← Chapters

ဒီအစီအရင်က အလုပ်ဖြစ်ပါ့မလား

Vol. 6 Ch. 51

ဒီအစီအရင်က အလုပ်ဖြစ်ပါ့မလား

Vol. 6 Ch. 51

‘မှော်ပညာနဲ့ အကြွေးဆပ်မှာလား...’

‘အကြွေးရှင်ကို သေအောင် ကျိန်စာတိုက်မှာလား ဒါမှမဟုတ် ပိုက်ဆံအတု လုပ်မှာလား’

‘ငါ ပြဿနာတော့ မရှင်းနိုင်ဘူး... ဒါပေမဲ့ မင်းကိုတော့ ရှင်းနိုင်တယ် ဆိုတဲ့ သဘောလား’

.....

ကလိုင်းရဲ့ ခေါင်းထဲမှာ အတွေးမျိုးစုံ ပေါ်လာပြီး လူအိုကြီးနီးလ်ကို ထူးထူးဆန်းဆန်း ကြည့်လိုက်ပါတယ်။ သူဟာ ရဲခေါ်သင့်လား၊ မဟုတ်ပါဘူး၊ ညသိမ်းငှက်ကို သတင်းပေးသင့်လားဆိုတာ အလေးအနက်ထားပြီး စဉ်စားပါတယ်။

လူအိုကြီးနီးလ်ဟာ ကလိုင်းကို တစ်ချက်ကြည့်ပြီး ကျွဲမြီးတိုသွားပါတယ် “ငါ မင်းမျက်လုံးထဲမှာ မသိနားမလည်မှု၊ မိုက်မဲမှု၊ အားနည်းမှုနဲ့ မယုံကြည်မှုတွေကို မြင်ရတယ်... ဒန်းစမစ်က မင်းကို ပြောပြမထားဘူးလား... လျှို့ဝှက်ဆန်းကြယ် စပ်စုသမားတွေရဲ့ ဆောင်ပုဒ်က ‘လုပ်ချင်တာလုပ် ဒုက္ခမပေးနဲ့’ ဆိုတာလေ”

ဒီဆောင်ပုဒ်က လျှို့ဝှက်တဲ့ မိုးဇက်မိစ္ဆာဂိုဏ်းကနေ ဆင်းသက်လာတယ်ဆိုပေမဲ့ မိုးဇက်ဂိုဏ်း လမ်းစဉ်ကို ရွေးချယ်တဲ့ သာလွန်သူတွေက သူတို့ရဲ့ ဘဝနဲ့ရင်းပြီး ဒီဆောင်ပုဒ် မှန်ကန်တယ်ဆိုတာကို သက်သေပြပြီးပါပြီ။

ဒီဆောင်ပုဒ်ကို ကြောက်ရွံ့ ရိုသေပြီး တင်းတင်းကျပ်ကျပ် လိုက်နာမယ်ဆိုရင် စိတ်လွတ်နိုင်တဲ့ ရာခိုင်နှုန်းက တော်တော်နည်းပါတယ်။ ဒီဆောင်ပုဒ်နဲ့ ဆန့်ကျင်ဘက် လိုက်လုပ်ရင်လည်း ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ သက်သေ သာဓကများစွာ ရှိပါတယ်။

“မင်း ငါ့ကို သံသယဝင်တာက လျှို့ဝှက်ဆန်းကြယ် စပ်စုသမားတွေကို စော်ကားတာပဲ”

“တောင်းပန်ပါတယ်” ကလိုင်းဟာ တောင်းပန်စကားဆိုဖို့ တစ်စက္ကန့်တောင် ဝန်လေးမနေပါဘူး။ သူက ဒန်းစမစ်ပြောခဲ့တဲ့ ဆောင်ပုဒ်ကို တကယ် မေ့သွားတာပါ။

လူအိုကြီးနီးလ်ဟာ တကယ် စိတ်မဆိုးပါဘူး။ မျက်တောင်တစ်ခတ်အတွင်း ရယ်ကျဲကျဲ ဖြစ်သွားပြီး...

“နှမြောဖို့ကောင်းတယ်... အမြင်ဆရာလုပ်ဖို့ ရွေးချယ်တဲ့လူက တော်တော်လေး ရှားတယ်... အဲဒီတော့ မင်းကို ကူညီနိုင်တဲ့ ဆောင်ပုဒ် မရှိဘူး”

‘ဒါပေမဲ့ ကျွန်တော့်မှာ ဧကရာဇ်ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီ ရှိတယ်... ဟုတ်တယ်... ဆောင်ပုဒ်အတိုင်း လိုက်နာက သရုပ်ဆောင်တာရဲ့ အရိပ်အမြွက်ပဲ...’ ကလိုင်းဟာ ဒီအတွေးကို ရုတ်တရက် တွေးမိပြီး အတွေးနက်သွားပါတယ်။

လူအိုကြီးနီးလ်ဟာ စကား ဆက်မပြောပါဘူး။ စားပွဲဝိုင်းပေါ်က ကြွေထည်တွေနဲ့ တခြားပစ္စည်းတွေကို အခန်းထောင့် ရွှေ့လိုက်ပါတယ်။

အဲဒီနောက် ချက်ချင်းဆိုသလို ငွေသေတ္တာထဲကနေ ကြက်သွေးရောင်နဲ့ အနက်ရောင် ဖယောင်းတိုင် နှစ်တိုင်ကို ထုတ်ယူပြီး ကလိုင်းကို ရှင်းပြပါတယ်။

“သာမန်လူတွေ အစီအရင်မှော်လုပ်ရင် နက္ခတ္တဗေဒ ဒါမှမဟုတ် သက်ဆိုင်တဲ့ အညွှန်းစာတွေကို လိုက်နာဖို့ လိုတယ်... သင့်တော်တဲ့ နေ့ရက် အချိန်နာရီကို ရွေးချယ်ရတယ်... ဥပမာ နတ်ဘုရားမကို ကိုယ်စားပြုတဲ့နေ့... နတ်ဘုရားမ လကို စိုးမိုးတဲ့အချိန်”

“ဒါပေမဲ့ ငါတို့လို သာလွန်သူတွေ အထူးသဖြင့် ဒီနယ်ပယ်ထဲက သာလွန်သူတွေ အတွက်ကတော့ အဲဒီလိုလုပ်ဖို့ မလိုဘူး... ငါတို့ရဲ့ ထက်မြက်စူးရှတဲ့ စိတ်ဝိညာဉ် နားလည်မှုနဲ့ အားကောင်းတဲ့ လိပ်ပြာက သော့ချက်ပဲ”

“မင်းက မင်းရဲ့ အစီအရင်ကို အောင်မြင်မယ်လို့ ယုံကြည်ချက် မရှိရင် သင့်လျော်တဲ့ နေ့ရက်နဲ့ အချိန်နာရီကို ရွေးချယ်တာ အကောင်းဆုံးပဲ... အဲဒါဆိုရင် မင်းရဲ့ အစီအရင် အောင်မြင်ဖို့ ရာခိုင်နှုန်း များသွားလိမ့်မယ်...”

“အင်း... ဒီအချက်က များသောအားဖြင့်တော့ မှန်တယ်... စည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာဖို့လည်း မမေ့နဲ့”

လူအိုကြီးနီးလ်ဟာ ဖယောင်းတိုင်နှစ်တိုင်ကို နေရာချပြီးနောက် ကလိုင်းကို ကြည့်ကာ လေးလေးနက်နက် ထပ်ပြောပါတယ် “ဆုံမှတ်နိမ့် သာလွန်သူတွေက အင်အား လုံလုံလောက်လောက် မရှိဘူး... အဲဒါကြောင့် သူတို့လုပ်တဲ့ အစီအရင် အားလုံးနီးပါးက ပြင်ပအား အကူအညီကို တောင်းခံတာချည်းပဲ... အဲဒီတော့ မင်း နည်းမှန်လမ်းမှန်တဲ့ နတ်ဘုရားမတို့လို့ မုန်တိုင်းအရှင်တို့လို့ တည်ရှိမှုတွေကိုပဲ စဉ်းစားချည်”

“အမျိုးအမည်မသိတဲ့ ခန့််မှန်းလို့မရနိုင်တဲ့ တည်ရှိမှုတွေနဲ့ ဆက်သွယ်ဖို့ လုံးဝလုံးဝ မကြိုးစားနဲ့... လူတွေ သူတို့ကို ယုံကြည်ပြီး ကတိပေးခံရရင်တောင် အဲဒါက သွေးဆောင်ဖြားယောင်းတာပဲ”

“ငါပြောတာကိုယုံ... နည်းနည်းလေးတောင် စမ်းမလုပ်ကြည့်နဲ့... မင်း တစ်ကြိမ်တစ်ခါလေး စမ်းကြည့်ရင်တောင် လမ်းချော်ပြီး ပြန်လမ်းမဲ့ အသူရာချောက်ထဲ ကျသွားလိမ့်မယ်... ဘယ်လိုပဲကြိုးစားပြီး ခုခံပါစေ အဲဒီလမ်းကြောင်းကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး... နှေးသွားအောင်ပဲ လုပ်နိုင်လိမ့်မယ်”

“ကျွန်တော် မှတ်ထားပါ့မယ်” ကလိုင်းဟာ အသံနက်နဲ့ ကတိပေးလိုက်ပါတယ်။ စိတ်ထဲမှာလည်း နည်းနည်းတော့ ကြောက်သွားပါတယ်။

‘ငါ့ရဲ့ ကံကောင်းစေတဲ့ အစီအရင်က အမျိုးအမည်မသိ ခန့်မှန်းလို့မရတဲ့ တည်ရှိမှုဆီက စွမ်းအားကို ရယူတာပဲ...’

‘နောက်ပြီး လူဇောက်ထိုးလို အကြီးတန်း သာလွန်သူတောင် ယုံနိုင်စရာမရှိတဲ့ မြူခိုးကမ္ဘာထဲ လူတွေ ဆွဲသွင်းနိုင်တဲ့ စွမ်းအားကိုလည်း ငါ ရထားတယ်... အင်း လူဇောက်ထိုးက အကြီးတန်း သာလွန်သူလို့ ထင်တာပဲ’

‘ငါ မရူးသွားတာ စိတ်လွတ်သွားမဲ့ လက္ခဏာ မရှိတာဘဲ ကျေးဇူးတင်ရလိမ့်မယ်’

ဒီအကြောင်းကို စိုးရိမ်စိတ် ဝင်သွားတဲ့ ကလိုင်းဟာ စကားလမ်းကြောင်း ပြောင်းပါတယ်။

“အဲဒါဆို ညသိမ်းငှက်တွေက နတ်ဘုရားမဆီက အကူအညီ တောင်းသင့်တာပေါ့”

“မင်း မုန်တိုင်းအရှင်ကို ဆုတောင်းရင်လည်း ဘယ်သူမှ တားမှာ မဟုတ်ဘူး... ဒါပေမဲ့ သူက ငါတို့ရဲ့ အစီအရင်ကို ကောင်းစိတ်နဲ့ တုံ့ပြန်လား မကောင်းစိတ်နဲ့ တုံ့ပြန်မလားဆိုတာ မပြောနိုင်ဘူး... ရလဒ်ကလည်း ခန့်မှန်းလို့ မရအောင် ဖြစ်ပျက်သွားနိုင်တယ်”

လူအိုကြီးနီးလ်ရဲ့ စကားကြောင့် ကလိုင်းဟာ သူ့အကြံကို လက်လျှော့လိုက်ပါတယ်။ လောကမှာ အကောင်းဆုံးဆိုတာ မရှိပါဘူး။ လိုအပ်တာပဲ ရှိပါတယ်။

လူအိုကြီးနီးလ်ဟာ ကြက်သွေးရောင် ဖယောင်းတိုင်ကို ကောက်ယူပြီး “လပန်းနဲ့ နီမှောင်တဲ့ စန္ဒကူးကနေ လုပ်ထားတဲ့ ဖယောင်းတိုင်က အစီအရင်ပညာမှာ နတ်ဘုရားမရဲ့ ကြက်သွေးရောင် မိန်းမပျို နာမည်ကို ကိုယ်စားပြုတယ်”

အဲဒီနောက် အနက်ရောင် ဖယောင်းတိုင်ကို လက်ညှိုးထိုးပြပြီး “ညသစ်ခွနဲ့ ညအိပ်ပန်းကနေ လုပ်ထားတဲ့ ဖယောင်းတိုင်က ညကို ကိုယ်စားပြုတယ်”

ပြောပြောဆိုဆို လူအိုကြီးနီးလ်ဟာ အနက်ရောင် ဖယောင်းတိုင်ကို စားပွဲဝိုင်းရဲ့ ဘယ်ဘက်ထိပ် အနီရောင် ဖယောင်းတိုင်ကို ညာဘက်ထိပ်မှာ ထားလိုက်ပါတယ်။

“ငါတို့တွေ နတ်ဘုရားမကို ဘာဖြစ်လို့ ဖယောင်းတိုင် နှစ်တိုင်တည်းနဲ့ အမှတ်သင်္ကေတ ထားရတာလဲ... နတ်ဘုရားမက တည်ငြိမ်မှုနဲ့ တိတ်ဆိတ်မှုရဲ့ သခင်မ၊ ဘေးဒုက္ခနဲ့ ချောက်ချားမှုရဲ့ ဧကရီလည်း ဟုတ်တာပဲ” လူအိုကြီးနီးလ်က အသံထွက်အောင် ရယ်ပြီး ပြောပါတယ်။

“ဟုတ်တယ်... ကျွန်တော်လည်း အဲဒါကို မေးချင်နေတာ”

“လမ်းမှားမရောက်ခင်တုန်းက မိုးဇက်ဂိုဏ်းနဲ့ ဘုရားကျောင်းရဲ့ ဆက်ဆံရေးက တော်တော်လေး ကောင်းတယ်... သူတို့ရဲ့ အစီအရင်ပညာအပေါ် ယုံကြည်မှုတွေက ငါတို့ကို အများကြီး လွှမ်းမိုးထားတယ်”

“သူတို့တွေက အရာဝတ္ထု အကုန်လုံးကို ကိန်းဂဏန်းတွေလို့ ယုံကြည်ကြတယ်... နံပါတ်တိုင်းက စိတ်ဝိညာဉ်စွမ်းအားရှိပြီး အစီအရင်မှော်ပညာလို့ ယူဆတယ်... သုညက မသိမှုနဲ့ ပဋိပက္ခကို ကိုယ်စားပြုတယ်... စကြဝဠာ မမွေးဖွားခင်တုန်းက အခြေအနေကို ကိုယ်စားပြုတယ်... တစ်က စတင်ခြင်း ပထမဆုံး ဖန်တီးရှင်ကို ကိုယ်စားပြုတယ်... နှစ်က လောကနဲ့ ဖန်တီးရှင်ကိုယ်ကနေ ပေါ်ထွက်လာတဲ့ နတ်ဘုရားအသီးသီးကို ကိုယ်စားပြုတယ်... သုံးက အရာအားလုံးကို ဖန်တီးဖို့ နတ်ဘုရားတွေနဲ့ အရာဝတ္ထုတွေ ထိတွေ့တာကို ကိုယ်စားပြုတယ်... အဲဒါကြောင့် ဖယောင်းတိုင်နှစ်တိုင် သုံးတာက နတ်ဘုရားမကို ကိုယ်စားပြုပြီး တတိယ ဖယောင်းတိုင်က ကိုယ့်အတွက်ပဲ”

“အဓိပ္ပာယ်ရှိတဲ့ ဖယောင်းတိုင်နှစ်တိုင်က အစီအရင်မှော်ရဲ့ အကျိုးသက်ရောက်မှုကို ပိုပြီးတော့ နက်နဲစေတယ်”

‘သုံးကနေ အကုန်လုံး ဖြစ်လာတယ်... အကုန်လုံး သုံးကနေ မြစ်များခံတယ်’ ကလိုင်းဟာ ဘဝဟောင်းက တာအိုဘာသာကို တွေးမိလိုက်ပါတယ်။

ကလိုင်း စိတ်ဝင်တစား နားထောင်နေတာကို တွေ့ရတဲ့အတွက် လူအိုကြီးနီးလ်ဟာ တတိယ ဖယောင်းတိုင်ကို ယူလိုက်ပါတယ် “ဒါက ငါ့ကို ကိုယ်စားပြုတဲ့ ဖယောင်းတိုင်ပဲ... ဒီဖယောင်းတိုင်က သာမန်ဖယောင်းတိုင်ပဲ... ပင်စိမ်းနည်းနည်းပဲ ရောထားတယ်... မှတ်ထားရမှာက နှင်းဆီ၊ လီမွန်၊ ပင်စိမ်း၊ လပန်း၊ ညသစ်ခွနဲ့ ညအိပ်ပန်းတွေကို နတ်ဘုရားမက မြတ်နိုးတန်ဖိုးထားတယ်”

“တခြားရှုထောင့်က‌နေ ကြည့်ရင် ဒီဖယောင်းတိုင် သုံးတိုင်က လူတိုင်းရဲ့ ခန္ဓာကိုယ် စိတ်ဝိညာဉ်နဲ့ ဘုရားသခင်ဂုဏ်တော်ကို ရည်ညွှန်းတယ်”

စကားဆုံးတဲ့အခါမှာတော့ လူအိုကြီးနီးလ်ဟာ တတိယ ဖယောင်းတိုင်ကို စားပွဲဝိုင်းရဲ့ အလယ်မှာ ထားလိုက်ပါတယ်။

အဲဒီနောက် သူဟာ ရောနှောဖော်စပ်ထားတဲ့ လပြည့်ဆီ ပုလင်းတစ်လုံး၊ အမှောင်ထု တံဆိပ်တော် ရိုက်နှိပ်ထားတဲ့ ဆေးအိုတစ်လုံး၊ သားသားနားနား ဒီဇိုင်းဖော်ထားတဲ့ ငွေရောင်ဓားတစ်ချောင်း၊ ရေတစ်ခွက်နဲ့ ဆားကြမ်းထည့်ထားတဲ့ ပန်ကန်းပြားလေးတစ်ပြားကို ယူလိုက်ပါတယ်။

“အစီအရင် မကျွမ်းတဲ့ သာလွန်သူတွေဆိုရင် ခေါင်းလောင်းတွေ သလင်းဘောလုံးတွေ၊ ငွေခွက်တွေ၊ အမွေးတိုင်နဲ့ တခြားထောက်ပံ့ပစ္စည်းတွေ လိုတယ်... ဒါပေမဲ့ လျှို့ဝှက်ဆန်းကြယ် စပ်စုသမားနဲ့ အမြင်ဆရာကတော့ အဲဒါတွေကို မလိုဘူး... ဒီပစ္စည်းတွေနဲ့တင် လုံလောက်တယ်”

လူအိုကြီးနီးလ်ဟာ အကြွေးစာချုပ် ရေးထားတဲ့ သိုးသားရေအတု စာရွက်ကို ဆေးအိုအောက်မှာ ထားပြီး စာရွက်ရဲ့ တစ်ဖက်ကို အထူးပြုလုပ်ထားတဲ့ ကလောင်တံနဲ့ ဖိပါတယ်။

အဲဒီနောက် ကလိုင်းဘက်လှည့်ပြီး ပြောပါတယ် “အစီအရင်လုပ်ရင် မနှောင်ယှက်ခံရတဲ့ စိတ်ဝိညာဉ် သန့်ရှင်းတဲ့ ပတ်ဝန်းကျင် ဖြစ်ဖို့ လိုတယ်... အဲဒီလိုဖြစ်အောင် ငါတို့က ဖန်တီးဖို့ လိုတယ်... အဲဒီလိုလုပ်ဖို့ ပထမဆုံး တွေးခေါ်မှု အခြေအနေထဲ ဝင်ရမယ်... ပြီးရင် စိတ်ကို စူးစိုက်ပြီး ထောက်ပံ့ပစ္စည်းတွေရဲ့ အကူအညီနဲ့ ငါတို့ရဲ့ စွမ်းအားကို ထုတ်ယူရမယ်... ပြီးရင် ငါတို့ရဲ့ ဘေးပတ်လည်မှာ အကာအကွယ်တစ်ခု တည်ဆောက်ပေတော့”

“ရေးဘီဘာရဲ့ အိမ်မှာတုန်းက ငါ အစီအရင် ငွေဓားမြောင်နဲ့ သိဒ္ဓိဝင်ညပေါင်ဒါကို သုံးခဲ့တယ်... အဲဒီလို လုပ်နေစဉ် တစ်လျှောက်လုံးမှာ ငါတို့လိုချင်တဲ့ ရလဒ်အတိုင်း အမှတ်သညာ ပြုရလိမ့်မယ်... သူနဲ့ သက်ဆိုင်တဲ့ မန္တန်ကိုလည်း ရွတ်ရလိမ့်မယ်”

“မန္တန်တွေကို ရွတ်ဆိုရင် ဟာမီးနဲ့ ရွတ်ဆိုတာ အကောင်းဆုံးပဲ... ဘာဖြစ်လို့လဲဆိုတော့ ဟာမီးဘာသာစကားက သဘာဝတရားကို အရင်းခံထားလို့ပဲ... ဟာမီးက ရှေးဟောင်း နဂါးဘာသာစကား၊ နတ်သူငယ် ဘာသာစကားတွေနဲ့ ဆင်တူတယ်...”

“အကျိုးသက်ရောက်မှုက တိုက်ရိုက်ပဲ... လိုအပ်တဲ့ ကွယ်ဝှက်မှုတွေ ကာကွယ်မှုတွေ မရှိဘူး... အသုံးပြုတဲ့လူကို ထိခိုက်ဖို့ လွယ်ကူတယ်... အဲဒါကြောင့် ဟာမီးကို ပြုပြင်လာခဲ့ကြတာ... ဒါပေမဲ့ သူ့အစွမ်းက လျော့ကျမသွားဘူး... ပိုပြီးတော့ ထိရောက်လာတယ်”

“တော်ပြီ... ငါ့အစီအရင်ကို အာရုံစိုက်ရဦးမယ်... ငါ မင်းကို ဆက်ပြီး ရှင်းမပြတော့ဘူး... မင်းဘာသာ ဘေးကနေ ကြည့်ပြီး လိုက်နားထောင်ချည်... မေးချင်တာရှိရင် အကုန်လုံး ပြီးတော့မှမေး”

“ဟုတ်ကဲ့ပါ” ကလိုင်းဟာ နောက်ကို ခြေနှစ်လှမ်းဆုတ်ပြီး လူအိုကြီးနီးလ်ကို မမှိတ်မသုန် စိုက်ကြည့်ပါတယ်။

လူအိုကြီးနီးလ်ရဲ့ မျက်လုံးတွေဟာ အလျင်အမြန် နက်မှောင်သွားပြီး သူ့ဘေးပတ်လည်မှာ မမြင်နိုင်တဲ့ လေပြေတစ်ခု ပေါ်လာပါတယ်။

လူအိုကြီးနီးလ်ဟာ တစ်ခဏ တိတ်ဆိတ်သွားကာ ဘယ်ကနေညာ အဲဒီနောက် အပေါ်ကနေအောက် သွားပြီး စိတ်စွမ်းအားနဲ့ ပွတ်အား ဖန်တီးကာ ဖယောင်းတိုင်သုံးတိုင်ကို အစဉ်အတိုင်း မီးထွန်းညှိပါတယ်။

အဲဒါတွေ ပြီးတဲ့အခါမှာတော့ ငွေရောင်ဓါးမြောင်ကို ကောက်ယူပြီး ဆားကြမ်းထဲ ထိုးထည့်ကာ ဟာမီးဘာသာစကားနဲ့ ရွတ်ဆိုပါတယ်။

“ငွေစစ်နဲ့ လုပ်ထားတဲ့ ဓားသွား... သန့်ရှင်းလော့”

“သန့်စင်မွန်မြတ်ပြီး ဒီအစီအရင်မှာ ငါ့အား အလုပ်အကျွေးပြုလော့”

...

“ထာဝရည နတ်ဘုရားမရဲ့ နာမတော် ကြက်သွေးရောင် မိန်းမပျို... ဖြင့်

“သင်အား သန့်ရှင်းစင်ကြယ်ခဲ့ပြီ”

တိုတောင်ပေးမဲ့ အားကောင်းတဲ့ စကားအဆုံးမှာ လူအိုကြီးနီးလ်ဟာ ငွေဓားကို ရေခွက်ထဲ ထိုးထည့်ပါတယ်။ ပြီးတဲ့အခါမှာတော့ ငွေဓားကို မြှောက်ကိုင်ပြီး စားပွဲဝိုင်းအလွန်က နေရာကို ညွှန်ပါတယ်။

သူဟာ ဓားဦးကို အစွန်းပိုင်းဆီ ချိန်ရွယ်ပြီး ခြေတစ်လှမ်း တိုးကာ စားပွဲဝိုင်းကို စက်ဝိုင်းပုံ ပတ်ပါတယ်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်းမှာ ငွေဓားကနေ မမြင်နိုင်တဲ့ စွမ်းအင်တစ်ခု ထွက်ပေါ်လာတာကို ကလိုင်း ခံစားမိပါတယ်။ ဒီစွမ်းအင်က စိတ်ဝိညာဉ်စွမ်းအားတွေ ပြည့်နှက်နေပြီး လေထုနဲ့ ဆက်စပ်ကာ လုံးဝချိပ်ပိတ်ထားတဲ့ နံရံတစ်ခု ဖြစ်ပေါ်လာပါတယ်။

တစ်ပတ်ပြည့်အောင် လျှောက်ပြီးတဲ့အခါမှာတော့ အစီအရင်စားပွဲဟာ သူ့ပတ်ဝန်းကျင်နဲ့ လုံးဝ အဆက်အသွယ် ပြတ်သွားပါတယ်။

လူအိုကြီးနီးဟာ စားပွဲဝိုင်းရှေ့မှာ မတ်တတ်ရပ်ပြီး ငွေဓားကို အောက်ချလိုက်ပါတယ်။ အဲဒီနောက် လပြည့်ဆီပုလင်းကို ကောက်ယူပြီး ဖယောင်းတိုင်သုံးတိုင်ပေါ် သုံးစက်ချပါတယ်။

“ရှဲ... ရှဲ... ရှဲ...”

ပါးလွှာတဲ့မြူခိုး ထွက်ပေါ်လာတဲ့အခါ လျှို့ဝှက်ဆန်းကြယ်မှုက အရာအားလုံးကို ဖုံးအုပ်သွားတယ်လို့ ထင်ရပါတယ်။

လူအိုကြီးနီးလ်ဟာ ဖန်ပုလင်းကို အောက်ချပြီး သိုးသားရေအတု စာရွက်ကို နှစ်မိနစ်ကြာအောင် တိတ်တဆိတ် ကြည့်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကလောင်တံကို ကောက်ယူပြီး စာတွေအကုန်လုံး အထဲရောက်နေတဲ့ စတုရန်းပုံ ဆွဲလိုက်ပါတယ်။ ဒီလိုစတုရန်းပုံ ဆွဲတာက အကြွေးတွေကို ထိန်းချုပ်ထားတယ်ဆိုတဲ့ သဘော သက်ရောက်ပါတယ်။

အဲဒီနောက် ကြက်ခြေခတ် ထပ်ဆွဲပါတယ်။ မရှိတော့ဘူး၊ အကြွေးတွေ ကျေသွားပြီဆိုတဲ့ သဘောပါ။

ဒီအဆင့်ရောက်မှာတော့ သူဟာ သိုးသားရေအတု စာရွက်ကို လက်တစ်ဖက်နဲ့ ကောက်ယူပြီး ကျန်လက်တစ်ဖက်နဲ့ နဖူးလယ်ကို တောက်ကာ စိတ်ဝိညာဉ်အာရုံ ဖွင့်ပါတယ်။

အဲဒီနောက် မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်ချိန်မှာတော့ နောက်ထပ် မမြင်နိုင်တဲ့ တက်ကြွဖျတ်လတ်တဲ့ စွမ်းအင်တစ်ခု ထွက်ပေါ်လာပါတယ်။

“ညအမှောင်ထုရဲ့ စွမ်းအားဆီမှာ ဆုတောင်းပါတယ်”

“ကြက်သွေးရောင် စွမ်းအားဆီမှာ ဆုတောင်းပါတယ်”

“နတ်ဘုရားမရဲ့ မေတ္တာတရားဆီမှာ ဆုတောင်းပါတယ်”

“ကရုဏာတရားရှေ့ထားပြီး ဒီအကြွေး ဆပ်နိုင်အောင် ငွေကြေး ထောက်ပံ့ပေးပါ”

“လနီက ပိုင်ဆိုင်တဲ့ ညသစ်ခွ... မေတ္တာတရား ရှေ့ထားပြီး သင့်စွမ်းအားကို ကျွန်တော်ရဲ့ မန္တန်ဆီ အပ်နှင်းတော်မူပါ”

“လနီက ပိုင်ဆိုင်တဲ့ လပန်း... မေတ္တာတရား ရှေ့ထားပြီး သင့်စွမ်းအားကို ကျွန်တော်ရဲ့ မန္တန်ဆီ အပ်နှင်းတော်မူပါ”

.....

ကလိုင်းဟာ ဘေးကနေ နားထောင်ရင်း လုံးဝ အံ့အားသင့်သွားပါတယ်။ အတွေးမျိုးစုံလည်း ပေါ်လာပါတယ်။

‘ဒီလို မန္တန်က အလုပ်ဖြစ်တာလား...’

‘ဟာမီးနဲ့ ရွတ်တယ်ဆိုပေမဲ့ ဒါက ရိုးရှင်းလွန်းမနေဘူးလား’

‘နတ်ဘုရားမ ဒေါသထွက်ပြီး အကြွေးကို ဒီထက်မက လေးငါးဆယ်ဆ များအောင်တော့ မလုပ်လောက်ပါဘူးနော်’

အဲဒီအချိန်မှာ ဖယောင်းတိုင် အလင်းရောင်ဟာ ရုတ်တရက် တောက်ပလာပါတယ်။

လူအိုကြီးနီးလ်ဟာ မန္တန်ရွတ်ပြီးတဲ့အခါ နှစ်မိနှစ်ကြာအောင် မျက်လုံး မှိတ်နေပါတယ်။ ပြီးတဲ့အခါမှာတော့ လပြည့်ဆီကို ကောက်ယူပြီး ဖယောင်းတိုင် သုံးတိုင်ပေါ် တစ်စက်စီ ချပါတယ်။

အဲဒီနောက် ချက်ချင်းဆိုသလို သူဟာ သိုးသားရေအတု စာရွက်ကို ဆွဲယူပြီး ‘ငါ’ ကို ကိုယ်စားပြုတဲ့ ဖယောင်းတိုင်နား ထားလိုက်ပါတယ်။ အပူရှိန်နဲ့ သိုးသားရေအတု စာရွက် မီးလောင်သွားတဲ့အခါ ဆေးအိုးထဲကို ပစ်ထည့်လိုက်ပါတယ်။

အဲဒီနောက် သူဟာ လောင်ကျွမ်းနေတဲ့ အကြွေးစာချုပ်ကို အာရုံခံစားသလိုမျိုး မျက်လုံး ထပ်မှိတ်ပါတယ်။

တစ်အောင့်အကြာမှာတော့ မျက်လုံးဖွင့်ပြီး ဆေးအိုးပေါ်က အမှောင်ထု တံဆိပ်တော်ဆီ ကြည့်လိုက်ပါတယ်။ ဒီအချိန်မှာ သိုးသားရေအတု စာရွက်က လုံးဝ ပြာကျသွားပါပြီ။

“အရှင်မကို ချီးမွမ်းကြလော့”

လူအိုကြီးနီးလ်ဟာ ရင်ဘက်ပေါ်မှာ ကြက်သွေးရောင်လပုံစံ လေးချက် ထိပါတယ်။ အဲဒီနောက် ဖယောင်းတိုင်တွေက မီးထွန်းတုန်းကနဲ့ ပြောင်းပြန်စဉ်အတိုင်း မီးပြန်ငြိမ်းပါတယ်။

အကုန်လုံးပြီးသွားတဲ့အခါ ငွေဓားနဲ့ သူ့ဘေးပတ်လည်က မမြင်နိုင်တဲ့ နံရံကို ထိုးခွဲလိုက်ပါတယ်။

လူအိုကြီးနီးလ် သက်ပြင်းရှည်ကြီး ချလိုက်တဲ့အခါ ချက်ချင်းဆိုသလို လေပြင်းတစ်ခု ထသွားပါတယ်။

“ပြီးပြီ”

“ဒါပဲလား” ကလိုင်းဟာ ကြောင်တောင်တောင် မေးပါတယ် “အကြွေးက ကျေသွားပြီလား... ဘယ်လိုကျေတာလဲ”

“ငါလည်း မသိဘူး... ဒါပေမဲ့ အဲဒီအကြွေးက ယုတ္တိကျကျ ကျေသွားလိမ့်မယ်” လူအိုကြီးနီးလ်က အပြုံးနဲ့ ဆိုပါတယ်။

‘ဒါ...’ ကလိုင်းဟာ ဘာပြောရမှန်း မသိတော့ပါဘူး ‘ဒါက အားကိုးရပါ့မလား’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters