လေပြင်းလာလေပြီ
Vol. 010 Ch. 973
ရှန့်ထိုကျိ မျက်မှောင်ကြုတ် လိုက်သည်။ သူ့မျက်လုံးများမှ ဓားသွားတမျှ ထက်ရှသော အေးစက်သော အငွေ့အသက်များ ရှန့်ထိုချီထံသို့ လွင့်သွားသည်။
ချီပြည်နယ်၏ တော်ဝင်မြေ လေးခုထဲတွင် ကျိရှားနန်းတော်ကား ပြည်နယ်ကိုးခု ကျောင်းတော်ကဲ့သို့ သင်ကြားခြင်းတွင်သာ ဦးစားပေးကာ တခြားသော အရေးများ၌ ပါဝင် စွက်ဖက်ခြင်း မပြုပေ။ ယွီအိမ်တော်ကား ဂီတသံစဉ်တွင် အားကောင်း သော်လည်း ချီပြည်နယ်၏ တော်ဝင်မြေ လေးခုထဲတွင် အားအနည်းဆုံး ဖြစ်ရာ ပြဿနာ သိပ်မရှာကြပေ။
ထို့ကြောင့် ချီပြည်နယ်တွင် အဓိက အားပြိုင်ကြသည်မှာ ယခင် ချီပြည်နယ်၏ အအိုဟောင်းဆုံး တော်ဝင်မြေဖြစ်သော ချီကလန်နှင့် လက်ရှိ အထွန်းတောက်ဆုံး တော်ဝင်အလင်း နန်းတော်တို့ ဖြစ်ကြသည်။ သူတို့မှာ မိမိကိုယ်ကို ပြည်နယ် အတွင်း၌ အင်အား အကြီးဆုံးအဖြစ် သတ်မှတ် ထားကြ၏။ သူတို့ တပည့်များ အကြားပင် မကြာမကြာ ပဋိပက္ခများ ဖြစ်သည်။ ရှန့်ထိုချီကား ငြိမ်သက် အေးဆေးကာ ရှန့်ထိုကျိနှင့် ဆန့်ကျင်ဘက် စိတ်နေသဘောထား ရှိသည်။ သူတို့အကြားတွင် သဟဇာတ သိပ်မဖြစ်သော်လည်း ပြည်နယ် တစ်ခုတည်းတွင် အချိန်ကြာမြင့်စွာ အမြစ်ကုပ် လာခဲ့သည့် သူတို့အကြား ကြီးကြီးမားမား ပြဿနာတော့ မဖြစ်ဖူးသေးပေ။
သို့သော် လက်ရှိ ရှန့်ထိုချီ၏စကားတွင် ထူးခြားသော သဘောများ ပါဝင်နေသည်။
“ခင်ဗျား ဒီကိစ္စမှာ ဝင်ပါချင် နေတာလား...” ရှန့်ထိုကျိက အေးစက်စွာ ပြောသည်။
“သခင်ရီရဲ့ ပါရမီက ပြည်နယ်ကိုးခုမှာ ပြိုင်ဘက် ကင်းတယ်... ။ အချိန်တစ်ခုကြာရင် သူက စွမ်းအား အမြင့်ဆုံး တန်ခိုးရှင် ဖြစ်လာလိမ့်မယ်။ အခုခင်ဗျားက ရှန့်ထိုအဆင့်မှာ ဖြစ်ရက်နဲ့ လူငယ်မျိုးဆက် တစ်ယောက်ကို ပစ်မှတ်ထား ရန်ရှာနေတာ ... ဒါက ခင်ဗျား အဆင့်အတန်းနဲ့ မလိုက်ဘက်ဘူး...။ ခင်ဗျားက ခင်ဗျားရဲ့ဂျူနီယာတွေ ကြီးထွားလာမှာကို မလိုလားဘူးလား။ ခင်ဗျားရဲ့ ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်က ခင်ဗျားနေရာကို စိတ်ပူနေတာလား”
ရှန့်ထိုချီက ရှန့်ထိုကျိ၏ သဘောထားကို ဂရုမစိုက်ပေ။ ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်တွင် နံပါတ်(၇) နေရာတွင်ရှိသော သူ့အနေဖြင့် ရှန့်ထိုကျိထက် အဆင့်နှစ်ဆင့် နိမ့်သည့်တိုင် သူကား မကြောက်ပေ။ ချီကလန်တွင် ဖုံးကွယ်ထားသော အင်အားများစွာ ရှိပေသည်။ တော်ဝင်အလင်း နန်တော်ကား ချီပြည်နယ်တွင် အင်အား အကြီးဆုံး အဖြစ် ကြွားဝါ သော်လည်း ချီကလန်ကို လာရောက် မတိုက်ခိုက်ရဲပေ။
“ရန်ဟောင် အမွေအနှစ်ကတော့ ခင်ဗျားရဲ့ ဂျူနီယာက ယူသွားပြီးပြီ။ သခင်ရီကလည်း ဒါကို မမက်မောသလို မင်းသမီးလည်း မမက်မောခဲ့ဘူး။ ဒါက ခင်ဗျား စိတ်ဓာတ် ဘယ်လောက် သေးနုပ်လဲဆိုတာ သိသာစေတယ်...” ရှန့်ထိုချီက ဆက်ပြောသည်။
ရှန့်ထိုကျိက ရှန့်ထိုချီအား ကြည့်ကာ ဘာမှ မပြောပေ။ တစ်ဖက်လူ ဘာကြံနေသည်ကို သူနားလည်၏။
ယနေ့ တိုက်ပွဲတွင် ရီဖူရှင်းမှာ အလွယ်တကူ အသတ်ခံခဲ့ရပါက ရှန့်ထိုချီ ဝင်ရောက် ပြောဆိုမည် မဟုတ်ပေ။ သူကပင် ရန်ဟောင် အမွေအနှစ်အတွက် ဝင်ရောက် ယှဉ်ပြိုင် ပေဦးမည်။
သို့သော် လတ်တလော ဖြစ်ပျက်ခဲ့သော တိုက်ပွဲ၌ ရီဖူရှင်းကား ကောင်းကောင်း သက်သေပြ နိုင်ခဲ့၏။ မှန်သည် ... ထိုအချက်က ရှန့်ထိုချီနှင့် သိပ်မသက်ဆိုင် သော်လည်း ယနေ့ ရီဖူရှင်းသာ လွတ်မြောက်ခဲ့လျှင် နောင်တွင်...။
ရီဖူရှင်းက သေချာပေါက် တော်ဝင်အလင်း နန်းတော်ကို တိုက်ခိုက် ဖျက်ဆီးရန် ကြိုးစား ပေလိမ့်မည်။
ကျိမူနှင့်ကျိမိုတို့မှာ သူ၏လက်တွင် သေဆုံးပြီး မဟုတ်ပါလား။
အကယ်၍ တော်ဝင်အလင်း နန်းတော်မှ တပည့်များ ကြီးမားစွာ ဆုံးရှုံးခဲ့လျှင် နောက်ထပ် မျိုးဆက်မှာ ချီကလန်ကို မည်သို့ ယှဉ်ပြိုင်မည်နည်း။
ထိုအကြောင်း ပြချက်ကပင် ရှန့်ထိုချီအတွက် ဝင်ပါရန် ဖြစ်လာ၏။ ထို မှန်ကန်ခြင်း တရားဟူသော စကားရပ်ကား ရန်ဟောင် အမွေအနှစ်ရှေ့တွင် ဘာမှ မဟုတ်ပေ။
ကျင့်ကြံခြင်း လမ်းစဉ်ကား ကောင်းကင်နှင့် မြေပြင်ကို သည်းညီးခံခြင်း ဖြစ်သော်လည်း တစ်ဖက်တွင်လည်း ရုန်းကန် လှုပ်ရှားခြင်း ဖြစ်၏။ ကျင့်ကြံခြင်း၏ အနှစ်သာရကား လုယက်ဝါးမျိုခြင်း ဖြစ်၏။ လောကအတွင်း ရုန်းကန်ခြင်း တစ်ခုတည်းသာ မဟုတ်ပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်က ခြွင်းချက်မရှိ ပါရမီပါခြင်း မဟုတ်လျှင် အဘယ်ကြောင့် ကျင့်ကြံ ရမည်နည်း။
ရှန့်ထိုချီကား ရက်ရောဟန် ရသော်လည်း အမှန်တကယ်အားဖြင့် သူက တော်ဝင်အလင်း နန်းတော်ကို တိုက်ခိုက်ရန် ကြီးစွာ စိတ်အား ထက်သန်နေခြင်း ဖြစ်၏။
“အားလုံး ဘယ်လိုထင်လဲ... ” ရှန့်ထိုကျိက တခြားသော တော်ဝင်မြေများမှ တန်ခိုးရှင်များအား ကြည့်သည်။ သူတို့ကား တောက်လျှောက် အကဲခတ် နေခဲ့ကြ၏။ သူတို့က လက်ကိုပင် မမြှောက်ဘဲ အနိုင်ရလဒ်၏ အကျိုးကျေးဇူးကို ရရှိလိုနေကြသည်လား။
မှန်သည် ... ရီဖူရှင်းက အလွန် အားကောင်းကာ ပြည်နယ်ကိုးခု ရှီအဆင့်ဝင် လေးယောက်အား သတ်ဖြတ်နိုင်ခဲ့မည်ဟု သူကိုယ်တိုင်က မထင်မှတ်ထားခဲ့ပေ။
“သူ သွားပါစေ...” အသံတစ်သံ ကြားရ၏။ အားလုံးက လှည့်ကြည့်လျှင် ပြောလိုက်သူကား ဗာဂျာရာဒေသသခင် ဖြစ်နေသည်။
ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်တွင် နံပါတ်(၆)နေရာ၌ ရှိသောသူက ယခု သူ၏ သဘောထားကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။ ဤနည်းဖြင့် ဝင်ပါရန် စဉ်းစားနေသော တော်ဝင်မြေများမှာ ပိုမို၍ပင် တွန့်ဆုတ် လာကြသည်။ လက်ရှိ အခြေအနေတွင် သူတို့ဝင်ပါလျှင်ပင် ရီဖူရှင်းအား သတ်ဖြတ်ကာ ရတနာလှံကို ရယူရန်ပင် အခွင့်အရေး လွန်စွာ နည်းပေသည်။ ရီဖူရှင်းသည် ပြင်းထန်စွာ ဒဏ်ရာ ရထားသော်လည်း လက်ရှိ သူပြသထားသော စွမ်းရည်များအရ သတ်ဖြတ်ရန် ဆိုသည်ကား အလွန် ဝေးကွာသော အနေအထား တစ်ခု ဖြစ်နေပေ သေးသည်။
သိသာစွာပင် အလားအလာက အကျိုးအမြတ်ကို လွှမ်းမိုး နိုင်ပေသည်။
လက်ရှိ အခြေအနေအရ ပင်လယ် ပြည်နယ်မှ တော်ဝင်မြေ သုံးခု၏ တန်ခိုးရှင်များသည် သူတို့၏ အသက်ကို မစွန့်စားရဲဟန် ရှိသည်။ သူတို့သာ တော်ဝင်ကျဲ နန်းတော်မှ တစ်စုံ တစ်ယောက်အား သတ်ဖြတ်ခဲ့ပါက ရီဖူရှင်းကလည်း သူတို့အား သေချာပေါက် သတ်ဖြတ်ပေမည်။ သူ ထုတ်ပြထားသော စွမ်းရည်ကား မည်သည့် ရှီတန်ခိုးရှင်ကိုမဆို ထိတ်လန့် စေနိုင်ပေသည်။
ရီဖူရှင်းကား လက်ရှိတွင် ခွန်ယို၊ နေ့ခိုင်နှင့် ကျောက်မင်တို့အား ရင်ဆိုင်နေသည်။ သို့သော် သူတို့က ရီဖူရှင်းအား သတ်ဖြတ်ရန် မလွယ်ကူပေ။
လက်ရှိတွင် ရီဖူရှင်းသည် အလင်းတန်းအလား ကျောက်မင်ထံသို့ ပျံသန်းသွားကာ လှံကို ဝှေ့ယမ်း လိုက်၏။ ကျောက်မင်၏ နောက်မှ ဖီးနစ်ကလည်း အတောင်ပံ ခတ်ကာ တိုက်ခိုက်မှုအား ခုခံလျက် နောက်သို့ အတော်ဝေးဝေး ဆုတ်သွားသည်။
“သွားမယ်...” ရီဖူရှင်းက ပြောသည်။ နန်းတော်မှ လူများကလည်း အပေါ်သို့ ပျံတက် လာခဲ့ကြ၏။ ဓားသခင်၊ ကျန်ကျောင်းနှင့် တခြား လူများသည်လည်း တိုက်ရင်း ခိုက်ရင်း ရီဖူရှင်းထံသို့ ဆုတ်ခွာ လာခဲ့ကြသည်။ ကျိရာနှင့် ပင်လယ် နန်းတော်မှ တန်ခိုးရှင်များ၏ တိုက်ခိုက်မှုများမှာ မူလကလို ပြင်းထန်ခြင်း မရှိတော့ပေ။ အတန်ကြာလျှင် နန်းတော်မှ တန်ခိုးရှင်များ စုစည်းကာ အတူ ပျံသန်း ထွက်ခွာကြ၏။ မည်သူကမှ သူတို့အား မတားဆီးနိုင်ပေ။
“အားလုံးကို ကျေးဇူးတင်ပါတယ်...” ရီဖူရှင်းက ပြောသည်။ ရီဖူရှင်းက နောက်လှည့်ထွက် သွားလျှင် ခွန်ယိုနှင့် ကျိရာတို့ သူ့နောက်သို့ ဆက်လိုက်ရန် ကြံရွယ်ကြ၏။
“သူတို့နောက်ကို လိုက်ဖို့ မလိုဘူး...” ရှန့်ထိုကျိက သုန်မှုန်စွာ ပြောသည်။ ကျိရာလည်း မည်းမှောင်သော မျက်နှာဖြင့် ရပ်၏။
သူတို့ကား ရီဖူရှင်းကို ရန်ဟောင် အမွေအနှစ်နှင့်အတူ ထွက်သွားခွင့် ပြုခဲ့ကြပေသည်။
“နောက်ပိုင်း ပြန်တွေ့ကြတာပေါ့...” အဝေးမှ အေးစက်သော အသံတစ်သံ ပျံ့လွင့်လာခဲ့၏။ ပြောလိုက်သူကား ရီဖူရှင်း ဖြစ်သည်။ အားလုံးက သူ ထွက်သွားသည်ကို ကြည့်ကာ စိတ်များ ဂနာမငြိမ် ဖြစ်နေကြ၏။ သည်တိုက်ပွဲအား သူတို့ မေ့လျော့ နိုင်တော့မည် မဟုတ်ပေ။
သူက ကိုယ်ပိုင် စွမ်းရည်ဖြင့် ပြည်နယ်ကိုးခု ရှီအဆင့်ဝင် လေးယောက်အား သတ်ဖြတ်ခဲ့သည်။ ပြည်နယ်ကိုးခု၌ မည်သူတို့က ဤသို့သော မှတ်တမ်းမျိုးကို စွမ်းဆောင် နိုင်မည်နည်း။
ဧရာမ ဓားတစ်လက်သည် ကောင်းကင်မှ တစ်ဆင့် ရီဖူရှင်းရှေ့သို့ ကျဆင်း လာခဲ့သည်။ ရီဖူရှင်းနှင့် တခြားလူများက ဓားအပေါ်သို့ တက်လျှင် ဓားသည် အဝေးသို့ ပျံသန်း ထွက်ခွာ သွားသည်။
မည်သူကမှ သူတို့နောက်သို့ မလိုက်ပါ။ ပြည်နယ်ကိုးခုမှ ရှန့်ထိုများသည် ထိုနေရာမှလာသော ရှန့်ထို စွမ်းအင်အား ခံစားမိကြသည်။ သူကား ကျေးရွာ ခေါင်းဆောင် ဖြစ်သည်။ ကျေးရွာ ခေါင်းဆောင်သည် တစ်ချိန်လုံး ဤအနီးအနားတွင် ရှိနေခဲ့ဟန် ရ၏။
ဓားသည် ကောင်းကင်ထက်တွင် မြန်ဆန်စွာ ပျံသန်းနေခဲ့သည်။ ဓားပေါ်တွင် ရီဖူရှင်းက သွေးတစ်ပွက် အန်၏။ ရှီတန်ခိုးရှင် အများအပြား၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံခဲ့ရရာ သူ့ခန္ဓာကိုယ်သည် မည်မျှပင် အားကောင်းပါစေ ဒဏ်ရာ ပြင်းစွာ ရခဲ့၏။ ရီဖူရှင်းကား ကွန်းရှီအဆင့်သို့ ယခုမှ တက်လှမ်း လာခဲ့ခြင်း ဖြစ်သည်။
“မင်းတို့ အဆင်ပြေလား...” ရီဖူရှင်းက သူ့နောက်မှ ဟွာဂျီယူနှင့် ယူချင်းအား ကြည့်သည်။ သူတို့က ရှေးအုတ်ဂူ အပြင်၌ ကျိရာနှင့် ကျိမူတို့ဖြင့် တိုက်ခိုက်ခဲ့ကြ၏။ ယူချင်းက မိစ္ဆာ အသွင်ပြောင်းခဲ့ကာ သူ၏ စွမ်းအားများ အားလုံးကို အသုံးပြုခဲ့ရသည်။ ဟွာဂျီယူသည်လည်း ဒဏ်ရာ အချို့ ရခဲ့၏။
ရှေးနန်းတော်ရာ ဟောင်းသို့ ခရီးစဉ်မှာ အလွန် အန္တရာယ် များခဲ့သည်။ ဟောင်စီမှာ ဆုံးပါးခဲ့သော်လည်း သူက တည်တည်ငြိမ်ငြိမ် ထွက်သွားခဲ့သည်။ သူ၏ သေဆုံးခြင်းက ထိုက်တန်ခဲ့သည်ဟု သူကိုယ်တိုင် တွေးတောခဲ့ဟန် တူသည်။
ဟောင်ဂျူဂီသည် ရန်ဟောင် အမွေအနှစ်အား ဆက်ခံနိုင်ခဲ့သည်။
“ငါတို့ အဆင်ပြေတယ်...” အားလုံးက ခေါင်းညိတ် ကြသည်။ အားလုံးက ဒဏ်ရာ တချို့ ရခဲ့ကြသော်လည်း ပြဿနာ သိပ်မရှိပါ။
“ငါတို့ နန်းတော်ကို ပြန်ရောက်တာနဲ့ စစ်ပွဲအတွက် ပြင်ဆင်ရမယ်။ ဝင်္ကပါတွေကို မြန်မြန်ဆန်ဆန် ပြင်ဆင်ရမယ်” ရီဖူရှင်းက ပြောသည်။ စစ်ပွဲက မကြာခင် စတင်တော့မည်ကို သူသိသည်။ ရှန့်ထိုကျိ၊ ကျောက်ပြည်ထောင် ဘုရင်နှင့် ရှီဟွာတောင် ရှန့်ထိုတို့က သေချာပေါက် လက်လျှော့မည် မဟုတ်ပေ။
***
နန်းတော်ရာ ဟောင်းတွင်ကား ရှီဟွာတောင် ရှန့်ထိုသည် ကောင်းကင်ကို မော့ကြည့်နေ၏။ ရီဖူရှင်းကား သူ၏ မြင်ကွင်းမှ ပျောက်ကွယ် သွားပြီး ဖြစ်သည်။
ဤတိုက်ပွဲက အလွန် ပြင်းထန်ခဲ့မည်ဟု သူမထင်ခဲ့ပေ။ လက်ထပ်ပွဲ မဟာမိတ်က တော်ဝင်ကျဲ နန်းတော်ကို အလွယ်တကူ ဖျက်ဆီး နိုင်မည်ဟု သူယူဆခဲ့သည်။
သို့သော် ဦးဆုံး ကျိရှမ်းကမ်းပါးမှာ တိုက်ခိုက် ဖျက်ဆီးခံခဲ့ရပြီး ယနေ့တွင်လည်း ရှီဟွာတောင်မှ ပြည်နယ်ကိုးခု ရှီအဆင့်ဝင် နှစ်ဦး အသတ်ခံခဲ့ရသည်။ ကျောက်ပြည်ထောင် ဘုရင်၏ အကြီးဆုံးသား ဖြစ်သော ကျောက်ဟောင် သည်လည်း အသတ်ခံခဲ့ရ၏။
လျှပ်တစ်ပြက် သူက မှန်နန်းတော် သခင်မထံသို့ လှမ်းသွား လိုက်သည်။
ကျောက်ပြည်ထောင် ဘုရင်ကလည်း သူမအား ကြည့်သည်။ ထိုစဉ် လစန္ဒာရှန့်ထိုက ပြောသည်… “အရှေ့ဘက် ပြည်နယ်ရဲ့ တော်ဝင်မြေနှစ်ခုက မှန်နန်းတော် သခင်မကို ပူးပေါင်း တိုက်ခိုက်မလို့ ကြံစည် နေကြတာလား။ ဒါဆိုလည်း ကျုပ်က ခင်ဗျားတို့နဲ့ တစ်ပွဲ တစ်လမ်း စမ်းကြည့် ရတာပေါ့”
ရှီဟွာတောင် ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့က ရပ်လိုက်ကာ လစန္ဒာရှန့်ထိုအား ကြည့်ကြသည်။
လစန္ဒာရှန့်ထိုကား တော်ဝင်စစ်ပွဲ၌ လုံးဝ ပါဝင်တော့မည့် ပုံစံဖြစ်သည်။ သူက မှန်နန်းတော် သခင်မအားလည်း ကာကွယ်လို၏။
တခြားသော ရှန့်ထိုများမူကား မှန်နန်းတော် သခင်မနှင့် အငြိုးအတေး မရှိပေ။ ရီဖူရှင်းက အချိန်နှင့် လေဟာနယ်လှံကို ယူဆောင်သွားကာ ဟောင်ကျူဂီက ရန်ဟောင် အမွေအနှစ်အား ယူဆောင်သွားပြီး ဖြစ်ရာ သူတို့အနေဖြင့် ဤနေရာတွင် ဆက်နေစရာ အကြောင်း မရှိတော့ပေ။
မှန်နန်းတော် သခင်မသည် ကျောက်ပြည်ထောင် ဘုရင်၏ ကိစ္စဖြစ်သည်။ သူမက သူတို့နှင့် မည်သို့မှ မသက်ဆိုင်ပေ။
သူတို့သည် ရန်ဟောင် အမွေအနှစ်ကြောင့်သာ ပါဝင် ပတ်သက်ရခြင်း ဖြစ်သည်။ သူတို့၏ ပူးပေါင်းမှုကြောင့် အမွေအနှစ်အား နောက်တစ်ယောက် ရရှိသွားပါလျှင် ထိုသူထံမှလည်း ဝိုင်းဝန်း လုယက်ကြဦးမည် ဖြစ်သည်။
“ခင်ဗျားတို့ အိမ်ပြန်ပြီးတော့ ဘယ်သူကမှ စစ်ပွဲအတွက် မပြင်ဆင် ကြဘူးလား။ ရီဖူရှင်းက အားကောင်း လာပြီးတော့ ခင်ဗျားတို့ဆီကို ကလဲ့စား လာချေတဲ့အထိ စောင့်နေဦးမှာလား” ရှန့်ထိုကျိက အေးစက်စွာ ပြောသည်။
ထွက်သွားရမည်လား။
သူက မည်သည့် နေရာကို သွားရမည်နည်း။
ရီဖူရှင်းက သည်နေရာမှ အသက်ရှင်ရက် ထွက်သွားသည့်တိုင် သူကကော မည်သည့် နေရာသို့ သွားရမည်နည်း။ သူက တော်ဝင်ကျဲ နန်းတော်သို့ ပြန်လိုမည်ပင် မဟုတ်ပေ။
ရီဖူရှင်းကား သူ၏ ထက်မြက်သော သိုင်းစွမ်းအားများကို ထုတ်ဖော်ခဲ့၏။ သို့သော်လည်း ယနေ့ ရောက်လာခဲ့သော တော်ဝင်မြေ အသီးသီးတို့၏ တန်ခိုးရှင်များမှာ တကယ့် အင်အားနှင့်စာလျှင် အလွန် နည်းပါးပေသည်။ သူတို့က အိမ်ပြန်ကာ စစ်တပ်များကို စုစည်းပြီး တော်ဝင်ကျဲ နန်းတော်သို့ ချီတက်လျှင် ရီဖူရှင်း အမှန်တကယ် အသက်ရှင် ပါမည်လော။
လစန္ဒာရှန့်ထိုနှင့် ရှန့်ထိုချီတို့ သည်လည်း တော်ဝင်စစ်ပွဲ၌ ပါဝင် ကြပေမည်လား။
သူတို့ ပါဝင်လျှင် တိုက်ပွဲမှာ အဆမတန် ကြီးမား လာပေလိမ့်မည်။
ကျောက်ပြည်ထောင် ဘုရင်က မှန်နန်းတော် သခင်မအား တစ်ချက် ကြည့်ပြီးနောက် နောက်လှည့်ကာ ထွက်သွားသည်။ ကျောက်ပြည်ထောင်မှ တန်ခိုးရှင်များ သူ့နောက်မှ လိုက်ပါ သွားကြ၏။
ထို့နောက်တွင် ရှီဟွာတောင် ရှန့်ထိုကလည်း သူ့လူများကို ခေါ်ကာ ထွက်သွားသည်။
မုန်တိုင်း တစ်ခုမှာ ပြီးဆုံးခဲ့ဟန်ရ၏။ သို့သော်လည်း သည်မုန်တိုင်းကပင် တကယ့် မုန်တိုင်း၏အစ ဖြစ်ပေမည်။
ရှန့်ထိုကျိက ရှန့်ထိုချီနှင့် လစန္ဒာရှန့်ထိုတို့အား ကြည့်ကာ အလင်းတန်း အသွင်ဖြင့် ထွက်သွားလျှင် ကျိရာလည်း သူ့နောက်မှ လိုက်ပါသွားသည်။
တော်ဝင်မြေ အသီးသီးတို့၏ ရှန့်ထိုများတွင် ကိုယ်ပိုင် အတွေးများ ရှိကြပေသည်။ သူတို့က တစ်ယောက်ပြီး တစ်ယောက် ကောင်းကင်ထက်သို့ တက်ကာ အချင်းချင်း နှုတ်ဆက်လျက် ထွက်သွားကြ၏။
“ပြည်နယ်ကိုးခုက မကြာခင် ရှုပ်ထွေး လာတော့မယ်...” ရှန့်ထိုရှားက တီးတိုးပြောသည်။
“ငြိမ်းချမ်းခဲ့တာလည်း နှစ်ပေါင်း မနည်းတော့ဘူးကိုး...။ ရီဖူရှင်းလို တစ်စုံတစ်ယောက် ပေါ်လာမှတော့ မုန်တိုင်း ထန်တော့မှာက အသေအချာပါပဲ” ရှန့်ထိုလီက ပြောသည်။
သူတို့ နှစ်ယောက်လုံးက သိပ်မဝေးသော တစ်နေရာတွင် ရပ်နေသော မိန်းမလှအား ကြည့်ကြသည်။ သူမကား မှန်နန်းတော် သခင်မဖြစ်၏။
သူမကား ရှေ့သို့ တွေဝေ မိန်းမောစွာ ကြည့်နေသည်။ လစန္ဒာရှန့်ထိုက သူမအား ကာကွယ် ပေးခဲ့သော်လည်း သူမ၏မျက်လုံများထဲ အပျော်များကို မမြင်တွေ့ရပါ။ ကျင့်ယွီချန်း အဘယ်ကြောင့် သေဆုံးခဲ့ရသည်ကို သူမသိသည်။
သူမ မသေမီ လစန္ဒာရှန့်ထိုနှင့် ဆက်သွယ် စကား ပြောခဲ့ရပေမည်။ မဟုတ်လျှင် သူမက သည်မျှ တည်ငြိမ်စွာ သေဆုံးခဲ့မည် မဟုတ်ပေ။
ထိုအရာများ အားလုံးကလည်း မိမိအတွက်ပင်။
ဆံနွယ်များ သူမပါးပြင်ပေါ်ကို တလွင့်လွင့် ရိုက်ခတ်နေခဲ့၏။ နောက်လှည့်လျက်ပင် သူမ ထွက်သွားခဲ့သည်။
လူအနည်းငယ်မျှသာ ကျန်ရစ်ပြီ ဖြစ်သည်။ ရှန့်ထိုရှားနှင့် ရှန့်ထိုလီတို့ အတူ ထွက်သွားကြမည် ဖြစ်သည်။
“လေပြင်းတွေ ဖြစ်လာပြီ... ” ရှန့်ထိုရှားက ပြောသည်။
“ဟုတ်တယ်... ” လေညင်းများ သူတို့ကို တသုန်သုန် ရိုက်ခတ်လာခဲ့၏။
ယနေ့ တိုက်ပွဲမှာလည်း သမိုင်း တွင်ပေလိမ့်မည်။
***