ကောင်းကင်နတ်ဘုံသို့ ခိုင်ဧကရာဇ် အလည်လာပြီ
Vol. 87 Ch. 1137
ကျန်းပိုင်ကွေ့သည် သူ၏ကိုယ်ပိုင်ချီစွမ်းအင်ဖြင့် နတ်ဘုရားမိစ္ဆာငါးသိန်းအသွင် ပြောင်းလိုက်ပြီး ယွဲ့ထင်းကဲက လုံရှန်းဆန်းရန်၏ ၀င်္ကပါပန်းချီကို ထိန်းချုပ်ထား၏။ သူက အမျိုးမျိုးသော ၀င်္ကပါများ သုံးကာ ကျန်းပိုင်ကွေ့ ချိုးဖျက်မည်ကို စောင့်စားနေသည်။
ဤဝင်္ကပါသည် နဂါးဟန်ခေတ်မှစ၍ နှစ်ထောင်ပေါင်းများစွာ ကြာသည်အထိ မည်သူမှ မချိုးဖျက်နိုင်ခဲ့သော ၀င်္ကပါပန်းချီတစ်ခု ဖြစ်၏။ ရှိရှိသမျှ ကောင်းကင်ဆရာသခင်တိုင်း ဝင်္ကပါအကြောင်း မကြားဖူးဘဲ မနေကြပေ။ ယွဲ့ထင်းကဲက ၎င်းကို ချိုးဖျက်နိုင်ခဲ့သောကြောင့် နာမည်ကျော်လာခဲ့သည့်အပြင် ကောင်းကင်နတ်ဘုံ၏ နံပါတ်တစ်ကောင်းကင်ဆရာသခင်ဟူသော အမည်ကိုပါ ရရှိခဲ့လေသည်။
သူက ၀င်္ကပါပန်းချီကို ကိုယ်တိုင်ထိန်းချုပ်၍ မျက်စိကျိန်းမတတ် တောက်ပနေသော ၀င်္ကပါအစီအရင်များကို အသုံးပြုနေသည်။ လုံလောက်သည့် ဉာဏ်ရည်သာ မရှိပါက ဝင်္ကပါကို ချိုးဖျက်ရန်မဆိုထားနှင့်၊ တခဏမျှကြည့်ရုံနှင့် မူးဝေသွားပေနိုင်သည်။
ကျန်းပိုင်ကွေ့၏ ချီစွမ်းအင်မှ အသွင်ပြောင်းထားသည့် စစ်တပ်ကြီးက တန်းတန်းမတ်မတ် ၀င်ရောက်လာသည်။ သူ၏လှုပ်ရှားမှုများက ရှန့်ပင်းယင်နှင့်မတူချေ။ ရှန့်ပင်ယင်းသည် မြင်မြင်သမျှ ၀င်္ကပါတိုင်းကို ဖြည်းဖြည်းမှန်မှန် ချိုးဖျက်ခဲ့၏။ သူကတော့ သူ၏စစ်တပ်ကို ကောင်းကင်ဘုံ ၂၈ ဘုံထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားစေသည်။
ယွဲ့ထင်းကဲ သက်ပြင်းချလိုက်မိသည်။ ကျန်းပိုင်ကွေ့ကား ၀င်္ကပါကို ချိုးဖျက်ရန် နည်းလမ်းအား ချက်ချင်း သိရှိခဲ့ချေပြီ။
ယွဲ့ထင်းကဲမှာ ထိုနည်းလမ်းကို ရှာတွေ့ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။
ထိပ်တွင် ဖန်သားကောင်းကင်စေတီ၏ ရှေးဟောင်းနတ်ဘုရားဥ ဖြစ်သော ကောင်းကင်စက်လုံးက နေရာယူထားသည်။
ကျန်းပိုင်ကွေ့က ခွန်အားကို အသုံးပြုလျက် ၎င်း၏ ပတ်ဝန်းကျင်အား မတိုက်ခိုက်ပဲ ဝင်ရောက်နေရာယူသည်။ ထို့နောက် မှန်များဖြင့် ကာရံကာ ဥကို ပိတ်လှောင်လိုက်သည်။
ကျန်းပိုင်ကွေ့၏ အခင်းအကျင်းဝင်္ကပါသည် ရုတ်တရက် ပြောင်းပြန်လှန်လိုက်ပြီးနောက် လုံရှန်းပန်းချီ၏ ဝင်္ကပါများထက် များစွာအနုစိတ်သော အခင်းအကျင်းမျိုးဖြင့် ဖြန့်ချလိုက်တော့၏။
ယွဲ့ထင်းကဲမှာ ကြောင်အနေမိသည်။
၀င်္ကပါပန်းချီအတွင်းရှိ ထောင်ပေါင်းများစွာသော ၀င်္ကပါတို့၏ အဓိကဗဟိုချက်မှာ ဥဖြစ်သည်။ ကျန်းပိုင်ကွေ့က သူ၏ခွန်အားကို စုစည်း၍ ဥကို အလျင်အမြန် ပိတ်လှောင်လိုက်ပြီးနောက် ၎င်းအား ဗဟိုပြုလျက် ပတ်ပတ်လည်တွင် ကောင်းကင်ဘုံ ၂၈ဘုံအခင်းအကျင်းကို နေရာချခဲ့သည်။ ထိုသို့လုပ်ခြင်းဖြင့် သူသည် ဥကဲ့သို့ ဗဟိုချက်ဖြစ်သွားပြီး ၀င်္ကပါပန်းချီ၏ ကောင်းကင်ဘုံ ၂၈ ဘုံကို သိမ်းပိုက်ကာ ကောင်းကင်ဘုံ ၂၈ ဘုံအား ဖြန့်ချနိုင်သွား၏။
ထိုသို့ဖြင့် သူ၏ ၀င်္ကပါပန်းချီက လုံရှန်း၀င်္ကပါပန်းချီကို အစားထိုးကာ ကောင်းကင်ဘုံ ၂၈ ဘုံ ၀င်္ကပါပန်းချီအသစ် ဖြစ်လာခဲ့ချေပြီ။
ကျန်းပိုင်ကွေ့က ကောင်းကင်ဘုံ ၂၈ ဘုံကို သိမ်းပိုက်ကာ ပြောင်းပြန်လှန်ထားသောကြောင့် ယွဲ့ထင်းကဲမှာ ၎င်းကို ပြောင်းပြန်မလှန်နိုင်တော့ချေ။ မကြာမီ ၎င်းအတွင်းရှိ ၀င်္ကပါသိုင်းကွက်အားလုံး ကျိုးပျက်သွားပြီး တစ်ခုမှ မကျန်ရစ်ခဲ့ချေ။
ယွဲ့ထင်းကဲသည် သက်ပြင်းချ၍ ချီစွမ်းအင်ကို လွင့်ပျယ်စေလိုက်ရင်း ပြော၏။ “မင်းက ဉာဏ်ကြီးရှင်တစ်ယောက်ပဲ… ဒီ၀င်္ကပါက လုံရှန်းဆန်းရန်ရဲ့ မဟာ၀င်္ကပါပန်းချီ…. ဒါပေမဲ့ ဒီရတနာက တစ်လောကလုံးမှာ နံပါတ်တစ်ရတနာ ဖြစ်တဲ့ ဖန်သားကောင်းကင်စေတီပဲ….ဒါတောင် မင်းက အဲ့ဒါကို လူအင်အားအနည်းဆုံး၊ အကျအဆုံးအနည်းဆုံးနဲ့ ချိုးဖျက်ခဲ့တယ်….ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ နံပါတ်တစ်ကောင်းကင်ဆရာသခင် ပီသပါပေတယ်…”
ကျန်းပိုင်ကွေ့ကလည်း ချီစွမ်းအင်ကို ရုတ်သိမ်းလိုက်ရင်း မေးသည်။ “ကောင်းကင်ဆရာသခင်ယွဲ့၊ ခင်ဗျားလည်း ဒီနည်းလမ်းကို အသုံးပြုခဲ့တာလား..”
ယွဲ့ထင်းကဲသည် မာနထိခိုက်သွားဟန်ဖြင့် လက်နောက်ပစ်ကာ ခေါင်းခါရမ်းလိုက်၏။ သူက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေသည်။ “မသုံးခဲ့ဘူး… ငါက ကောင်းကင်စက်လုံးထဲ ဝင်ရောက်ပြီးတဲ့အခါမှာ သပ်ချောင်းရိုက်ထည့်တဲ့နည်းကို အသုံးပြုခဲ့တယ်.. ဝင်္ကပါအပြောင်းအလဲတွေကို ကန့်သတ်နိုင်အောင် ကောင်းကင်ဘုံ ၂၈ ဘုံမှာ တစ်ချောင်းချင်းစီ ရိုက်ထည့်ပစ်ခဲ့တာ... ဒါပေမဲ့ အဲဒီအတွက် လူအင်အားတစ်သန်း ဆုံးရှုံးခဲ့ရတဲ့အပြင် အထိအခိုက်လည်း များခဲ့တယ်”
သူက စိတ်ပြန်တည်ငြိမ်လာပြီး အပြုံးဖြင့် မေးသည်။ “မင်းညီက ဉာဏ်ပညာက လွဲပြီး အခြားနေရာတိုင်းမှာ မင်းထက် သာတယ်လို့ပြောတယ်နော်….အဲ့ဒီစကားကို ရင်းနှီးနေသလိုပဲ… မင်းညီက ဘယ်သူများလဲ”
ကျန်းပိုင်ကွေ့က ဖြေသည်။ “ကောင်းကင်ဆရာသခင်ယွဲ့၊ သူ့ကို မကြားဖူးလောက်ပါဘူး… သူက ကောင်းကင်နတ်အရှင်မူလေ…”
ယွဲ့ထင်းကဲ ထိတ်လန့်သွားတော့သည်။ ထို့နောက် အသိစိတ်၀င်လာပြီး တဟားဟား ထရယ်လိုက်လေသည်။ “ဆိုတော့ သူပေါ့လေ.. အဲ့ဒီကောင်က သိပ်မမောက်မာပြီး သူကိုယ့်သူ ကောင်းကင်ဘုံပြီးရင် ဒုတိယအမြင့်မြတ်ဆုံးလို့ ထင်နေတာ…. ငါ သူ့ကို ကြည့်မရတာ ကြာပြီ”
သူက မာန်အပြည့်ဖြင့် ခေါင်းညိတ်သည်။ “သူက တခြားနေရာတွေမှာ အစွမ်းထက်တာ မှန်တယ်…. သူ့စကားတွေက စိတ်ရှုပ်စရာကောင်းလွန်းလို့ အသက်ရှုတောင် ကြပ်စေနိုင်တယ်… ဒါပေမဲ့ ငါတို့လောက်တော့ ဉာဏ်မကောင်းဘူး”
ကျန်းပိုင်ကွေ့လည်း အလားတူခံစားရသဖြင့် ခေါင်းညိတ်လိုက်သည်။
နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်ကြသည်။ နောက်ဆုံးတော့ သူတို့အတွက် စိတ်တူကိုယ်တူမိတ်ဆွေတစ်ဦး ရလိုက်ချေပြီ။ နှစ်ယောက်လုံးသည် ချင်မူ့အား သူတို့ဉာဏ်ပညာဖြင့် နှိမ်ရသည်ကို နှစ်သက်ကြ၏။
ကောင်းကင်နတ်ဘုံတွင်….
ချင်မူက စွမ်းအင်အကူးအပြောင်းတံတားဆီမှ ထွက်လာရင်း တွေးနေသည်။ ‘မဟာလေဟာနယ်က စစ်ပွဲတော့ ဘယ်လိုဖြစ်နေပြီလဲမသိဘူး… ခိုင်ဧကရာဇ်နဲ့ လန်ဝူက ကောင်းကင်နတ်ဘုံရဲ့ တိုက်စစ်ကို ခုခံနိုင်ပါ့မလား”
သူ စိတ်ပူနေမိသည်။
ရွှင်ပျော်ပျော်ကျေးရွာနှင့် ပရမတ္တကမ္ဘာသား ဖန်ဆင်းရှင်တို့၏ ပူးပေါင်းမှုသည် သူ၏ နှိုးဆော်တိုက်တွန်းမှုကြောင့် ဖြစ်၏။ ငြိမ်သက်နေသော ရွှင်ပျော်ပျော်ကျေးရွာ၏ စိတ်အင်အားကို နှိုးဆွပေးရန်အတွက် မဟာလေဟာနယ်တွင် လက်နက်များ သွန်းလုပ်ခြင်းမှတစ်ဆင့် ရွှင်ပျော်ပျော်ကျေးရွာ၏ ပြုပြင်ပြောင်းလဲမှု ပြန်လည်စတင်လာအောင်လည်း ကြံရွယ်မိခဲ့သည်။
သို့သော် ကောင်းကင်နတ်ဘုံသည် ဧရာမစစ်တပ်ကြီးတစ်တပ် စေလွှတ်လိုက်ပါက သူတို့ တောင့်ခံကောင်း တောင့်ခံနိုင်မည်မဟုတ်ချေ။
ချင်မူ ဟိုဟိုသည်သည် ကြည့်လိုက်ရာ ကောင်းကင်နတ်ဘုံမှာ သာမန်ထက် လူသူရှင်းလင်းနေသည်ကို တွေ့လိုက်ရ၏။ ကောင်းကင်နတ်ဘုံသည် အဆုံးမရှိ ကျယ်ပြောသော်လည်း စံမြန်းနေထိုင်ကြသော နတ်ဘုရားနှင့်မိစ္ဆာများစွာ ရှိရာ အမြဲလိုလို စည်ကားပြည့်ကြပ်နေတတ်သည်။
ယခုတွင် ကောင်းကင်နတ်ဘုံ၏ အင်အားတစ်ဝက်မှာ စစ်သည်တော်များအဖြစ် စုဆောင်းခံခဲ့ရသောကြောင့် ကောင်းကင်လမ်းမထက်တွင် သွားလာနေသူ အနည်းငယ်သာရှိပြီး ခြောက်ကပ်နေ၏။
'ကြည့်ရတာ ကောင်းကင်နတ်ဘုံက အဆုံးအဖြတ်စစ်ပွဲကို စတင်တော့မယ် ထင်တယ်… ဒါက တကယ်ကို အချိန်ရော၊ အင်အားပါသက်သာစေတဲ့ နည်းလမ်းပဲ…”
ချင်မူမှာ တုန်လှုပ်သွားမိသည်။ ဤနည်းလမ်းအတိုင်းဆိုလျှင် ကောင်းကင်နတ်အရှင်ဆယ်ပါးစလုံး စုဝေးနေရပေမည်။ မဟာလေဟာနယ်၌ ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်နှစ်ဦးဖြစ်သည့် ခိုင်ဧကရာဇ်နှင့် လန်ဝူတို့ ရှိကြသည်မဟုတ်ပါလော။ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှ ဘယ်နှယောက် ချီတက်သွားခဲ့သည်လဲ သူ မသိနိုင်ချေ။
'ခိုင်ဧကရာဇ် တောင့်ခံနိုင်မှပဲ သူတို့ မတိုးသာမဆုတ်သာ အခြေအနေဖြစ်သွားလိမ့်မယ်… အဲ့အချိန်ကျမှ မဟာလေဟာနယ်ကို လက်နက်တွေ သွန်းလုပ်သန့်စင်ဖို့ သုံးနိုင်မှာ… သူတို့ ကျရှုံးသွားရင်တော့ ပြန်ဆုတ်ပြီး လေဟာနယ်တံတားကိုပဲ ကာကွယ်နိုင်လိမ့်မယ်”
ချင်မူက မျက်လုံးများ မှေးကျဉ်း၍ အဝေးရှိ ကျောက်စိမ်းနန်းတော်ဆီသို့ လှမ်းကြည့်လိုက်သည်။ ကောင်းကင်နတ်အရှင်ဆယ်ပါးသည် အကျအဆုံးနည်းစွာဖြင့် ခိုင်ဧကရာဇ်နှင့် လန်ဝူကို ရှင်းပစ်လိုပါက အနည်းဆုံး ကောင်းကင်နတ်အရှင်ခြောက်ပါး အသုံးပြုရပေလိမ့်မည်။
၎င်းက အပြတ်အသတ် အောင်ပွဲရနိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင်။
ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့ ဝင်တိုက်ခိုက်နိုင်သော အခြေအနေကို ကာကွယ်ရန်အတွက်လည်း ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ထိန်းချုပ်စောင့်ရှောက်နေမည့် ကောင်းကင်နတ်အရှင်နှစ်ပါး ကောင်းကင်နတ်ဘုံ၌ ရှိရပေလိမ့်မည်။
'မဟာလေဟာနယ်ဆီ ကောင်းကင်နတ်အရှင်ဘယ်နှယောက် ထွက်သွားသလဲ မသိဘူး’
ချင်မူ ထိုသို့တွေးတောနေစဉ် ကောင်းကင်နတ်ဘုံ၏ မိဖုရားနန်းဆောင်မှ ပြင်းထန်လှသော ဓားစွမ်းအင်တစ်မျိုး အသက်ဝင်လာသည်။ ချင်မူ့နှလုံးသားမှာ တုန်လှုပ်သွားပြီး သူက အလောတကြီး လှမ်းကြည့်လိုက်၏။ ကောင်းကင်နတ်ဧကရာဇ်၏ မိဖုရားနန်းဆောင်များထဲမှ ဓားရောင်တစ်ရောင်သည် လေထဲသို့ မြင့်တက်လာပြီး ကောင်းကင်နတ်ဘုံကို ဖိနှိပ်လိုက်သည့် ဓားလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၄ ဘုံ အသွင်သဏ္ဍာန်အား ဖွဲ့တည်လိုက်ကြောင်း တွေ့လိုက်ရ၏။
ဓားရောင် လေထဲသို့ မြင့်တက်နေစဉ် ကောင်းကင်နတ်ဘုံ၏ ခန်းမများ၊ နန်းဆောင်များထဲမှ အက်ကွဲသံများ ချက်ချင်း ထွက်ပေါ်လာသည်။ နန်းဆောင်များ၊ ခန်းမများမှာ ချွန်ထက်လှသော ဓားတစ်လက်ဖြင့် ပိုင်းဖြတ်ခံလိုက်ရသကဲ့သို့ ပွင့်ထွက်ကုန်ကြသည်။
ချင်မူ့အနောက်မှလည်း အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူ ချက်ချင်း လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်ဘုံ၏ တောင်ကောင်းကင်မုခ်၀သည် နှစ်ပိုင်း, ပိုင်းဖြတ်ခံလိုက်ရသည်ကို တွေ့လိုက်ရ၏။
“ခိုင်ဧကရာဇ်ချင်ယဲ့က နဂါးဟန်ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်ဧကရာဇ်ကို နှုတ်ဆက်ဖို့ ရောက်လာခဲ့ပြီ”
ခိုင်ဧကရာဇ်အသံသည် ကျောက်စိမ်းမြို့တော်ရှိ မိဖုရားနန်းဆောင်အတွင်းမှ ထွက်ပေါ်လာ၏။ အသံကား ခမ်းနားကျယ်လောင်စွာဖြင့် လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်သွားသည်။
ကောင်းကင်နတ်ဘုံတစ်ခုလုံး ၀ရုန်းသုန်းကား ဖြစ်သွားချေသည်။
ကောင်းကင်နတ်ဘုံစစ်တပ်၏ တစ်၀က်သည် မဟာလေဟာနယ်သို့ ချီတက်သွားကြသော်လည်း ကောင်းကင်နတ်ဘုံကို စောင့်ရှောက်နေသူ အများအပြား ကျန်သေး၏။ လက်ဝဲလက်ယာ ယွီလင်နန်းစောင့်တပ်ဖွဲ့၊ လက်ဝဲလက်ယာ နတ်ရှိန်ဝါတပ်ဖွဲ့၊ လက်ဝဲလက်ယာ နတ်ဗျူဟာတပ်ဖွဲ့၊ ကောင်းကင်နတ်ဘုံ၏ ဧကရာဇ်ကိုယ်ရံတော်ခြောက်ဦးနှင့် အခြားနတ်ဘုရားမိစ္ဆာ ထောင်ပေါင်းများစွာကား လေထဲသို့ ပျံတက်၍ နေရာယူပြီးနောက် မိဖုရားဆောင်ဆီ အလျင်အမြန် ချီတက်သွားကြတော့သည်။
ချင်မူလည်း ပိုမိုရှင်းရှင်းလင်းလင်း မြင်ရရန် လေပေါ်သို့ ချက်ချင်း ပျံတက်လိုက်၏။
“မင်းရဲ့ အရှိန်အဝါက ပြိုင်ဘက်ကင်းလွန်းတယ် ဧကရာဇ်…. ဒါပေမဲ့ နတ်ကောင်းကင်ခန်းမမှာပဲ ပုန်းနေခဲ့ပြီး ဘယ်တော့မှ ထွက်မလာခဲ့ဘူး…. ဘာလို့များလဲ”
ခိုင်ဧကရာဇ်သည် ရွှင်ပျော်ပျော်ဓားကို ထုတ်၍ မိဖုရားနန်းဆောင်ထဲတွင် အသာအယာ လွှဲရမ်းလိုက်သည်။ ချက်ချင်းပင် ဓားက ဟင်းလင်းပြင်ကို ပိုင်းဖြတ်သွားပြီး သူနှင့် သူ့ကို လာဖမ်းတော့မည့် ဧကရာဇ်ကိုယ်ရံတော်ခြောက်ဦးအကြားတွင် အဆုံးမရှိစွာ ပြန့်ကားလာသော နေရာလွတ်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။
သူတို့မှာ သူ့ထံ ပျံသန်းနိုင်ရန် အစွမ်းကုန် ကြိုးစားနေကြသော်လည်း မည်မျှပင် မြန်မြန်ပျံသန်းသော်လည်း ခိုင်ဧကရာဇ်အနား မကပ်နိုင်ကြချေ။
ခိုင်ဧကရာဇ်က ရွှင်ပျော်ပျော်ဓားကို ဓားအိမ်အတွင်း ပြန်ထည့်၍ နတ်ကောင်းကင်ခန်းမဆီသို့ လျှောက်သွားကာ ကျယ်လောင်စွာ ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်ဆယ်ပါးက မင်းကို ထောင်ချောက်ဆင်ပြီး သတ်ခဲ့တာ ကြာပြီ ကောင်းကင်နတ်ဧကရာဇ်… အဲဒီနောက်ပိုင်း သူတို့က လူတိုင်းကို အရူးလုပ်ဖို့ မင်းကို အစားထိုးခဲ့ကြတယ်..”
သူ့ခြေလှမ်းများက မြန်သော်လည်း အလောတကြီး မဟုတ်ချေ။ သူက အေးအေးလူလူ ပြော၏။ “ကောင်းကင်နတ်ဧကရာဇ်၊ မင်းသာ အစစ်ဆိုရင် ငါ့ဓားချက်တစ်ချက်လောက် လာခံယူကြည့်စမ်းပါ”