← Chapters

သောတရှင်

Vol. 6 Ch. 53

သောတရှင်

Vol. 6 Ch. 53

ရွက်သုံးရွက်ရှိတဲ့ ရှေးဟောင်း ရွက်သင်္ဘောတစ်စင်းဟာ မုန်တိုင်းထန်တဲ့ ပင်လယ်ပြင်မှာ ခရီးနှင်နေပါတယ်။

ရွက်သင်္ဘောက သိပ်မမြန်သလို ရေထဲမှာလည်း နေရာ သိပ်မယူထားပါဘူး။ ကမ္ဘာပျက်ကပ်လို ဆိုးရွားလှတဲ့ ရာသီဥတုနဲ့ ပင်လယ်ကြောင့် ရွက်သင်္ဘောဟာ သစ်ပင်ကနေ ခြောက်ပြီး ကြွေကျသွားတဲ့ သစ်ရွက်ခြောက်လေး တစ်ရွက်လိုပါပဲ။

ဒါပေမဲ့ မုန်တိုင်းက ဘယ်လောက်ထန်ပါစေ၊ လှိုင်းတွေက ဘယ်လိုပဲ ကြမ်းပါစေ၊ ရွက်သင်္ဘောဟာ တိမ်းစောင်းတဲ့ လက္ခဏာ လုံးဝမရှိဘဲ အေးအေးလူလူ ဆက်ပြီးတော့ ရွက်လွင့်နေပါတယ်။

အယ်ဂျာဝဲလ်ဆင်ဟာ ဘယ်သူမှမရှိတဲ့ ကုန်းပတ်ပေါ်မှာ မတ်တတ်ရပ်ရင်း တောင်တွေလောက်ရှိတဲ့ လှိုင်းလုံးကြီးတွေကို ကြည့်နေပါတယ်။ ဒါပေမဲ့ သူ့အတွေးတွေကတော့ လှိုင်းလုံးကြီးတွေဆီမှာ ရှိမနေပါဘူး။

‘ဒီနေ့က တနင်္လာနေ့ပါလား...’ အယ်ဂျာဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။

ဒီနေ့က မယ်တော်မြေနတ်ဘုရားမရဲ့ နေ့ဖြစ်ပြီး သဘာဝစက်ဝန်း စတင်တဲ့နေ့ပါ။ ဒါပေမဲ့ ဒီနေ့က အယ်ဂျာအတွက်တော့ တခြားအဓိပ္ပာယ်တစ်ခု ရှိနေပါတယ်။ ဒီနေ့က ဖြူမှိုင်းမှိုင်း မြူခိုးတွေကြားမှာ အမြဲထာဝရ ဖုံးလွှမ်းနေတဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုနဲ့ တွေ့ဆုံရမဲ့နေ့ပါ။

‘အနည်းဆုံးတော့ ငါ ရူးမသွားသေးဘူး...’ အယ်ဂျာဟာ သူ့ကိုယ်သူ သရော်ပြုံး ပြုံးလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ သူခေါ်လာတဲ့ သင်္ဘောသား အနည်းငယ်ထဲက တစ်ယောက် ရောက်လာပြီး တလေးတစား မေးမြန်းပါတယ် “အရှင်... ကျွန်တော်တို့တွေ ဒီတစ်ခေါက် ဘယ်ကို ဦးတည်မှာလဲ”

အယ်ဂျာဟာ ပတ်ဝန်းကျင်ကို ထောက်လှမ်းပြီး တည်တည်ငြိမ်ငြိမ် ဖြေပါတယ် “အော်ရိုရာဂိုဏ်းရဲ့ သောတရှင်နောက် လိုက်မယ်”

.....

မြူခိုးတွေ ထွက်ပေါ်လာတဲ့အခါ မုန်တိုင်းလည်း ငြိမ်သက်သွားပါတယ်။ အမြောက်တွေ တင်ဆောင်ထားတဲ့ ထူးဆန်းတဲ့ ရွက်သင်္ဘောတစ်စင်းပေါ်မှာ ၈ နှစ် ၉ နှစ်အရွယ် ဆံပင်ဝါနဲ့ ကောင်လေးက သူ့ဘေးပတ်လည်က ပင်လယ်ဓားပြတွေကို ကြောက်ကြောက်ရွံ့ရွံ့ ကြည့်နေပါတယ်။

ပင်လယ်ဓားပြတွေက စည်းကမ်းမရှိပါဘူး။ တချို့က ဘီယာသောက်နေကြပြီး တချို့ကတော့ ကြိုးတွေနဲ့ လျှောက်လွှဲသွားကာ ဆော့နေကြပါတယ်။ တချို့ကတော့ တစ်ယောက်နဲ့ တစ်ယောက် လှောင်ပြောင်နေကြပြီး တချို့ကတော့ လက်ဗလာနဲ့ တိုက်ခိုက်နေကြပါတယ်။

ကောင်လေးဟာ အရိပ်ထဲမှာ မတ်တတ်ရပ်နေတဲ့ ဝတ်ရုံနက် အမျိုးသားကို ကြည့်ပြီး အသံတိုးတိုးနဲ့ မေးပါတယ် “ဖေဖေ... သားတို့တွေ ဘယ်သွားနေတာလဲ”

သူဟာ လွန်ခဲ့တဲ့တဲ့ငါးရက်က စွန့်စားသူလို့ ပြောတဲ့ သူ့အဖေကို ပထမဆုံးအကြိမ် တွေ့ခဲ့ရပါတယ်။

ဆုံးပါးသွားတဲ့ သူ့အမေချန်ထားခဲ့တဲ့ ဆီဆေးပန်းချီရဲ့ အတည်ပြုမှုနဲ့ မိဘမဲ့ဂေဟာရဲ့ တံခါးဖွင့် ကြိုဆိုမှုကြောင့်သာ မဟုတ်ရင် သူဟာ မွေးရပ်မြေကို ခွဲခွာပြီး သူစိမ်းနီးပါးဖြစ်နေတဲ့ တစ်ဦးတည်းသော သူ့ဆွေမျိုးနောက်ကို လိုက်လာခဲ့မှာ မဟုတ်ပါဘူး။

အရိပ်ထဲက အမျိုးသားဟာ ခေါင်းငုံ့ပြီး သူ့သားကို ကြည့်ကာ ဖော်ရွေတဲ့မျက်နှာနဲ့ “ဂျက်... အဖေ သားကို သန့်စင်မွန်မြတ်တဲ့ နေရာတစ်ခုဆီ ခေါ်သွားနေတာ... ဖန်တီးရှင် တစ်ခါက နေထိုင်ခဲ့တဲ့ သန့်စင်မွန်မြတ်တဲ့ နေအိမ်ပဲ”

“ဘုရားသခင်ရဲ့ နိုင်ငံတော်လား... သားတို့ သေမျိုးတွေက ဘုရားသခင်ရဲ့ ကရုဏာသက်မှုကို ရမှ အဲဒီကို ဝင်လို့ရတာဆို...” ဂျက်ဟာ သူ့အမေရဲ့ သင်ကြားမှုကြောင့် ဒီလောက်တော့ သိပါတယ်။ သူဟာ ဒီကိစ္စကို အံ့အားလည်းသင့်သလို ကြောက်လည်း ကြောက်နေပါတယ်။

အရိပ်ထဲမှာ ရပ်နေတဲ့ အမျိုးသားဟာ အတော်ဆုံး ပန်းပုပညာရှင်ရဲ့ ပန်းပုရုပ်လိုမျိုး တစ်ခါကြည့်ရုံနဲ့ မျက်စိထဲစွဲသွားမဲ့ မေးရိုးတွေရှိပါတယ်။

သူဟာ နားနား လက်ထားပြီး နားထောင်တဲ့ ပုံံစံလုပ်ကာ အိပ်နေတဲ့လူ ထယောင်သလိုမျိုး လေသံနဲ့ “ဂျက်... သေမျိုးတွေရဲ့ အယူအဆက မှားတယ်... ဖန်တီးရှင်က ဒီကမ္ဘာကို ဖန်တီးခဲ့တာ... သူက နေရာတိုင်းမှာ ရှိတယ်... သူက သက်ရှိအားလုံးထဲမှာ တည်ရှိတယ်... အဲဒါကြောင့် သက်ရှိအားလုံးမှာ ဘုရားသခင်ရဲ့ ဂုဏ်တော် ရှိတယ်... ဒီဂုဏ်တော် အဆင့်တစ်ခုကို ရောက်တာနဲ့ သူတို့တွေ တမန်တော် ဖြစ်လာနိုင်တယ်... အခုလက်ရှိ ဘုရားသခင်အတု ၇ ပါးက စွမ်းအားကြီးတဲ့ တမန်တော်သာသာပဲ”

“ကြည့်... အခု ငါ ဖန်တီးရှင်အစစ်ရဲ့ စကားတော်ကို ကြားနိုင်တယ်... ဒီစကားတော်က ဘယ်လောက်တောင် ထူးခြားလိုက်လဲ... ဘဝဆိုတာက စိတ်ဝိညာဉ်ရဲ့ ခရီးတစ်ခုပဲ... စိတ်ဝိညာဉ်က စွမ်းအားကြီးပြီး ဒဏ်ခံနိုင်လာတဲ့အခါ ငါတို့တွေရဲ့ ဘုရားသခင် ဂုဏ်တော်ကို ရှာဖွေပြီး တခြား ဘုရားသခင်ဂုဏ်တော်တွေနဲ့တောင် ပေါင်းစပ်နိုင်တယ်...”

ဂျက်ဟာ ရှုပ်ထွေးတဲ့ စကားလုံးတွေကို နားမလည်နိုင်ပါဘူး။ အဲဒါကြောင့် ခေါင်းခါပြီး အရင်တုန်းက မေးခွင့်မရခဲ့တဲ့ မေးခွန်းတစ်ခုကို မေးလိုက်ပါတယ်။

“ဖေဖေ... သား မေမေဆီက ကြားထားတာတော့ ဖန်တီးရှင်က ဒီကမ္ဘာကို ဖန်တီးပြီးတဲ့အခါမှာ သူ့ကိုယ်သူ သက်ရှိအားလုံးအဖြစ် ခွဲထုတ်ပြီး တကယ်ကြီး မတည်ရှိတော့ဘူးဆို... အဲဒါဆို သူ့ရဲ့ သန့်စင်မွန်မြတ်နေအိမ်က ဘယ်လိုလုပ်ပြီး တည်ရှိနေရတာလဲ”

၈ နှစ် ၉ နှစ်ပဲ ရှိသေးပေမဲ့ သူဟာ ယုတ္တိကျကျ တွေးခေါ်နိုင်ပါတယ်။

ဝတ်ရုံနက်နဲ့လူဟာ တအံ့တဩ ဖြစ်သွားပြီး ရေရွတ်သံတွေကို နားထောင်သလိုမျိုး ခေါင်းတစ်ဖက် လှည့်လိုက်ပါတယ်။

ရုတ်တရက် သူဟာ ကုန်းပတ်ပေါ်မှာ ဒူးထောက်လျက်သား လဲကျသွားပါတယ်။ သူ့ရဲ့ မြင်နိုင်တဲ့ အရေပြားတွေက အနက်ရောင်အစတွေ ငေါထွက်နေပါတယ်။

သူဟာ ခေါင်းကို လက်နှစ်ဖက်နဲ့ ဖိပြီး အလွန်တရာ နာကျင်တဲ့ မျက်နှာနဲ့ အော်ပြောပါတယ် “သူတို့တွေ လိမ်နေတာ”

.....

နေ့လယ်စာ စားပြီးနောက် လူအိုကြီးနီးလ်ဆီက နောက်တစ်ခါ မြေအောက်ဈေးသွားရင် ခေါ်ပါမယ်ဆိုတဲ့ ကတိစကားကို ရပြီးနောက် ကလိုင်းဟာ ဆူးနက်လုံခြုံရေးဆီ ပြန်ပါတယ်။

ကလိုင်းဟာ ရုံးခန်းထဲမှာ မှတ်တမ်းတွေဖတ်ပြီး သူ့အစွမ်းအစကို လေ့ကျင့်ရင်ကျင့် မဟုတ်ရင်လည်း ဒန်းစမစ်က သူ့ကို မတားခင်အထိ အပြင်ထွက်ပြီး ဗေဒင်ကလပ်ထဲမှာ အမြင်ဆရာအဖြစ် သရုပ်ဆောင်ဖို့ စဉ်စားထားပါတယ်။

ဒါပေမဲ့ သူ ဆုံးဖြတ်ချက် မချနိုင်ခင်မှာပဲ ဒန်းစမစ် ဝင်လာတာကို တွေ့လိုက်ရပါတယ်။ ဒန်းစမစ်ဟာ ထုံးစံအတိုင်း အနက်ရောင် လေကာအင်္ကျီနဲ့ သက္ကလပ်ဦးထုပ် ဆောင်းထားပါတယ်။

“ကပ္ပတန်... ဘာသတင်း ကြားရသေးလဲ” ကလိုင်းဟာ အန်တီဂိုနပ်မိသားစုရဲ့ မှတ်စုစာအုပ်ကို တွေးမိပြီး မေးလိုက်ပါတယ်။

မီးခိုးရောင် မျက်လုံးထဲမှာ ပင်ပန်းပုံ လုံးဝမရှိတဲ့ ဒန်းစမစ်က “အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်က ရေးဘီဘာ လက်ထဲမှာဆိုတာကို အတည်ပြုလိုက်ပြီ... ဒါပေမဲ့ သူ လုံးဝ ပျောက်နေတယ်... အစအန ရှာမရဘူး”

“ငါ ဒီကိစ္စကို ညသိမ်းငှက်အဖွဲ့ အသီးသီးဆီ ကြေးနန်းနဲ့ အကြောင်းကြားပြီးပြီ... ဆိပ်ကမ်းတွေနဲ့ မီးရထား ဘူတာရုံတွေကို စောင့်ကြည့်ဖို့လည်း တောင်းဆိုထားတယ်... ပထမအသုတ် ရေးဘီဘာရဲ့ပုံတွေကို မနေ့က နေ့လယ်ခင်းထဲက ပို့လိုက်ပြီ... နာမည်ကြီး သတင်းစာတွေထဲမှာလည်း ပါလာလိမ့်မယ်”

‘ဖုန်းတို့ ဖက်စ်တို့ စောင့်ကြည့်ရေး ကင်မရာတို့ ဒေတာကြီးတွေရှိရင် ဘယ်လောက် ကောင်းလိုက်မလဲ... နှမြောဖို့ ကောင်းလိုက်တာ... ငါ အဲဒါတွေ အကုန်လုံးကို သုံးတတ်တယ်... သူတို့ ဘယ်လိုအလုပ်လုပ်လဲ ဆိုတာကိုလည်း နည်းနည်း နားလည်တယ်’ ကလိုင်းဟာ စိတ်ထဲမှာ ပြောလိုက်ပါတယ်။

“ဘာပဲဖြစ်ဖြစ် ငါတို့တွေ မှတ်စုစာအုပ်ကို ရှာတွေ့သွားတယ်လို့ ပြောလို့ရတယ်... ဒါတွေ အကုန်လုံးက မင်းကြောင့်ပဲ... ဒါပေမဲ့ ငါတို့တွေ နောက်ထပ် အတည်ပြုဖို့တော့ လိုသေးတယ်... ငါ ဘက်ကလင်က ဂိုဏ်းအုပ်ဘုန်းတော်ကြီးဆီ ကြေးနန်း ပို့ပြီး ချိပ်ပိတ်လက်နက် ၂-၀၄၉ ကို ဒီပို့ပေးဖို့ တောင်းဆိုထားတယ်... အဲဒါက အန်တီဂိုနပ်မိသားစုရဲ့ အန္တရာယ်ရှိ ပစ္စည်းတစ်ခုပဲ... အဲဒါက ရေးဘီဘာ အန်တီဂိုနပ် မိသားစုရဲ့ မျိုးဆက် ဟုတ်မဟုတ် ဆိုတာကို သိရဖို့ ကူညီပေးနိုင်တယ်”

‘အဆင့် ၂ ချိပ်ပိတ်လက်နက်... အန္တရာယ်များတယ်... ဂရုတစိုက်နဲ့ ထိန်းထိန်းသိမ်းသိမ်း သုံးရမယ်’ ကလိုင်းဟာ သိချင်စိတ်ကြောင့် ချိပ်ပိတ်လက်နက်ရဲ့ အစွမ်းအစနဲ့ ဘယ်လို အန္တရာယ်ပေးနိုင်လဲ ဆိုတာကို မေးချင်ပေမဲ့ သူ့အခွင့်အာဏာ မမီတာကို တွေးမိပြီး လက်လျှော့လိုက်ပါတယ်။

“အရှင်မက ကောင်းချီးပေးပါစေ” ကလိုင်းဟာ ရင်ဘက်မှာ လပြည့်ပုံစံ လေးချက်တို့ပါတယ်။

ဒန်းစမစ်ဟာ သူ့ရုံးခန်းတံခါးကို တွန်းဖွင့်ပြီး မသိမသာ ခေါင်းညိတ်ကာ “အရှင်မက ငါတို့ကို အမြဲတမ်း ကာကွယ်ပေးတယ်... ကလိုင်း မင်း အမြင်ဆရာဖြစ်ဖို့သာ မရွေးချယ်ခဲ့ရင် ဒီကိစ္စ အတည်ပြုပြီးတာနဲ့ ပုံမှန်အဖွဲ့ဝင်ဖြစ်ပြီ... မင်း အအိပ်မဲ့ကို ရွေးချယ်ခဲ့သင့်တာ... နှမြောဖို့ကောင်းတယ်...”

“အမှန်အတိုင်း ပြောရရင် ငါ မင်းရဲ့ ရွေးချယ်မှုကို အခုထိ နားမလည်နိုင်သေးဘူး... အလောင်းစုသမားက တော်တော်လေး စိတ်မချမ်းသာစရာ ကောင်းတယ်ဆိုပေမဲ့ မင်း ဒေလီကိုလည်း မြင်ခဲ့တာပဲ... နတ်ဝင်သည်စွမ်းအားက မသေးဘူး... လျှို့ဝှက်ဆန်းကြယ် စပ်စုသမားဆိုရင်လည်း အဆင်ပြေတယ်... အနည်းဆုံး မင်းမှာ ရှေ့ဆောင်လမ်းပြ လူအိုကြီးနီးလ်ရှိတော့ စိတ်လွတ်ဖို့ ရာခိုင်နှုန်း တော်တော် နည်းသွားလိမ့်မယ်”

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ကလိုင်းဟာ ဟိုအစောကြီးကတည်းက ဘယ်လို ပြန်ဖြေရမလဲဆိုတာ စဉ်းစားထားပြီးသားပါ။ ဒန်းစမစ်က မမေးလို့ မဖြေဖြစ်ရုံတင်ပါ။

“ကျွန်တော် စဉ်းစားတာက အမြင်ဆရာနဲ့ လျှို့ဝှက်ဆန်းကြယ် စပ်စုသမားက အကူပေးရတဲ့ သာလွန်သူတွေလေ... သူတို့တွေက အန္တရာယ်များလွန်းတဲ့ ရန်သူတွေကို အမြဲတမ်း ရင်ဆိုင်ဖို့ မလိုဘူး... ကပ္ပတိန်နဲ့ လူအိုကြီးနီးလ်ပဲ ပြောတယ်လေ... ဂမ္ဘီရနယ်ပယ်မှာ စူးစမ်းချင်စိတ်နဲ့ လက်တွေ့စမ်းသပ်ချင်စိတ်က ကြောက်မက်ဖွယ် ရလဒ်တွေကို ယူ‌ဆောင်လာတယ်လို့...”

“လျှို့ဝှက်ဆန်းကြယ် စပ်စုသမားက လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေကို စူးစမ်းတာဆိုတော့ ကျွန်တော် ဒုက္ခရောက်မှာ စိုးတယ်... ဟီးဟီး... ကပ္ပတိန်သိတဲ့အတိုင်း ကျွန်တော်က မကြာသေးခင်ကမှ ဘွဲ့ရထားတဲ့ သာမန်ဘွဲ့ရတစ်ယောက်လေ... သူများတွေလို သတ္တိမရှိလို့ အမြင်ဆရာကို ရွေးလိုက်တာပါ”

“ဒါက ငါ ထင်ထားတာထက် ပိုပြီး ကျိုးကြောင်းဆီလျော်တဲ့ အဖြေပဲ” ဒန်းစမစ်ဟာ နားထင်ကို နှိပ်ရင်း ရယ်လိုက်ပါတယ်။

ဒန်းစမစ်ဟာ ကလိုင်းဘက်လှည့်ပြီး မီးခိုင်းရောင်မျက်လုံးတွေနဲ့ သေချာစိုက်ကြည့်ပါတယ်။

“အခုတော့ အပြင်ကို ဆက်ထွက်ဦး... ဝဲလ်ရဲ့နေရာကနေ သံကြက်ခြေခတ်လမ်းဆီ ဦးတည်တဲ့ လမ်းကြောင်းတွေကိုပဲ မသွားနဲ့... တခြားလမ်းတွေကလည်းသွား... မင်း မှတ်စုစာအုပ်ကို အာရုံခံမိပြီး ရေးဘီဘာရဲ့ တည်နေရာကို အတည်ပြုနိုင်ရင် ပြုနိုင်နေမှာ”

“ဟုတ်ကဲ့ပါ”

ဒန်းစမစ်ရဲ့ စကားကြောင့် ကလိုင်းဟာ ဘေးကျပ်နံကျပ် မဖြစ်တော့ပါဘူး။ သူဟာ ဒန်းစမစ်ကို နှုတ်ဆက်ပြီး တစ်ဖက်လှည့်ထွက်ရင်း စိတ်ထဲမှာ ရေတွက်လိုက်ပါတယ်။

‘သုံး... နှစ်...’

“နေဦး...” ဒန်းစမစ်က အော်ပြောပါတယ်။

ကလိုင်းဟာ ခေါင်းလှည့်ပြီး ပြုံးလိုက်ပါတယ် “ကပ္ပတိန်... တခြား ပြောစရာ ရှိသေးလို့လား”

ဒန်းစမစ်ဟာ ချောင်းအသာဟန့်ပြီး “အင်း... အကူသာလွန်သူတွေလည်း ရန်သူတွေကို မကြာမကြာ တိုက်ခိုက်ရတယ်... အမြင်ဆရာက အဲဒီလိုတိုက်ပွဲမျိုးကို ရှောင်လွှဲနိုင်တယ်ဆိုပေမဲ့ ဒီအပိုင်းကို လျစ်လျူရှုထားလို့ မရဘူး... မင်းရဲ့ သေနတ်ပစ်စွမ်းရည်နဲ့ မင်းရဲ့စွမ်းအား တိုးတက်အောင် ကြိုးစားပါ”

“ကျွန်တော်လည်း အဲဒီလိုဖြစ်အောင် ကြိုးစားနေပါတယ်” ကလိုင်းဟာ အပြင်ဘက် လက်ညှိုးထိုးပြီး “ကျွန်တော် သွားတော့မယ်”

“အေး... အင်း... ခဏနေဦး...” ဒန်းစမစ်ဟာ နောက်တစ်ခါ ထပ်အော်ပြီး တွေးတွေးဆဆနဲ့ “ငါ မင်းအတွက် တိုက်ခိုက်ရေးနည်းပြ ငှားပေးဖို့ စဉ်းစားပေးမယ်... ဒါပေမဲ့ မင်း ပုံမှန်အဖွဲ့ဝင်ဖြစ်လာဖို့ လိုလိမ့်မယ်”

ကလိုင်းဟာ ခေါင်းညိတ်ပြီး သေချာအောင် မေးလိုက်ပါတယ် “ကပ္ပတိန်... တခြားပြောစရာ ရှိသေးလား”

“မရှိတော့ဘူး” ကလိုင်းရဲ့ မယုံကြည်တဲ့ မျက်လုံးတွေကို ကြည့်ပြီး ဒန်းစမစ်ဟာ ခေါင်းခါကာ ပြုံးလိုက်ပါတယ် “တကယ် မရှိတော့ဘူး”

အဲဒီတော့မှာ ကလိုင်းဟာ အခန်းခွဲထားတဲ့ အပိုင်းကနေ ထွက်သွားပါတယ်။ သူဟာ ရိုဇန်းနဲ့ မစ္စအော်ရီယာနာကို နှုတ်ဆက်ပြီး သေနတ်ပစ် လေ့ကျင့်ဖို့ သေနတ်ပစ်ကွင်းဆီ ဦးတည်ပါတယ်။

ဒါတွေ အကုန်လုံး ပြီးသွားတဲ့အခါမှာတော့ သူဟာ ဗေဒင်ကလပ်ဆီ ဆက်သွားပါတယ်။ သူ ဗေဒင်ကလပ်ကို ရောက်သွားတဲ့အခါ စိမ်ပြေနပြေ စာဖတ်နေတဲ့ မိန်းမလှလေး အန်ဂျလီကာကို တွေ့လိုက်ရပါတယ်။

လက်ထဲမှာ လက်ကိုင်တုတ်နဲ့ ကလိုင်းဟာ အန်ဂျလီကာဆီ လျှောက်သွားပြီး အပြုံးနဲ့ နှုတ်ဆက်ပါတယ် “မင်္ဂလာ နေ့လည်ခင်းပါ မဒမ် အန်ဂျလီကာ”

“မင်္ဂလာ နေ့လည်ခင်းပါ မစ္စတာမိုရက်တီ” အဲဒီနောက် အန်ဂျလီကာဟာ လက်ထဲက မဂ္ဂဇင်းကို ချပြီး မတ်တတ်ရပ်ကာ “မနေ့က ရှင်ထွက်သွားပြီး သိပ်မကြာလိုက်ဘူး... မစ္စတာဂလက်ဆစ် ရောက်လာတယ်... သူက ရောဂါကြီးတစ်ခုကနေ ပြန်ကောင်းလာစပဲ ရှိသေးတယ်”

ကလိုင်းဟာ သက်ပြင်းရှည်ကြီးချပြီး ပြုံးလိုက်ပါတယ် “ဒါက အောင်ပွဲခံသင့်တဲ့အရာပဲ”

သူ့ကို တိတ်တဆိတ် အကဲခတ်နေတဲ့ အန်ဂျလီကာဟာ ဒီစကားကို ကြားလိုက်ရတဲ့အခါ သိချင်စိတ်နဲ့ မေးပါတယ် “မစ္စဂလက်ဆစ်က ပြောတယ်... ရှင်က အရမ်း အရမ်း အရမ်းကို မှော်ဆန်တဲ့ ဆရာဝန်တဲ့... အဲဒါဟုတ်လား”

‘ဘာ...’ ကလိုင်းဟာ သူ့ရှေ့က မိန်းမပျိုကို ကြည့်ပြီး သူ နားကြားမှားတယ်လို့ သံသယ ဝင်သွားပါတယ်။

‘သူက ငါ့ကို ဘာလို့ ဆရာဝန်လို့ ထင်ရတာလဲ’

‘ငါ့ကိုယ်ငါ ဆရာဝန်မှန်းတောင် မသိဘူး...’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters