ဖယ်ရှားခံခဲ့ရသော နယ်ရုပ်
Vol. 010 Ch. 974
တော်ဝင်ကျဲ နန်းတော်သည် ကျုံးကျိုးမြို့၌ တည်ရှိရာ ကျေးရွာ ခေါင်းဆောင်သည် နန်းတော်သို့ တိုတောင်းသော အချိန်အတွင်း ပျံသန်း လာနိုင်ခဲ့သည်။ ဧရာမဓားကြီးသည် တော်ဝင်ရှီ နန်းဆောင်သို့ ပြန်ရောက်ပြီး မကြာမီ နန်းတော် တစ်ခုလုံးကို ရိုက်ခတ်လာသော အသံတစ်သံအား ကြားကြရသည်။
“နန်းတော် တပည့်တွေ အကုန်လုံး … စစ်ပွဲအတွက် ပြင်ဆင်ကြ”
အလွန်တရာ တည်ကြည် လေးနက်သော အသံကြောင့် ကြားရသူတိုင်းမှာ စိတ်နှလုံး တုန်ယင်ကြသည်။ ရှေးနန်းတော်ရာသို့ ခရီး၌ ဘာတွေ ဖြစ်ပျက်ခဲ့သနည်း။
ရန်ရှောင်နှင့် တခြားလူများက လိုအပ်သည်များအား စီစဉ်ရန် ထွက်သွားကြသည်။ များမကြာမီ နန်းတော် တစ်ခုလုံး အခြေအနေ အရပ်ရပ်အား သိလိုက် ကြရသည်။
နန်းတော်သခင်ရီသည် ကျောက်ပြည်ထောင် ဘုရင်၏သား ကျောက်ဟောင် အပါအဝင် ပြည်နယ်ကိုးခု ရှီအဆင့်ဝင် လေးဦးအား သတ်ဖြတ်ခဲ့သည်။ ပြည်နယ်ကိုးခု၏ စွမ်းပကား အကြီးဆုံး လက်နက် တစ်ခုဖြစ်သော အချိန်နှင့် လေဟာနယ်လှံမှာ သူ၏လက်ထဲတွင် ရှိသည်။ သူက ဟောင်ကျူဂီအား ဘိုးဘွား အမွေအနှစ်ကို ဆက်ခံနိုင်စေရန် ကူညီပေးခဲ့၏။ ဟောင်စီမှာ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည်။
သတင်း တစ်ခုစီတိုင်းက ထိတ်လန့်ဖွယ် ကောင်းသည်။ ရှေးနန်းတော်ရာ၌ ပြည်နယ်ကိုးခုလုံးမှာ သူတို့၏ ရန်သူဖြစ်ခဲ့သော်လည်း ရီဖူရှင်းက နန်းတော်မှ လူများကို ဦးဆောင်ကာ ရဲဝံ့စွာ တိုက်ခိုက်ခဲ့သည်။ လူတိုင်းက ထိုမြင်ကွင်းအား ကိုယ်တိုင် မကြည့်လိုက် ရသည့်အပေါ် မချင့်မရဲ ဖြစ်ကြသည်။
ရီဖူရှင်းနှင့် တခြားသော ဒဏ်ရာရသူများမှာ တော်ဝင်ရှီ နန်းဆောင်၌ ပြန်လည် ကုစားနေကြသည်။ ထာဝရ အဘိုးအိုက သူတို့ထံသို့ လာရောက် ကုသပေးရာ ဒဏ်ရာများမှာ မြန်ဆန်စွာ သက်သာလာခဲ့သည်။
ရီဖူရှင်းတွင် ကမ္ဘာသစ်ပင် ရှိရာ ပြန်လည်ကုစားမှု၌ သူအမြန်ဆုံး ဖြစ်သည်။
တော်ဝင်ကျဲနန်းတော် တစ်နေရာ၌ လူသုံးယောက်သည် တိတ်ဆိတ်စွာ လေ့ကျင့်နေကြသည်။ သူတို့ကား အဆုံးမဲ့ပင်လယ်မှ လျူစီရွှန်နှင့် နောက်နှစ်ယောက် ဖြစ်ကြသည်။ သူတို့သည်လည်း လတ်တလော ဖြစ်ပေါ်လာသော သတင်းများအား ကြားသိကြသည်။
