← Chapters

ဂျွိုင်းရဲ့ အတွေ့အကြုံ

Vol. 6 Ch. 56

ဂျွိုင်းရဲ့ အတွေ့အကြုံ

Vol. 6 Ch. 56

အတော်ကျယ်ဝန်းတဲ့ ဧည့်ခန်းမှာ အန်နာနဲ့ ဂျွိုင်းဟာ ဆိုဖာနှစ်လုံးပေါ် ထိုင်နေပါတယ်။ သူတို့နှစ်ယောက်ကြားမှာ အန်နာရဲ့မိဘတွေ ရှိနေပါတယ်။

ဂျွိုင်းဟာ သက်ပြင်းချပြီး “ရေနွေးငွေ့ အရှင်ကို ကျေးဇူးတင်ရမယ်... ကျွန်တော် အခုလို အသက်ရှင်လျက် ပြန်လာနိုင်ပြီး အန်နာကို ထပ်တွေ့နိုင်တာက တော်တော် ကံကောင်းလို့ပဲ”

“ဂျွိုင်း... ဘာတွေဖြစ်ခဲ့တာလဲ” အန်နာက အကြင်နာမျက်လုံးနဲ့ မေးပါတယ်။

ဂျွိုင်းဟာ သူ့ဇနီးလောင်းကို တစ်ချက်ကြည့်ပြီး မျက်နှာတစ်ခုလုံး လေးနက်သွားပါတယ်။

“ငါ အဲဒီနေ့ကို ပြန်တွေးမိတိုင်း ချောက်ချားနေတုန်းပဲ... အိပ်မက်ဆိုးတွေမက်ပြီး ခဏခဏ လန့်နိုးတယ်... အယ်ဖာဖာ ဆီဇာဆိပ်ကမ်းကနေ ထွက်ခွာလို့ ငါးရက်အကြာမှာ ငါတို့တွေ ပင်လယ်ဓားပြတွေနဲ့ ထိပ်တိုက် တိုးတယ်... ကံကောင်းသွားတာ တစ်ခုက အဲဒီပင်လယ်ဓားပြတွေရဲ့ ခေါင်းဆောင်က နက်စ်ထ် ဖြစ်နေတာပဲ”

“သူ့ကိုယ်သူ ပင်လယ်ငါးရပ်ရဲ့ ဘုရင်လို့ ခေါ်တဲ့ ပင်လယ်ဓားပြလား” အန်နာရဲ့အဖေ မစ္စတာဝိန်းက အထိတ်တလန့် မေးပါတယ်။

ဂျွိုင်း အန်နာတို့အိမ်ကို ရောက်နေတာ နာရီဝက်ကျော်သွားပါပြီ။ သို့ပေမဲ့ သူဟာ သူ ကြုံတွေ့ခဲ့ရတာတွေကို တစ်ခွန်းမှ မဟခဲ့ပါဘူး။ ကြောက်ရွံ့တုန်လှုပ်ပြီး ဂယောင်ချောက်ချား ဖြစ်နေခဲပါတယ်။ အန်နာ ပြန်လာပြီး ဖက်လိုက်မှပဲ ငြိမ်သက်သွားတာပါ။

“ဟုတ်တယ် သူပဲ... ဆော်လမန်အင်ပါယာရဲ့ မျိုးဆက်လို့ ကြော်ငြာထားတဲ့ နက်စ်ထ်က သုံ့ပန်းတွေကို မသတ်ဘူး... အဲဒါကြောင့် သူတို့တွေက ကျွန်တော်တို့ကို ဓားပြပဲတိုက်တယ်... အသက်ကို ရန်မရှာဘူး... ကျွန်တော်တို့အတွက်လည်း စားစရာ အလုံအလောက် ချန်ထားပေးခဲ့တယ်” ဂျွိုင်းဟာ တုန်လှုပ်ချောက်ချားစရာ ကောင်းတဲ့ အတွေ့အကြုံကို စဉ်းစားပြီး ပြောပါတယ်။

သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်သွားပေမဲ့ ဂျွိုင်းဟာ သူ့ရင်ထဲက ဟိုအနက်ရှိုင်းဆုံးနေရာမှာရှိတဲ့ ကြောက်စရာအကောင်းဆုံး အိပ်မက်ဆိုးကို ဆက်ပြောပါတယ်။

“ကျွန်တော်ဥစ္စာတွေ သိပ်ပြီး ပါမသွားပါဘူး... ကျွန်တော်တို့ရဲ့ ကံဆိုးမှုက အဲဒီမှာတင် ပြီးပြီထင်တာ... ဒါပေမဲ့ ကျွန်‌တော်တို့တွေ ဆက်ပြီး ရွက်လွင့်တော့ အယ်ဖာဖာ သင်္ဘောသားတွေနဲ့ ခရီးသည်တွေကြားမှာ ပဋိပက္ခအကြီးကြီး ဖြစ်လာတယ်... အချင်းချင်း သဘောတူညီချက် မရရာကနေ စကားများ ရန်ဖြစ်ကြပြီး နောက်ဆုံး တုတ်ဆွဲ ဓားဆွဲနဲ့ အချင်းချင်း သတ်ဖြတ်တဲ့အထိ ဖြစ်လာတယ်... အဲဒီအတောအတွင်း ကျွန်တော့်မျက်လုံးထဲမှာ သွေးတွေပဲ မြင်ရတယ်... ကျွန်တော့်ဘေးနားက လူတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်တယ်... သူတို့ရဲ့ ခြေလက်တွေ ကိုယ်တွင်းအင်္ဂါတွေ အူသိမ်အူမတွေက ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲကုန်တယ်”

“အရိုင်းအစိုင်းတွေ မဖြစ်ချင်တဲ့ ကျွန်တော်တို့တွေမှာ ပုန်းစရာ နေရာလည်း မရှိဘူး... ထွက်ပြေးစရာ နေရာလည်း မရှိဘူး... ကျွန်တော်တို့ပတ်လည်မှာ အပြောကျယ်လှတဲ့ ပင်လယ်ပြင်ကြီးပဲ ရှိတယ်... တချို့က ငိုကြွေးကြတယ်... တချို့က ချမ်သာပေးဖို့ တောင်းပန်ကြတယ်... တချို့က သူတို့ရဲ့ ခန္ဓာကိုယ်ကို ရောင်းစားကြတယ်... ဒါပေမဲ့ ရွက်တိုင်မှာ သူတို့ရဲ့ခေါင်းတွေ ချိတ်ဆွဲခံရတာချည်းပဲ”

“အန်နာ... ငါ အဲဒီတုန်းက တကယ်ကို မျှော်လင့်ချက်မဲ့သွားတာ... မင်းကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာ... ကံကောင်းချင်တော့ အဲဒီလို အိပ်မက်ဆိုးထဲမှာ သူရဲကောင်းတစ်ဦး ရှိနေခဲ့တယ်... သူက ငါတို့ကို သင်္ဘောရဲ့ ဧရာထဲမှာ ပုန်းဖို့ ခေါ်သွားတယ်... ငါတို့တွေ သိုလှောင်ထားတဲ့ အစားအစာနဲ့ ရေကို မှီခိုပြီး အဲဒီအရိုင်းအစိုင်းတွေ ရူးသွပ်လွန်းလို့ ရှေ့ဆက် ရူးမသွပ်နိုင်တဲ့အထိ စောင့်နေခဲ့တယ်... အဲဒီအချိန်မှာ မစ္စတာထရစ်က ငါတို့ကို အားပေးပြီး သတ္တိရှိရှိနဲ့ အဲဒီလူသတ်သမားတွေကို ဦးဆောင် တိုက်ခိုက်တယ်”

“တစ်သက်မေ့မရနိုင်တဲ့ သွေးချောင်းစီးတိုက်ပွဲ အပြီးမှာ ငါတို့တွေ အသက်ရှင်ခဲ့တယ်... ဒါပေမဲ့ အယ်ဖာဖာက လမ်းချော်သွားတယ်... နောက်ပြီး သင်္ဘောသားတွေရဲ့ သုံးပုံတစ်ပုံပဲ အသက်ရှင်လျက် ကျန်နေခဲ့တယ်”

.....

လူ့စိတ်ရဲ့ အမိုက်မှောင်ဆုံး ကြောက်စရာအကောင်းဆုံး ဘက်ခြမ်းကို ပြောပြတဲ့အခါမှာ ဂျွိုင်းဟာ သူရဲကောင်းလို့ခေါ်တဲ့ ထရစ်ကို ပြန်မတွေးမိဘဲ မနေနိုင်ပါဘူး။ ထရစ်က မျက်နှာဝိုင်းဝိုင်းနဲ့ ဖော်ဖော်ရွေရွေ ရှိပြီး မိန်းကလေးလို ရှက်တတ်ကာ နည်းနည်းမှောင်တဲ့ အခန်းထောင့်လို နေရာမျိုးတွေမှာပဲ နေတတ်ပါတယ်။ သူနဲ့ ရင်းနှီးတဲ့လူတွေပဲ သူ စကားပြော ကောင်းတာကို သိကြပါတယ်။

ဒါပေမဲ့ အဲဒီလို သာမည လူငယ်လေးတစ်ယောက်ကပဲ အဆိုးရွားဆုံး နေ့ရက်တွေမှာ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ လူတိုင်းရဲ့ရှေ့မှာ မားမားမတ်မတ် ရပ်တည်ခဲ့ပါတယ်။

“အို အရှင်ရေနွေးငွေ့... ဂျွိုင်း... ရှင် တော်တော် ခံစားခဲ့ရမှာပဲ... ရှင် အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့တာ အရှင့်ကို ကျေးဇူးတင်ရမယ်... အရှင်က ကျွန်မတို့တွေ ထာဝရ မကွဲကွာသွားအောင် ကာကွယ်ပေးခဲ့တာပဲ”

အန်နာရဲ့ မျက်လုံးထဲမှာ မျက်ရည်စတွေ ပြည့်လျှံလာပါတယ်။ တစ်ချိန်တည်းမှာပဲ သူမဟာ ရင်ဘက်မှာ ရေနွေးငွေ့နဲ့ စက်ယန္တရား အဂ္ဂတံဆိပ်ပုံစံ သုံးချက် ထိလိုက်ပါတယ်။

ဂျွိုင်းဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ်။

“ဒါက ငါတို့ရဲ့ ကိုးကွယ်ယုံကြည်မှုအတွက် ဆုလာဘ်ပဲ... အဲဒီနောက်ပိုင်း လမ်းချော်သွားတဲ့ အယ်ဖာဖာက မုန်တိုင်းတွေကို ရင်ဆိုင်ကျော်ဖြတ်ရတယ်... ငါတို့တွေ စိန်ခေါ်မှုတွေကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ပြီး နောက်ဆုံး အင်းမတ်ဆိပ်ကမ်းကို ဆိုက်ကပ်နိုင်ခဲ့တယ်”

“သင်္ဘောပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ရဲတွေက အသက်ရှင်လျက် ကျန်ရစ်ခဲ့တဲ့ ငါတို့ကို လူခွဲပြီး စစ်ဆေးမေးမြန်းတယ်... ငါတို့တွေမှာ ငါတို့ရဲ့ မိသားစုနဲ့ ချစ်ရသူတွေကို ကြေးနန်းပို့ခွင့်တောင် မရလိုက်ဘူး... သူတို့တွေ ဒီမနက် ငါတို့ကို လွှတ်ပေးတယ်ဆိုရင်ပဲ ငါ့သူငယ်ချင်းဆီက ပိုက်ဆံချေးပြီး မီးရထားနဲ့ ပြန်လာတာ... ထင်းဂန်မြို့ထဲ ခြေချခွင့်ရပြီး မင်းကို ပြန်မြင်ခွင့်ရတာ ငါ့အတွက် တကယ်ကို ကံကောင်းတာ...”

အဲဒီနောက် ဂျွိုင်းဟာ သူ့ဇနီးလောင်းကို နားမလည်နိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး...

“အန်နာ... မင်း ငါ့ကို မြင်တော့ မင်းရဲ့ ပျော်ရွှင်မှုနဲ့ အံ့အားသင့်တဲ့ ခံစားချက်ကို ငါ ခံစားနိုင်တယ်... ဒါပေမဲ့ ငါ နားမလည်တာက မင်း မြင်းလှည်းပေါ်က ဆင်းဆင်းချင်း တံခါးဆီကို ဘာဖြစ်လို့ စိတ်လှုပ်တရှား ပြေးလာရတာလဲ... ငါက မင်းကို အံ့အားသင့်အောင်လုပ်ဖို့ စီစဉ်ထားတာ”

အန်နာဟာ စောစောက ဖြစ်ခဲ့တာကို ပြန်တွေးပြီး...

“အမှန်အတိုင်းပြောရရင် ကျွန်မ ရှင့်ကို အရမ်းစိုးရိမ်လို့ ဗေဒင်ကလပ်မှာ ဗေဒင်သွားတွက်တာ... အဲဒီဗေဒင်ဆရာ... မဟုတ်ဘူး... အဲဒီအမြင်ဆရာက မင်းရဲ့ ခင်ပွန်းလောင်း ပြန်လာပြီ... တံခါးမှာ လေရဟတ်ရှိတဲ့အိမ်မှာ ရောက်နေတယ်လို့ ပြောခဲ့တယ်”

“ဘာ...” ဝိန်းမောင်နှံနဲ့ ဂျွိုင်းဆီကနေ အာမေဍိတ်သံ တစ်ပြိုင်တည်း ထွက်ပေါ်လာပါတယ်။

အန်နာဟာ မျက်နှာကို လက်နဲ့ကာပြီး ခေါင်းခါလိုက်ပါတယ်။

“ကျွန်မလည်း သူ့စကားကို နည်းနည်းပဲ ယုံခဲ့တာ... ဒါပေမဲ့ အခုတော့ တကယ်ကြီး ဖြစ်နေတယ်... အရှင်ရေနွေးငွေ့... လောကမှာ တကယ်ကို အံ့ဖွယ်ဖြစ်ရပ်တွေ ရှိနေတာပဲ”

“ဂျွိုင်း... အဲဒီအမြင်ဆရာက ကျွန်မကို ရှင့်နာမည်၊ ပုံပန်းသွင်ပြင်၊ နေရပ်လိပ်စာနဲ့ မွေးနေ့ကို မေးတယ်... သူပြောတာကတော့ နက္ခတ္တစက်ဝန်း ဖွဲ့ဖို့တဲ့... အဲဒါလည်းပြီးရော တံခါးမှာ လေရဟတ်ရုပ်လေးရှိတဲ့ အိမ်က ရှင့်အိမ်လား ကျွန်မအိမ်လားလို့ မေးတယ်... အဲဒါက ကျွန်မရဲအိမ်လို့လည်း ပြောလိုက်ရော သူက...

မစ္စအန်နာ ဝမ်းသာပါတယ်... မစ္စတာဂျွိုင်းမိုင်ယာက အခု မဒမ်ရဲ့အိမ်ကို ရောက်နေပြီ... မဒမ် အခု ပြန်သွားရင် သူနဲ့ ဆုံနိုင်လောက်သေးတယ်... သူက အလွန်နာကျင်စရာကောင်းတဲ့ ဘေးအန္တရာယ်တစ်ခုကို ကျော်ဖြတ်လာခဲ့ရတာဆိုတော့ အခုအချိန်မှာ သူ လိုအပ်နေတာက မေးခွန်းတွေ မဟုတ်ဘူး... နွေးထွေးယုယတဲ့ ပွေ့ဖက်မှုပဲလို့ ပြောတယ်”

“အို... ဘုရားရေ...” ဂျွိုင်းဟာ လုံးဝကို မယုံကြည်နိုင်အောင် ဖြစ်သွားပါတယ်။

“သူ ငါ့ကို သိလား... တစ်ယောက်ယောက် သူ့ကို ကြေးနန်းပို့လိုက်တာလား... အင်းမတ်ဆိပ်ကမ်းက ရဲဌာနမှာ သူနဲ့ ရင်းနှီးတဲ့လူ ရှိနေတာလား... မဟုတ်ဘူး... အဲဒီလိုဆိုရင်တောင် သူက ငါ မင်းအိမ်ကို လာမယ်လို့ ဘယ်လိုလုပ်ပြီး သိနေတာလဲ... သူက မင်း ဗေဒင် လာတွက်မယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ... မင်း ရက်ချိန်းယူခဲ့တာလား”

“မယူခဲ့ပါဘူး... ကျွန်မ အဲဒီရောက်မှ သူနဲ့ တွက်မယ်လို့ ကိုယ့်ဘာသာ ဆုံးဖြတ်ချက် ချလိုက်တာ”

“နာမည်ကြီး အမြင်ဆရာတစ်ယောက်က သတင်းအချက်အလက် အများကြီးကို ထိန်းချုပ်ထားတာ ဖြစ်နိုင်တယ်... အဲဒီ သတင်းတွေကို လောလောဆယ် အသုံးမပြုနိုင်ဘူး ဆိုရင်တောင်မှပေါ့... ဒါက ဗေဒင်ပညာရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်ပဲ”

အန်နာရဲ့ အဖေ မစ္စတာဝိန်းက သက်ပြင်းချပြီး ကောက်ချက် ချပါတယ်။

“ငါတို့သိထားတဲ့ နှစ်တစ်ထောင်ကျော် သမိုင်းနဲ့ ရေရေရာရာရာ တိတိကျကျ မသိရသေးတဲ့ စတုတ္ထယုဂ်ကစလို့ တည်ရှိခဲ့တဲ့ ဗေဒင်ပညာက အခုအချိန်အထိ ပျောက်ကွယ် မသွားသေးဘူး... ဒီပညာရပ် ဒီလိုတည်ရှိနေနိုင်တာ အကြောင်းအရင်းတစ်ခုခုကြောင့် ဖြစ်လိမ့်မယ်”

ဂျွိုင်းဟာ ခေါင်းအသာခါပြီး မေးပါတယ် “အဲဒီအမြင်ဆရာနာမည်က ဘယ်လိုခေါ်လဲ”

အန်နာဟာ စဉ်းစားပြီး ဖြေပါတယ် “ကလိုင်းမိုရက်တီ”

.....

ဗေဒင်ကလပ်၊ ဧည့်ခန်း။

ကလိုင်းက အန်နာကို ညင်ညင်သာသာပဲ ပြောလိုက်တဲ့အတွက် သူ့အသံက သိပ်မကျယ်ပါဘူး။ အန်ဂျလီကာဟာ ဒီလိုကိစ္စမျိုးမှာ အနားမကပ်ရဘူးဆိုတာ သိတဲ့အတွက် သူတို့နှစ်ယောက်နားကို မကပ်ပါဘူး။ အဲဒါကြောင့် အန်နာ ဝိညာဉ်ပျောက်သွားသလိုမျိုး တုန်လှုပ်မှု ဝေခွဲမရဖြစ်မှုတွေနဲ့ ထွက်သွားတာကိုသာ သူမ မြင်လိုက်ရပါတယ်။

အန်ဂျလီကာဟာ ဆိုဖာနားကို သွက်သွက်လက်လက် လျှောက်သွားပြီး စပ်စုပါတယ် “ရလဒ်က ကောင်းလား”

သူမဟာ ရလဒ်အတိအကျကို မမေးပါဘူး။ ဗေဒင်ဆရာတွေရဲ့ မပြောဘဲသိတဲ့ စည်းမျဉ်းကို ဖောက်ဖျက်မိမှာစိုးလို့ပါ။

“ကောင်းတယ်” ကလိုင်းဟာ အိတ်ကပ်ထဲက ကြေးပြားသုံးပြားထုတ်ပြီး “တစ်ဆိုလီရဲ့ ရှစ်ပုံတစ်ပုံက တစ်ပဲနိဝက်မလား”

“ဟုတ်တယ်”

အန်ဂျလီကာဟာ ကြေးပြားသုံးပြားကို ယူလိုက်တဲ့အခါ တစ်ပြားက တစ်ပဲနိတန်ဖြစ်ပြီး ကျန်နှစ်ပြားက ပဲနိဝက်တန် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒါကြောင့် ပဲနိဝက်တန် ကြေးပြားကို ချက်ချင်းကောက်ကိုင်ပြီး “ပဲနိဝက် ပိုနေတယ်”

ကလိုင်းဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ် “ငါ့ရဲ့ ဖောက်သည်ကို ဂရုစိုက်ပေးလို့ ကျေးဇူးပဲ... သူက ငါ့ကို လက်ဖက်ရည်ဖိုး ပေးသွားတယ်... အဲဒါကြောင့် မင်းကို မုန့်ဖိုး ပြန်ပေးတာ”

‘ငါ့ကို ထောက်ခံပေးလို့ ကျေးဇူးတင်တာလည်း ပါတယ်’ သူဟာ စိတ်ထဲကနေ ပြောလိုက်ပါတယ်။

“ဟုတ်ကဲ့ပါ”

အန်ဂျလီကာဟာ ကလိုင်းကို ဘာကြောင့်မှန်းမသိ ကြောက်သွားပေမဲ့ ကျိုးကြောင်းဆီလျော်တဲ့အတွက် မုန့်ဖိုးကို မငြင်းပါဘူး။

ကလိုင်းဟာ သူ့ဆီမှာ ဗေဒင်တွက်မဲ့လူတွေ ပေါ်လာလိမ့်မယ်ထင်ပြီး လူအစည်းအဝေးခန်းထဲ ပြန်ပါတယ်။ ဒါပေမဲ့ ငါးနာရီထိုးပြီးလို့ မိနစ်လေးဆယ် ကျော်တာတောင် ဒုတိယဖောက်သည် ပေါ်မလာပါဘူး။

ဒီလိုဖြစ်ရတာက ဗေဒင်ကလပ်ရဲ့ စီးပွားရေး မကောင်းလို့ မဟုတ်ပါဘူး။ လူအများစုက သူတို့တွက်မဲ့ ဗေဒင်ဆရာကို ရွေးချယ်ထားပြီးတာကြောင့်ပါ။

‘တခြားလူတွေ ထောက်ခံချက် ပေးလို့ သူတို့နဲ့ပဲ တွက်မယ်လို့ ဆုံးဖြတ်ထားတာ ထင်တယ်... ကြည့်ရတာ ငါ့နာမည်က တကယ်ကို လိုနေသေးတာပဲ...’ ကလိုင်းဟာ သူ့ကိုယ်သူ ရယ်မိလိုက်ပါတယ်။

သူဟာ တတိယမြောက် ဆီးဘလက် လက်ဖက်ရည်ခွက်ကို ကုန်အောင် သောက်ပြီးနောက် သက္ကလပ်ဦးထုပ်နဲ့ ငွေရောင်တုတ်ကို ကောက်ယူကာ အစည်းအဝေးခန်းထဲကနေ အေးအေးလူလူ ထွက်ပါတယ်။

အန်ဂျလီကာဟာ ဂလက်ဆစ်ရဲ့ စကားကို ရုတ်တရက် သတိရသွားတာကြောင့် ကလိုင်းရှေ့ ဖြတ်ရပ်ပြီး...

“မစ္စတာမိုရက်တီ... ကျွန်မတို့ကလပ်ကို နောက်တစ်ခါ ဘယ်တော့လာမှာလဲ မသိဘူး... မစ္စတာဂလက်ဆစ်က ရှင့်ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား ပြောချင်လို့ပါတဲ့”

“ငါ အားတဲ့အချိန် လာမယ်... ရေစက်ပါရင် သူ ငါနဲ့ တွေ့ရမှာပါ”

အဲဒီနောက် ကလိုင်းဟာ အန်ဂျလီကာဆီက စကားပြန်ကို မစောင့်တော့ဘဲ ဗေဒင်ကလပ်ကထွက်ပြီး အများသုံး မြင်းလှည်းနဲ့ အိမ်ပြန်ပါတယ်။

သူ အိမ်ထဲ ခြေချလိုက်တဲ့အခါ သတင်းစာဖတ်နေတဲ့ ဘန်ဆင်နဲ့ ဂီယာတွေ ဘောတွေနဲ့ စပရင်တွေကို ညနေခင်း အလင်းရောင်အောက်မှာ တပ်ဆင်နေတဲ့ မလီဆာကို တွေ့လိုက်ရပါတယ်။

“မင်္ဂလာ နေ့လည်ခင်းပါ... မစ္စရှား လာလည်သေးလား” ကလိုင်းက သာမန်ကာလျှံကာ မေးလိုက်ပါတယ်။

ဘန်ဆန်ဟာ သတင်းစာကို လက်က မချဘဲ ခေါင်းမော့ ဖြေပါတယ်။

“မစ္စရှား လာလည်တာ ၁၅ မိနစ် ကြာတယ်... လက်ဆောင်တချို့လည်း ပါလာတယ်... သူက ငါတို့ဧည့်ခံတဲ့ အစာသွတ်ပေါင်မုန့်နဲ့ လီမွန်ကိတ်မုန့်ကို တော်တော်ကြိုက်တယ်... နောက်ကျရင် သူ့အိမ်ကိုလည်း လာလည်ပါဦးတဲ့... သူက ဖော်ရွေပြီး ယဉ်ကျေးတဲ့ အမျိုးကောင်းသမီးပဲ... စကားပြောလည်း ကောင်းတယ်”

“တစ်ခုတည်းသော ပြဿနာက မုန်တိုင်းအရှင်ကို ယုံကြည်တာပဲ... သူတို့တွေက မိန်းကလေးတွေ ကျောင်းတက်တာကို မကြိုက်ဘူး... အိမ်ကျောင်းပဲ တတ်သင့်တယ်လို့ ထင်ကြတာ” မလီဆာက စောဒက တက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမ စိတ်မချမ်းမသာဖြစ်နေတာက သိသာလွန်းပါတယ်။

“စိတ်ထဲမထားနဲ့... သူ ငါတို့ကို မနှောင့်ယှက်ရင် သူက ငါတို့ရဲ့ အိမ်နီးချင်းကောင်းပဲ” ကလိုင်းဟာ သူ့ညီမကို အပြုံးနဲ့ နှစ်သိမ့်ပါတယ်။

လိုအင်နိုင်ငံက ကိုယ်ယုံကြည်ရာကို လွတ်လွတ်လပ်လပ် ယုံကြည် ကိုးကွယ်နိုင်တဲ့ နိုင်ငံပါ။ တိုက်ခိုက်ရေး နတ်ဘုရားကိုပဲ ယုံကြည်တဲ့ မြောက်ပိုင်းက ဖရိုဆက် အင်ပါယာလိုမျိုး မယ်တော် မြေနတ်ဘုရားကိုမ ကိုးကွယ်တဲ့ ဖေးနာပေါ်တာ နိုင်ငံလိုမျိုး နတ်ဘုရားတစ်ပါးတည်း ကိုးကွယ်ယုံကြည်တဲ့ နိုင်ငံ မဟုတ်ပါဘူး။

အဲဒီတော့ မုန်တိုင်းအရှင်၊ ထာဝရည နတ်ဘုရားမ၊ ရေနွေးငွေ့နဲ့ စက်ယန္တရား နတ်ဘုရား... ဒီအဓိက ဘုရားကျောင်းသုံးကျောင်း တစ်ကျောင်းနဲ့ တစ်ကျောင်း သဘောထား ကွဲလွဲတာက ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ရှိခဲ့တာပါ။ နှစ်ပေါင်းတစ်ထောင်ကျော် ပဋိပက္ခတွေ အပြီးမှာ တစ်ကျောင်းနဲ့ တစ်ကျောင်း ကန့်သတ်ထားလို့ အတူတူ တည်ရှိနိုင်နေတာပါ။

“ဟုတ်ကဲ့ပါ” မလီဆာဟာ နှုတ်ခမ်းဆူပြီး သူ့ပစ္စည်းတွေကို အာရုံပြန်စိုက်ပါတယ်။

ညစာ စားပြီးတဲ့အခါမှာတော့ ကလိုင်းဟာ သမိုင်းစာတွေကို ပြန်ကြည့်ပါတယ်။ မလီဆာနဲ့ ဘန်ဆင် ရေချိုးပြီး သူတို့အခန်းတွေဆီ ပြန်သွားမှ သူလည်း ရေချိုးပြီး အိပ်ခန်းထဲပြန်ကာ တံခါး လော့ချလိုက်ပါတယ်။

သူ သင်ယူခဲ့ရတာတွေ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေကို မေ့မသွားအောင် အရေးကြီး အချက်အလက်တွေ ကျန်မနေခဲ့အောင် ပြန်စဉ်းစားပြီး သုံးသပ်ဖို့ လိုပါတယ်။ ဒါမှ နောက်ဖြစ်လာမဲ့အရာတွေကို အတတ်နိုင်ဆုံး မှန်မှန်ကန်ကန် တုံ့ပြန်နိုင်မှာပါ။

ကလိုင်းဟာ သူ့မှတ်စုစာအုပ်ကို လှန်ပြီး ဖော့ပင်ကိုင်ကာ ခေတ်သစ် တရုတ်စာနဲ့ စရေးပါတယ်။

“ဆေးရည်ကို သရုပ်ဆောင်ပြီး ချေဖျက်တဲ့နေရာမှာ ဘယ်ဟာက အရေးကြီးဆုံးလဲ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters