← Chapters

ဟောပြောချက်

Vol. 6 Ch. 55

ဟောပြောချက်

Vol. 6 Ch. 55

လှပတဲ့မျက်လုံးတွေနဲ့ အန်နာဟာ ဆယ်စက္ကန့်ကျော် ကြာအောင် တုံ့ဆိုင်းသွားပါတယ်။

“ရှင် တိကျတယ်လို့ထင်တဲ့ ဘယ်လို နည်းလမ်းမျိုးကိုမဆို သုံးလို့ရပါတယ်... ရှင်က ဗေဒင်ဆရာလေ... ကျွန်မမှ မဟုတ်တာ... အဲဒီလိုဆိုပေမဲ့ ဖဲချပ်တွေ တဲရော့တွေတော့ မသုံးနဲ့... ကျွန်မ အဲဒါတွေကို အိမ်မှာ စမ်းကြည့်ဖူးတယ်... အဲဒီတော့ ကျွန်မ အဲဒါတွေကို ကစားစရာပဲလို့ ထင်တယ်”

ကလိုင်းဟာ တခဏ တွေးတောပြီး ညင်ညင်သာသာ ပြောပါတယ် “အဲဒါဆိုရင် ကျွန်‌တော်တို့တွေ နက္ခတ္တစက်ဝန်းကို သုံးကြတာပေါ့”

အဲဒီနောက် သူဟာ စားပွဲပေါ်က ဖောင်တိန်တစ်ချောင်းနဲ့ စာရွက်ဖြူတစ်ထပ်ကို ညွှန်ပြပြီး “မဒမ်ရဲ့ ခင်ပွန်းလောင်း နာမည်၊ သူ့မျက်နှာအသွင်အပြင်၊ နေရပ်လိပ်စာနဲ့ မွေးနေ့ကို ချရေးပါ... မွေးတဲ့အချိန်ကို မှတ်မိရင် ပိုကောင်းတယ်”

သူမရဲ့ အဝတ်အစား၊ မိတ်ကပ်နဲ့ အပြုအမူကို ကြည့်ပြီး သူမက စာမတတ်ဘူးဆိုတာကို ကလိုင်း မယုံပါဘူး။

အန်နာဟာ ဘာမှပြန်မပြောဘဲ လက်ဆန့်ပြီး စာရွက်တစ်ရွက် ယူပါတယ်။ အဲဒီနောက် ဖော့ပင်ကိုင်ပြီး မှင်ထဲ နှစ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကလိုင်းပြောတာတွေကို စာရွက်ပေါ်မှာ စပြီးတော့ ချရေးပါတယ်။ မကြာမကြာလည်း စာရေးတာရပ်ပြီး စဉ်းစားပါတယ်။

နှစ်မိနစ်ကြာတဲ့အခါမှာတော့ သူမဟာ စာရွက်ကို ကလိုင်းဆီ တွန်းပို့ပါတယ်။

ကလိုင်းဟာ စာရွက်ကို လက်ခံပြီး အတည့်ဖြစ်အောင် လှည့်လိုက်ပါတယ်။ စာရွက်ပေါ်မှာ ရေးထားတာက...

“ဂျွိုင်းမိုင်ယာ၊ ၁၃၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်၊ မွန်းလွဲ ၂း၀၀ နာရီ၊ ထင်းဂန်မြို့၊ အရှေ့ပိုင်းမြို့နယ်၊ စတီဗင် ၈ လမ်း၊ ရွှေရောင်ဆံပင်တို၊ လင်းယုန်နှာခေါင်း...”

ကလိုင်းဟာ တစ်ချက်ကြည့်ပြီး ဒီလူရဲ့ စိတ်ဝိညာဉ်နံပါတ်ကို တွက်ချက်လိုက်ပါတယ်။

‘၁ + ၅ = ၆’

ဂမ္ဘီရနယ်ပယ်ရဲ့ စိတ်ဝိညာဉ် ဂဏန်းဗေဒင်မှာ လူတစ်ယောက်ရဲ့ မွေးနေ့ကို ပေါင်းလို့ရလာတဲ့ ဂဏန်းက အဲဒီလူရဲ့ မွေးနေ့လမ်းကြောင်းနံပါတ်ပါ။ ဒီနံပါတ်က ၂၇ နှစ် မပြည့်ခင်အထိ အဲဒီလူကို သက်ရောက်မှု ရှိပါတယ်။ မွေးလကို ပေါင်းပြီးရလာတဲ့ မွေးလလမ်းကြောင်းနံပါတ်ကတော့ ၂၇ နှစ်ကနေ ၅၄ နှစ်အထိ သက်ရောက်မှု ရှိပါတယ်။ မွေးနှစ်ကို ပေါင်းပြီး ရလာတဲ့ မွေးနှစ်လမ်းကြောင်းနံပါတ်ကတော့ ၅၄ နှစ် နောက်ပိုင်းကို သက်ရောက်မှု ရှိပါတယ်။

ဒီနှစ်က ၁၃၄၉ ခုနှစ်ဆိုတော့ ဂျွိုင်းက ၂၇ နှစ် မပြည့်သေးပါဘူး။ အဲဒါကြောင့် ကလိုင်းဟာ မွေးနေ့လမ်းကြောင်းနံပါတ်ကို ချက်ချင်း ကောက်တွက်ပါတယ်။

နံပါတ်ခြောက်က ပေးဆပ်တဲ့ နှလုံးသား၊ သင့်တင့်လျောက်ပတ်တဲ့ လက်ထပ်ပွဲ ဒါမှမဟုတ် စေ့စပ်ပွဲနဲ့ ဟန်ချက်ညီပြီး သဟဇာတဖြစ်တဲ့ ဘဝကို ရည်ညွှန်းပါတယ်။

အဲဒီနောက် သူဟာ ဂျွိုင်းရဲ့ နှစ်လမ်းကြောင်းနံပါတ်ကို တွက်ချက်ပါတယ်။

နှစ်လမ်းကြောင်းနံပါတ်က မွေးနှစ်ကို မသုံးဘဲ လက်ရှိနှစ်ကိုသုံးပြီး တွက်ချက်တာပါ။ လက်ရှိနှစ်ကို မွေးနေ့လမ်းကြောင်းနံပါတ်၊ မွေးလလမ်းကြောင်းနံပါတ်နဲ့ ပေါင်းရင် အဲဒီလူရဲ့ နှစ်လမ်းကြောင်း နံပါတ်ကို ရပါတယ်။ နှစ်လမ်းကြောင်းနံပါတ်ကိုရင် အဲဒီလူရဲ့ လက်ရှိနှစ် ကံတရားကို အကြမ်းဖျင်း နားလည်နိုင်ပါတယ်။

‘၁ + ၃ + ၄ + ၉ = ၁၇... ၁ + ၇ = ၈... ၈ + ၉ (မွေးလလမ်းကြောင်း နံပါတ်) + ၆ (မွေးနေ့လမ်းကြောင်း နံပါတ်) = ၂၃... ၂ + ၃ = ၅... သူ့ရဲ့ နှစ်လမ်းကြောင်းနံပါတ်က ၅ ဆိုတော့ ပြောင်းလဲမှုနဲ့ မတော်တဆ ဖြစ်မယ်လို့ ဆိုလိုတာပဲ... သူ စွန့်စားမှုတစ်ခုခု လုပ်ရမယ်ဆိုတာကို ပြနေတာပဲ...’

ကလိုင်းဟာ စိတ်ထဲမှာ တွက်ချက်ပြီး ရထားတဲ့ အချက်အလက်တွေကနေ အကြမ်းဖျင်း ကောက်ချက်ချပါတယ်။ သူဟာ အန်နာပေးထားတဲ့ အချက်အလက်တွေက မှန်မမှန်ဆိုတာကိုလည်း အတည်ပြုပါတယ်။

အဲဒီနောက် သူ့အကြည့်ကို စာရွက်ပေါ်ကနေ အန်နာဆီ ရွှေ့လိုက်ပါတယ် “မစ္စတာမိုင်ယာက ဇွန်လ ၃ ရက်နေ့မှာ ခရီးထွက်သွားတာနော်”

“သူ ကျွန်မကို မလိမ်ဘူးဆိုရင် အဲဒီရက်ပဲ” အန်နာဟာ နှုတ်ခမ်းကိုက်လိုက်ပါတယ်။

“အင်း...” ကလိုင်းဟာ ဖော့ပင်ကိုင်ပြီး ချရေးပါတယ်။

အဲဒီ‌နောက် ညိုနက်ရောင် မျက်ဝန်းတွေနဲ့ အန်နာကို ကြည့်ပြီး ကြင်ကြင်နာနာ ပြောပါတယ် “ကျွန်တော် အခု နက္ခတ္တစက်ဝိုင်း ဖွဲ့မယ်... ပတ်ဝန်းကျင်က လုံးဝ တိတ်ဆိတ်နေမှ ရမယ်... အချိန်လည်း နည်းနည်း လိုလိမ့်မယ်... စိတ်မရှိဘူးဆိုရင် အပြင်မှာ စောင့်ပေးလို့ရမလား... အန်ဂျလီကာက မဒမ်ကို လက်ဖက်ရည်နဲ့ပဲဖြစ်ဖြစ် ကော်ဖီနဲ့ပဲဖြစ်ဖြစ် ဧည့်ခံပါလိမ့်မယ်”

“ဟုတ်ကဲ့ပါ”

အန်နာဟာ ဗေဒင်ဆရာတချို့က ထူးဆန်းတဲ့ အကျင့်တွေ ရှိတယ်ဆိုတာကို သိထားတာကြောင့် ကလိုင်းရဲ့ စကားကို အံ့ဩခြင်းမရှိဘဲ မတ်တတ်ရပ်လိုက်ပါတယ်။ အဲဒီနောက် သူမရဲ့ မျက်နှာလွှားဇာဦးထုပ်ကို ယူပြီး ဥဿဖရားခန်းထဲက ထွက်သွားပါတယ်။

ကလိုင်းဟာ တံခါးကို သော့ခတ်ပြီး စားပွဲဆီ ပြန်ပါတယ်။ အဲဒီနောက် သူရထားတဲ့ သတင်းအချက်အလက်တွေနဲ့ နက္ခတ္တစက်ဝန်းဖွဲ့ပါတယ်။ ဇာတာခွင်နဲ့ ဂြိုဟ်တွေကြယ်တွေရဲ့ တည်နေရာလည်း ပါပါတယ်။

တွက်ချက်မှုတစ်ခုလုံးမှာ သူဟာ နက္ခတ္တဗေဒ အညွှန်းစာအုပ်ကို ဖွင့်မကြည့်ပါဘူး။ သူ့မှတ်ဉာဏ်ထဲကအတိုင်း တွက်ချက်ပါတယ်။

ကလိုင်းဟာ ဒီရက်တွေ ဂမ္ဘီရပညာကို လေ့လာတဲ့ နေရာမှာ ဗေဒင်တွက်တာနဲ့ ပတ်သက်တဲ့ ဘယ်အရာကိုမဆို အလွယ်တကူ နားလည် တတ်မြောက်ပြီး ခပ်မြန်မြန် အကျင့် ဖြစ်သွားတာကို တွေ့လာရပါတယ်။ ဒါက အမြင်ဆရာရဲ့ စွမ်းရည် ဖြစ်နိုင်ပါတယ်။

သူဟာ နက္ခတ္တစက်ဝန်း ဖွဲ့ပြီးတဲ့အခါ ကျေနပ်အားရမှုကို ခံစားလိုက်ရပါတယ်။ ရုပ်နာမ်နှစ်ပါးစလုံး ပြေလျော့သွားပါတယ်။

အဲဒီနောက် သူဟာ ဇာတာခွင်နဲ့ ဂြိုဟ်တွေရဲ့ လမ်းကြောင်း၊ တခြားအချက်အလက်တွေကို အသေးစိတ်ကြည့်ပြီး ဂျွိုင်းမိုင်ယာက မတော်တဆ ဖြစ်ပေမဲ့ နောက်ဆုံးမှာ ရှင်သန်လွတ်မြောက်သွားတာကို အကြမ်းဖျင်း တွက်ချက်မိလိုက်ပါတယ်။

ဒီနေရာမှာ ဒီနည်းလမ်းက ပြီးသွားပါပြီ။ ဒါပေမဲ့ ကလိုင်းဟာ သူ့ရဲ့ ပထမဆုံး ဖောက်သည်ကို ပိုပြီးတော့ တိတိကျကျ တွက်ချက်ပေးချင်ပါတယ်။ ဒါမှ နာမည်ကောင်းတစ်ခုရပြီး နောက်ကျရင် အလုပ်ရဖို့ လွယ်ကူမယ် မဟုတ်ပါလား။

အဲဒါကြောင့် သူဟာ ဖော့ပင်ကောက်ကိုင်ပြီး ဟာမီးဘာသာနဲ့ စာတစ်ကြောင်း ရေးလိုက်ပါတယ် “ဂျွိုင်းမိုင်ယာရဲ့ လက်ရှိ အခြေအနေ”

သူဟာ ဒီစာကြောင်းကို တိတ်တဆိတ် အလွတ်မှတ်ပြီး ထပ်ခါထပ်ခါ ရွတ်ပါတယ်။ ၇ ခေါက်ပြည့်တဲ့အခါမှာတော့ ကလိုင်းဟာ စာရွက်ကို ဆုပ်ကိုင်ပြီး ကုလားထိုင်မှာ နောက်မှီထိုင်ပါတယ်။

သူဟာ အလင်းစက်လုံးကို စိတ်ကူးကြည့်လိုက်တဲ့အခါ သူ့မျက်လုံးတွေ နက်မှောင်လာပြီး တွေးခေါ်မှု အခြေအနေထဲကို ခပ်မြန်မြန် ဝင်ရောက်သွားပါတယ်။

ပတ်ဝန်းကျင်က နူးညံသိမ်မွေ့လှပါတယ်။ အသွင်သဏ္ဍာန်မဲ့ပြီး အဆုံးမရှိတဲ့ မြူခိုးတွေက သူ့အထက်မှာ တည်ရှိနေပါတယ်။

ကလိုင်းဟာ စာရွက်ထဲက အကြောင်းအရာကို ပြန်တွေးပြီး တစ်ကိုယ်လုံး ဖြေလျှော့လိုက်ပါတယ်။ အဲဒီနောက် သူဟာ ဒီအခြေအနေထဲမှာ အိပ်မောကျသွားပါတယ်။ သူဟာ အိပ်မက်ဗေဒင်တစ်မျိုးကို အသုံးပြုနေတာပါ။

မေးခွန်းကို ထပ်ခါထပ်ခါရွတ်ပြီး အသေးစိတ်မှတ်ကာ အိပ်မက်ထဲမှာ သူ့လိပ်ပြာကို စိတ်ဝိညာဉ်လောကထဲ လျှောက်သွားပြီး လျှို့ဝှက်ချက်ကို သိမြင်စေတာပါ။

သာမန်လူတွေလည်း ဒီလိုအတွေ့အကြုံမျိုး တစ်ခါတစ်လေ ရတတ်ပါတယ်။ ဒါပေမဲ့ သူတို့တွေ ဒီအဖြစ်အပျက်ကို မှတ်မိဖို့က မလွယ်ပါဘူး။ အိပ်မက်ထဲက နိမိတ်တွေဟာ ပိုရှုပ်ထွေးပြီး ပလုံးပထွေး နိုင်လွန်းလှပါတယ်။

အမြင်ဆရာကတော့ ဒီလိုပြဿနာမျိုး မရှိပါဘူး။ ပုံရိပ်တွေကို တိုက်ရိုက် မြင်နိုင်ပါတယ်။

ကလိုင်း အိပ်မပျော်တပျော် ဖြစ်သွားတဲ့အခါ ပတ်ဝန်းကျင်ဟာ ဝေဝါးသွားပါတယ်။

ပုံမှန်မဟုတ်တဲ့ မြင်ကွင်းတစ်ခုမှာ သူဟာ ရွှေရောင်ဆံပင်နဲ့ လင်းယုန်နှာခေါင်းရှိတဲ့ လူငယ်တစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူဟာ သွေးပင်လယ်မှာ လက်ပစ်ကူးနေပြီး လှိုင်းလုံးတွေကြားမှာ နှစ်မြုပ်လုနီးနီးပါပဲ။ ဒါပေမဲ့ နောက်ဆုံးမှာ သူဟာ ကမ်းခြေဆီ လွတ်မြောက်အောင် ကူးခတ်နိုင်ခဲ့ပါတယ်။

ပုံရိပ်ဟာ ကွဲကြေပြီး ပြောင်းလဲသွားပါတယ်။ ကလိုင်းဟာ တံခါးမှာ လေရဟတ် အရုပ်ရှိတဲ့ အပြာရောင်အိမ်ကို တွေ့မြင်လိုက်ရပါတယ်။ ရွှေရောင်ဆံပင်နဲ့ လူငယ်ဟာ အိမ်ထဲကို ဝမ်းသာအားရမျက်နှာနဲ့ ဖြည်းဖြည်းချင်း ဝင်သွားပါတယ်။

ဒီအချိန်မှာပဲ ပုံရိပ်တွေက ထပ်ပြောင်းသွားပါတယ်။ ကလိုင်းဟာ သူ ကြီးကျယ်ခမ်းနားတဲ့ နန်းတော်တစ်ဆောင်ထဲ ရောက်နေတယ်ဆိုတာကို သတိထားမိလိုက်ပါတယ်။

နံရံတွေက ပြန်ပြုပြင်ဖို့ မဖြစ်နိုင်လောက်တဲ့အထိ ဖျက်ဆီးခံထားရပြီး မြက်ပင်နဲ့ ရေညှိတွေက နေရာ တော်တော်များများမှာ ပေါက်ရောက်နေပါတယ်။ သူဟာ နံရံရဲ့ အပေါက်တွေကနေ တိမ်တွေနား ကပ်နေတဲ့ အပြင်ဘက်က တောင်ထိပ်တစ်ထိပ်ကို မြင်လိုက်ရပါတယ်။

နန်းတော်ထိပ်မှာ ကျောက်တုံးကို ထွင်းထားတဲ့ ပလ္လင်ကြီး ရှိနေပါတယ်။ ဒီပလ္လင်ကြီးကို အရောင်မှိန်တဲ့ ကျောက်မျက်အရိုင်းတုံးတွေ ရွှေတွေနဲ့ တန်ဆာဆင်ထားပါတယ်။ ကြည့်ရုံနဲ့ ဒီပလ္လင်ကြီးက လူသားတစ်ယောက်အတွက် မဟုတ်မှန်း သိသာလှပါတယ်။

ဒီဧရာမပလ္လင်ကြီးပေါ်မှာ ဘာမှမရှိဘဲ ခေတ်ရဲ့ တိုက်စားမှုကြောင့် အစက်အပြောက်တွေ စွန်းထင်းနေပါတယ်။

ကလိုင်း ဘေးဘီဝန်းကျင်ကို ဝေခွဲမရ ကြည့်လိုက်ပါတယ်။ သူဟာ ဒီလိုမြင်ကွင်းမျိုးကို ဘာလို့ အိပ်မက် မက်နေလဲဆိုတာ နားမလည်နိုင်ပါဘူး။

သူ ဘယ်ရောက်နေလဲ သိရဖို့ နန်းတော်ထဲက ထွက်ဖို့ ကြိုးစားချိန်မှာ သူ့ရဲ့ နောက်ကျိနေတဲ့ စိတ်က စူးရှသွားပါတယ်။

ရုတ်တရက် အကြည့်တစ်ခု သူ့အပေါ် ကျရောက်လာတာကို သူ့ခံစားလိုက်ရပါတယ်။ ဒီအကြည့်က သူ့နောက်ကနေ လာတာပါ။

ကလိုင်းဟာ ရုတ်တရက် နောက်လှည့်ပြီး ဧရာမကျောက်ပလ္လင်ကြီးကို စိုက်ကြည့်လိုက်တဲ့အခါ မရေမတွက်နိုင်တဲ့ ထုတ်ချင်းပေါက် မြင်ရတဲ့ လောက်ကောင်တွေ ဆန့်ငင်ဆန့်ငင်နဲ့ တဖြည်းဖြည်း ကြီးထွားလာတာကို တွေ့လိုက်ရပါတယ်။

ကလိုင်းဟာ ဒါကို ကြည့်ပြီး ပင့်သက်ရှိုက်မိလိုက်ပါတယ်။

သူ မျက်လုံးဖွင့်လိုက်တဲ့အခါ အိပ်မက်က နိုးသွားပါတယ်။

သလင်းဘောလုံး၊ တဲရော့ကဒ်နဲ့ သူဖွဲ့ထားတဲ့ နက္ခတ္တစက်ဝန်းက သူ့မြင်ကွင်းထဲ ဝင်လာပါတယ်။ လက်တွေ့လောကက စိတ်ကူးယဉ်လောကကို ခပ်မြန်မြန်ပဲ အစားထိုးသွားပါတယ်။

‘ပထမအိပ်မက်က တွက်ချက်မှုရဲ့ ရလဒ်ပဲ... ဒါပေမဲ့ နောက်ပိုင်းအိပ်မက်က ဘာအကြောင်းလဲ... ငါ့ကို ပစ်မှတ်ထားနေသလိုပဲ’ ကလိုင်းဟာ စာရွက်ကို အောက်ချပြီး နားထင်ပွတ်ကာ ချင့်ချိန်စဉ်းစားပါတယ်။

သူဟာ သူ့အကြောက်တရားက အိပ်မက်အသွင်နဲ့ ပေါ်လာတာ မဟုတ်မှန်းကိုတော့ အတည်ပြုနိုင်ပါတယ်။

‘လူသားတွေအတွက် မဟုတ်တဲ့ တောင်ထိပ်... တိတ်ဆိတ်တဲ့ အကြည့်... ပုံမှန်မဟုတ်ဘဲ ထူးဆန်းတဲ့ လောက်ကောင်တွေ...’ ကလိုင်းဟာ အိပ်မက်ကို ပြန်တွေးရင်း စိတ်ထဲမှာ ခန့်မှန်းလိုက်ပါတယ်။

‘ကံကောင်းစေတဲ့ အစီအရင်က အဲဒီတည်ရှိမှုနဲ့ ဆက်သွယ်နေတာလား... ဒါမှမဟုတ် အန်တီဂိုနပ်မိသားစုရဲ့ မှတ်စုစာအုပ်နဲ့ ထိတွေ့မိခဲ့တာကြောင့်လား... ဟုတ်တယ်... မှတ်စုစာအုပ်က ပြောထားတယ်... ဟွန်းနာဆစ် တောင်တန်းမှာ ထာဝရညရဲ့ နိုင်ငံတော် ရှိတယ်တဲ့... အဲဒီနန်းတော်က တောင်ထိပ်ပေါ်မှာပဲ’

ကလိုင်းဟာ ရိုးရိုး တွက်ချက်ရင်း အမြင်ဆရာဖြစ်ဖို့ ရွေးချယ်ခဲ့တာကို ဝမ်းသာမိသွားပါတယ်။ လူအိုကြီးနီးလ်ရဲ့ အဆိုအရ လျှို့ဝှက်ဆန်းကြယ် စပ်စုသမားတွေကလည်း အိပ်မက်တွေကို နိမိတ်ဖတ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့က အမြင်ဆရာလောက် ကျွမ်းကျွမ်းကျင်ကျင် မဖတ်နိုင်ပါဘူး။

‘ဟင်း... အဲဒါက ငါ့ကို အလွတ်မပေးသေးဘူးပဲ... ရေးဘီဘာကို မြန်မြန်ဖမ်းမိဖို့ မျှော်လင့်ရတာပဲ...’

ကလိုင်းဟာ သူ့ကိုယ်သူ ထိန်းချုပ်ပြီး နက္ခတ္တစက်ဝန်း ဖွဲ့ထားတဲ့ စာရွက်ကို ကောက်ယူကာ တံခါးဆီ တစ်လှမ်းချင်း လျှောက်သွားပါတယ်။

အဲဒီနောက် တံခါးဖွင့်ပြီး ဧည့်ကြိုကောင်တာဆီ လျှောက်သွားတဲ့အခါ ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်နေတဲ့ သူမရှေ့က လက်ဖက်ရည်ခွက်ကို ရှိတယ်လို့တောင် မထင်တဲ့ အန်နာကို တွေ့လိုက်ရပါတယ်။

“အင်း... မစ္စတာမိုရက်တီ... တွက်လို့ရပြီလား” သူမဟာ ကလိုင်းကို မြင်တာနဲ့ ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်။

ကလိုင်းဟာ သူမကို ချက်ချင်း ပြန်မဖြေဘဲ သူ အိပ်မက်ထဲမှာ တွေ့မြင်ခဲ့ရတဲ့အတိုင်း မေးမြန်းပါတယ် “မဒမ်ရဲ့အိမ် ဒါမှမဟုတ် မစ္စတာမိုင်ယာရဲ့ အိမ်မှာ လေရဟတ်အရုပ်လေး ရှိလား”

အန်နာဟာ မျက်လုံးပြူးသွားပြီး အံဩလွန်းလို့ ဆွံအသွားပါတယ်။

အတန်ကြာမှ “အဲဒါက သူ ကျွန်မကို လက်ဆောင်ပေးထားတာ... ကျွန်မရဲ့ အိမ်တံခါးမှာ... ရှင် အဲဒါကို ဘယ်လိုလုပ်ပြီး သိတာလဲ...”

‘ဒါ... ဒါကလည်း တွက်ချက်လို့ ရတာပဲလား”

ကလိုင်းဟာ ပြုံးပြီး နူးညံတဲ့လေသံနဲ့ “မစ္စအန်နာ ဝမ်းသာပါတယ်... မစ္စတာဂျွိုင်းမိုင်ယာက အခု မဒမ်ရဲ့အိမ်ကို ရောက်နေပြီ... မဒမ် အခု ပြန်သွားရင် သူနဲ့ ဆုံနိုင်လောက်သေးတယ်... သူက အလွန်နာကျင်စရာကောင်းတဲ့ ဘေးအန္တရာယ်တစ်ခုကို ကျော်ဖြတ်လာခဲ့ရတာဆိုတော့ အခုအချိန်မှာ သူ လိုအပ်နေတာက မေးခွန်းတွေ မဟုတ်ဘူး... နွေးထွေးယုယတဲ့ ပွေ့ဖက်မှုပဲ”

“တကယ်လား” အန်နာဟာ သူ့နားကိုယ်သူ မယုံတာကြောင့် ထပ်မေးလိုက်ပါတယ်။

သူမ သိတဲ့ ဗေဒင်ဆရာတွေက ဘယ်တော့မှ ဒီလောက်တိတိကျကျ မဟောပါဘူး။ ဒီလိုမျိုး အနာဂတ်ကို တိတိကျကျလည်း မပြောပါဘူး။

“မဒမ် အခုပြန်သွားရင် သိရပါလိမ့်မယ်” ကလိုင်းဟာ နူးညံတဲ့လေသံ ချိုသာတဲ့အပြုံးနဲ့ ဖြေပါတယ်။

“အို အရှင်ရေနွေးငွေ့... ဒါအမှန်ပဲလား... ဂျွိုင်း ပြန်ရောက်လာပြီပေါ့... သေချာလို့လား... မဟုတ်ဘူး... ကျွန်မ မယုံဘူး...” အန်နာဟာ တစ်ခဏ ရပ်သွားပြီး ကယောင်ကတမ်း စကားတချို့ ပြောလိုက်ပါတယ်။

သူမဟာ သူမရဲ့ ပိုက်ဆံအိတ်ထဲက တစ်ဆိုလီတန် တစ်ရွက်ကို ထုတ်ပေးပြီး ကလိုင်း အကြွေပြန်အမ်းတာကို မစောင့်ဘဲ ဗေဒင်ကလပ်ထဲက ခပ်ရွရွပြေးထွက်ကာ မြင်းလှည်းစီးပြီး အိမ်ပြန်ပါတယ်။

‘ပိုတာက လက်ဖက်ရည်ဖိုးလား’ ကလိုင်းဟာ လက်ထဲက ပိုက်ဆံကို ကြည့်ပြီး ခေါင်းခါကာ ရယ်လိုက်ပါတယ်။

.....

နှစ်ဘီးမြင်းလှည်းဟာ လမ်းတွေကို လျင်မြန်စွာ ဖြတ်သန်းပြီး အရှေ့မြို့နယ်ထဲ ဝင်ရောက်သွားပါတယ်။

အန်နာဟာ ကျော်ဖြတ်သွားတဲ့ လမ်းတွေကို ကြည့်ရင်း စိတ်မချမှု၊ မျှော်လင့်မှုနဲ့ ကြောက်ရွံ့မှုတွေကို ရောထွေး ခံစားလိုက်ရပါတယ်။ သိပ်မကြာခင်မှာပဲ လေရဟတ်အရုပ်လေးက သူမရဲ့ မြင်ကွင်းထဲကို ဝင်လာပါတယ်။

သူမဟာ သူမရဲ့အပြုအမူကို ဂရုမစိုက်နိုင်တော့ဘဲ မြင်းလှည်းပေါ်ကာ အလျင်အမြန် ဆင်းကာ တံခါးဆီပြေးသွားပြီး လူခေါ်ခေါင်းလောင်းကို တီးလိုက်ပါတယ်။

တံခါးဟာ ကျွီခနဲ ပွင့်သွားပြီး ဝတ်စုံနက် ဝတ်ဆင်ထားတဲ့ ရွှေရောင်ဆံပင်နဲ့ လူငယ်တစ်ဦး ထွက်ပေါ်လာပါတယ်။ သူဟာ မျက်ကွင်းတွေ ချောင်ကျနေပေမဲ့ မျက်လုံးထဲက ပျော်ရွှင်မှုကတော့ ဖုံးကွယ်မရအောင် တောက်ပနေပါတယ်။ သူ့မှာ လင်းယုန်နှာခေါင်း ရှိပါတယ်။

“ငါ ဒီနေ့ မင်းကို မတွေ့ရတော့ဘူး ထင်နေတာ” ဂျွိုင်းက အပြုံးနဲ့ ဆိုပါတယ်။

“အို အရှင်ရေနွေးငွေ့... ရှင် တကယ်ပြန်လာတာပဲ” အန်နာဟာ မျက်လုံးကို ပွတ်သပ်ကြည့်ပြီး အံ့ဩတကြီး ဖြစ်သွားသလို တစ်ချိန်တည်းမှာ ဝမ်းသာကျေနပ်သွားပါတယ်။

‘ဗေဒင်ဆရာဟောတာ တကယ်မှန်တာပဲ’

‘မဟုတ်ဘူး... ဒါက အမြင်ဆရာစစ်စစ်ပဲ’

စိတ်ထဲမှာ အတွေးတွေ ဘွားခနဲပေါ်လာပေမဲ့ အန်နာဟာ ရှေ့ကို ပြေးသွားပြီး သူ့ခင်ပွန်းလောင်းကို နွေးထွေးစွာ တယုတယု ပွေ့ဖက်လိုက်ပါတယ်။

သူတို့နှစ်ယောက်ဟာ ပြာမှိုင်းမှိုင်းအိမ်ရဲ့ အပြင်ဘက်မှာ ဘာစကားမှမဆိုဘဲ တစ်ယောက်ကို တစ်ယောက် တင်းတင်းကျပ်ကျပ် ဖက်နေကြပါတယ်။ လေရဟတ်အရုပ်လေးဟာ ဖြည်းဖြည်းချင်းလည်ပြီး သူတို့နှစ်ယောက်ရဲ့ အခက်အခဲတွေကို အဝေးဆီ တွန်းထုတ်လိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters