← Chapters

ပွဲကြည့်သမား

Vol. 6 Ch. 52

ပွဲကြည့်သမား

Vol. 6 Ch. 52

“အဲဒီအကြွေးစာချုပ်အကြောင်း တွေးနေတာ ရပ်တော့... ငါတို့တွေ အစီအရင် အကြောင်း ဆွေးနွေးကြရအောင်” လူအိုကြီးနီးလ်ဟာ ဖယောင်းတိုင်၊ ဆေးအိုး၊ ငွေဓားနဲ့ တခြားပစ္စည်းတွေကို အေးအေးလူလူ သိမ်းဆည်းပါတယ်။

ကလိုင်းဟာ ပခုံးတွန့်ချင်ပေမဲ့ ဒီအပြုအမူက ဒီခေတ်မှာ လူကြီးလူကောင်း မဆန်တော့ မတွန့်ဖြစ်တော့ပါဘူး။

အဲဒီနောက် သူ့အာရုံကို အစီအရင်ဘက် လှည့်ပြီး သူသိချင်တာတွေ နားမလည်တာတွေကို အသေးစိတ် မေးမြန်းပါတယ်။ လူအိုကြီးနီးလ်ကလည်း အကုန်လုံး ပြန်ဖြေတဲ့အတွက် ကလိုင်းဟာ သိချင်တာတွေ သိလိုက်ရပါတယ်။

ဥပမာအားဖြင့် မန္တန်တွေက ပုံစံတစ်ခု ရှိပါတယ်။ အဲဒီပုံစံကျပြီး အဓိက အဓိပ္ပာယ်ကို ဟာမီးနဲ့ ရွတ်မယ်ဆိုရင် ကျန်တဲ့အပိုင်းတွေကို ကိုယ်ကြိုက်သလို ပြုပြင် ပြောင်းလဲယူလို့ ရပါတယ်။ စော်ကားတာ လေးစားမှုမရှိတာကတော့ လုံးဝလုံးဝ မရပါဘူး။

ဒီဂမ္ဘီရသင်ခန်းစာ သင်ကြားတာက နေ့လယ်ခင်းရောက်လို့ လူအိုကြီး ချောင်းနှစ်ချက် ဟန့်တဲ့အထိပါပဲ။

“ငါတို့တွေ ဇိုးတလန်လမ်းဆီ ပြန်သွားရမယ်” အဲဒီနောက် လူအိုကြီးနီးလ်ဟာ မရှင်းမလင်း အမူအရာနဲ့ ညည်းပါတယ် “ဒီပစ္စည်းတွေ ရဖို့ ငါ မနက်စာ မစားလိုက်ရဘူး”

ကလိုင်းဟာ ဘေးဘီဝန်းကျင်ကို ကြည့်ပြီး ပြုံးမိသလို ပဟေဠိလည်း ဖြစ်သွားပါတယ်။

“မစ္စတာနီးလ်... မစ္စတာနီးလ်ဆီမှာ စားဖိုမှူး မရှိဘူးလား... ဒါမှမဟုတ် ထမင်းဟင်းချက်ဖို့ အစေခံ မရှိဘူးလား”

တစ်ပတ် ၁၂ ပေါင် လစာက အစေခံ လေးငါးဆယ်ယောက် ငှားလို့ရပါတယ်။

သတင်းစာအရ နေစားစရိတ်ငြိမ်း သာမန်စားဖိုမှူးတစ်ယောက်က တစ်ပတ်ကို ၁၂ ဆိုလီကနေ ၁၅ ဆိုလီကြား ပေးရပါတယ်။ တစ်ပေါင်တောင် မကုန်ပါဘူး။ အိမ်ဖော်ဆို ပိုလို့တောင် ဈေးချိုပါသေးတယ်။ သူတို့ရဲ့ အပတ်စဉ်လစာက ၃ ဆိုလီကနေ ၆ ဆိုလီကြားပဲ ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေက ဟင်းချက်တော့ မကောင်းပါဘူး။

‘အား... မဟုတ်သေးဘူး... မစ္စတာနီးလ်က ပေါင် ၃၀ တောင် အကြွေးတင်ထားတာ... စားဖိုမှူးနဲ့ အစေခံ မငှားနိုင်တာ ဘာထူးဆန်းလို့လဲ... ကြည့်ရတာ ငါ မမေးသင့်တဲ့ မေးခွန်းကို မေးလိုက်မိပြီနဲ့ တူတယ်’

ကလိုင်း သူ့မေးခွန်းကို နောင်တရသွားချိန်မှာ လူအိုကြီးနီးလ်ဟာ စိတ်မရှိဘဲ ခေါင်းခါလိုက်ပါတယ်။

“ငါက မကြာခဏ အစီအရင်တွေ စမ်းကြည့်တယ်... သာလွန်ထူးခြားပစ္စည်းတွေကို သုတေသန လုပ်တယ်... အဲဒါတွေနဲ့ သက်ဆိုင်တဲ့ မှတ်တမ်းတွေကို အိမ်မှာ ဖတ်တယ်... အဲဒီတော့ သာမန်လူတွေကို စားဖိုမှူး၊ အိမ်တော်ထိန်း၊ အိမ်ဖော် အဖြစ် ငှားရမ်းဖို့က မဖြစ်နိုင်ဘူး... ဒီနေရာကို ပုံမှန်သန့်ရှင်းဖို့ပဲ လူငှားနိုင်တယ်... သာမန်လူမဟုတ်ရင် သူတို့က ဒီလိုအလုပ်မျိုး လုပ်ပါ့မလား”

“ကျွန်တော် မိုက်မဲတဲ့ မေးခွန်းကို မေးမိပုံပဲ... ကျွန်တော်က အိမ်မှာ ဂမ္ဘီရနဲ့ ပတ်သက်တာ ဘာမှ မလုပ်လို့ ဖြစ်မယ်” ကလိုင်းဟာ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်တဲ့ အမူအရာနဲ့ ရှင်းပြပါတယ်။

လူအိုကြီးနီးလ်ဟာ မတ်တတ်ရပ်ကာ ဦးထုပ်ဝိုင်းဆောင်းပြီးလို့ တံခါးဆီ လျှောက်သွားပါတယ်။

“ငန်းအသည်းကြော်နံ့ ရသလိုပဲ... ငါ အကြွေးကျေသွားရင် တစ်ခါလောက် ဝယ်စားဦးမယ်... နေ့လယ်စာကို ပန်းသီးရည်သုတ်ထားတဲ့ ဝက်သားကင် စားရမယ်... မဟုတ်ဘူး... အဲဒါနဲ့တင် မလုံလောက်သေးဘူး... အာလူးဆော့စ်လည်း ပါဦးမှ”

‘ခင်ဗျားပြောတာနဲ့ ကျွန်တော်တောင် ဗိုက်ဆာလာပြီ’ ကလိုင်းဟာ တံတွေးမျိုချပြီး လူအိုကြီးနီးလ်နောက် အမီလိုက်ကာ အနီးအနားက မြင်းလှည်းမှတ်တိုင်ဆီ လမ်းလျှောက်ပါတယ်။

ဇိုးတလန်းလမ်းကို ပြန်ရောက်လို့ မြင်းလှည်းပေါ်က ဆင်းလိုက်တဲ့ လူအိုကြီးနီးလ်ဟာ ရုတ်တရက် ထအော်ပါတယ်။

“ငါ ဘာမြင်လိုက်တာလဲ... အို နတ်ဘုရားမ... ကျွန်တော် ဘာမြင်နေရတာလဲ”

သူဟာ ၁၇ နှစ် ၁၈ နှစ် လူငယ်လို သွက်သွက်လက်လက် ဖြစ်သွားပြီး လမ်းဘေးဆီ လျှောက်သွားကာ ပစ္စည်းတစ်ခုကို ကောက်ယူလိုက်ပါတယ်။

ကလိုင်းဟာ သိချင်စိတ်နဲ့ ကိုယ်စောင်းပြီး သေချာကြည့်လိုက်တဲ့အခါ ကျကျနန ချုပ်လုပ်ထားတဲ့ ပိုက်ဆံအိတ်တစ်အိတ် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

သူဟာ ဒီအပိုင်းမှာ အတွေ့အကြုံ သိပ်မရှိတာကြောင့် အညိုရောင် ပိုက်ဆံအိတ်က ကျွဲသားရေနဲ့ လုပ်ထားတာ မဟုတ်ရင် သိုးသားရေနဲ့ လုပ်ထားတာလို့ပဲ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံအိတ်ဘေးမှာ ချိုးငှက်တစ်ကောင် တောင်ပံဖြန့်ပြီး ပျံသန်းတော့မဲ့ဟန်ရှိတဲ့ အပြာရောင်ဖျော့ဖျော့ တံဆိပ်လေးကိုလည်း သူ သတိထားမိလိုက်ပါတယ်။

ဒါက ကလိုင်းရဲ့ ပထမ အမြင်ပါ။ ဒုတိယအနေနဲ့ သူ သတိထားမိတာကတော့ ဖောင်းကားနေတဲ့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံတစ်ထပ်ပါ။ အနက်ရောင်မှင်နဲ့ ရိုက်နှိပ်ထားတဲ့ မီးခိုးရောင် ပိုက်ဆံရွက်တွေက နှစ်ဆယ်ကျော် ပါတယ်။ ဒါက ရွှေပေါင်တန်ပါ။

လူအိုကြီးနီးလ်ဟာ ပိုက်ဆံအိတ်ကို ဖွင့်ကြည့်ပြီး ပိုက်ဆံတွေ ထုတ်ကြည့်ပါတယ်။ သူဟာ ပိုက်ဆံရွက်တွေကို သေချာကြည့်ပြီး တဟားဟား ရယ်မိသွားပါတယ်။

“ဟားဟား... ဆယ်ပေါင်တန်တွေ... ဂုဏ်ကျက်သရေ ထွန်းတောက်တဲ့ တည်ထောင်သူ ကာကွယ်သူ ဝေလျံတစ်... အို... နတ်ဘုရားမ... အရွက်သုံးဆယ်တောင်... ငါးပေါင်တန် တစ်‌ပေါင်တန်နဲ့ ငါးဆိုလီတန်လည်း ပါသေးတယ်”

‘ပေါင် ၃၀၀ ကျော်... ဒါ အရမ်းများတဲ့ ပိုက်ဆံပဲ... ငါ ဆယ်နှစ် အလုပ်လုပ်ရင်တောင် အဲဒီလောက် ရချင်မှ ရမှာ...’ ကလိုင်းရဲ့ အသက်ရှူသံဟာ အလိုလို လေးလံသွားပါတယ်။

ဒီမှာ ရွှေပေါင်တန်ဖိုးက ကြီးမားတော့ ဒီလိုမျိုး ပိုက်ဆံအိတ်ကို ကောက်ရတာက သူ့ဘဝဟောင်းမှာဆိုရင် ငွေစက္ကူတွေထည့်ထားတဲ့ လက်ဆွဲအိတ်တစ်လုံးကို ကောက်ရတာနဲ့ အတူတူပါပဲ။

“ဘယ်လူကြီးမင်းကများ ကျပျောက်သွားလဲ မသိဘူး... သူက သာမန်လူတော့ မဖြစ်နိုင်ဘူး” ကလိုင်းက တည်တည်ငြိမ်ငြိမ် သုံးသပ်ပါတယ်။

ဒီလိုပိုက်ဆံအိတ်မျိုးက သေချာပေါက် အမျိုးသမီး ပိုက်ဆံအိတ် မဟုတ်ပါဘူး။

“ဟားဟား... သူ ဘယ်သူလဲဆိုတာ ဂရုစိုက်စရာ မလိုဘူး... ငါတို့တွေက ကိုယ့်ဥစ္စာမဟုတ်တဲ့ ပိုက်ဆံကို ခွဲယူဖို့ ကြိုးစားနေတာမှ မဟုတ်တာ... ငါတို့တွေ ဒီနေရာမှာ ခဏစောင့်ကြမယ်... အဲဒီလူကြီးမင်းက သူ့ပိုက်ဆံအိတ်ကို သေချာပေါက် ပြန်လာရှာလိမ့်မယ်... ဒီငွေပမာဏက ဘယ်သူပဲဖြစ်ဖြစ် အဆုံးရှုံးခံနိုင်တဲ့ ပမာဏ မဟုတ်ဘူး”

ကလိုင်းဟာ သက်ပြင်းရှည်ကြီး ချပြီး လူအိုကြီးနီးလ်ရဲ့ ကိုယ်ကျင့်တရားကို ပိုနားလည်သွားပါတယ်။

သူဟာ လူအိုကြီးနီးလ်က နတ်ဘုရားမရဲ့ မျက်နှာသာပေးမှုကို ဆင်ခြေပြပြီး အကြွေးပြန်ဆပ်ဖို့ ဒီပိုက်ဆံအိတ်ကို အပိုင်းသိမ်းမှာ စိုးရိမ်တာကြောင့် ဒီလိုမဖြစ်အောင် ဘယ်လိုဖျောင်းဖျရမလဲဆိုတာ စဉ်းစားနေခဲ့တာပါ။

‘ဒါက လုပ်ချင်တာလုပ် သူများကို မထိခိုက်နဲ့ ဆိုတာလား’ ကလိုင်းဟာ ရုတ်တရက် အတွေ့အကြုံသစ် ရသွားပါတယ်။

သူတို့နှစ်ယောက်ဟာ တစ်မိနစ်ကျော်အောင်တောင် မစောင့်လိုက်ရပါဘူး။ ဇိမ်ခံလေးဘီးမြင်းလှည်း တစ်စီး မောင်းနှင်လာတာကို တွေ့လိုက်ရပါတယ်။ ဒီဇိမ်ခံမြင်းလှည်းရဲ့ ဘေးမှာလည်း ချိုးငှက် တောင်ပံဖြန့်ပြီး ပျံသန်းတော့မဲ့ဟန် အပြာရောင်ဖျော့ဖျော့ တံဆိပ် ရှိပါတယ်။

မြင်းလှည်းဟာ ကလိုင်းတို့ရှေ့ ရပ်သွားပြီး အနက်ရောင်ဝတ်စုံနဲ့ လူလတ်ပိုင်း အမျိုးသားတစ်ယောက် ဆင်းလာပါတယ်။ သူဟာ ပိုက်ဆံအိတ်ကို ကြည့်ပြီး ဦးထုပ်ချွတ်ကာ ယဉ်ယဉ်ကျေးကျေး ဆိုပါတယ်။

“လူကြီးမင်း... ဒါက ကျွန်တော် သခင်ရဲ့ ပိုက်ဆံအိတ်ပဲ”

“မင်းတို့ရဲ့ တံဆိပ်က သက်သေပြပြီးပြီး ဆိုပေမဲ့ သေချာအောင် ထပ်မေးဦးမယ်... နှစ်ဖက်စလုံး အမှားအယွင်း မရှိအောင်ပေါ့... ဒီပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံ ဘယ်လောက်ပါလဲဆိုတာ ပြောပြပေးလို့ရမလား” လူအိုကြီးနီးလ်က ယဉ်ယဉ်ကျေးကျေးပဲ မေးခွန်း ပြန်ထုတ်ပါတယ်။

လူလတ်ပိုင်း အမျိုးသားဟာ ကြောင်သွားပြီး ကိုယ့်ကိုယ်ကိုယ် သရော်တဲ့အမူအရာနဲ “အိမ်တော်ထိန်း တစ်ယောက်က သခင်ရဲ့ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ ဆိုတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ... တောင်းပန်ပါတယ်... ကျွန်တော် မေးကြည့်ပါရစေဦး”

“မေးပါ” လူအိုကြီးနီးလ်ဟာ စိတ်ကြိုက်လုပ်ဖို့ အချက်ပြပါတယ်။

လူလတ်ပိုင်း အမျိုးသားဟာ မြင်းလှည်းဘေး လျှောက်သွားပြီး ပြတင်းပေါက်ကနေ အထဲကလူနဲ့ စကားပြောပါတယ်။ ပြီးတဲ့အခါမှာတော့ ကလိုင်းနဲ့ လူအိုကြီးနီးလ်ဆီ ပြန်လာပြီး အပြုံးနဲ့ ဆိုပါတယ်။

“ပေါင် ၃၀၀ ကျော်... ဒါပေမဲ့ ပေါင် ၃၅၀ မပြည့်ဘူး... ကျွန်တော်သခင်က အတိအကျတော့ မမှတ်မိဘူး”

‘မမှတ်မိဘူး... ဒီလူက တကယ်ကို ချမ်းသာတာပဲ... ငါ့မှာသာ ပိုက်ဆံ အဲဒီလောက်ရှိရင် သေချာပေါက် ထပ်ခါထပ်ခါ ရေမှာ...’ ကလိုင်းဟာ မနာလို ဖြစ်သွားပါတယ်။

လူအိုကြီးနီးလ်ဟာ ခေါင်းညိတ်ပြီး ပိုက်ဆံအိတ်ကို ပြန်ပေးလိုက်ပါတယ်။

“နတ်ဘုရားမရဲ့ ရှေ့မှောက်မှာ ဒီပိုက်ဆံအိတ်ကို ခင်ဗျားပိုင်တယ်”

လူလတ်ပိုင်း အမျိုးသားဟာ ပိုက်ဆံအိတ်ကိုယူပြီး အကြမ်းဖျင်း ကြည့်ပြီးမှ ဆယ်ပေါင်တန် သုံးရွက်ကို ဆွဲထုတ်လိုက်ပါတယ်။

“ကျွန်တော်ရဲ့ သခင်က လူကြီးမင်း ဒူဝီဗိုပါ... သူက လူကြီးမင်းရဲ့ ကိုယ်ကျင့်တရားကို ဂုဏ်ပြုချင်တယ်... ဒါက ကိုယ်ကျင့်တရားကောင်းတဲ့ လူတစ်ယောက် ရသင့်တဲ့အရာပဲ... ကျေးဇူးပြုပြီး မငြင်းပါနဲ့”

‘လူကြီးမင်း ဒူဝီဗို... ဒူဝီဗိုအပ်နှံငွေကို တည်ထောင်ထားတဲ့လူလား... အလုပ်သမား လူတန်းစားအတွက် ဈေးချိုချိုနဲ့ တိုက်ခန်းငှားနိုင်အောင် ထောက်ပံ့ပေးတဲ့ လူကြီးမင်း ဒူဝီဗိုလား’ ကလိုင်းဟာ ဒီနာမည်ကို ချက်ချင်း မှတ်မိသွားပါတယ်။

ဒူဝီဗိုက သူ့အစ်ကို လေးစားတဲ့ သူရဲကောင်း တစ်ယောက်ပါ။ ဒါပေမဲ့ ဒူဝီဗိုရဲ့ လုပ်ရပ်တွေက တကယ် အကျိုးရှိတယ်လို့တော့ သူ့အစ်ကိုက မထင်ပါဘူး။

