အခြေအနေ ပြောင်းလဲခြင်း
Vol. 010 Ch. 972
တော်ဝင်အလင်း နန်းတော်မှ တန်ခိုးရှင်များ သူ့ဘေးသို့ လျှောက်လှမ်း ရောက်ရှိလာခဲ့လျှင် ကျိမူ၏ မျက်နှာမှာ လေးနက်သွား၏။ ရုတ်တရက် လေထဲတွင် ဓားရောင်တစ်ချက် ဝင်းလက်သွား၏။ လှပသော အလင်းတန်းသည် အားလုံး၏မျက်လုံးများကို ထွင်းဖောက်မတတ် ခံစားချက်အား ပေးသည်။
အလင်းဓားမှာ စူးရှလွန်းရကား ရီဖူရှင်းသည် ကျိမူနှင့် တခြားလူများထံသို့ သွားနေရင်း မျက်လုံးကို သည်အတိုင်း ဖွင့်ထား၍ပင် မရတော့သလို ခံစားရ၏။ အလင်းတန်း၌ ဓားအသိပါဝင်ကာ မျက်လုံးကို တူးဆွနိုင်စွမ်း၏။
ရီဖူရှင်းသည် မျက်လုံးများကို အသာမှိတ်လိုက်၏။ သူ၏သက်စောင့် ဟော်နန်းထဲ၌ ကမ္ဘာသစ်ပင်မှာ လှုပ်ရှား ယိမ်းထိုးနေခဲ့၏။ ပတ်ဝန်းကျင်အား ခမ်းနားထည်ဝါသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခု ရိုက်ခတ် သွား၏။ သူ၏စိတ်ထဲတွင် အရာခပ်သိမ်းမှာ ကြည်လင် ပြတ်သား လာခဲ့သည်။ လူတိုင်း၏ လှုပ်ရှားမှုများ၊ သူတို့၏ အမူအရာများကိုပင် သူကောင်းစွာ မြင်လာခဲ့ရသည်။
ကျန်ကျောင်းနှင့် ဓားသမား ကိုးယောက်က ကျိရာအား နောက်သို့ ဆုတ်စေကာ တိုက်ပွဲ၌ ပါဝင်ခြင်း မရှိစေရန် တားဆီး ထားနိုင်သည်ကို မြင်၏။
ယွီကလန်မှ တန်ခိုးရှင်များ သည်လည်း ယဲ့ကလန်မှ တန်ခိုးရှင်များအား အလစ်မပေးဘဲ တားဆီး ထားသည်ကို သူမြင်၏။ ယွီကလန်နှင့် ယိကလန်တို့သည် ပြည်နယ်ကိုးခု၏ ထိပ်သီး အင်အားစုများ ဖြစ်ကြ၏။ သူတို့အကြား အငြိုးအတေးများ ရှိကောင်း ရှိနိုင်ပေမည် ဖြစ်သော်လည်း ရီဖူရှင်းက ထိုအချက်ကို သိပ်တော့ မသေချာပေ။ သေချာသည်ကား မည်သူတို့က ရန်သူများ ဖြစ်ကာ မည်သူတို့က မိတ်ဆွေများ ဖြစ်သည်ကိုသာ။
အစ်ကိုကြီးကား ပင်လယ်ပြည်နယ်၊ တော်ဝင်မြေသုံးခုမှ တန်ခိုးရှင်များအား စိုက်ကြည့်ကာ ငြိမ်သက်စွာ ရပ်နေ၏။ ရန်ရှောင်၊ ယန်ဟောင်တို့က သူ့ဘေးတွင် ရပ်နေသလို ဟောင်ကျူဂီ၏ မြားများသည်လည်း ထိုလူများအတွက် အရံသင့် ဖြစ်နေပေ၏။ ထိုတော်ဝင် မြေများက လှုပ်ရှားလျှင် သူတို့က အဆင်သင့် တားဆီး နိုင်ပေမည်။ လက်ရှိ အခြေအနေတွင် တိုက်ရိုက် ရင်ဆိုင်ခြင်းက ကောင်းမွန်သော ရွေးချယ်မှုတော့ မဟုတ်ပေ။ တော်ဝင်ကျဲ နန်းတော်ဘက်၌ လူနည်းသလို တခြား တော်ဝင်မြေများ မှာလည်း ဝင်ရောက် စွက်ဖက်ခြင်း မပြုကြသေးပေ။
ရီဖူရှင်း၏ စွမ်းရည်က လက်ရှိတွင် ပြဿနာ သိပ်မရှိသော်လည်း အကယ်၍ ... အကယ်၍ ရီဖူရှင်းသာ သည်နေရာမှ အသက်ရှင် လွတ်မြောက်ခဲ့လျှင်...။
ခွန်ယိုတစ်ယောက် အကြီးအကျယ် ဒေါသထွက်နေ၏။ သူ၏ နတ်ဆင်စွမ်းအားသည် ရီဖူရှင်းအား ဖိနှိပ်နိုင်ခြင်း မရှိခဲ့ပါ။ သူ့ရှေ့တွင်ပင် ရီဖူရှင်းသည် ရှီဟွာတောင်မှ တန်ခိုးရှင် နှစ်ဦးအား သတ်ဖြတ်ကာ အားလုံးကို ထိတ်လန့် တွန့်ဆုတ်စေခဲ့၏။ ထို့အပြင် ရီဖူရှင်းနှင့် အကြိမ် အနည်းငယ် ထိပ်တိုက် ရင်ဆိုင်ခဲ့စဉ်ကလည်း ရီဖူရှင်းထံမှ ပြင်းထန်သော အန္တရာယ် အငွေ့အသက်များကို သူခံစားရ၏။ ရီဖူရှင်းကား အချိန်နှင့် လေဟာနယ်ကို ထိန်းချုပ်ကာ ရန်သူအား သတ်ဖြတ်နိုင်စွမ်း၏။
လေထဲမှ ပိုမိုများပြားသော နတ်ဆင်ပုံရိပ်များ အရာအားလုံးကို ဖျက်ဆီးရန် ဆင်းသက် လာခဲ့ကြ၏။ သူ၏ လက်ရှိ စွမ်းရည်ဖြင့်ပင် ခွန်ယိုကား ရီဖူရှင်း အနီးသို့ မကပ်ရဲပါ။ သူက လေထဲသို့ တက်ရောက်သွားလျင် နတ်ဆင်ပုံရိပ် တစ်ခုမှာ မြန်ဆန်စွာ ကြီးထွားလာခဲ့၏။ ပုံရိပ်က ကောင်းကင်မှသည် ရီဖူရှင်းထံသို့ နင်းခြေ လာခဲ့သည်။ ခွန်ယို လေ့ကျင့်သော စွမ်းရည်ကား အလွန် ရုန့်ရင်း၏။ သူလက်ရှိ သုံးနေသည်မှာ ကျိရှမ်းကမ်းပါး၏ ရှန့်ထိုအဆင့် ပညာရပ်ဖြစ်သည်။ နည်းစနစ်မှာ ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားကိုသုံးကာ ရန်သူအား ဖိနှိပ်နင်းခြေခြင်း ဖြစ်သည်။ နောက်ဆုံး ကျင်းပခဲ့သော ပြည်နယ်ကိုးခု ရှန့်ထိုပြိုင်ပွဲ၌ များစွာသော တန်ခိုးရှင်များအား သည်နည်းဖြင့်ပင် သူ နင်းခြေ သတ်ဖြတ်ခဲ့၏။
“သွား... ”
တစ်ချိန်တည်းမှာ တော်ဝင် အလင်းနန်းတော်မှ ကျိမူနှင့် တခြားလူများ စတင် လှုပ်ရှားကြ၏။ သူတို့၏ အလင်းဓားများ ရီဖူရှင်းထံသို့ လေတိုးသံ တရွှီးရွှီးပေးကာ တိုးဝင်လာကြသည်။ သို့သော် ရီဖူရှင်းက သည်အတိုင်းပင် ဓားချက်များအား နောက်ကျောသို့ ကျဆင်းစေ၏။ နတ်လူဝံက လေထဲသို့ တက်ရောက်သွားလျှင် ကြီးမားသော ဖိအားများ တော်ဝင်အလင်း နန်းတော်မှ တန်ခိုးရှင်များသို့ ရိုက်ခတ် လာခဲ့၏။
သူတို့၏ အမူအရာများ ပျက်ယွင်း သွားကြသည်။ သူတို့က ဒေါသထွက်သော်လည်း ရီဖူရှင်းနှင့် အနီးကပ် တိုက်ခိုက်ရဲခြင်း မရှိပေ။ သူတို့က အလင်းတန်းများ အဖြစ် ပြောင်းလဲသွားကာ မူလနေရာမှ ပျောက်ကွယ် သွားကြကာ နောက်တစ်နေရာ၌ ပေါ်လာကြ၏။
သူတို့ကား အလင်းနှင့် ပေါင်းစပ် ထားသည့်အလား မြန်သည်။ ရီဖူရှင်း၏ အနီးကပ် တိုက်ခိုက်ရေး စွမ်းရည်မှာ ခြွင်းချက်မရှိ ကောင်းမွန်သော်လည်း သူတို့က ကြောက်လန့်ခြင်း မရှိဘဲ နောက်တစ်ဖန် တိုက်ခိုက်ရန် အခွင့်အလမ်းအား ချောင်းမြောင်း ကြ၏။
ရီဖူရှင်း၏ မျက်လုံးများမှာ မှိတ်ထားဆဲ ဖြစ်သော်လည်း တစ်ဖက် လူများ၏လှုပ်ရှားမှုများကို သူကောင်းကောင်း မြင်သည်။ လေဟာနယ် ထိန်းချုပ်မှုများအား သူက အမြင့်ဆုံးသော အနေအထားသို့ ပြင်ဆင်လိုက်၏။ အချိန်နှင့် လေဟာနယ်လှံအား သူက တင်းတင်း ဆုပ်လိုက်လျှင် မြင့်မြတ်သော နတ်ဘုရား စွမ်းအားတစ်ခု စတင် ဖြစ်ပေါ်လာ၏။
တော်ဝင်အလင်း နန်းတော်မှ တန်ခိုးရှင်များ သူ့ထံသို့ ချဉ်းကပ်လာသည့် အခိုက်တွင်ပင် ရီဖူရှင်းအနီးမှ လေဟာနယ်မှာ လုံးဝဥဿုံ ရပ်တန့်သွား၏။ နတ်ဆင်ပုံရိပ် ကျဆင်း လာသောအခါ တော်ဝင်အလင်း နန်းတော်မှ လူများမှာ လေဟာနယ် ထိန်းချုပ် ခံရမှုကြောင့် နောက်ဆုတ်ရန်ပင် မစွမ်းသာတော့ဘဲ အချို့မှာ ထိခိုက်မိကြ ရတော့သည်။
“အလင်း ဖြိုဖျက်ခြင်း...”
ကျိမူ ဦးဆောင်သော တော်ဝင်အလင်း နန်းတော်မှ တန်ခိုးရှင်များသည် အချင်းချင်း ပေါင်းစပ်ခြင်းဖြင့် ဓားချက်များအား လေဟာနယ်ကို ခွင်းလျက် ထုတ်လိုက်ကြ၏။ အဆုံးမဲ့သာ အလင်းများ ထွက်ပေါ်လာခဲ့ကာ လေဟာနယ်ကို အရာခပ်သိမ်း ကင်းမဲ့ခြင်းသို့ ဖြစ်စေ၏။ အလွန်လှပသော အလင်းများ အောက်၌ အရာခပ်သိမ်းတို့သည် ပျက်စီးခြင်းသို့ ရောက်၏။
ရီဖူရှင်းသည် လှံအား ရွယ်လျက် ရှေ့သို့ ပျံသန်းလာခဲ့လျှင် အလင်းမှာ ပြောင်းလဲသွားဟန် ရသည်။ လှံချက်တွင် အရာခပ်သိမ်းမှာ ရပ်တန့်သွားသလို ကျိမူတို့မှာလည်း နှေးကွေး လေးလံသွား၏။ အလင်းအား ဝါးမျိုလာသော ကြောက်မက်ဖွယ် တွင်းနက်ကြီးအား သူတို့မြင်သည်။ လေထဲတွင် မတူခြားနားသော စွမ်းအားနှစ်ခု ရင်ဆိုင်မိနေဟန် ရသည်။
အားလှိုင်းနှစ်ခု ဖြတ်သန်း ရိုက်ခတ်သွားသလို ရီဖူရှင်း သည်လည်း ကျိမူတို့ အုပ်စုကို ဖြတ်သန်း သွားခဲ့၏။ ရီဖူရှင်း၏ အဝတ်အစားများမှာ အပေါက်အပြဲများ ဖြစ်နေကာ သွေးများပင် ယိုစိမ့်ထွက် နေသည်။ သူ၏ အလွန် မာကျောလှသော ခန္ဓာပင် ထို တိုက်ခိုက်မှုများအား ခံနိုင်ရည် မရှိပေ။
ဗြစ် ... ဗြစ် ... ဝုန်း ...
ကျိမူ၏ ခန္ဓာမှာ စတင်၍ အက်ကွဲလာခဲ့ကာ တခြားသော တန်ခိုးရှင်များနှင့်အတူ တဝုန်းဝုန်း ပေါက်ကွဲ ပျောက်ကွယ်သွားပြီး လောကမှ ထွက်ခွာ သွားကြရ၏။
ဘုန်း ...
ထိုအခိုက်တွင်ပင် နောက်ထပ် နတ်ဆင်ပုံရိပ်တစ်ခု ဆင်းသက် လာခဲ့ကာ ရီဖူရှင်းအား နင်းခြေလျှင် သူ့ပါးစပ်မှ သွေးတစ်ပွက် အန်သည်။ သူ့ကိုယ်ရောင် ကိုယ်ဝါ သည်လည်း ဖျော့တော့ သွား၏။
ထိုအခိုက်တွင် ရီဖူရှင်း၏ အဖြူရောင် ဝတ်စုံမှာ သွေးများ ခြင်းခြင်းနီနေပြီး ဆံပင်များမှာလည်း မျက်နှာတစ်ဝိုက် လူးလွင့်နေကြ၏။
သူ့တွင် အချိန်နှင့် လေဟာနယ်လှံရှိကာ ပြိုင်ဘက်ကင်းသော တိုက်ရည် ခိုက်ရည်ကို ပိုင်ဆိုင်သော်လည်း သူ့ခုခံအားမှာ ပြိုင်ဘက်ကင်းခြင်း မရှိပါ။ မည်သို့ဆိုစေ သူကား အဆင့်နိမ့် ကွန်းရှီတစ်ဦးသာ ဖြစ်၏။ သို့တိုင်အောင် သူ၏တိုက်ရည် ခိုက်ရည်နှင့် ခုခံအားတို့မှာ ပြည်နယ်ကိုးခု၌ ထူးဆန်းအံ့ဖွယ်ရာ ကောင်းနေ ပေသေးသည်။
ရီဖူရှင်း၏ လက်တွင်း၌ ပြည်နယ်ကိုးခု ရှီအဆင့်ဝင် (၄)ဦး အသက်ပျောက်ခဲ့ရပြီး ဖြစ်ရာ များစွာသော ရန်သူများအား ထိတ်လန့်ခြင်း ကြီးစွာ ဖြစ်စေသည်။ ရှန့်ထိုများပင် တုန်လှုပ်ရ၏။ ရီဖူရှင်း၏အဆင့် သည့်ထက် မြင့်လာပါက နောင်တွင် သူ့အား မည်သူတို့က တားဆီး နိုင်ပါမည်နည်း။
ရီဖူရှင်းသည်သာ အဆင့်မြင့်ကွန်းရှီသို့ တက်လှမ်း နိုင်ခဲ့ပါလျှင် ပြည်နယ်ကိုးခု၌ သူကား စိတ်ထင်ရာ လုပ်နိုင်ပေတော့မည်။
ရှန့်ထိုကျိ၊ ကျောက်ပြည်ထောင် ဘုရင်၊ ရှီဟွာတောင် ရှန့်ထို၊ ရှန့်ထိုကျဲနှင့် တခြားသော တန်ခိုးရှင်များ အားလုံး ရီဖူရှင်းကို စိုးရိမ်စွာ ကြည့်ကြသည်။ သူ၏ အဝတ်အစားများသာ သွေးများ ပေကျံနေသည် မဟုတ်ဘဲ သူ့မျက်လုံးများ ထဲတွင်လည်း ပြင်းထန်သော လူသတ်ငွေ့များ ရှိနေ၏။ သူတို့အားလုံးက ရီဖူရှင်းအား ကိုယ်တိုင် အဆုံးသတ် လိုကြသော်လည်း အောင့်အည်း သည်းခံနေရသည်။
“မင်းတို့ ဘာကို စောင့်နေကြတာလဲ...” ရှန့်ထိုကျိ၏ အကြည့်သည် ပင်လယ်ပြည်နယ်မှ တော်ဝင်မြေ တန်ခိုးရှင်များထံသို့ ရောက်လာခဲ့၏။
သည်တစ်ခေါက် မြေရိုင်းပြည်နယ်၊ ရှေးနန်းတော်ရာသို့ ခရီး၌ တော်ဝင် အလင်း နန်းတော်ကား ဆုံးရှုံးမှု ကြီးမားခဲ့သည်။ ကျိမူနှင့် ကျိမိုတို့ ကျဆုံးခဲ့၏။ ယခု တော်ဝင်အလင်း နန်းတော်၌ ရှန့်ထိုကျိ၏နေရာကို ဆက်ခံမည့်သူမှာ ကျိရာ တစ်ယောက်သာ ကျန်ရစ်ပေတော့သည်။
ထိုမျှ များပြားသော ဆုံးရှုံးမှုဖြင့်ပင် ရီဖူရှင်းကား သက်ရှိထင်ရှား ရပ်နေဆဲ ...။
လက်ရှိတွင် ရီဖူရှင်းအား သတ်ဖြတ်ရန် မအောင်မြင်ခဲ့ပါက အနာဂတ်တွင် ကြီးမားသော ဘေးနှင့် ကြုံရမည်မှာ သေချာသည်။ အကျိုးဆက်မှာ မခန့်မှန်း နိုင်အောင် ဆိုးဝါး ပေလိမ့်မည်။
နောက်နှစ် အနည်းငယ် အတွင်း၌ပင် ရီဖူရှင်းကား တော်ဝင်မြေ တစ်ခုကို သူ တစ်ယောက်တည်းဖြင့် အဆုံးသတ် နိုင်လောက်ပေပြီ။
ဓားသခင်က မိစ္ဆာဓားကို တင်းတင်းဆုပ်လျှင် ပြင်းထန်သာ မိစ္ဆာစွမ်းအားများ လေထဲကို ရိုက်ခတ် သွား၏။ ရန်ရှောင်၊ ယန်ဟောင်နှင့် ကျူးကော့ချန်းဖန် တို့လည်း ထိုနေရာတွင်ပင် ရပ်နေကြ၏။
သို့သော်လည်း အဆုံးမဲ့ ပင်လယ်မှလည်း တန်ခိုးရှင်များစွာ ရှိနေပေသည်။ သူတို့ တိုက်ပွဲထဲသို့ ဝင်လာသည်နှင့် တော်ဝင်ကျဲ နန်းတော်မှာ ကြီးမားသော အန္တရာယ်နှင့် ကြုံရပေတော့မည်။
“တိုက်... ”
ပင်လယ်ရှန့်ထိုက အမိန့်ပေးလျှင် တော်ဝင်မြေသုံးခုမှ တန်ခိုးရှင်များ အားလုံး ကြီးမားသော စွမ်းအားများကို ထုတ်ဖော် လာကြတော့သည်။
ရီဖူရှင်းကား စွမ်းအားကြီးသည်။ သို့သော် ယခု သူ၏ကိုယ်ရောင် ကိုယ်ဝါမှာ ဖျော့တော့နေ၏။ သူကား ကြီးမားစွာ ဒဏ်ရာ ရခဲ့ဟန်ရ၏။ မည်သို့ဆိုစေ သူကား သည်နေရာတွင် သူ့အသက်ကို ထားခဲ့ရပေတော့မည်။
တန်ခိုးရှင်များ လေထဲသို့ ပျံသန်းလာသည်ကို မြင်လျှင် ဓားသခင်ထံမှ မိစ္ဆာ စွမ်းအားများ ပေါက်ကွဲ ထွက်လာခဲ့၏။ အတိတ်က သူသည် မိစ္ဆာဓားကို အသုံးပြုခဲ့ သော်လည်း ထိုစဉ်က မိစ္ဆာ စွမ်းအားများကို ကောင်းကောင်း ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း ယခု သူကား ကွန်းရှီ အဆင့်သို့ ရောက်နေပြီးဖြစ်ရာ သူ၏ အသုံးပြုနိုင်မှုမှာလည်း ပိုမိုအားကောင်း လာခဲ့ပေသည်။
မိစ္ဆာဓားသည် သူနှင့် တစ်သားသည်း ဖြစ်သွားဟန်ရပြီး သူက ဓားကို ဝှေ့ယမ်းလိုက်လျှင် လေထဲ၌ မှော်နက် ဓားရောင် တစ်ချက် လက်သွားသည်။ ဓားရောင်က အရာအားလုံးကို ဖြတ်သန်း ဝင်ရောက်လာခဲ့လျှင် အဆုံးမဲ့ပင်လယ်မှ တန်ခိုးရှင်များ အားလုံး နောက်ဆုတ် ကြရသည်။
ဝှစ်...
ဓားသခင်က တစ်ဖန် ရန်သူများထံသို့ တက်သွားကာ ဓားအား ဝှေ့ယမ်း လိုက်ပြန်သည်။ သူကား ဝင်္ကပါကို ကိုယ်တိုင် ပျက်ပြယ်စေကာ ရန်သူများအား ပြန့်ကျဲစေလျက် တိုက်ခိုက်သည်။
“ရှန့်ထိုရှားနဲ့ ရှန့်ထိုလီတို့က ပြည်နယ်ကိုးခုမှာ လေးစား ကြည်ညိုခံရပြီး ဂုဏ်သိက္ခာ ကြီးမြင့်တဲ့သူတွေပဲ။ အခု တော်ဝင်မြေတွေက မြေရိုင်း ပြည်နယ်ကို ပူးပေါင်းပြီး အနိုင်ကျင့်ကြတယ်။ သူတို့အတွက် မျှတမှုတစ်ခုတော့ လိုနေပြီ” ထိုအခိုက်တွင် လစန္ဒာရှန့်ထိုက ရှန့်ထိုရှားနှင့် ရှန့်ထိုလီတို့အား ကြည့်သည်။ ရှန့်ထိုကျင့် ပြောသည်မှာ မမှားပေ။ ရှန့်ထိုရှားသည်လည်း ရီဖူရှင်းအား အမှန်တကယ် သဘောကျပေသည်။ ရီဖူရှင်းသည်လည်း ပြည်နယ်ကိုးခု ကျောင်းတော်သို့ အကြိမ်များစွာ သွားလည်ပတ်ဖူးကာ ရှန့်ထိုလီနှင့် ကောင်းမွန်သော ဆက်ဆံရေးများ ရှိပေသည်။
ဤတွင် ထိုဆက်ဆံရေးကို ကောင်းစွာ အသုံးချ သင့်ပေသည်။ ယခု အားလုံးမှာ ရီဖူရှင်း၏ စွမ်းရည်များအား ကြောက်လန့် ခဲ့ကြသဖြင့် တော်ဝင်မြေ အတော်များများမှာ ဝင်ပါရန် တွေဝေနေကြသည်။ အကယ်၍ ရှန့်ထိုရှားနှင့် ရှန့်ထိုလီတို့သာ တစ်စုံတစ်ခု ပြောဆိုပါက အခြေအနေမှာ ပြောင်းလဲ သွားနိုင်ပေသည်။ သည်အဘိုးအို နှစ်ယောက်သည်ကား ပြည်နယ်ကိုးခု၌ အမြင့်ဆုံးသော အဆင့်အတန်းများကို ပိုင်ဆိုင်သူများ ဖြစ်ကြသည်။
ရှန့်ထိုရှားသည် အမှန်တကယ် ရီဖူရှင်းအား သဘောကျပေသည်။ ရှားရှင်းယွန် မထွက်သွားမီက ရှန့်ထိုရှားအား တခြား ရှန့်ထိုများက စည်းမျဉ်းများ မချိုးဖောက်စေရန် စောင့်ကြည့် ခိုင်းခဲ့သည်။ သည်အတားအဆီး ကပင် ရီဖူရှင်းအတွက် မင်းသမီး၏ စမ်းသပ်မှု ဖြစ်နိုင်သည်ဟု သူတွေးမိသည်။
ထို့အပြင် သူ၏ အဆင့်အတန်းဖြင့် သူဝင်ပါခဲ့ပါက ပြည်နယ်ကိုးခုကား မုန်တိုင်း ထန်ပေလိမ့်မည်။
သူက ရပ်ခိုင်းလျှင်ပင် ရှန့်ထိုကျိ၏ လူများက သူ့စကားကို နားထောင်မည် မဟုတ်ပေ။
“တော်ဝင်မြေတွေ အများအပြား ပူးပေါင်း ကြံစည်တာ တကယ်ပဲ လက်မခံနိုင်စရာပဲ။ ဒါပေမဲ့ ကျောင်းတော် ဆိုတာ သင်ကြား ပို့ချတဲ့နေရာဖြစ်လို့ ကျုပ်က တပည့်တွေကို တိုက်ပွဲထဲ ဝင်ပါခိုင်းဖို့ မသင့်တော်ပေဘူး” ရှန့်ထိုလီက ခေါင်းယမ်းသည်။ လစန္ဒာရှန့်ထိုက ရှန့်ထိုလီ ပြောသည်ကို ကောင်းကောင်း နားလည်ပေသည်။
လစန္ဒာရှန့်ထိုက ရှန့်ထိုရှားနှင့် ရှန့်ထိုလီတို့ကို တိုက်တွန်းသည်ကို မြင်လျှင် သူ၏အမူအရာက တင်းမာ ခက်ထန် လာသည်။ သူက အေးစက်စွာ ပြောသည်... “ခင်ဗျား ဘယ်တုန်းက မှန်ကန် မြင့်မြတ် သွားတာလဲ...”
လစန္ဒာရှန့်ထိုက သူ့အား လျစ်လျူရှု ထားသည်။
“တိမ်တိုက်ပြည်နယ်နဲ့ စစ်ဘုရင် ပြည်နယ်တို့ကလည်း စိတ်မဝင်စားဘူး မလား...။ ခင်ဗျားတို့က ရန်ဟောင် အမွေအနှစ်ကို စိတ်မဝင်စားရင် ဒီနေရာကနေ ထွက်သွားကြပါ...” ရှန့်ထိုကျိက သူတို့အား ကြည့်ကာ ပြောသည်။ တိမ်တိုက် ပြည်နယ်မှ တော်ဝင်မြေ လေးခုနှင့် စစ်ဘုရင် ပြည်နယ်မှ တော်ဝင်မြေ သုံးခုမှာလည်း ပဋိပက္ခကြားထဲ ဝင်ပါခြင်း မပြုကြပေ။
“နောက်ဆုတ် ရမယ်...” တစ်စုံ တစ်ယောက်က ရယ်မော လိုက်သည်... “ခင်ဗျားက တော်ဝင်အလင်း နန်းတော်ဟာ ပြည်နယ်ကိုးခုမှာ သိုင်းစွမ်းအား အမြင့်ဆုံး ဖြစ်တယ်... ပြိုင်ဘက်ကင်းတယ် ဆိုပြီးတော့ အမြဲ ကြွားဝါတယ်...။ အခု တခြား တော်ဝင်မြေတွေနဲ့ ပူးပေါင်း တာတောင် တော်ဝင်ကျဲ နန်းတော်ကို အသာစီး မယူနိုင်ဘူး...။ အခု ခင်ဗျားက တခြား အင်အားစုတွေကိုလည်း ဝင်ပါခိုင်းတယ်။ အခု ခင်ဗျား ကြောက်နေတာ များလား”
အားလုံး၏ မျက်လုံးများက စကား ပြောလိုက်သူထံသို့ ရောက်သွား ကြသည်။
သူကား ချီပြည်နယ်၊ ချီကလန် ခေါင်းဆောင် ရှန့်ထိုချီဖြစ်ပြီး သူကား ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်(၇)တွင် ရှိပေသည်။
ချီကလန်ကား ကျောက်ပြည်ထောင် ကဲ့သို့ပင် ယခင်က ချီပြည်နယ်ကို အုပ်စိုးမင်းမူ ခဲ့ဖူးပေသည်။ နောက်ပိုင်း တော်ဝင် အလင်းနန်းတော် အင်အား ကြီးလာသောအခါ သူတို့၏ လွှမ်းမိုးမှုမှာလည်း တဖြည်းဖြည်း လျော့းပါးသွားခဲ့ပြီး တော်ဝင် အလင်း နန်းတော်ကသာ ချီပြည်နယ်၏ အင်အား အကြီးဆုံးကဲ့သို့ ဖြစ်လာခဲ့သည်။ သို့သော်လည်း ပုံမှန်အားဖြင့် သူတို့၏ အင်အားမှာ မတိမ်းမယိမ်း အနေအထားတွင်သာ ရှိပေသည်။
လစန္ဒာ ရှန့်ထိုက ပြုံးသည်။ ပြည်နယ်ကိုးခုလုံးက သူတို့၏ရန်သူလား။ ထိုသို့ မဖြစ်နိုင်ပေ။
***