← Chapters

အခန်း (၂၄)

Vol. 11 Ch. 24

အခန်း (၂၄)

Vol. 11 Ch. 24

ယင်ကောင်က ဆုဗာနာနန်းဆောင်ရဲ့စင်္ကြန်လမ်းတွေပေါ်မှာ သာသာယာယာလမ်းလျှောက်နေတယ်။ အစောင့်တွေထဲက တချို့က သူ့ကိုသတိထားမိကြပေမဲ့ သူတို့တွေဘာမှမတုန့်ပြန်နိုင်ခင်မှာပဲ သူတို့ရဲ့လည်ပင်းမှာ ပြတ်ရှရာတစ်ခုပေါ်လာပြီး လဲကျသေဆုံးကုန်ပါတယ်။ ယင်ကောင်ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း ဆုဗာနာတပ်ဖွဲ့ဝင်တစ်ယောက်က သွေးအိုင်ထဲမှာ လဲကျသေဆုံးကုန်တယ်။ နောက်တော့ နန်းဆောင်ထဲမှာ အလုပ်လုပ်နေတဲ့ အိမ်စေမိန်းကလေးအုပ်စုတစ်ခုက စင်္ကြံလမ်းမှာသွားနေရင်း ယင်ကောင်နဲ့တည့်တည့်တိုးမိတယ်။

“ရှင်ဘယ်သူလဲ... အစောင့်တွေကို ခေါ်ကြ။” အိမ်စေ တွေထဲကတစ်ယောက်က ယင်ကောင်ကိုအော်ဟစ်လိုက်ပေမဲ့ ယင်ကောင်က သူ့လက်ကို တစ်ချက်ဝေ့ယမ်းလိုက်တယ်ဆိုရင်ပဲ အားလုံးလဲကျသေဆုံးကုန်ပါတယ်။

“မဟာမိတ်ရဲ့အဓိကအဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ ဆုဗာနာနန်းဆောင်ရဲ့လုံခြုံရေးက တော်တော်ညံ့ဖျင်းတာပဲ။”

ယင်ကောင်က နဂိုကတည်းက ကြိုတင်ဖျက်ဆီးပြီးပြီဖြစ်တဲ့ နံရံထောင့်က စောင့်ကြည့်ကင်မရာကို ကြည့်လိုက်ရင်း ပြောလိုက်ပါတယ်။ သူက နန်းဆောင်ထဲကို သာသာယာယာဝင်လာတာဖြစ်ပြီး သူ့ကိုတားနိုင်တဲ့သူမပြောနဲ့ သူရောက်နေတာကို အသိပေးနိုင်မယ့်သူတောင်မရှိပါဘူး။ ယင်ကောင်က သူ့ရှေ့မှာရှိနေတဲ့ ညီလာခံခန်းမကြီးကို ကြည့်လိုက်တယ်။

“နောက်ဆုံးတော့ရောက်ပြီပေါ့၊ ပုစဥ်းနဲ့ သင့်တော်မယ့်ခန္ဓာကိုယ်ပိုင်ရှင် ရှိတဲ့နေရာဆီကို။”

ယင်ကောင်က နန်းဆောင်တံခါးကြီးပေါ်ကို လက်နှစ်ဖက်တင်လိုက်ပြီး အားနဲ့တွန်းဖွင့်လိုက်တယ်။ ညီလာခံခန်းမထဲမှာ ဆုဗာနာမူးမတ်တွေနဲ့နယ်စားကြီးက လက်ရှိစစ်ရေးကိစ္စတွေကို ဆွေးနွေးနေတာဖြစ်ပြီး ယင်ကောင်ဝင်လာတာကို ချက်ချင်းသတိမထားမိပါဘူး။

“ဒီတော့ တိုကျိုနဲ့ရန်ကုန်တိုက်ပွဲနှစ်ခုလုံးမှာ မဟာမိတ်ဘက်က အခြေအနေကောင်းနေတယ်ပေါ့။ ရန်သူ့ပိုးကောင်ဗိုလ်ချုပ်တော်တော်များများလည်း ကျဆုံးသွားတော့ သိပ်မကြာခင်မှာ လူသားတွေဘက်က အရေးသာလာလိမ့်မယ်။ အဲဒီအချိန်မှာတန်ပြန်တိုက်စစ် ကောင်းကောင်းဖွင့်နိုင်ဖို့ ဆုဗာနာဘက်က မဟာမိတ်တွေကို ဇက်သတ္တုလုံလုံလောက်လောက် ထောက်ပံပေးရမယ်။”

နယ်စားကြီးက ပြောလိုက်တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ညီလာခံနန်းဆောင်ထဲကို ဝင်လာတဲ့ ယင်ကောင်ကို သတိပြုမိသွားပြီး မျက်မှောင်ကြုတ်လိုက်တယ်။

“မင်းက....”

“ဟုတ်တယ်၊ ကျုပ်က ယင်ကောင်လေ။” ယင်ကောင်က သူ့ကျောက ပိုးကောင်လက်တံတစ်ခုကို ဆွဲဖြုတ်လိုက်ပြီး ဓားသဖွယ်စတင်အသုံးချတယ်။ ညီလာခံခန်းမထဲမှာ လုံခြုံရေးယူထားတဲ့ ငွေရောင်ချပ်ဝတ်အစောင့်တွေက ယင်ကောင်ကိုတားဆီးဖို့ကြိုးစားပေမဲ့ အချည်းအနှီးပါပဲ။ စက္ကန့်ပိုင်းအတွင်းမှာပဲ ဝန်ကြီးအများစုနဲ့အစောင့်တွေ လဲကျသေဆုံးကုန်တယ်။

“အဖိုး....” နယ်စားကြီးဘေးမှာရှိနေတဲ့ နယ်စားမင်းသားဒီပက ကြောင်ပြီးဖြစ်ရပ်ကိုကြည့်နေမိတဲ့ နယ်စားကြီးကို သတိပေးလိုက်တယ်။ နယ်စားကြီးက လက်စွပ်ကိုမြှောက်ပြီး ပုရွက်ဆိတ်ဘုရင်မကို သတိပေးဖို့ ကြိုးစားခဲ့ပေမဲ့ နောက်ကျသွားခဲ့ပါပြီ။ ယင်ကောင်က နယ်စားကြီးရှေ့မှာပေါ်လာပြီး လက်ထဲက ပိုးကောင်လက်တံကို ဝေ့ယမ်းလိုက်တယ်။

“အား....”

နောက်တစ်ခဏမှာပဲ သွေးတွေက နယ်စားကြီးနောက်က နံရံမှာစွန်းထင်းသွားပြီး နယ်စားကြီးရဲ့လက်စွပ်ဝတ်ထားတဲ့လက်က လက်ကောက်ဝတ်ကနေပြတ်ပြီး မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။ လက်က အကြောမသေသေးတဲ့အတွက် ကြမ်းပြင်ပေါ်မှာ တဆတ်ဆတ်ခုန်ပေါက်နေတယ်။ နယ်စားကြီးကိုယ်တိုင်ကတော့ ပလ္လင်ပေါ်ကို ထိုင်လျက်ကျသွားပြီး သွေးတွေပန်းထွက်နေတဲ့ သူ့လက်ကို ဆုပ်ကိုင်ထားပါတယ်။

“မင်း... ဘယ်လိုလုပ်ပြီးတော့ နယ်စားနန်းတော်ရဲ့စွမ်းအင်ဒိုင်းအကာအကွယ်ကို ဖောက်ဝင်လာနိုင်တာလဲ။”

“ပြီးပြည့်စုံပြီးတဲ့ ပိုးကောင်တစ်ကောင်ကို တားဆီးနိုင်တဲ့ စွမ်းအင်ဒိုင်းဆိုတာမရှိဘူး။”

ယင်ကောင်က ပြောလိုက်ပြီးတော့ နယ်စားကြီးကို လစ်လျူရှုလိုက်တယ်။ အဲဒီနောက် သူက နယ်စားကြီးဘေးမှာရှိနေတဲ့ ဒီပကို လည်ပင်းကနေ ဆုပ်ကိုင်လိုက်တယ်။

“သူမသေသေးဘူးမဟုတ်လား.... ငါတို့ဘုရင်မရဲ့ပြိုင်ဖက်ဖြစ်တဲ့သူကို ဘယ်လိုမျိုးရန်စရမလဲဆိုပြီး အကြိမ်ပေါင်းများစွာ အမြဲတမ်းတွေးနေခဲ့တာ။ နောက်ဆုံးတော့... နောက်ဆုံးတော့... နည်းလမ်းကို ရှာတွေ့ခဲ့ပြီ။”

ယင်ကောင်က ကောင်လေးဒီပကို လည်ပင်းကနေဆုပ်ကိုင်ကာ ကြမ်းပြင်နဲ့ခြေထောက် လွတ်သွားတဲ့အထိ ဆွဲမြှောက်လိုက်တယ်။ သူ့ရဲ့အားနေတဲ့ လက်တစ်ဖက်ကတော့ သူ့အင်္ကျီအိတ်ထဲရောက်သွားပြီး ပုစဥ်းဗိုလ်ချုပ်ရဲ့သားလောင်းဥကို ဆွဲထုတ်လိုက်တယ်။ နယ်စားကြီးကလည်း သူ့ရှေ့ကမြင်ကွင်းကို သဘောပေါက်သွားပြီး တားဆီးဖို့ကြိုးစားလိုက်တယ်။

“မလုပ်နဲ့....” နယ်စားကြီးက ပုစဥ်းဥကို ဝင်လုဖို့ကြိုးစားပေမဲ့ ယင်ကောင်က တစ်ချက်ပဲ ကြည့်လိုက်ပြီး ခြေထောက်နဲ့ဘေးတိုက်ဆောင့်ကန်လိုက်တယ်။

ဘုန်း....

နယ်စားကြီးရဲ့ခန္ဓာကိုယ်က ငွေရောင်ပလ္လင်ကိုဖောက်ထွက်သွားပြီး နံရံထဲနစ်ဝင်သွားတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ယင်ကောင်က ပိုးကောင်ဥကို ကောင်လေးဒီပရဲ့ရင်ဘတ်ထဲ ထိုးထည့်သွတ်သွင်းလိုက်တယ်။

“ဟားဟားဟား... လူသားတွေက သူတို့ချစ်တဲ့သူတွေ နာကျင်ရတဲ့အခါ ကိုယ်တိုင်လိုက်ပါနာကျင်ကြတယ်တဲ့။ ငါကိုယ်တိုင် အဲဒီအချက်ကို လေ့လာခဲ့ပြီးပြီ။ ဘုရင်မက ပိုးကောင်တစ်ကောင်ဖြစ်လာပြီးတာတောင်မှ သူချစ်တဲ့ ညီမလေးကို မသတ်ရက်ခဲ့ဘူး။ အပြန်အလှန်အားဖြင့် မင်းပိုးကောင်ဖြစ်သွားရင် မင်းရဲ့အိုမီဂါလောင်းအစ်မက အစ်မကိုသတ်နိုင်တော့မှာမဟုတ်ဘူး။ ဒါကို ဘုရင်မအတွက် လက်စားချေတယ်လို့ သဘောထားလိုက်တော့။”

ယင်ကောင်က ကောင်လေးဒီပရဲ့လည်ပင်းကို လွှတ်ပေးလိုက်တယ်။ ကောင်လေးဒီပကတော့ သူ့ရင်ဘတ်မှာရှိနေတဲ့ အပေါက်ရာကြီးကို ကြောက်လန့်တကြား စိုက်ကြည့်နေပြီးတော့ အသက်ကိုမှန်မှန်မရှုနိုင်ဖြစ်နေတယ်။ သူ့ခန္ဓာကိုယ်ထဲမှာ တစ်စုံတစ်ခုလှုပ်ရှားနေတာကို ခံစားမိပြီးတော့ အရူးအမူးစတင်အော်ဟစ်တယ်။ တစ်ချိန်တည်းမှာပဲ လမင်းစန္ဒာမြို့ကြီးတစ်ခုလုံး တုန်လှုပ်လာတာကို ယင်ကောင် ခံစားမိလိုက်ပါတယ်။

“သူလာပြီလား... စာချုပ်ချုပ်ထားတဲ့သူနဲ့ အဆက်အသွတ်ပြတ်သွားတာ ငါးမိနစ်မပြည့်ခင် ချက်ချင်းရောက်လာတာပဲ။ ဒါပေမဲ့ အရာအားလုံး နောက်ကျသွားခဲ့ပါပြီ။”

ယင်ကောင်က နန်းတော်ရဲ့လသာဆောင်ကနေတစ်ဆင့် ရေကန်တစ်ဖက်ကမ်းကို ကြည့်လိုက်ပါတယ်။ မီတာသုံးရာလောက်အရွယ်ရှိတဲ့ ဧရာမပုရွက်ဆိတ်ဘုရင်မကြီးက ပုရွက်ဆိတ်စစ်တပ်နဲ့အတူ မြို့ရဲ့မြေအောက်ကနေ ထွက်ပေါ်လာပြီး သူ့ကိုစိုက်ကြည့်နေပါတယ်။ ဆုဗာနာရဲ့ကာကွယ်စောင့်ရှောက်သူသားရဲကလည်း ငြင်းချက်ထုတ်စရာမရှိလောက်အောင်အားကောင်တဲ့ အယ်ဖာအဆင့်ပါပဲ။

ဂက်...ဂက်... ဂက်....

ပုရွက်ဆိတ်ဘုရင်မရဲ့ဦးမှင်တွေက အန္တရာယ်ရှိစွာ လှုပ်ရှားသွားပြီး လေထုက တစ်မျိုးတစ်မည်တုန်ခါသွားတယ်။ တစ်ဖက်မှာတော့ ယင်ကောင်က စိတ်အာရုံကနေတစ်ဆင့် တိုက်ရိုက်ပို့လိုက်တဲ့ သတင်းအချက်အလက်တွေကိင လက်ခံရရှိလိုက်ပြီး အနည်းငယ်မူးမိုက်သွားဟန်နဲ့ သူ့ဦးခေါင်းကိုယ်သူ ဆုပ်ကိုင်ထားလိုက်ပါတယ်။ ဒါပေမဲ့ သူက ခဏနေတော့ ခြောက်ကပ်ကပ် ရယ်မောလိုက်တယ်။

“ဘာတဲ့... မင်းက ငါ့ကို အပိုင်းပိုင်းဖြတ်ပစ်မယ်လို့ ပြောလိုက်တာလား။ စိတ်မကောင်းစွာနဲ့ အရာအားလုံး နောက်ကျသွားပြီ။ မင်းရင်ဆိုင်ရမယ့်ပြိုင်ဖက်က ငါတောင် မဟုတ်တော့ဘူးလေ။”

ယင်ကောင်က သူ့နောက်ကို သာသာလေးလှည့်ကြည့်လိုက်တယ်။ ကောင်လေးဒီပက မြေပြင်မှာရုန်းကန်နေတာ ရပ်သွားပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်တယ်။ သူ့မျက်လုံးတွေက ပုစဥ်းတစ်ကောင်ရဲ့ ပေါင်းစပ်မျက်လုံးတွေအဖြစ်ကို ပြောင်းလဲသွားပြီး ရေကန်ရဲ့တစ်ဖက်ကမ်းကို လှမ်းကြည့်လိုက်တယ်။ ပုရွက်ဆိတ်ဘုရင်မနဲ့ပုစဥ်းတို့ မျက်လုံးချင်းဆုံမိသွားတယ်။

“မင်းရောက်လာတာ သိပ်ကောင်းတယ် ပုစဥ်း။ မင်းက နိုးထလာဖို့ နောက်ဆုံးကျန်တဲ့ ပိုးကောင်ဗိုလ်ချုပ်ပဲ။”

ယင်ကောင်က ပုစဥ်းဗိုလ်ချုပ်ကို အချိန်အကြာကြီး စောင့်မျှော်နေခဲ့တဲ့အလား ပြောလိုက်တယ်။ ပုစဥ်းကလည်း ယင်ကောင်နဲ့ ပခုံးချင်းယှဥ်လျက် ရပ်လိုက်ပြီးပြောလိုက်ပါတယ်။

“ငါ့ရဲ့ပထမဆုံးပြိုင်ဖက်က အယ်ဖာအဆင့် ပုရွက်ဆိတ်လား။ မင်းက တော်တော်ဂွကျတဲ့ကောင်ပဲ၊ ယင်ကောင်။”

ပုစဥ်းက ကောင်လေးဒီပရဲ့အသံနဲ့ပြောလိုက်ပေမဲ့ ခါတိုင်းလိုတက်ကြွတဲ့ကောင်လေးတစ်ယောက်ရဲ့စကားကို နားထောင်နေရတဲ့ခံစားချက်အစား အေးစိမ့်တဲ့ အမဲလိုက်မုဆိုးတစ်ယောက်ရဲ့အရှိန်အဝါကိုပဲ ရနေပါတယ်။

“မင်းက အမဲလိုက်နိုင်စွမ်းအမြင့်ဆုံး ပိုးကောင်ဗိုလ်ချုပ်တွေထဲကတစ်ယောက်ပဲ။ မင်းပထမဆုံးအမဲလိုက်ရမယ့် သတ္တဝါက စွမ်းအားကြီးနေမှ ပွဲဦးထွက်လှမှာပေါ့။” ယင်ကောင်က ပြောလိုက်တယ်။ ပုစဥ်းကလည်း ခြောက်ကပ်ကပ်ရယ်မောလိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်က ရုတ်တရက်ပြန့်ကားလာတယ်။

ဝုန်း....

စက္ကန့်အနည်းငယ်အကြာမှာပဲ ရေကန်အလယ်မှာရှိနေခဲ့တဲ့ ဆုဗာနာနန်းဆောင်ကြီးက အကျိုးအပဲ့တွေအဖြစ်ကို ပြောင်းလဲသွားပြီး ရေကန်အလယ်က တောင်ကြီးပေါ်မှာ ငွေရောင်ပုစဥ်းကြီး နားနေတဲ့မြင်ကွင်းကို လူတိုင်းစတင်မြင်တွေ့ရတယ်။ ကောင်းကင်ပေါ်က လမင်းကြီးရဲ့အလင်းကတော့ ပုစဥ်းပေါ်ကိုဖြာကျလို့။

“ဂီး....”

ပုရွက်ဆိတ်ဘုရင်မကတော့ တစ်ချက်မာန်ဖီလိုက်ပြီး သူ့ရဲ့အတောင်ပံတွေကိုဖြန့်ကာ ရေကန်ကိုကျော်ဖြတ်ပြီး ပုစဥ်းနဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားတယ်။ ပုစဥ်းကတော့ သူ့ရဲ့ထွင်းဖောက်မြင်နိုင်တဲ့ အတောင်ပံနှစ်စုံကို မြန်ဆန်စွာခတ်ရင်း နောက်ပျံခုန်လိုက်ကာ ရေကန်ရဲ့မျက်နှာပြင်အောက်ကို ထိုးစိုက်ဝင်ရောက်လိုက်တယ်။

ပုစဥ်းတွေဟာ ထူးဆန်းရဲ့အမဲလိုက်အင်းဆက်အမျိုးအစားပါ။ အခြားပျံသန်းနိုင်တဲ့ အင်းဆက်မျိုးစိတ်တွေက သားကောင်ကို အပေါ်စီးကနေ အခွင့်ကောင်းယူပြီး တိုက်ခိုက်တတ်ပေမဲ့ ပုစဥ်းတွေကတော့ သူတို့သားကောင်ကို အမြဲအောက်ကပဲ စောင့်ကြည့်တိုက်ခိုက်ကြတယ်။ ပြီးတော့ သူတို့ရဲ့အမဲလိုက်မှု အောင်မြင်နိုင်ခြေက အမြဲတမ်း ၉၅ ရာခိုင်နှုန်းအထက်မှာပဲရှိတယ်။

ဝုန်း... ဝုန်း... ဝုန်း...

ဧရာမအယ်ဖာအဆင့်ပိုးကောင်ကြီးနှစ်ကောင်ရဲ့တိုက်ပွဲကြောင့် လမင်းရေကန်က လှိုင်းထန်လာပါတယ်။ ယင်ကောင်ကိုယ်တိုင်ကတော့ တောင်ပေါ်မှာပဲရှိနေသေးပြီး တိုက်ပွဲကို လက်ပိုက်ကာ စောင့်ကြည့်နေပါတယ်။

“တကယ့်ကို ခမ်းနားလိုက်တဲ့တိုက်ပွဲပဲ။ မင်းက တခြားအမှိုက်ဗိုလ်ချုပ်တွေနဲ့ယှဥ်ရင် အများကြီး ကွာခြားတာပဲ။ ပိုးကောင်ဗိုလ်ချုပ်တွေထဲမှာ ဘာရွန်အရေအတွက်အများဆုံးကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ မျိုးစိတ်ကလို့ မပြောရဘူး။”

ယင်ကောင်ရဲ့မျက်နှာပေါ်မှာ ခါးသက်တဲ့အပြုံးပေါ်လာတယ်။ ဘုရင်မရဲ့ပြိုင်ဖက်ကို အနိုင်ယူဖို့အတွက်အစီအစဥ်ကို သူအောင်အောင်မြင်မြင်နဲ့ လုပ်နိုင်ခဲ့ပြီမဟုတ်လား။

....

ဂူသချိုင်းထဲက ထွက်လာချိန်မှာတော့ ဖရာလီတာက တိုကျိုစစ်မြေပြင်က သတင်းကိုရပြီး အတော်လေး စိတ်ထဲပေါ့သွားတယ်။

“ကြည့်ရတာ ငါစိုးရိမ်သလောက်တော့ အခြေအနေက မစိုးခဲ့ဘူးပဲ။”

ဖရာလီတာက သွေးဘိုးဘေးကိုမရခဲ့တာကြောင့် တိုကျိုကို စစ်ကူမပေးနိုင်မှာ စိုးရိမ်နေခဲ့တာပါ။ ဒါပေမဲ့ ကြည့်ရတာ သူ့အဖော်တွေကို အထင်သေးခဲ့မိပုံပါပဲ။

“အီဗန်လည်း သွေးတက်တူးရလာတာဆိုတော့ လက်ဗလာနဲ့ပြန်လာတာမျိုးမဟုတ်ဘူး ဆိုရမှာပဲ။”

နျူရေက ဖရာလီတာကို နှစ်သိမ့်ပေးဖို့ ကြိုးစားပေမဲ့ ဖရာလီတာကတော့ အပြုံးတုတစ်ခုကိုပဲ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်တယ်။ ဒီနေ့ဖရာလီတာက အများကြီးဆုံးရှုံးခဲ့ရတယ်မဟုတ်လား။ ဖရာလီတာက အရှေ့ဘက်ကနေ စတင်ထွက်ပေါ်လာပြီဖြစ်တဲ့ နေလုံးကြီးကို ငေးကြည့်ရင်း သက်ပြင်းချလိုက်တယ်။ ရုတ်တရက်ဆိုသလို သူ့မျက်လုံးတွေက ငွေရောင်ပြောင်းသွားပြီး တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်တယ်။

“ကြည့်ရတာ ကိစ္စတွေက ပိုစိတ်ဝင်စားစရာ ကောင်းလာပြီပဲ။ ဟိုကောင်မလေးလည်း နိုးလာတော့မှာဆိုတော့ သူဘယ်လိုတုန့်ပြန်မလဲမသိဘူး။”

ဖရာလီတာက စကားဆုံးတာနဲ့ ကောက်ကျစ်တော့မယ့် အပြုံးမျိုးပြုံးလိုက်တယ်။ ဒီမူမမှန်မှုကြောင့် ဘေးကနေ ကြည့်နေတဲ့ နျူရေလည်း စိတ်ထဲထင့်သွားပြီး မေးလိုက်တယ်။

“ယာယီကျောင်းအုပ်... ခုဏက ဘာပြောလိုက်တာလဲဟင်။”

နျူရေစကားဆုံးတော့ ဖရာလီတာရဲ့ငွေရောင်မျက်လုံးတွေက ပုံမှန်အပြာရောင်အဖြစ် ပြန်ပြောင်းသွားပြီး ရှေ့တည့်တည့်ကိုပဲ စက္ကန့်နည်းနည်းကြာတဲ့အထိ ကြောင်ကြည့်နေမိတယ်။

“ဟမ်... နျူရေ၊ နင်ငါ့ကို ဘာပြောလိုက်တာလဲ။” ဖရာလီတာက သတိပြန်ဝင်လာပြီးတဲ့နောက် နျူရေကို မေးလိုက်တယ်။ နျူရေကတော့ အဖြစ်အပျက်တွေကို နားမလည်နိုင်တော့တဲ့အတွက် ခေါင်းကိုသာကုတ်လိုက်ပါတယ်။

“မဟုတ်ဘူးလေ၊ ကျွန်မက ယာယီကျောင်းအုပ်ဘာပြောလိုက်မှန်းမသိလို့မေးတာ။ အဲဒါကို ကျောင်းအုပ်က ကျွန်မကို အဲဲဒီမေးခွန်းကိုပဲ ပြန်ပေးရတယ်လို့။”

ဖရာလီတာကိုယ်တိုင်လည်း အဖြေရှာမရတဲ့အတွက် သက်ပြင်းချလိုက်ပြီး ပခုံးတွန့်ပြလိုက်တယ်။

“ကြည့်ရတာ ငါအတွေးလွန်ပြီး သတိလွတ်သွားတယ်နဲ့တူတယ်။”

တင်...

တစ်ပြိုင်နက်တည်းဆိုသလိုပဲ ဖရာလီတာရဲ့ဖုန်းထဲကို ဂိုင်ယာဆီက သတင်းပို့ချက်ရောက်လာပါတယ်။ ဖရာလီတာက ဖုန်းကိုထုတ်ပြီး ဖတ်ကြည့်လိုက်ပြီးနောက် မျက်နှာတစ်ခုလုံး ဖြူကာပြာကာကျသွားလေရဲ့။

“တတိယမြောက်ပိုးကောင်တိုက်ခိုက်မှုက ဆုဗာနာမှာဖြစ်နေပြီး နယ်စားနန်းတော်နဲ့မဟာမိတ်က အဆက်အသွယ်ပြတ်တောက်သွားပြီတဲ့။ ဝင်တိုက်တဲ့ပိုးကောင်က ယင်ကောင်ဖြစ်နိုင်ပြီး အမျိုးအမည်မသိ တခြားပိုးကောင်ဗိုလ်ချုပ်တစ်ယောက်လည်းရှိနေတယ် ဂိုင်ယာရဲ့သုံးသပ်ချက်အရတော့ ဆုဗာနာမြို့တော် ကျဆုံးသွားလောက်ပြီလို့ဆိုတယ်။”

အီဗန်၊ ဖီးလစ်နဲ့ နျူရေတို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ ဆုဗာနာမှာ ပုရွက်ဆိတ်ဘုရင်မရှိနေတဲ့အတွက် မဟာမိတ်က အဲဒီကုန်းတွင်းပိတ်နိုင်ငံငယ်လေးရဲ့လုံခြုံရေးကို အနည်းငယ်မျက်ကွယ်ပြုမိခဲ့တယ်လို့ ဆိုရမှာပါ။ ယင်ကောင်အနောက်ဘက်ကို ထွက်သွားမှန်းသိပေမဲ့ ယင်ကောင်ရဲ့ရည်မှန်းချက်ကို ဂိုင်ယာက မတွက်ချက်နိုင်ခဲ့ဘူး။

“မဖြစ်ဘူး... ဆုဗာနာက မက်ဒါနာတန်ဖိုးထားတဲ့နေရာပဲ။ အခုချက်ချင်း ငါတို့အဲဒီကိုသွားရမယ်။” ဖရာလီတာက ချက်ချင်းဆိုသလိုပဲ မဟာမိတ်မစ်ရှင်အဖွဲ့တစ်ခုလုံးလိုက်နာရမယ့် အမိန့်တစ်ခုကို ထုတ်ပြန်လိုက်တယ်။

All Chapters