“ကျေးဇူးပါ လူကြီးမင်းဒူဝီဗို... လူကြီးမင်းက သဘောထားကောင်းပြီး ရက်ရောတဲ့လူပဲ” လူအိုကြီးနီးလ်ဟာ အိုက်တင်တောင် မခံဘဲ ပိုက်ဆံသုံးရွက်ကို လက်ခံပါတယ်။

လူကြီးမင်း ဒူဝီဗိုရဲ့ မြင်းလှည်း ထွက်သွားတာကို ကြည့်ပြီးနောက် လူအိုကြီးနီးလ်ဟာ ကလိုင်းဘက် လှည့်လိုက်ပါတယ်။ အနားမှာလည်း တစ်ယောက်မှ မရှိတဲ့အတွက် သူဟာ ပိုက်ဆံသုံးရွက်ကို အသာပုတ်ပြီး တဟားဟား ရယ်ကာ...

“ပေါင် ၃၀ အကြွေးကျေပြီ”

“ယုတ္တိကျကျ ကျေသွားလိမ့်မယ်လို့ ငါ ပြောခဲ့သားပဲ”

“ဒါက မှော်ပညာရဲ့ စွမ်းအားပဲ”

‘ဒါက တကယ်ကြီး မှော်ပညာရဲ့ စွမ်းအားလား... အဲဒီအစီအရင်က တကယ် အလုပ်ဖြစ်တာလား...’ ကလိုင်းဟာ ထပ်ပြီးတော့ ပါးစပ်အဟောင်းသား ဖြစ်သွားရပါတယ်။

လေးငါးမိနစ်ကြာလို့ ဆူးနက်လုံခြုံရေး ကုမ္ပဏီရှိတဲ့ အဆောက်အဦးထဲဝင်ပြီး လှေကားနဲ့ အပေါ်တက်နေတုန်းမှာ ကလိုင်းဟာ ပ‌ဟေဠိနဲ့ မေးပါတယ် “မစ္စတာနီးလ်... ဘာဖြစ်လို့ ပိုက်ဆံ ပိုမတောင်းထားလိုက်တာလဲ”

“လောဘ မကြီးနဲ့... အစီအရင်လုပ်ရင် လောဘမကြီးဖို့ လိုတယ်... ခြိုးခြံတာက လျှို့ဝှက်ဆန်းကြယ် စပ်စုသမားတိုင်းမှာ ရှိဖို့လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုပဲ... မဟုတ်ရင် သူတို့တွေ အသက်ရှည်ရှည်နေရမှာ မဟုတ်ဘူး”

လူအိုကြီးနီးလ်က ပျော်ပျော်ရွှင်ရွှင် ရှင်းပြပါတယ်။

.....

ဧရာမကပွဲကြီး တစ်ခုမှာ မီးပန်းဆိုင်းတွေပေါ်က လောင်ကျွမ်းနေတဲ့ ဖယောင်းတိုင်တွေဟာ လူတွေရဲ့ စိတ်ကို သက်သောင့်သက်သာ ဖြစ်စေတဲ့ ရနံ့တစ်မျိုးကို ထုတ်လွှတ်နေပါတယ်။ ဖယောင်းတိုင် အရေအတွက် များပြားလွန်းတာကြောင့် သူတို့ရဲ့ အလင်းရောင်ဟာ ဓာတ်ငွေ့မီးအိမ်တွေ ထွန်းထားသလို ထိန်ထိန်လင်းနေပါတယ်။

ငန်းအသည်းကြော်၊ အမဲကင်၊ အသားကင်၊ ကြက်ကင်၊ ငါးခွေးလျှာငါးကြော်၊ ဒေစီကမာကောင်၊ သိုးသားနှပ်၊ မုန့်စွပ်ပြုတ်နဲ့ တခြားစားစရာတွေကို စားပွဲရှည်တွေပေါ် တင်ထားပါတယ်။ ဒါ့အပြင် မစ်ရှန်ပိန်၊ အော်မီယာစပျစ်ဝိုင်နဲ့ တောင်းပိုင်းဗီးလ် ဝိုင်နီတို့လည်း ပါပါတယ်။ သူတို့တွေက အလင်းရောင်အောက်မှာ စားချင်စဖွယ် သောက်ချင်စဖွယ် ရွှန်းရွှန်းစိုနေပါတယ်။

စွပ်ကျယ်နီနဲ့ အစေခံတွေဟာ သလင်းဖန်ခွက်တွေ တင်ထားတဲ့ လင်ဗန်းတွေ ကိုင်ပြီး ကြော့ကြော့ရှင်းရှင်း ဒါမှမဟုတ် ခမ်းခမ်းနားနား ဝတ်စားထားတဲ့ အမျိုးကောင်းသားတွေနဲ့ အမျိုးကောင်းသမီးတွေကြားမှာ ခေါက်တုံခေါက်ပြန် သွားလာနေကြပါတယ်။

အော်ဒရီဟောလ်ဟာ ကော်လံပါ အဖြူရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားပြီး အင်္ကျီတွေက တင်းတင်းကျပ်ကျပ်ရှိကာ အောက်ကို ကားထွက်သွားတဲ့ ဂါဝန်နဲ့ လုံးဝ လိုက်ဖက်နေပါတယ်။

သူမရဲ့ ရွှေရောင်ဆံနွယ်ကိုတော့ သပ်သပ်ရပ်ရပ် ထုံးဖွဲ့ထားပြီး သူမ ဝတ်ဆင်ထားတဲ့ နားဆွဲ၊ လည်ဆွဲနဲ့ လက်ကောက်တွေဟာ မီးအလင်းရောင်အောက်မှာ တလက်လက် တောက်ပနေပါတယ်။ သူမ ခြေထောက်အောက်က အကဖိနပ်ဟာလည်း နှင်းဆီတွေ စိန်တွေနဲ့ စီခြယ်ထားပါတယ်။

‘ငါ အောက်ခံအင်္ကျီတွေ ဘယ်လောက်တောင် ဝတ်ထားတာလဲ... ငါးထည်လား... ခြောက်ထည်လား...’ အဖြူရောင် ပိုးလက်အိတ် စွပ်ထားတဲ့ အော်ဒရီဟာ အောက်ပိုင်း ကားထွက်နေတဲ့ ဂါဝန်ကို ညလက်နဲ့ ညင်ညင်သာသာ ပွတ်သပ်လိုက်ပါတယ်။ သူ့ဘယ်လက်မှာတော့ ရှန်ပိန်တစ်ခွက် ကိုင်ထားပါတယ်။

အော်ဒရီဟာ အရင်လို သူ့ကိုယ်သူ အများအာရုံစိုက်စရာအဖြစ် မနေပါဘူး။ လူများတဲ့နေရာကို ရှောင်ပြီး အရိပ်ထဲမှာ တိတ်တဆိတ် ရပ်နေပါတယ်။ သူမဟာ ရှန်ပိန်တစ်ငုံသောက်ပြီး လူအုပ်စုက သူမနဲ့ မဆိုင်သလိုမျိုး ဘေးကနေ ရပ်ကြည့်ပါတယ်။

‘ခရိုင်မြို့စားဝုဖ်ရဲ့ အငယ်ဆုံးသားက မြို့နယ်စားခွန်းရက်ရဲ့ သမီးနဲ့ စကားပြောနေတယ်... သူပြောတာကို ကျားကန်ပေးဖို့ လက်ဖျံကို ခဏခဏ ရွှေ့တယ်... ဟင်း... လက်ဖျံရွှေ့တာ များလေလေ သူ့စကားက မယုံရလေလေပဲ... ဒါက ငါ့ရဲ့အတွေ့အကြုံတွေထဲကနေ ရထားတဲ့ သင်ခန်းစာပဲ... သူ့ကိုယ်သူ ချီးကျူးဖို့ တခြားလူတွေကို နှိမ့်ချဖို့ ဝန်မလေးဘူး... ဒါပေမဲ့ သူက အပြစ်ရှိသလိုတော့ ခံစားရတယ်... သူ စကားပြောပုံနဲ့ ကိုယ်ဟန်အမူအရာကို ကြည့်ရင် ဒီအချက်က သိသာတယ်’

‘ဒီနေ့ နယ်စားကြီးကတော် ဒဲလာက ရယ်ရင် ပါးစပ်ကို ဘယ်လက်နဲ့ ထပ်ခါထပ်ခါ ကာတယ်... အား... သိပြီ... သူက သူ့ရဲ့ သမုဒ္ဒရာပြာနီလာကို ကြွားနေတာပဲ’

‘သူ့ယောက်ျား နယ်စားကြီးနီဂန်က ရှေးရိုးစွဲ အထက်တန်းလွှာတွေနဲ့ လက်ရှိအခြေအနေကို ဆွေးနွေးနေတယ်... ကပွဲစကတည်းက သူ နယ်စားကြီးကတော် ဒဲလာကို တစ်ခါပဲ ရှာတယ်...’

‘သူတို့နှစ်ယောက်က တစ်ခါမှ အကြည့်ချင်း မဆုံသလိုပဲ... သူတို့နှစ်ယောက်က အများထင်သလို မချစ်ကြတာ ဖြစ်မယ်’

‘မြို့စားလယ်ရီက မဒမ်ဖန်းကို ရယ်အောင်လုပ်တာ ခုနစ်ခါ ရှိပြီ... ဒါက ပုံမှန်ပါပဲ... မထူးဆန်းပါဘူး... ဒါပေမဲ့ သူ့ယောက်ျားကို ကြည့်တဲ့ မျက်လုံးတွေက ဘာဖြစ်လို့ အပြစ်ရှိသလို ခံစားရတဲ့ မျက်လုံးတွေ ဖြစ်နေတာလဲ... အို... သူတို့နှစ်ယောက် ကိုယ့်လမ်း ကိုယ်သွားကြပြီ... မဟုတ်သေးဘူး... သူတို့ သွားနေတဲ့နေရာက ဥယျာဉ်ပဲ...’

.....

ကြီးကျယ်ခမ်းနားလှတဲ့ ကပွဲမှာ အော်ဒရီဟာ သူ အရင်က ဘယ်တုန်းကမှ သတိမထားမိခဲ့တဲ့ အသေးစိတ် အကြောင်းအရာ တော်တော်များများ သတိထားမိလိုက်ပါတယ်။ ပြဇာတ် ကြည့်နေတယ်လို့တောင် ထင်သွားတဲ့အထိပါပဲ။

‘လူတိုင်းက သရုပ်ဆောင်ကောင်းတွေပဲ...’ အော်ဒရီဟာ တိတ်ဆိတ် သက်ပြင်းချလိုက်ပါတယ်။ သူ့မျက်လုံးတွေက ကြည်ကြည်လင်လင် ရှိနေပါသေးတယ်။

အဲဒီအချိန်မှာပဲ သူဟာ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားမိတာကြောင့် လေသာခန်း ထောင့်စွန်းက အမှောင်ထုတစ်နေရာကို လှမ်းကြည့်လိုက်ပါတယ်။

အရိပ်ထဲမှာ ရွှေရောင်ခွေးကြီးတစ်ကောင် တိတ်တဆိတ် ထိုင်နေပါတယ်။ ခန္ဓာကိုယ်တစ်ဝက် အမှောင်ထုထဲမှာ ရှိနေတဲ့ ရွှေရောင်ခွေးကြီးဟာ အော်ဒရီကို ကြည့််နေပါတယ်။

‘ဆူဇီ...’ အော်ဒရီဟာ နှုတ်ခမ်းတွန့်သွားပြီး အမူအရာ ချက်ချင်း ပြောင်းသွားပါတယ်။ ပွဲကြည့်သမားလိုမျိုး ဆက်မနေနိုင်တော့ပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters