ပထမဆုံးဖောက်သည်
Vol. 6 Ch. 54
ကလိုင်းရဲ့ အမူအရာကို ကြည့်ပြီး အန်ဂျလီကာဟာ ချက်ချင်း ယုံကြည်မှု လျော့သွားပါတယ်။
“မစ္စတာဂလက်ဆစ်က ပြောတယ်... ရှင်က သူ့အဆုတ် မကောင်းတာကို တစ်ချက်ကြည့်ပြီး ပြောနိုင်တယ်တဲ့”
အန်ဂျလီကာရဲ့ အသံဟာ တဖြည်းဖြည်း တိုးသွားပြီး နောက်ဆုံး တိတ်သွားပါတယ်။
‘အကဲခတ်တယ်... နဖူးမည်းနေတယ်လို့ ပြောလိုက်လို့လား’ ကလိုင်းဟာ ချက်ချင်း သဘောပေါက်သွားပြီး ပြုံးရယ်ကာ ခေါင်းခါလိုက်ပါတယ်။
“မစ္စတာဂလက်ဆစ် အထင်မှားတာ ဖြစ်လိမ့်မယ်”
သူဟာ ဝတ်ကျေတမ်းကျေ လုပ်ဖို့ စဉ်းစားထားပေမဲ့ အခုအချိန်အထိ သူ့ကို ဘယ်သူမှ ဗေဒင်လာမမေးသေးတာကို သတိရသွားပြီး အကြံတစ်ခု ရသွားပါတယ်။ ဗေဒင်မေးမဲ့လူ မရှိရင် သူ အမြင်ဆရာအဖြစ် သရုပ်ဆောင်မဲ့ကိစ္စက အောင်မြင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့်...
“တကယ်တော့ အဲဒါက ဗေဒင်တွက်ပြီး ပြောလိုက်တာ”
“ဗေဒင်တွက်တာ... ဒါပေမဲ့ မစ္စတာဂလက်ဆစ်ပြောတော့ ရှင်က သူ့မျက်နှာကိုပဲ ကြည့်တာဆို... အဲဒါကလည်း ဗေဒင်တွက်တာပဲလား” အန်ဂျလီကာဟာ အံ့ဩသွားပြီး မယုံ့တယုံ မေးပါတယ်။
ကလိုင်းဟာ ပြုံးလိုက်ပါတယ် “ဗေဒင်ကလပ်ရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ မင်း လက္ခဏာဗေဒင်ကို ကြားဖူးတယ်မလား”
“ကျွန်မ ကြားဖူးပါတယ်... ဒါပေမဲ့ ရှင်က သူ့လက်ဝါးကို ကြည့်တာ မဟုတ်ဘူးမလား... ရှင် သူ့လက်ဝါးကို တိတ်တဆိတ် ကြည့်လိုက်တာလား” အန်ဂျလီကာက သိချင်စိတ်နဲ့ မေးပါတယ်။
“ငါက မျက်နှာဖတ်လိုက်တာ” ကလိုင်းဟာ လိမ်ပြောလိုက်ပါတယ် “အဲဒါက လက္ခဏာဖတ်တာနဲ့ အခြေခံအားဖြင့် သိပ်မကွာဘူး”
“တကယ်လား” အန်ဂျလီကာဟာ မယုံနိုင်အောင် ဖြစ်သွားပါတယ်။
အမြင်ဆရာအဖြစ် အောင်အောင်မြင်မြင် သရုပ်ဆောင်နိုင်ဖို့ ကလိုင်းဟာ ရယ်မောပြီး တွေးတောဟန်ဆောင်ကာ နဖူးလယ်ကို နှစ်ချက်တောက်လိုက်ပါတယ်။ အဲဒီနောက် အာရုံစူးစိုက်လိုက်တဲ့အခါ အန်ဂျလီကာရဲ့ ရောင်ဝါတွေက သူ့မျက်လုံးထဲမှာ ပေါ်လာပါတယ်။
သူမရဲ့ ခေါင်းက ခရမ်းရောင်ရှိပြီး ခြေလက်တွေက အနီရောင် ရှိပါတယ်။ လည်ချောင်းကတော့ အပြာရောင်ပါ... သူမရဲ့ ကျန်းမာရေးက ဘာပြဿနာမှ မရှိပါဘူး။ တချို့အရောင်တွေ နည်းနည်းမှိန်နေတာက လွဲရင်ပေါ့။ သို့ပေမဲ့ ဒါက သာမန်ပင်ပန်းမှုရဲ့ လက္ခဏာပါ။
အဲဒီနောက် ကလိုင်းဟာ သူမရဲ့ ခံစားချက်တွေကို ကြည့်လိုက်တဲ့အခါ လိမ္မော်ရောင်ကို အနီရောင်နဲ့ အပြာရောင်တချို့ ရောနေတာ တွေ့လိုက်ရပါတယ်။ ဒါက နွေးထွေးမှု၊ စိတ်လှုပ်ရှားမှုနဲ့ အတွေးများတာကို ပြပါတယ်။
‘တော်သေးတယ်...’ သူမနဲ့ ပတ်သက်ပြီး ဘာမှထူးခြားတာ မရှိတဲ့အတွက် ကလိုင်းဟာ စိတ်ဝိညာဉ်အာရုံကို ပိတ်ဖို့ ပြင်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ခံစားချက်အရောင်တွေရဲ့ နက်ရှိုင်းတဲ့တစ်နေရာမှာ ထူထဲတဲ့ အနက်ရောင်တွေ ပုန်းကွယ်နေတာကို ရုတ်တရက် တွေ့လိုက်ရပါတယ်။
‘အင်း... သူ့ဆီမှာ တိုးတက်ချင်စိတ် အဖြူရောင် နည်းနည်း လိုနေတယ်...’ ကလိုင်းဟာ ခေါင်းညိတ်ပြီး တွေးလိုက်ပါတယ်။
“မစ္စတာမိုရက်တီ... ကျွန်မရဲ့ မျက်နှာကို ဖတ်နေတာလား” သူမရှေ့က အနက်ရောင်အင်္ကျီနဲ့ အမျိုးကောင်းသားက သူမကို တိတ်တဆိတ် သေချာ အကဲခတ်နေတာ တွေ့လိုက်ရတဲ့အတွက် အန်ဂျလီကာဟာ စပ်စုချင်သလို စိုးရိမ်စိတ်လည်း ဝင်သွားပါတယ်။
ကလိုင်းဟာ ချက်ချင်း ပြန်မဖြေဘဲ နဖူးလယ်ကို အသာတောက်ပြီး စေ့စေ့ကြည့်ပါတယ်။
အန်ဂျလီကာ စိတ်ပူနေတုန်းမှာ ကလိုင်းက နွေးနွေးထွေးထွေး ပြောပါတယ် “မဒမ်အန်ဂျလီကာ ဝမ်းနည်းမှုနဲ့ ပူဆွေးမှုတွေကို ရင်ထဲမှာ သိမ်းမထားသင့်ဘူး”
အန်ဂျလီကာဟာ မျက်လုံးပြူးသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။ သို့ပေမဲ့ သူမဟာ စကားတစ်လုံးမှ မဆိုပါဘူး။ သက္ကလပ်ဦးထုပ်နဲ့ ပညာရှင်ဟန်ရှိတဲ့ ကလိုင်းကိုသာ ကြည့်နေပါတယ်။ အဲဒီအချိန်မှာပဲ သူမဟာ နောက်ထပ် နွေးထွေးပြီး သက်သောင့်သက်သာရှိတဲ့ အသံကို ထပ်ကြားလိုက်ရပါတယ်။
“မင်း တောင်တက်တာပဲဖြစ်ဖြစ် တင်းနစ်ကစားတာပဲဖြစ်ဖြစ် မင်းရဲ့ ခန္ဓာကိုယ်ကို ပင်ပန်းနွမ်းလျသွားအောင် ကစားချည်... မင်းရဲ့ မျက်ရည်တွေကို အတားအဆီးမရှိ စီးဆင်းစေလိုက်... အော်ဟစ်ငိုကြွေးလိုက်... မင်းရဲ့ အဲဒီ ခံစားချက်တွေ အကုန်လုံးကို ဖွင့်အန်ပစ်လိုက်... အဲဒါဆိုရင် မင်းရဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေလိမ့်မယ်”
ဒီစကားတွေကို ကြားလိုက်ရတဲ့ အန်ဂျလီကာဟာ ကျောက်ရုပ်လိုမျိုး ငြိမ်သက်သွာပါတယ်။ သူမဟာ မျက်တောင် ကြိုးစားခတ်ပြီး ခေါင်းအသာငုံ့ကာ ပျာယာခတ်တဲ့ လေသံနဲ့ “အခုလို အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ကြည့်ရတာ ဒီနေ့ လူများတဲ့ပုံပဲ” ကလိုင်းဟာ စကားလမ်းကြောင်း ပြောင်းပြီး စင်္ကြံအဆုံးက အစည်းအဝေးခန်းကို လှမ်းကြည့်လိုက်ပါတယ်။
“တနင်္ဂနွေနေ့ နေလယ်ခင်း... အနည်းဆုံး အဖွဲ့ဝင်ငါးဆယ်ပဲ...” အန်ဂျလီကာရဲ့ အသံဟာ နည်းနည်း အက်ကွဲနေပါတယ်။ သူမဟာ အဓိကအရာတွေကိုပဲ ပြောပါတယ်။
ခဏရပ်ပြီးနောက် သူမရဲ့အသံဟာ တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။
“လက်ဖက်ရည်သောက်မလား... ကော်ဖီသောက်မလား”
“စီးဘလက် လက်ဖက်ရည် သောက်မယ်” ကလိုင်းဟာ ခေါင်းအသာညိတ်လိုက်ပါတယ်။ အဲဒီနောက် ယဉ်ယဉ်ကျေးကျေး ဦးထုပ်ချွတ်ပြီး အစည်းအဝေးခန်းဆီ လျှောက်သွားပါတယ်။
တံခါးနောက်ကွယ်မှာ သူ ပျောက်သွားတော့မှပဲ အန်ဂျလီကာဟာ ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်ပါတယ်။
.....
ဗေဒင်ကလပ်ရဲ့ အစည်းအဝေးခန်းက တော်တော် ကျယ်ပါတယ်။ ကလိုင်း အထက်တန်းကျောင်းတုန်းက စာသင်ခန်းရဲ့ နှစ်ဆနီးပါး ရှိပါတယ်။
အရင်က အဖွဲ့သား ငါးယောက် ခြောက်ယောက်ပဲ ရှိတော့ အခန်းက ဟာလာဟင်းလင်း ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဗေဒင်ဆရာ ဒါဇင်ကျော်က နေရာစုံ ထိုင်နေတဲ့အတွက် အခန်းက ပြည့်နေတယ်လို့ ထင်ရပါတယ်။
နေရောင်ခြည်ဟာ နံရံကနေ ထိုးထွက်နေတဲ့ ပြတင်းပေါက်တွေကို ဖြတ်သန်းပြီး အခန်းထဲ ဝင်ရောက်နေပါတယ်။ အဖွဲ့သားတွေဟာ သူတို့အချင်းချင်း ဆွေးနွေးရင် ဆွေးနွေး မဟုတ်ရင်လည်း ဟန်းနစ်ဗင်းဆင့်ကို မေးခွန်းတွေ မေးနေကြပါတယ်။ တချို့အဖွဲ့သားတွေကတော့ ဗေဒင်တွက်ဖို့ ကြိုးစားလေ့ကျင့် စမ်းသပ်နေကြပြီး တချို့ကတော့ ကော်ဖီသောက်ကာ သတင်းစာ ဖတ်နေကြပါတယ်။
ဒီမြင်ကွင်းကြောင့် ကလိုင်းဟာ ကမ္ဘာမြေမှာ ကျောင်းတက်ရတဲ့ နေ့ရက်တွေကို ပြန်ရောက်သွားတယ်လို့ ခံစားလိုက်ရပါတယ်။ မတူတာဆိုလို့ အဲဒီတုန်းက လူပိုများပြီး ပိုဆူညံပါတယ်။ အစည်းအဝေးခန်းထဲမှာလိုမျိုး ငြိမ်သက်အေးချမ်းမှု မရှိပါဘူး။
သူဟာ ဘေးဘီဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ သူနဲ့ ရင်းနှီးတဲ့ ဂလက်ဆစ်ကိုရော အက်ဝါ့စတိဗ်ကိုရော မတွေ့ရပါဘူး။ အဲဒါကြောင့် တွေ့ရာ ဗေဒင်စာအုပ်တစ်အုပ် ကောက်ကိုင်ပြီး ထောင့်တစ်နေရာ ရှာထိုင်ကာ စိမ်ပြေနပြေ စာဖတ်ပါတယ်။
မကြာခင်မှာပဲ လက်ဖက်ရည်တစ်ခွက်နဲ့ အန်ဂျလီကာ ရောက်လာပြီး လက်ဖက်ရည်ခွက်ကို ကလိုင်းရှေ့က စားပွဲပေါ် ချပေးကာ ပြန်ထွက်သွားပါတယ်။
သူမ တိတ်တဆိတ် ထွက်သွားတုန်းမှာ မစ္စတာ မိုရက်တီက အနုစိတ်လှတဲ့ ငွေရောင်ချိန်းကြိုးကို ဘယ်ဘယ် အင်္ကျီလက်စထဲကနေ ထုတ်ယူလိုက်တာ တွေ့လိုက်ရပါတယ်။ ဒီငွေချိန်းကြိုးရဲ့ အဆုံးမှာ ဥဿဖရားတုံး တစ်တုံး ချိတ်ဆွဲထားပါတယ်။
‘သူ ဘာလုပ်မလို့လဲ’ အန်ဂျလီကာဟာ အလိုလို ခြေလှမ်းတုံ့သွားပြီး ကလိုင်းကို အာရုံစိုက် ကြည့်မိလိုက်ပါတယ်။
ကလိုင်းဟာ ငွေချိန်းကြိုးကို ဘယ်လက်နဲ့ ကိုင်ပြီး ဥဿဖရားကို စီးဘလက် လက်ဖက်ရည်နဲ့ ထိလုနီးပါး ထားလိုက်ပါတယ်။ အဲဒီနောက် ကြည်လင်အေးချမ်းတဲ့ အမူအရာနဲ့ မျက်လုံးမှေးလိုက်တဲ့အခါ သူ့ဘေးနား ပတ်ဝန်းကျင်ဟာ ရုတ်တရက် တိတ်ဆိတ်သွားပါတယ်။
ငွေချိန်းကြိုးဟာ မသိမသာ စလှုပ်ရှားလာပြီး နာရီလက်တံအတိုင်း တဖြည်းဖြည်း ရွှေ့လျားပါတယ်။
ဒါကို ကြည့်ပြီး အန်ဂျလီကာဟာ မစ္စတာမိုရက်တီက တော်တော်လေးကိုမှ လျှို့ဝှက်ဆန်းကြယ်တယ်လို့ ခံစားလိုက်ရပါတယ်။
“မင်းရဲ့ လက်ဖက်ရည်က ကောင်းတယ်” ကလိုင်းဟာ မျက်လုံးဖွင့်ပြီးနောက် အပြုံးနဲ့ ပြောလိုက်ပါတယ်။
သူ့လုပ်ရပ်တွေက အန်ဂျလီကာ မြင်ဖို့ တမင်လုပ်တာပါ။ ဗေဒင်လာမေးတဲ့လူတွေ သူ့ကို ရွေးချယ်စေချင်ရင် အန်ဂျလီကာရဲ့ အကြံပြုချက်က တော်တော်လေး အရေးပါပါတယ်။
သူက အမြင်ဆရာအဖြစ် သရုပ်ဆောင်ရမှာဆိုတော့ ကလိုင်းဟာ ဘာမှ ဝေခွဲမရ မဖြစ်ပါဘူး။ လုံးဝ အမြင်ဆရာအဖြစ် ဖြစ်သွားအောင် လုပ်မှာပါ။
“ဟုတ်တယ်.. မစ္စတာ ဗန်နာက လက်ဖက်ရည် အရည်အသွေးကို တော်တော်လေး ဂျီးများတယ်” မှင်တက်သွားတဲ့ အန်ဂျလီကာက ပြန်ဖြေပါတယ်။
ကလိုင်းဟာ စိတ်ဝိညာဉ်ချိန်သီးကို ပြန်သိမ်းပြီး ပန်းပွင့်ဒီဇိုင်းနဲ့ အဖြူရောင် ကြွေခွက်ကို အပြုံးနဲ့ မြှောက်ကိုင်လိုက်ပါတယ်။
.....
အန်ဂျလီကာဟာ ဧည့်ကြိုကောင်တာကို ပြန်ရောက်သွားပေမဲ့ မဂ္ဂဇင်း ဖတ်ချင်စိတ် မရှိတော့ပါဘူး။ သူ့နေရာမှာ သူထိုင်ပြီး အဝေးတစ်နေရာကို မျှော်ကြည့်နေမိပါတယ်။ သူမ ဘာတွေးနေလဲဆိုတာ သူမကိုယ်တိုင်ပဲ သိပါလိမ့်မယ်။
သူမ ဒီလိုထိုင်နေတာ တံခါးခေါက်သံကို ကြားရတဲ့အထိပါပဲ။ တံခါးခေါက်သံ ကြားလိုက်ရတဲ့ သူမဟာ ဆတ်ခနဲ့ သတိဝင်လာပြီး ဝင်ပေါက်ကို လှမ်းကြည့်လိုက်တဲ့အခါ အပြာရောင်ဖျော့ဖျော့ အဝတ်အစားနဲ့ အမျိုးသမီးကောင်းတစ်ဦးကို တွေ့လိုက်ရပါတယ်။
အမျိုးကောင်းသမီးဟာ ပိုးကြိုးပြာနဲ့ မျက်နှာလွှားဇာဦးထုပ်ကို ချွတ်လိုက်ပါတယ်။ သူမဟာ တိတ်ဆိတ်ပြီး တစ်စုံတစ်ခုကို လွမ်းဆွေးတဲ့ပုံ ပေါ်နေပါတယ်။
“မင်္ဂလာနေ့လည်ခင်းပါ မဒမ်... ဗေဒင်ကလပ်ထဲ ဝင်ချင်လို့လား... ဒါမှမဟုတ် ဗေဒင်တွက်ချက်လို့လားရှင့်” အန်ဂျလီကာဟာ သံပတ်ပေးထားတဲ့ အသံနဲ့ မေးပါတယ်။
“ဗေဒင်တွက်ချင်တာ” လှပတဲ့ မျက်လုံးတစ်စုံအောက်မှာ ဝမ်းနည်းမှုတွေ ပုန်းအောင်းနေတဲ့ အမျိုးကောင်းသမီးဟာ အောက်နှုတ်ခမ်းကို ကိုက်ပြီး ဖြေပါတယ်။
အန်ဂျလီကာဟာ သူမကို ဆိုဖာဆီခေါ်သွားပြီး ဗေဒင်ကလပ် ဘယ်လို အလုပ်လုပ်လဲ ဆိုတာကို အသေးစိတ် ရှင်းပြပါတယ်။ ပြီးတဲ့အခါမှာတော့ အယ်ဘမ်ကို ကောက်ယူပြီး ကမ်းပေးလိုက်ပါတယ်။
“ဒီထဲက ဘယ်သူ့ကိုမဆို ရွေးလို့ရတယ်”
စိတ်မသာမယာ ဖြစ်နေတဲ့ အမျိုးကောင်းသမီးဟာ အယ်ဘမ်ကို လေးလေးနက်နက် လှန်ကြည့်ပါတယ်။ ဒီနေ့က အဖွဲ့ဝင်တွေ အများကြီးရှိနေတော့ ရွေးချယ်စရာတွေက များနေပါတယ်။ ဒီလိုရွေးချယ်စရာတွေ များနေတာကြောင့် သူမဟာ ကသိကအောက် ဖြစ်သွားပါတယ်။ နောက်ဆုံးမှာ...
“ရှင် ကျွန်မကို ဒီထဲက တစ်ယောက်လောက် ရွေးပေးလို့ရမလား...” သူမဟာ အယ်ဘမ်ရဲ့ အလယ်ပိုင်းကို ပြပြီး မေးပါတယ်။ သူမဟာ နှစ်ဆိုလီအထက်နဲ့ လေးပဲနိအောက် ဗေဒင်ဆရာတွေကို ဖယ်လိုက်ပါတယ်။
အန်ဂျလီကာဟာ အယ်ဘမ်ကို ယူပြီး သုံးလေးမိနစ်လောက် ကြည့်ကာ “ရှင် ဒီဆရာနဲ့ တွက်ကြည့်သင့်တယ်”
စိတ်မသာမယာ ဖြစ်နေတဲ့ အမျိုးကောင်းသမီးဟာ အယ်ဘမ်ကို တစ်ချက်ကြည့်လိုက်တဲ့အခါ ဗေဒင်ဆရာနာမည်က ကလိုင်းမိုရက်တီ ဆိုတာကို တွေ့လိုက်ရပါတယ်။
“မစ္စမိုရက်တီက ကလပ်ထဲဝင်လာတာ မကြာသေးပုံပဲ... စိတ်ချရပါ့မလား” သူမက စိုးရိမ်စိတ်နဲ့ မေးပါတယ်။
အန်ဂျလီကာဟာ ခေါင်းညိတ်ပြီး အခိုင်အမာ ပြောပါတယ်။
“မစ္စတာမိုရက်တီက သိပ်တော်တဲ့ ဗေဒင်ဆရာဆိုတာကို ကျွန်မနဲ့ တခြားအဖွဲ့ဝင်တစ်ယောက်က အတည်ပြုပြီးပြီ... သူက ကလပ်ထဲ ဝင်လာခါစမလို့ ဟောခ အများကြီး မတောင်းတာ”
“အင်း... ကျွန်မ နားလည်ပြီ” စိတ်ဓာတ်ကျနေတဲ့ အမျိုးကောင်းသမီးဟာ ခေါင်းညိတ်လိုက်ပါတယ် “ကျွန်မ ဗေဒင်တွက်ဖို့ မစ္စတာမိုရက်တီကို ရွေးတယ်"
“ဟုတ်ကဲ့ရှင့်... ခဏလောက် စောင့်ပေးပါ” အန်ဂျလီကာဟာ အယ်ဘမ်ကို သိမ်းပြီး အစည်းအဝေးခန်းဆီ လျှောက်သွားပါတယ်။
သူမဟာ ကလိုင်းဘေးနား လျှောက်သွားပြီး ခပ်တိုးတိုး ပြောပါတယ် “မစ္စတာမိုရက်တီ... လူတစ်ယောက်က ရှင့်ဆီမှာ ဗေဒင်တွက်ချင်လို့တဲ့... ဘယ်အခန်းသုံးချင်လဲ”
‘ငါ့နည်းလမ်းက တကယ်ကို အသုံးဝင်တာပဲ... ပထမဆုံးဖောက်သည် ရပြီ’ ကလိုင်းဟာ လက်ဖက်ရည်ခွက်ကို ချပြီး ခေါင်းညိတ်ကာ တည်တည်ငြိမ်ငြိမ် ပြောပါတယ် “ဥဿဖရားအခန်းကို သုံးမယ်”
“ရတယ်”
အန်ဂျလီကာဟာ ရှေ့ကနေလျှောက်ပြီး သူ့ကို ဥဿဖရားခန်းဆီ ခေါ်သွားကာ အခန်းတံခါး ဖွင့်ပေးပါတယ်။
ကလိုင်းဟာ ဗေဒင်ပစ္စည်းတွေ တင်ထားတဲ့ စားပွဲရဲ့နောက်မှာ ထိုင်ပါတယ်။ သူ သိပ်ကြာကြာ မစောင့်လိုက်ရပါဘူး။ တစ်မိနစ် မပြည့်ခင်မှာပဲ အပြာရောင်ဖျော့ဖျော့ အဝတ်အစားနဲ့ မိန်းမတစ်ယောက် ဝင်လာတာကို တွေ့လိုက်ရပါတယ်။ သူမရဲ့မျက်နှာမှာ ဝမ်းနည်းမှုက ဖုံးဖိမရအောင် ပေါ်လွင်နေပါတယ်။
သူမ တံခါးပိတ်နေတာကို အခွင့်အရေးယူပြီး ကလိုင်းဟာ နဖူးလယ်ကို နှစ်ချက်တောက်လိုက်ပါတယ်။
‘သူ့အစာအိမ်ရဲ့ အဝါရောင်က နည်းနည်း မှိန်တယ်... သူ့ခံစားချက်ရဲ့ အနက်ရောင်က တော်တော် ထူထဲတယ်... ဒါစိုးရိမ်သောက များနေတာပဲ’ ကလိုင်းဟာ သူမကို သေချာကြည့်ပြီး နောက်မှီထိုင်ပါတယ်။ အဲဒီနောက် လက်မြှောက်ပြီး စိတ်ဝိညာဉ်အာရုံကို ပြန်ပိတ်လိုက်ပါတယ်။
“မင်္ဂလာနေ့လယ်ခင်းမှာ မစ္စတာမိုရက်တီ” အပြာရောင်ဖျော့ဖျော့ အဝတ်အစားနဲ့ မိန်းမဟာ နှုတ်ဆတ်ပြီး ထိုင်ခုံမှာ ထိုင်ပါတယ်။
“မင်္ဂလာ နေ့လည်ခင်းပါ... ကျွန်တော် မဒမ်ကို ဘယ်လိုခေါ်ရမလဲ” ကလိုင်းဟာ အဖြေရဖို့ မမျှော်လင့်ပေမဲ့ ယဉ်ယဉ်ကျေးကျေးပဲ မေးလိုက်ပါတယ်။
ကီးဘုတ်သမား တစ်ယောက်အနေနဲ့ လူတော်တော်များများက ဗေဒင်တွက်တဲ့အချိန်မှာ နာမည်ရင်း မသုံးချင်ဘူးဆိုတာကို သူ သိပါတယ်။
“ကျွန်မကို အန်နာလို့ ခေါ်လို့ရပါတယ်” အန်နာဟာ မျက်နှာလွှားဇာဦးထုပ် ဘေးချလိုက်ပါတယ်။ အဲဒီနောက် မျှော်လင့်ချက်နဲ့ သံသယတွေ ရောထွေးနေတဲ့ မျက်ဝန်းတွေနဲ့ ကလိုင်းကို ကြည့်ပြီး...
“ကျွန်မ ကျွန်မ ခင်ပွန်းလောင်းရဲ့ အခြေအနေကို သိချင်တယ်... သူ စီးပွားရေးကိစ္စတစ်ခုနဲ့ တောင်ပိုင်းတိုက်ကို ထွက်သွားတာ မတ်လကတည်းကပဲ... လွန်ခဲ့တဲ့လ သုံးရက်က သူ ပြန်လာပြီလို့ ကျွန်မနဲ့ သူ့မိသားစုဆီ ကြေးနန်းပို့တယ်... ဒါပေမဲ့ ရက် ၂၀ ကြာတာတောင် သူ ပြန်ရောက်မလာခဲ့ဘူး... ပထမတော့ ဘဆာ့ခ်သမုဒ္ဒရာရဲ့ ရာသီဥတုကြောင့်လို့ ကျွန်မထင်ခဲ့တာ... ဒါပေမဲ့ ဒီနေ့အထိ တစ်လကျော်သွားတာတောင် ဘာသတင်းမှ မကြားရသေးဘူး... သူစီးလာတဲ့ သင်္ဘော အယ်ဖာဖာကလည်း အင်းမတ်ဆိပ်ကမ်းကို ရောက်မလာသေးဘူး”
မြောက်ပိုင်းတိုက်နဲ့ တောင်ပိုင်းတိုက်ကို ခြားနားထားတဲ့ သမုဒ္ဒရာကို ဘဆာ့ခ်သမုဒ္ဒရာလို့ ခေါ်ပါတယ်။ ဒီသမုဒ္ဒရာက သဘာဝကပ်ဘေးတွေနဲ့ အန္တရာရှိ ရေစီးကြောင်းတွေ များလွန်းတယ်ဆိုပြီး နာမည်ကြီးပါတယ်။
လူတွေ စေလွှတ်ပြီး အန္တရာယ်ကင်းတဲ့ ရွက်လွှင့်လမ်းကြောင်း ရှာဖွေခဲ့တဲ့ ဧကရာဇ်ရစ်ဆဲလ်ကြောင့်သာ မဟုတ်ရင် မြောက်ပိုင်းတိုက်က အခုအချိန်ထိ နယ်ချဲ့ခေတ်ကို ရောက်မှာ မဟုတ်သေးပါဘူး။ သမုဒ္ဒရာကို ဖြတ်သန်းပြီး တိုက်ချင်းဆက် ကြေးနန်းဆက်သွယ်ရေး တည်ဆောက်ဖို့ကတော့ ဝေးလာဝေးပေါ့။
ကလိုင်းဟာ အမြင်ဆရာအလုပ်မှာ ပထမဆုံး ဖောက်သည်ဖြစ်တဲ့ အန်နာကို ကြည့်ပြီး သေချာအောင် မေးပါတယ် “အန်နာ... ဘယ်လိုဗေဒင်မျိုး တွက်ချင်လဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။