်တော် အန္တရာယ်များလိမ့်မယ်... အဲဒီတော့ ငါ့ကိုယ်ငါ အင်အားကြီးလာအောင်လုပ်ပြီး ဘာဖြစ်လို့ ငါ့စွမ်းအားနဲ့ငါ အိမ်ပြန်ဖို့ မကြိုးစားရမှာလဲ... အဲဒီတော့ ငါ့အတွက် အပြည့်အစုံရှိတဲ့ လမ်းကြောင်းက အရေးအကြီးဆုံးပဲ”
“မေ ၂၃ ရက်... ငါ ပညာရှိ ဖြစ်သွားပြီ... ဆေးရည်ရဲ့ စွမ်းအားနဲ့ ငါ အရင်တုန်းက သင်ယူလေ့လာခဲ့တဲ့ ရူပဗေဒ ဓာတုဗေဒ ပညာရပ်တွေကို တကယ်ကြီး ပြန်တွေးနိုင်တယ်”
“ငါ အဲဒီအသိပညာတွေကို ပြန်ပြီးတော့ တွေးခေါ်နိုင်ရုံတင်ပဲ မဟုတ်ဘူး... ပိုပြီးတော့လည်း နက်နက်ရှိုင်းရှိုင်း နားလည်လာတယ်... သူတို့ကို အသုံးချပုံ အသုံးချနည်းတွေကိုလည်း ပိုသိလာတယ်... ဟားဟား... ဒါက ငါ့လိုမျိုး တခြားလောကကနေ ဘဝကူးပြောင်းလာတဲ့ လူအတွက် အထူးပြင်ဆင်ထားတဲ့ အလုပ်ပဲ...”
“ငါ့ရဲ့ အားသာချက်ကို အကောင်းဆုံး အသုံးချနိုင်တယ်... ငါ ဒီလိုအခြေအနေနဲ့ အထက်တန်းကျောင်းကို ပြန်ရောက်သွားရင် သေချာပေါက် ထိပ်တန်းပညာရှင် ဖြစ်လာမှာပဲ... နယ်ပယ်တစ်ခုခုကို အထူးပြုပြီး လေ့လာမယ်ဆိုရင် သိပ္ပံပညာရှင်ဖြစ်လာဖို့က သိပ်ခက်မှာ မဟုတ်ဘူး”
“မေလ ၂၆ ရက်... ငါ ငါ့ရဲ့ ပညာရှိ အဆင့်အတန်းကို ဇိမ်ခံနေတယ်... ထူးဆန်းတာ တစ်ခု ပြောရဦးမယ်... ငါ ငါ့ကိုယ်ငါ ပညာရှိလို့ခေါ်ပြီး အဲဒီပုံစံအတိုင်း ပြုမူနေထိုင်ရင် ငါ့ကို ရူးအောင်လုပ်နေတဲ့ ရေရွတ်ညည်းညူသံတွေ လျော့ပါးသွားတယ်... ငါ မကြာမကြာ ပေါက်ကွဲထွက်တာကိုလည်း ထိန်းသိမ်းနိုင်လာတယ်... ဒိုင်ယာရီနဲ့ ပတ်သတ်တာတွေကိုလည်း ပြန်တွေးမိလာတယ်”
“ဒါက လျှို့ဝှက်ဆန်းကြယ်တဲ့ မစ္စတာဇာရဒိုပြောတဲ့ သရုပ်ဆောင်တာလား... ဒါက ဆေးရည်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖြေရှင်းတဲ့နေရာမှာ သော့ချက် ဖြစ်နိုင်တယ်”
ကလိုင်းဟာ ဒိုင်ယာရီကို ဖတ်ရင်း သူနဲ့ ဧကရာဇ်ရစ်ဆဲလ် လုပ်ဆောင်တာက အခြေခံအားဖြင့် ဘယ်လို ကွာခြားလဲဆိုတာ နက်နက်နဲနဲ နားလည် သဘောပေါက်သွားပါတယ်။
ဥပမာအားဖြင့် ဘေးကင်းကင်းနဲ့ အိမ်ပြန်နိုင်ဖို့အတွက် ကလိုင်းဟာ ဂမ္ဘီရအသိပညာတွေကို လေ့လာသင်ယူဖို့ စဉ်းစားပါတယ်။ ဒါပေမဲ့ ဧကရာဇ်ရစ်ဆဲလ်ကတော့ ကိုယ့်အားကိုယ်ကိုးပြီး စွန့်စားချင်ပါတယ်။
‘အမှန်အတိုင်း ပြောရရင် တစ်ခါတစ်လေကျ ငါ အဲဒီလိုလူတွေကို မနာလိုတယ်... လူတိုင်းက သူတို့မှာ မရှိတာကို မျှော်လင့်တာ သဘာဝ ထင်ပါတယ်... ဒီလိုဆိုပေမဲ့ ငါ့ကိုယ်ငါ အင်အားကြီးလာအောင် လုပ်ဖို့လည်း ထည့်စဉ်းစားရမယ်... ဒီနှစ်ချက်စလုံးက အရေးကြီးတယ်’ ကလိုင်းဟာ တွေးရင် သက်ပြင်းချလိုက်ပါတယ်။
သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ဧကရာဇ်ရစ်ဆဲလ်ရဲ့ ရှင်းလင်းချက်က သူ မနေ့က ချခဲ့တဲ့ ကောက်ချက်နဲ့ အနည်းနဲ့အများ ကိုက်ညီနေတဲ့အတွက် ကလိုင်းဟာ ယုံကြည်ချက် ပိုရှိသွားပါတယ်။
သူဟာ ဒိုင်ယာရီသုံးရွက်ကို အောက်ချပြီး တရားမျှတမှုနဲ့ လူဇောက်ထိုးကို ကြည့်ကာ ပြုံးလိုက်ပါတယ် “တောင်းပန်ပါတယ်... စာဖတ်တဲ့အထဲ စိတ်နှစ်သွားတယ်”
အော်ဒရီဟာ ရင်ထဲက မနာလိုမှုကို တည်ငြိမ်အောင် ထိန်းသိမ်းပြီး ခပ်ယဲ့ယဲ့ ပြုံးပါတယ်။
“ကျွန်မ နားလည်ပါတယ်... တစ်နေ့ကျရင် ကျွန်မလည်း ဒိုင်ယာရီထဲက အကြောင်းအရာတွေကို သိချင်တယ်”
“တန်ဖိုးတစ်ခုတော့ ပေးရလိမ့်မယ်” ကလိုင်းဟာ ပြုံးပြီး တရားမျှတမှုကို တစ်ချက်ကြည့်ကာ တိတ်ဆိတ်နေတဲ့ လူဇောက်ထိုးကို လှမ်းကြည့်လိုက်ပါတယ်။
အော်ဒရီဟာ လက်ဖဝါးနှစ်ဖက်ကို တစ်ခုနဲ့တစ်ခု ဆုပ်ကိုင်ပြီး သူမရှေ့မှာ ထားလိုက်ပါတယ်။
“မစ္စတာအရူး... မစ္စတာ လူဇောက်ထိုး... ကျွန်မ မေးချင်တဲ့ မေးခွန်းသုံးခု ရှိတယ်... အဖြေက တန်ဖိုးကြီးတယ်ဆိုရင် ဘာလိုချင်လဲဆိုတာကို ပြောပါ... ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားရှာပေးမယ်”
“ပြဿနာမရှိပါဘူး” အယ်ဂျာက လိုတိုရှင်း ဖြေပါတယ်။
ကလိုင်းဟာ ခေါင်းညိတ်ပြီး ပိုပြီးတော့ သက်သောင့်သက်သာ ဖြစ်အောင် ကုလားထိုင်နောက်ကို ပိုမှီလိုက်ပါတယ်။
အော်ဒရီဟာ သုံးလေးစက္ကန့်တွေးပြီး “ပထမမေးခွန်းက သရုပ်ဆောင်တာက ဘာကို ဆိုလိုတာလဲ... ဆေးရည်ရဲ့ လက်ကျန်စိတ်ဝိညာဉ်က ကျွန်မကို တဒင်္ဂပဲ သက်ရောက်မှုရှိတယ်... အဲဒါ ကျွန်မ တစ်ချိန်လုံး ပွဲကြည့်သမားအဖြစ် သရုပ်ဆောင်နေလို့လား”
အယ်ဂျာဟာ ဘာမှမပြောဘဲ အရူးကို ကြည့်လိုက်ပါတယ်။ သူလည်း အရူးဆီက အဖြေကို စောင့်နေပါတယ်။
ကလိုင်းဟာ စားပွဲစွန်းကို လက်ချောင်းနဲ့ တောက်ပြီး လေသံအေးနဲ့ ရှင်းပြပါတယ် “မင်းတို့ကို ဥပမာပေးပြီး ရှင်းပြမယ်... မင်းတို့တွေ ဆေးရည်ရဲ့ အဓိက စွမ်းအားကို တင်းတင်းကျပ်ကျပ် စောင့်ကြပ်ထားတဲ့ ရဲတိုက်တစ်တိုက်လို့ မြင်လိုက်... ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ လက်ကျန်စိတ်ဝိညာဉ်က အဲဒီရဲတိုက်ရဲ့ အရှင်သခင်ပဲ... ငါတို့ရဲ့ ရည်ရွယ်ချက်က သူ့ကို ရှင်းပစ်ပြီး အဲဒီရဲတိုက်ရဲ့ အရှင်သခင် ဖြစ်လာဖို့ပဲ”
“အဲဒီလိုလုပ်ဖို့ ငါတို့မှာ နည်းလမ်းနှစ်ခု ရှိတယ်... ပထမတစ်ခုက အဲဒီရဲတိုက်ကို အားသုံးပြီး ကျူးကျော်ဖို့ပဲ... ဒီနည်းလမ်း အလုပ်ဖြစ်ဖို့က မသေချာဘူး... သေချာတာကတော့ မင်းတို့တွေ အကြွင်းမဲ့စွမ်းအားနဲ့ အနိုင်မယူနိုင်ရင် သေချာပေါက် ထိခိုက်မိမှာပဲ... ငါတို့တွေမှာ အဲဒီလိုလုပ်ဖို့လည်း အင်အား မရှိပါဘူး”
“ဒုတိယနည်းလမ်းက ရဲတိုက်ပိုင်ရှင်ရဲ့ ဖိတ်ခေါ်မှုပဲ... သူ့ရဲ့ ဖိတ်ခေါ်မှုနဲ့ဆိုရင် ငါတို့တွေ တင်းကျပ်တဲ့ အစောင့်အကြပ်တွေကို အလွယ်တကူ ကျော်လွှားပြီး ရဲတိုက်ထဲ ထိုးဖောက်ဝင်နိုင်လိမ့်မယ်... အထဲရောက်သွားရင် ငါတို့တွေ ရန်သူကို အလွယ်လေး ရှင်းပစ်လို့ရပြီ”
“ဒါပေမဲ့ ပြဿနာက ဒီဖိတ်ခေါ်မှုမှာ ဧည့်သည်ရဲ့ မျက်နှာအသွင်အပြင်နဲ့ အမူအရာတွေကို ထည့်ရေးထားတာပဲ... အဲဒီတော့ ငါတို့တွေက ဧည့်သည်လိုမျိုး ရုပ်ဖျက်ပြီး ဧည့်သည်လိုမျိုး သရုပ်ဆောင်ရလိမ့်မယ်... ငါ ပြောတာကို နားလည်လား”
အယ်ဂျာဟာ ဒီအဖြေကို မျှော်လင့်ထားသလိုမျိုး ချက်ချင်းပဲ ပြန်မေးပါတယ် “အဲဒါဆိုရင် ဒီဖိတ်ခေါ်မှုမှာ ဖော်ပြထားတဲ့ အချက်အလက်တွေက ဆုံမှတ်ဆေးရည်ရဲ့ နာမည်လား”
“ဟုတ်တယ်” ကလိုင်းဟာ ယတိပြတ် အဖြေပေးပါတယ်။
အော်ဒရီဟာ တစ်ခဏကြောင်သွားပြီး သရုပ်ဆောင်တာ ဘာလဲဆိုတာကို ရုတ်တရက် လုံးဝ နားလည်သွားပါတယ်။
စိတ်လှုပ်ရှားမှုကြောင့် သူမဟာ ပွဲကြည့်သမား အခြေအနေကနေ ချက်ချင်း ထွက်သွားပြီး ဝမ်းသာအားရ ချီးကျူးပါတယ်။
“တကယ်ကို ထူးခြားတဲ့ နည်းလမ်းပဲ... ဒီနည်းလမ်းက လူကြီးမင်းရဲ့ဘွဲ့နဲ့ ကွက်တိပဲ... အရူးဆိုတဲ့နာမည်နဲ့ လုံးဝလိုက်တယ်... သရုပ်ဆောင်တာက ဒီလောက်အကျိုးရှိလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး... တော်သေးတယ်... ကျွန်မ ဒီရက်တွေမှာ ပွဲကြည့်သမားလိုမျိုး သရုပ်ဆောင်နေလို့...”
အော်ဒရီဟာ တစ်ခဏရပ်ပြီးမှ ဆက်ပြောပါတယ် “ဒါက တော်တော်ကို တန်ဖိုးရှိတဲ့ အဖြေပဲ... ဒီအတိုင်းကြီး အလကား လက်ခံရရင် ကျွန်မ နေသာထိုင်သာရှိမှာ မဟုတ်ဘူး... မစ္စတာအရူး... ဘာများလိုအပ်ပါသလဲ... ကျွန်မ လူကြီးမင်းကို ဧကရာဇ်ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီတစ်ရွက် အကြွေးတင်နေတာလည်း မှတ်ထားပါတယ်”
“ဧကရာဇ်ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီစာရွက် မဟုတ်ရင်...” ကလိုင်းဟာ ခဏရပ်လိုက်ပါတယ်။
သူဟာ အမြင်ဆရာ လမ်းကြောင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းချင်ပေမဲ့ ဒီလိုအနိမ့်စား တောင်းဆိုမှုမျိုးက လျှို့ဝှက်ဆန်းကြယ်တဲ့ အရူးပုံရိပ်ကို ပျက်ပြားစေလိမ့်မယ်လို့ ခံစားမိတာကြောင့် သူ့အကြံကို လက်လျှော့လိုက်ပြီး တခြားနေ့တွေကျမှ ပိပိရိရိ မေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
‘ငါက မကြာသေးခင်ကမှ သာလွန်သူ ဖြစ်လာတာ... အမြင်ဆရာ ဆေးရည်ကိုတောင် လုံးဝချေဖျက်ပြီးတာ မဟုတ်သေးဘူး’
ကလိုင်းဟာ သူ့ကိုယ်သူ နှစ်သိမ့်ပြီး ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ “အန်တီဂိုနပ် မိသားစုနဲ့ ပတ်သတ်တဲ့ ဘာမဆို... ငါ သိထားတာ ပါလည်း ကိစ္စမရှိဘူး”
အယ်ဂျာဟာ လေးငါးဆယ်စက္ကန့် တိတ်ဆိတ်သွားပြီး ကြေးစားပွဲရှည်ထိပ်ကို လှမ်းကြည့်ကာ ဖြည်းဖြည်းချင်း ပါးစပ်ဟလိုက်ပါတယ်။
“မစ္စတာအရူး... အန်တီဂိုနပ်မိသားစုရဲ့ သတင်းအချက်အလက်ကို ကျွန်တော် အခုချက်ချင်း ပေးနိုင်တယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။