“မင်းတို့ ထွက်သွားလို့ရပြီ”
ရီဖူရှင်းက သူတို့အား ပြောသည်။
လျူစီရွှန်က သူ့အားကြည့်သည်။ နန်းတော်၌ပင် သူမကား ထူးထူးခြားခြား ချောမော လှပသူဖြစ်သည်။ ပါရမီအရာ၌လည်း ရှန့်ထိုများပင် သူမအား ချီးကျူးကြရ၏။
“ကျွန်မ နန်းတော်မှာ ဆက်ပြီးတော့ လေ့ကျင့်လို့ ရမလား” သူမက နှုတ်ခမ်းများအား ကိုက်ကာ မေးမြန်းသည်။
သူတို့က ဤအချိန် အတောအတွင်း နန်းတော်မှ ထွက်သွားခွင့် မရှိသော်လည်း ဤနေရာတွင် လေ့ကျင့်ရသည်မှာ ကမ်းပါးမြို့ထက် များစွာ သာလွန်ပေသည်။
ရီဖူရှင်း၏မျက်နှာ၌ ထူးဆန်းသော အမူအရာ တစ်ခု ဖြစ်လာသည်။ သူက ပြောသည်... “အခုလက်ရှိ နန်းတော်က သေရေးရှင်ရေး အခြေအနေ ဖြစ်နေတယ်။ မင်းတို့ သေမှာ မကြောက်ဘူးလား”
လျူစီရွှန်က ခေါင်းယမ်းသည်... “တန်ခိုးရှင် တစ်ယောက်အတွက် လုံးဝ ဘေးကင်းတဲ့နေရာ ဘယ်ရှိပါ့မလဲ။ ကျွန်မက နန်းတော်နဲ့အတူ စစ်ပွဲမှာ ပါဝင်ချင်ပါတယ်။ ဒါပေမဲ့ ဒီစစ်ပွဲပြီးသွားရင် နန်းတော်မှာ အကျယ်ချုပ် သဘောမျိုး မဟုတ်တော့ဘဲ နန်းတော်ရဲ့ တပည့် အစစ်အမှန် ဖြစ်ချင်ပါတယ်”
ရီဖူရှင်းက သူမအား အံ့အားသင့်စွာ ကြည့်သည်။ လျူစီရွှန်ကား ဆုံးဖြတ်ချက် ပြတ်သားသူ ဖြစ်သည်။ ဤသို့သော ထက်မြက်သော မိန်းမအား မွေးထုတ်ပေးနိုင်သော ကမ်းပါးမြို့မှ လျူကလန်မှာ အလွန် အားကောင်း ရပေမည်။
“ကောင်းပြီ...” သူက ခေါင်းညိတ်သည်... “လျူယွီနဲ့ လျူဟန်တို့ကရော...”
“အစ်ကိုရီ ... ကျွန်မလည်း နန်းတော်မှာ ဆက်ပြီး လေ့ကျင့်ချင်ပါတယ်” လျူယွီနဲ့ ရီဖူရှင်းတို့၏ ဆက်ဆံရေးမှာ အမှန် တကယ်အားဖြင့် အလွန် ကောင်းမွန်ပေသည်။
“ကျွန်တော်လည်း အစ်မရဲ့ ဆန္ဒအတိုင်းပါပဲ”
“ပြန်သွားလိုက်...” လျူစီရွှန်က လျူဟန်အား ပြောသည်... “ငါတို့ မိသားစုက ငါတို့သေလား ရှင်လား မသိသေးဘူး။ တကယ်လို့ ငါသေခဲ့ရင် ငါဘယ်နေရမှာ သေခဲ့လဲဆိုတာ သူတို့ သိသင့်တယ်”
“အစ်မ...”လျူဟန်က သူမအား ကြည့်သည်။
“ငါပြောသလိုလုပ်...” လျူစီရွှန်က သူ့အား စိုက်ကြည့်လျက် ပြောလျှင် လျူဟန်က အနည်းငယ် ခေါင်းညိတ်ကာ ပြောသည်...“ကောင်းပြီ...”
ရီဖူရှင်းက သူတို့ သုံးယောက်အား ကြည့်ကာ ပြောသည်... “ဒါက မင်းတို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပဲ”
ထိုသို့ပြောကာ ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်အပေါ် လေထုသို့ ပျံတက် သွားသည်။
ကောင်းကင်ထက်၌ လူတစ်စု ပေါ်လာသည်။ ရန်ရှောင်၊ ဓားမိစ္ဆာ၊ ယူစီနှင့် တခြားသော တန်ခိုးရှင်များ ရီဖူရှင်းဘေး၌ ပေါ်လာကြသည်။ ယူစီက ပြောသည်... “ဖူရှင်း … မကြာခင် ပြင်းထန်တဲ့ တိုက်ခိုက်တစ်ခု ဖြစ်လာတော့မှာ”
ရီဖူရှင်းက ခေါင်းညိတ်သည်။ ထိုအချက်ကို အားလုံးက ရှင်းရှင်းလင်းလင်း သိထားကြသည်။ မကြာသေးခင်ကပဲ သူတို့က ရှေးနန်းတော်ရာ၌ ကနဦးတိုက်ပွဲ တစ်ခုကို ဆင်နွှဲခဲ့ရသေးသည်။ လက်ရှိတွင် မည်သည့် တော်ဝင်မြေတို့က စစ်ပွဲအတွင်း ပါဝင်လာမည်ကို အတိအကျ မပြောနိုင်ပေ။ သူတို့၏ ရန်သူများဖြစ်သော တော်ဝင် အလင်းနန်းတော်၊ ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့က သေချာပေါက် စစ်ခင်းပေမည်။
ရီဖူရှင်းက နန်းတော် အားလုံးကြည့်ကာ ပြောသည်... “နန်းတော်အနီးက လျှို့ဝှက်နယ်မြေတွေ ငါတို့ဝင်္ကပါ အစီအရင်တွေကို ထိခိုက်စေမှာလား”
“နည်းနည်း...” ရန်ရှောင်က ခေါင်းညိတ်သည်... “ငါတို့ဝင်္ကပါ အစီအရင်တွေက တချို့သော နေရာတွေကို ကျော်ဖြတ်ဖို့ လိုနေတယ်”
ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်... “နန်းတော်က တပည့်တွေ အကုန်လုံး ... ကျုပ်အမိန့်ကို နာခံပါ။ လက်ရှိ လေ့ကျင့်နေတာတွေကို ရပ်တန့်ပြီးတော့ ဒီမှာ လာစုဝေးကြပါ”
သူ၏ အသံက တော်ဝင်ကျဲနန်းတော် တစ်ခုလုံးကို ရိုက်ခတ် သွားခဲ့သည်။ အားလုံးက အသံကိုကြားလျှင် လေ့ကျင့်နေသည်များ ရပ်တန့်ကာ ရီဖူရှင်းထံသို့ ပျံသန်း လာခဲ့ကြသည်။
“အဘ...” ရီဖူရှင်းက လှမ်းခေါ်လျှင် သူ့ဘေး၌ ကျေးရွာ ခေါင်းဆောင် ပေါ်လာသည်။
“တပည့်တွေ အကုန်လုံး ပင်မနန်းဆောင်သို့ ရောက်ရင် ကျန်တဲ့နေရာတွေ အကုန်လုံးကို ရှင်းလင်း ဖျက်ဆီးမယ်”
သူ၏စကားများကို ကြားလျှင် အားလုံးက တုန်လှုပ် သွားကြသည်။ ရီဖူရှင်းက နန်းတော်၏ တခြားသော နေရာများ အားလုံးကို အမှန်တကယ် ဖျက်ဆီး တော့မည်လား။
နန်းတော်တွင် များစွာသော ကျင့်ကြံခြင်း လျှို့ဝှက်နေရာများ၊ ဘိုးဘေး အမွေအနှစ်များနှင့် အပျက်အစီး နယ်မြေများ ရှိပေသည်။
ယခု ရီဖူရှင်းက ထိုနေရာများ အားလုံးကို ဖျက်ဆီးရန် အမိန့်ပေးခဲ့သည်။ အရာအားလုံး ပျောက်ကွယ် သွားပေတော့မည်။
မည်သူကမှ မငြင်းဆန်ကြပေ။ ယခုကား နန်းတော်၌ ရီဖူရှင်း၏ သြဇာအာဏာကို မည်သူကမှ သံသယ မဝင်ကြတော့ပေ။
မူလက သူကား နိုဘယ်အဆင့်မျှဖြင့် နန်းတော် ခေါင်းဆောင် ဖြစ်လာခဲ့ရာ အားလုံးကလည်း သူ့အား ကူညီခဲ့ကြပြီး သူ့အပေါ် မျှော်လင့်ချက် ကြီးမားခဲ့ကြ၏။ ယခု သူက နန်းတော်မှ ရှန့်ထိုနှစ်ပါးအား ခေါ်ဆောင်ကာ ကျိရှမ်းကမ်းပါးအား သွားရောက် ဖျက်ဆီးခဲ့သည်။ ယခု သူက ရှန့်ထိုအဆင့် အောက်တွင် အမြင့်ဆုံးသော အဆင့်အတန်း ရှိပေသည်။
ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်၏ အမှတ်သင်္ကေတ တစ်ခုဖြစ်သည်။
သူကား မြေရိုင်းပြည်နယ် တစ်ခုလုံး အတွက်ပင် အမှတ် သင်္ကေတတစ်ခု ဖြစ်သည်။
မြေရိုင်းပြည်နယ် ဟူသော စကားရပ်အား ထည့်သွင်း ပြောကြားလျှင် နန်းတော် သခင်ရီဖူရှင်းကို ဦးဆုံး တွေးမိကြပေသည်။
နောက်ထပ်လူတစ်စု ရောက်ရှိ လာကြသည်။ သူတို့က နန်းတော်၏ အကြီးအကဲများ ဖြစ်ကြသည်။ အားလုံးက နန်းတော်အား ကြည့်ကာ သက်ပြင်း ချကြသည်။ မကြာမီ ဤနေရာကား ပျက်စီး ပျောက်ကွယ် သွားပေတော့မည်။
သိပ်မကြာခင် နန်းတော် အပေါ်၌ ဓားစွမ်းအင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ အရာအားလုံးအား တိုက်စား ပျောက်ကွယ် စေသည်။
နန်းတော်၏ တပည့်များ အားလုံးမှ ထိုမြင်ကွင်းအား စိတ်မသက်မသာ ကြည့်နေကြသည်။ ထို့နောက်တွင် ပင်မနန်းဆောင်မှ လွဲ၍ ကျန်သော နေရာများအားလုံး ပျောက်ကွယ် သွားတော့သည်။
မှန်သည် ... ရှီနန်းတော်မှာ ကျန်ရစ်ပေ သေးသည်။
“အစ်ကိုရန် ... နန်းတော် တပည့်တွေကို ဦးဆောင်ပြီး ပိုကြိုးစားပြီးတော့ စီမံပါ” ရီဖူရှင်းက ရန်ရှောင်ကို ပြောသည်။ ရှန်ရှောင်က ခေါင်းညိတ်ကာ သူ့လူများ ဦးဆောင်လျက် ဝင်္ကပါများအား ပြင်ဆင်ရန် ထွက်ခွာ သွားသည်။
“မြေရိုင်းပြည်နယ် တစ်ခုလုံးသို့ အမိန့်ထုတ်ပြန်ပါ။ တော်ဝင်ကျဲနန်းတော်ရဲ့ သခင်တစ်ယောက် အနေနဲ့ ကျုပ်က မြေရိုင်းပြည်နယ် တစ်ခုလုံးမှာ ရှိတဲ့ ရှီအဆင့်ဓားတွေ အကုန်လုံးကို ဆင့်ခေါ်တယ်”
“ငါတို့က ဒီလောက်ဓားတွေ အများကြီး လိုအပ်လို့လား”ယူစီက မေးသည်။ သူသည် အာခီမီမြို့မှ တော်ဝင်ကျဲ နန်းတော်သို့ ပြောင်းရွှေ့ လာသောအခါ မရေမတွက်နိုင်သော လက်နက်များအား သယ်ဆောင် ယူလာခဲ့၏။
“ဟုတ်တယ် ... ဦးလေးလည်း နောက်ထပ်ဓားတွေ အများကြီး သွန်းလုပ်ပေးဖို့ လိုလိမ့်မယ်။ လိုတဲ့သတ္တုတွေကို နန်းတော်ကလူတွေ စုဆောင်း ပေးလိမ့်မယ်။ ကျွန်တော်က မရဏဓား ဝင်္ကပါကို အသက်သွင်းခဲ့တယ် ဆိုပေမဲ့ ထိန်းချုပ်နိုင်စွမ်း မရှိဘူး။ ဒါပေမဲ့ ဝင်္ကပါနဲ့ ပတ်သက်ပြီးတော့ အတော်များများကို ကျွန်တော် မှတ်မိတယ်။ ကျွန်တော်က ကိုယ်ပိုင် မရဏဓား ဝင်္ကပါကို တည်ဆောက် နိုင်တယ်” ရီဖူရှင်းက ပြောသည်။
ရီဖူရှင်းသည် စစ်တုရင်ကျေးရွာ၌ စစ်တုရင်ပညာကို လေ့လာခဲ့ကာ မရဏတောင်၌လည်း ဝင်္ကပါပညာနှင့် ပတ်သက်၍ များစွာ ထိုးထွင်း သိမြင်ခဲ့သည်။ ယခု သူက ကွန်းရှီအဆင့်သို့ တက်ရောက် နိုင်ခဲ့ပြီဖြစ်ရာ သူ၏ကိုယ်ပိုင် ဝင်္ကပါကို တည်ဆောက်နိုင်စွမ်း ရှိလာပြီ ဖြစ်သည်။
“ကောင်းပြီ... ငါတို့ လုပ်လိုက်မယ်” ယူစီက ခေါင်းညိတ်သည်။ ဓားမိစ္ဆာ၊ စုရှမ်းနှင့် တခြားလူ အချို့တို့ကလည်း ထိုကိစ္စအတွက် စီမံရန် ထွက်သွားကြသည်။
မကြာမီ သတင်းများ မြေရိုင်း ပြည်နယ်အနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ ရီဖူရှင်းက မြေရိုင်းပြည်နယ်မှ ဓားများအားလုံးကို ဆင့်ခေါ်သည်။ သိပ်မကြာခင် မရေမတွက်နိုင်သော တန်ခိုးရှင်များ တော်ဝင်ကျဲ နန်းတော်သို့ စတင် ခရီးနှင်ကြသည်။
***
ထိုသတင်းများသည် မြေရိုင်းပြည်နယ် တစ်ခုတည်းသာ မဟုတ်ဘဲ ပြည်နယ်ကိုးခု၏ အစိတ်အပိုင်းများသို့လည်း ရောက်ရှိခဲ့ရာ မြေရိုင်းပြည်နယ်မှ တန်ခိုးရှင်များ အားလုံး မိမိတို့နေရာသို့ ပြန်ကြသည်။
သို့သော် လှုပ်ရှားမှု အများဆုံးသော အင်အားစုများမှာ တော်ဝင် အလင်းနန်းတော်၊ ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့ ဖြစ်ကြသည်။
တော်ဝင်အလင်း နန်းတော် ခေါင်းဆောင် ရှန့်ထိုကျိက သူ့လက်အောက်ရှိ ထိပ်သီး အင်အားစုများ အားလုံးကို ဆင့်ခေါ်ကာ မြေရိုင်းပြည်နယ်အား တိုက်ခိုက်ရန် ပြင်ဆင်သည်။ ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့ ကလည်း အသီးသီး ပြင်ဆင်ကြ၏။
ဤတွင် ချီပြည်နယ်နှင့် အရှေ့ဘက် ပြည်နယ်တို့မှာ မုန်တိုင်းအစပျိုးရာ နေရာများ ဖြစ်လာကြသည်။ တော်ဝင်ကျဲ နန်းတော်မှာလည်း ဤဘေးအန္တရာယ်မှ လွတ်မြောက်မည့်ဟန် မရှိပေ။ အတိတ်တွင် မြေရိုင်းပြည်နယ်အား တိုက်ခိုက်ရန် ဤမျှ ကြီးမားသော အင်အားစုများအား လိုအပ်မည်ဟု မည်သူတို့က တွေးထင် မိမည်နည်း။
***
ချီပြည်နယ် ကျိရှားနန်းတော်၌ လူနှစ်ယောက် စစ်တုရင် ကစားနေကြသည်။ တစ်ယောက်မှာ အဖြူရောင် အဝတ်အစားများကို ဝတ်ဆင်ထားပြီး နောက်တစ်ယောက်မှာ အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ထား၏။
နှစ်ယောက်လုံးမှာ ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါများ ရှိကြသည်။ ချောမောသော လူငယ်၏နောက်၌ သိမ်မွေ့လှပသော မိန်းကလေး တစ်ယောက်က တိတ်ဆိတ်စွာ ကြည့်နေသည်။
“အစ်ကို... ခင်ဗျားရဲ့ နှလုံးက ကစားပွဲထဲမှာ မရှိဘူး ” ဝတ်စုံနက်နှင့်လူက နယ်ရုပ်တစ်ခုအား ရွှေ့ကာ ပြုံးလျက် ပြောသည်။
အဖြူရောင် လူငယ်က စစ်တုရင် ကစားပွဲအား ကြည့်ကာ နယ်ရုပ်တစ်ခုအား ရွှေ့လျက် ပြောသည်... “ကျုပ် သုံးပွဲဆက်တိုက် ရှုံးပြီ”
“ဒါက မြေရိုင်းပြည်နယ်က လာတဲ့ သတင်းတွေကြောင့်လား”
အဖြူရောင် လူငယ်က ပြုံးလျက် ပြောသည်... “ကျုပ်က ကစားပွဲတစ်ခုထဲက နယ်ရုပ်တစ်ခုဆိုရင် ကစားပွဲထဲက ဖယ်ရှားခံရပြီးမှတော့ ဘာလို့ စိုးရိမ် နေရဦးမှာလဲ”
“နယ်ရုပ်က ဘာလို့ ဖယ်ရှား ခံခဲ့ရတာလဲ” ဝတ်စုံနက်နှင့်လူက မေးသည်။
“ပုံမှန်အားဖြင့် ပိုကောင်းတဲ့ ကစားကွက်တစ်ခုကို ခင်းမလို့ပေါ့” အဖြူရောင် လူငယ်က ပြန်ဖြေသည်။
“ဒီလိုဆိုရင် ကစားကွက် အသစ်အတွက် ဖယ်ရှားခံခဲ့ရမှတော့ သူ့မှာ တည်ရှိရတဲ့ အကြောင်းပြချက် ရှိတယ်။ အနည်းဆုံး ကစားပွဲကို ပြောင်းပေးဖို့အတွက် နယ်ရုပ်ကို ဖယ်ရှားခဲ့ရတာက ကျိုးကြောင်းဆီလျော် ပြီးတော့ ခွင့်လွှတ်လို့ ရတယ်” အနက်ရောင်လူက ပြောသည်။
ထို့စကားကိုကြားလျှင် အဖြူရောင် လူငယ်မှာ အနည်းငယ် တုန်ယင်သွားသည်။ သူက ရှေ့မှလူအား ကြည့်ကာ နောက်လှည့် ထွက်ခွာသွားသည်။
သူက ကစားပွဲကို ပြောင်းလဲခဲ့သည်လား။
သူထွက်ခွာ ပြီးခဲ့ကတည်းက မြေရိုင်းပြည်နယ်၏ ကစားကွက်မှာလည်း အမှန်တကယ် ပြောင်းလဲခဲ့သည်။
အဖြူရောင်လူငယ် ထွက်ခွာသွားပြီး မကြာခင် နောက်တစ်ယောက် ဝင်လာသည်။ သူကား ပြည်နယ်ကိုးခု ညီလာခံ၌ တတိယရခဲ့သူ ကျူးကော့ရီ ဖြစ်သည်။
“ခင်ဗျားက အစ်ကိုပိုင်ကို တစ်ခုခု ပြောလိုက်တာလား” ကျူးကော့ရီက မေးသည်။
“အစ်ကိုပိုင်ရဲ့ ပါရမီက အရမ်းကောင်းတယ်။ ဒါပေမဲ့ သူ့မှာ ရှင်းလင်းရမဲ့ အတွင်းစိတ်ရိုင်းတွေ ရှိတယ်။ သူက သေနေတဲ့ စစ်တုရင် နယ်ရုပ်တစ်ခုလိုပဲ” ဝတ်စုံနက်နဲ့လူက ပြောသည်။
“ဒါပေမဲ့ အခုအချိန် သွားတာက သူ့အတွက် အန္တရာယ် မရှိဘူးလား”
“နောက်တစ်ဆင့် တက်ဖို့ဆိုရင် တချို့အရာတွေကို သူကိုယ်တိုင် ရင်ဆိုင်ဖို့ လိုတယ်။ သူသာ ဒီခြေလှမ်းကို မလှမ်းခဲ့ရင် နောက်တစ်ဆင့် တက်ဖို့အတွက် တစ်ခုခု လိုအပ်နေမှာပဲ” ဝတ်စုံနက်ဖြင့်လူက ပြောလျှင် ကျူးကော့ရီက ခေါင်းညိတ်သည်။
အဖြူရောင် လူငယ်က ထိုနေရာမှ ထွက်ခွာလာပြီး နောက်ပိုင်း သူ၏အဆောင်ရှေ့မှ သစ်အိုပင်ကြီးတွင် သုံးရက်တိတိ ထိုင်သည်။ သုံးရက်ကြာပြီးနောက် သူကား အဆင့်တက်သွားကာ ထိုနေရာမှ ထွက်ခွာ သွားတော့သည်။
***