ကောင်းကင်နတ်အရှင်များ၏ တိုက်ပွဲ
Vol. 87 Ch. 1137.1
ခိုင်ဧကရာဇ်သည် နတ်ကောင်းကင်ရတနာခန်းမဆီသို့ တစ်လှမ်းချင်း လျှောက်နေပြီး သူ၏အရှိန်အဝါမှာ ပိုပို၍ အားကောင်းပြင်းထန်လာသည်။ သူ့ပတ်၀န်းကျင်၌ တဟုန်းဟုန်း ထကြွနေသော ဓားချီတို့က ကောင်းကင်နတ်ဘုံကို နှစ်ခြမ်းခွဲပစ်တော့မည့်အလားပင်။
သူကား နတ်ကောင်းကင်ရတနာခန်းမအောက်သို့ ရောက်လာခဲ့ချေပြီ။ သူဓားမှာ ဓားအိမ်အတွင်းမှ ထွက်မလာသေးသော်လည်း သူ့ကိုယ်တိုင်ကား နှိုင်းယှဉ်မရလောက်အောင် ချွန်ထက်သည့် ဓားတစ်လက်သဖွယ် ဖြစ်နေ၏။
ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ် ထွက်မလာလျှင်ပင် သူက နတ်ကောင်းကင်ရတနာခန်းမကို ထိုးဖောက်၍ ကောင်းကင်နတ်ဧကရာဇ်၏ဦးခေါင်းကို ဖြတ်ယူပေလိမ့်မည်။
ကောင်းကင်နတ်ဘုံတစ်ဘုံလုံး ရုန်းရင်းဆန်ခတ် ပွက်လောရိုက်နေပြီး မရေမတွက်နိုင်သော နတ်ဘုရားနှင့်မိစ္ဆာတို့မှာ ခေါင်းပြတ်နေသော ယင်ကောင်များကဲ့သို့ လူးကာလွန့်ကာ ပျံသန်းနေကြသည်။ အချို့က ကျောက်စိမ်းမြို့တော်၏ နတ်ကောင်းကင်ရတနာခန်းမဆီသို့ ဦးတည်ပျံသန်းနေကြပြီး အချို့က ထွက်ပြေးနေကြ၏။ အချို့ကမူ အခြေအနေကို အခွင့်ကောင်ယူးပြီး ခိုးဝှက်လုယက်နေကြလေသည်။
ကောင်းကင်နတ်ဘုံ၏ အရာရှိများဖြစ်သည့် နတ်ဘုရားနှင့်မိစ္ဆာများကမူ နေအိမ်များအတွင်းတွင် ပုန်းနေကြသည်။ ဇနီးသည်များနှင့် မိသားစု၀င်တို့မှာ တုန်ရီနေကြပြီး နတ်ဘုရားအရာရှိတစ်ဦးသည် သူတို့ကို နှစ်သိမ့်ပေးနေ၏။ “အားလုံးအဆင်ပြေပါတယ်…. ကောင်းကင်နတ်ဧကရာဇ် ဘယ်သူလဲဆိုတာက အရေးမကြီးဘူး… ကောင်းကင်နတ်ဧကရာဇ် အနန္တကောင်းကင်ဘုံတွေကို အုပ်ချုပ်ချင်ရင် ငါတို့ကို အသုံးပြုဖို့အပြင် တခြားရွေးချယ်စရာမရှိဘူးလေ…. ခိုင်ဧကရာဇ်က ကောင်းကင်နတ်ဧကရာဇ်ကို သတ်လိုက်ရင်တောင် သူက ငါတို့ကို အန္တရာယ်ပေးမှာမဟုတ်ဘူး…”
ခိုင်ဧကရာဇ် ရောက်ရှိလာမှုကြောင့် စီတန်းနေသော သံကြိုးများကဲ့သို့ စနစ်တကျ ဖြစ်နေခဲ့သည့် ကောင်းကင်နတ်ဘုံမှာ ချက်ချင်းပင် ၀ရုန်းသုန်းကား ဆူညံသွားခဲ့သည်။ ထိုနေ့တွင် ကောင်းကင်နတ်ဘုံ၏ တောက်ပတင့်တယ်နေသော အပေါ်ယံအရေပြားမှာ ဆွဲခွာခံလိုက်ရပြီး အတွင်း၌ ပုပ်သိုးနေမှုတို့ ပေါ်လွင်လာခဲ့ချေပြီ။
ဝှစ်….
အလင်းတန်းတစ်တန်းက လက်ခနဲ ဖြတ်သွားသည်။ ကောင်းကင်နတ်အရှင်ဟောင်သည် မျက်နှာသုန်မှုန်လျက် နတ်ကောင်းကင်ရတနာခန်းမအရှေ့တွင် ရပ်နေ၏။ သူက ရှေ့သို့ ခြေတစ်လှမ်းတက်၍ ခိုင်ဧကရာဇ်အား ငုံ့ကြည့်ရင်း အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။ “ချင်ယဲ့၊ မင်းက ရိုင်းစိုင်းလွန်းတယ်”
ခိုင်ဧကရာဇ်က ရွှင်ပျော်ပျော်ဓားကို ကိုင်လျက် အေးအေးလူလူ တုံ့ပြန်သည်။ “ကောင်းကင်နတ်အရှင်ဟောင်၊ မင်းက ကောင်းကင်နတ်ဧကရာဇ်ကို ကြံစည်သတ်ဖြတ်ခဲ့တဲ့အပြင် သူ့အာဏာကို လုယူခဲ့တယ်….ဒီနေရာကို စောင့်ရှောက်ဖို့ ကောင်းကင်နတ်ဧကရာဇ်အတုတောင် ဖန်တီးခဲ့သေးတယ်…. ရိုင်းစိုင်းတဲ့သူက ငါလား မင်းလား …”
ကောင်းကင်နတ်အရှင်ဟောင်၏ အရှိန်အဝါသည် တဟုန်ထိုး ထွက်ပေါ်လာပြီး များစွာသော ကောင်းကင်နန်းဆောင်တို့များက သူ့ခေါင်းနောက်ရှိ အလင်းလှည်းဘီးဆီမှ ဖြာထွက်လာကာ ကောင်းကင်နတ်ဘုံတွင် ပြည့်နှက်သွား၏။ သူက ပေါ့ပေါ့ပါးပါး ပြောလေသည်။ “ကောင်းကင်နတ်အရှင်ခြောက်ပါးက မဟာလေဟာနယ်ဆီ ချီတက်နေကြတယ်…. အခု ကောင်းကင်နတ်ဘုံက အခွံပဲ ကျန်တော့တဲ့ပုံ ဖြစ်နေလောက်ပေမယ့် စောင့်ကြပ်နေတဲ့ ကောင်းကင်နတ်အရှင်လေးပါး ကျန်ခဲ့သေးတယ်….ချင်ယဲ့၊ မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
“ကောင်းကင်နတ်အရှင်လေးပါးက စောင့်ကြပ်နေတာလား”
ခိုင်ဧကရာဇ်သည် ဓားရင်းကို ကိုင်လျက် အေးဆေးစွာ ပြောလိုက်၏။ “တကယ်တော့ လုံလောက်တာထက်တောင် ပိုနေပြီ…. ငါတို့နှစ်ယောက် တိုက်ခိုက်ရုံနဲ့ နဂါးဟန်ကောင်းကင်နတ်ဘုံတခွင်မှာ အပျက်အစီး၊ အဆုံးအရှုံးတွေ ဖြစ်ပေါ်စေလိမ့်မယ်…”
“မလုံလောက်ဘူး’
ကောင်းကင်နတ်အရှင်ရှောင်က လက်သည်းများကို ပွတ်တိုက်ညှိရင်း သူ့အနောက်မှ ထွက်လာသည်။ သူက ပြုံးလျက် ပြောသည်။ “မလုံလောက်ဘူး…တာအိုမိတ်ဆွေချင်”
ဧရာမလက်ဖဝါးကြီးတစ်ခုနှင့် ဧရာမဟင်းလင်းပြင်သားရဲကြီးတစ်ကောင်က ကောင်းကင်နတ်ဘုံ၏ မိဖုရားနန်းဆောင်ထဲ၌ ထွက်လာသည်။ နတ်ဘုရင်လန်ဝူက ခပ်ပြတ်ပြတ် ပြော၏။ “အခု ကောင်းကင်နတ်အရှင်လေးပါး ရောက်နေပြီ…. ဒီတိုက်ပွဲက ကောင်းကင်နတ်ဘုံကို အလုံးစုံပျက်စီးစေလိမ့်မယ် ထင်ပါရဲ့”
ကောင်းကင်နတ်အရှင်ရှောင်၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ ရုတ်တရက် နတ်အရှင်မချန်း၏အသံက ထွက်ပေါ်လာသည်။ သူမက မဆိုစလောက် ပြုံးနေလေသည်။ “ကျွန်မက မိဖုရားတစ်ပါးဆိုတော့ မျက်နှာထွက်မပြရဲတာနဲ့ မဟာလေဟာနယ်ဆီ လိုက်မသွားခဲ့မိဘူး…. အခုတော့ ကြည့်စမ်း ကောင်းကင်နတ်ဘုံမှာ ကောင်းကင်နတ်အရှင်ချင်နဲ့ လာတွေ့နေတယ်... ဒီအစ်မတော်က ဘယ်သူများလဲ…”
နတ်ဘုရင်လန်ဝူသည် အင်္ကျီလက်စတို့ တဖျတ်ဖျတ် လွင့်လျက် မားမားမတ်မတ် ရပ်နေသော်လည်း မည်သည့်စကားမှ မဟချေ။
ခိုင်ဧကရာဇ်၏ လက်ဖဝါးက အနည်းငယ် ရွေ့လျားသွားပြီး ရွှင်ပျော်ပျော်ဓား၏ လက်မ၀က်ခန့်က ဓားအိမ်ထဲမှ ထွက်လာသည်။ သူက ခပ်အေးအေး ပြောသည်။ “ကြည့်ရတာ ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်တို့တော့ အခွင့်အရေး ရသွားပြီထင်ပါတယ်..”
ကောင်းကင်နတ်အရှင်ချန်း၊ ရှောင်နှင့် ဟောင်တို့မှာ အံ့ဩမှင်သက်သွားကြ၏။ သူ့စကား၏ အဓိပ္ပာယ်ကို သူတို့ ချက်ချင်း နားလည်သွားကြသည်။
ကောင်းကင်နတ်ဘုံကို စောင့်ရှောက်နေသော ကောင်းကင်နတ်အရှင်အရေအတွက်က သုံးယောက်ထက် နည်းသွားသည်နှင့် ရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် စတင်လှုပ်ရှား၍ ကောင်းကင်နတ်အရှင်များကို သတ်ဖြတ်ပစ်နိုင်ပေသည်။
ယခုတွင် ကောင်းကင်နတ်အရှင်လေးပါးဖြစ်သည့် ဟောင်၊ ရှောင်၊ ချန်းနှင့် မိဖုရားနန်းဆောင်ထဲတွင် နတ်အရှင်မယန်တို့ ရှိကြသည်။ ခိုင်ဧကရာဇ်နှင့် နတ်ဘုရင်လန်ဝူအား တားဆီးရန် ကောင်းကင်နတ်အရှင်နှစ်ပါးကို စေလွှတ်လိုက်ပါက ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်အတွက် မဟာအခွင့်အရေးတစ်ရပ် ဖြစ်သွားပေလိမ့်မည်။
ကောင်းကင်နတ်အရှင်လေးပါးကို ချေမှုန်းပြီးပါက ကျန်ခြောက်ပါးသည် အရှက်ရဖွယ် အရေးနိမ့်မှုကို ရင်ဆိုင်ရပေလိမ့်မည်။
ခိုင်ဧကရာဇ်က ရှေးဟောင်းနတ်ဘုရားတို့၏ မဟာမိတ်ဖြစ်သည်ကိုလည်း မေ့ထား၍ မရပေ။ သူ့ခေတ်အခါတုန်းက ခိုင်ဧကရာဇ်သည် ရှေးဟောင်းနတ်ဘုရားတို့၏ ထောက်ခံမှုကို ရရှိခဲ့၏။
ရှေးဟောင်းနတ်ဘုရားများက ကောင်းကင်နတ်ဘုံနှင့် တုယှဉ်ပြိုင်နိုင်အောင် ခိုင်ဧကရာဇ်ကို စည်းစနစ်တကျ ပျိုးထောင်ပေးထားခဲ့သည် မဟုတ်ပါလော။
ခိုင်ဧကရာဇ်ချင်ယဲ့နှင့် နတ်ဘုရင်လန်ဝူတို့အပါအ၀င်၊ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နတ်အရှင်ရုံ၊ ရှေးဟောင်းနတ်ဘုရား ဧကရာဇ်သုံးပါးသာမက သီးသန့်စွာ နေထိုင်နေသော ကောင်းကင်နတ်အရှင်ယွဲ့တို့ပါ ပေါင်းထည့်လိုက်ပါက အင်အားကား မမျှတော့ပေ။
ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့သည် မဟာတာအိုအကန့်အသတ်တို့ထဲမှ ရုန်းထွက်နိုင်ဦးမည်မဟုတ်သော်လည်း ထိုရှေးဟောင်းနတ်ဘုရားနှစ်ပါးနှင့်တင် သူတို့ကို အပြင်းအထန် ဒဏ်ရာရစေရန် လုံလောက်သည်။
ဤအခိုက်အတန့်တွင် သူတို့မှာ ဟန်ပျက်သွားလေပြီ။ ခိုင်ဧကရာဇ်က ဓားကို ဆတ်ခနဲ ဆွဲထုတ်လိုက်ရာ ရွှင်ပျော်ပျော်ဓားသည် ကောင်းကင်နတ်အရှင်ဟောင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။
ခိုင်ဧကရာဇ် လိုချင်သည်က ဤအခွင့်အရေး ဖြစ်သည်။
သူ ကောင်းကင်နတ်ဘုံသို့ လာခဲ့ခြင်းက ညှိနှိုင်းရန် မဟုတ်... ကောင်းကင်နတ်အရှင်များနှင့် ကစားရန်လည်း မဟုတ်။
သူသည် ဤနေရာကို ဖျက်စီးရန် ရောက်လာခဲ့ခြင်းပင်။
သူ ကောင်းကင်နတ်ဘုံတစ်ဘုံလုံးအား သွေးချောင်းစီးသည်အထိ ရိုက်နှက်ပစ်ချင်သည်။ ကောင်းကင်နတ်အရှင်များအား မဟာလေဟာနယ်ထဲ ၀င်ရောက်မလာရဲတော့သည်အထိ ရိုက်နှက်ပစ်ချသည်။
သူ၏ပထမတိုက်ကွက်သည် အင်အားအကြီးဆုံး သိုင်းကွက်လည်း ဖြစ်၏။ သူက နှစ်ဆယ်ချက်မြောက် အခြေခံဓားချက်အပေါ် အခြေခံထားသော ဓားလမ်းစဉ်၏ ၃၄ ဘုံမြောက် ကောင်းကင်ဘုံကို အသက်သွင်းလိုက်သည်။
သူ၏ဓားနယ်ပယ်ကား ပြန့်ကားထွက်သွားပြီး အနိုင်မခံအရှုံးမပေးသော စိတ်ဆန္ဒဖြင့် ရှေ့သို့ ဖြာဆင်းလာသည်။ ခေတ်တစ်ခေတ်ကို ထူထောင်ခဲ့သော အရှင်သခင်တစ်ပါးအနေဖြင့် ခွန်အားမဆိုထားနှင့်၊ အရှိန်အဝါကပင် နှစ်တစ်သန်းအတွင်း တွေ့ရန် ရှားပါးလှချေသည်။
အဝေးရှိ ချင်မူမှာ ဓားကို မြင်လျှင် စိတ်တက်ကြွလာပြီး အော်ဟစ်အားပေးလိုက်၏။
ယနေ့ခိုင်ဧကရာဇ်သည် သူ မြင်တွေ့ဖူးခဲ့လိုသော ခိုင်ဧကရာဇ်ပင်။ သူကား သန်မာအားကောင်းနေပြီး မည်သည့်အရာမှ သူ့ကို မတားနိုင်သည့် ယုံကြည်ချက်မျိုး ရှိနေ၏။ မည်သည့်အန္တရာယ်၊ ခက်ခဲမှုမဆို သူ့ဓားသွားက ပိုင်းဖြတ်သွားပေလိမ့်မည်။
သို့သော် ချင်မူ သိသိသာသာ မျက်နှာပျက်သွားသည်။ သူက နဂါးချီလင်က အလောတကြီး ရိုက်လိုက်ရင်း အော်လိုက်သည်။ “ဒီနေရာက မြင့်လွန်းတယ်… ဓားချီကို သတိထား”
သူ့စကားဆုံးသည်နှင့် ကောင်းကင်နတ်အရှင်ဟောင်သည် လက်ဖဝါးကို မြှောက်၍ ခိုင်ဧကရာဇ်၏ ၃၄ ဘုံမြောက် ဓားလမ်းစဉ်ကောင်းကင်ဘုံကို ဖမ်းဆုပ်လိုက်သည်။
ကောင်းကင်နတ်အရှင်ဟောင်၏အသွင်မှာ တစ်လောကလုံးရှိ မဟာတာအိုများကို ထိန်းချုပ်ထားသော ခမ်းနားမြင့်မြတ်လှသည့် ဧကရာဇ်ကြီးတစ်ပါးအလားပင်။ သူ လက်ဆန့်တန်းလိုက်ချိန်တွင် ကောင်းကင်နှင့်မြေကြီးရှိ အနန္တတာအိုများက သူ့ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားတော့သည်။
သူ့အနောက်တွင် ကောင်းကင်နန်းဆောင်များက တစ်ခုနှင့်တစ်ခု ထပ်လျက် ထွန်းလင်းတောက်ပနေကြသည်။ သူ့လက်ထဲရှိ မဟာတာအိုတို့က စုဝေးသွားကြသည်။
၎င်းကား ကမ္ဘာခေတ်နှောင်းတာအိုအစအန တစ်ခုမှ မပါ၀င်သည့် သန့်စင်သော ကမ္ဘာခေတ်ဦးတာအို ဖြစ်၏။
ကောင်းကင်နတ်ဧကရာဇ်နှင့် ယွမ်မု၏ သားတော်ဖြစ်သည့်အလျောက် ကောင်းကင်နတ်အရှင်ဟောင်သည် သူမတူသော မာနနှင့် သွေးဆက်ကို ပိုင်ဆိုင်ထားချေသည်။
သူ၏ပါရမီမှာ အင်မတန် မြင့်မားပြီး အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ဖွင့်နိုင်ခဲ့သူလည်း ဖြစ်သည်။ သူ့ကို နိမ့်ကျသလို ခံစားရစေသည့် တစ်ခုတည်းသောအရာမှာ ကောင်ကင်နတ်ဧကရာဇ်သည် လူအဖြစ် ပြန်လည်ဝင်စားပြီးမှ သူ့ကို မွေးဖွားခဲ့သောကြောင့် သူ့သွေးမှာ လူသားတစ်ဝက်ဖြစ်နေခြင်းသာ ရှိ၏။
၎င်းက သူ့ဘ၀၏ အကြီးမားဆုံး အမဲစက်ကြီးပင်။
သို့သော် ကောင်းကင်နတ်အရှင်အားလုံး ပြသခဲ့သော စွမ်းအားများအရ သူကား အင်အားအကြီးမားဆုံး ဖြစ်ပေသည်။ သူ၏သွေးဆက်ကြောင့်ပင် သူသည် အခြားကောင်းကင်နတ်အရှင်များထက် တာအိုနှင့် ရင်းနှီးစွာ မွေးဖွားလာခဲ့သည့်အတွက် မဟာတာအို၏အနှစ်သာရကို လွယ်ကူစွာ နားလည်ပြီး ကျင့်ကြံနိုင်ခဲ့၏။
ထို့ကြောင့် သူ့တွင် ကမ္ဘာခေတ်ဦးတာအိုအများဆုံး ရှိသည်။
ခိုင်ဧကရာဇ်၏ဓားက သူ့လက်ဖဝါးကို ထိုးစိုက်သွားပြီး ဓားလမ်းစဉ်နယ်ပယ်က အနန္တတာအိုနယ်ပယ်နှင့် ဝင်တိုက်သွားတော့သည်။ ကောင်းကင်နတ်သိုင်းနှစ်ခုစလုံး ပေါက်ကွဲသွားသော်လည်း ကောင်းကင်နတ်အရှင်ဟောင်၏ သိုင်းအဆင့်မှာ နှိုင်းယှဉ်မရနိုင်အောင် သိပ်သည်းလွန်း၍ ခိုင်ဧကရာဇ်ထက် များစွာသာလွန်ချေသည်။ တောင်နတ်မင်းကျူချွဲ၏ မဟာတာအိုကို စုပ်ယူထားသော ကောင်းကင်နတ်အရှင်ဟွေ့ပင်လျှင် သူ့ထက် နိမ့်ကျ၏။
သူ၏စွမ်းအား ကြောက်မက်ဖွယ်ကောင်းလှသည်မှာ သူ့သွေးဆက်၏ ပါရမီတစ်ခုတည်းကြောင့် မဟုတ်ပေ။ ကြောင်ပုစွန်စား ကြွပ်ကြွပ်ဝါးသကဲ့ အပတ်တကုတ် သိုင်းကျင့်ခဲ့ခြင်းကြောင့်လည်း ပါသည်။
သူ့အနောက်တွင် ကောင်းကင်နန်းဆောင် ၂၈ ဆောင် ကိန်းဝပ်နေပြီး ကောင်းကင်နတ်အရှင်များထဲတွင် အများဆုံးဖြစ်သည်။ ကောင်းကင်နတ်အရှင်ရှု၌ ကောင်းကင်နန်းဆောင် အဆောင် ၂၀ သာရှိပြီး ကောင်းကင်နတ်အရှင်လန်တွင်တော့ ၁၈ ဆောင်သာ ရှိချေသည်။
သူတို့အနေဖြင့် စွမ်းအားတို့ကို ဖုန်းကွယ်ထားခြင်း ဖြစ်နိုင်သော်လည်း ကောင်းကင်နန်းဆောင် ၂၈ ဆောင်နှင့်အတူ ကောင်းကင်နတ်အရှင်ဟောင်သည် အပြည့်စုံဆုံး မဟာကောင်းကင်နတ်ဘုံကျင့်စဉ်ကို ပိုင်ဆိုင်ထား၏။
သူက ဒဏ္ဍာရီလာ ကောင်းကင်နတ်ဘုံအဆင့်မှ ခြေလှမ်းတစ်၀က်သာ ကွာတော့ချေသည်။
သို့သော် ကြောက်မက်ဖွယ်ကောင်းသည်က ဓားလမ်းစဉ်နယ်ပယ်နှင့် အနန္တတာအိုနယ်ပယ်တို့ ထိတွေ့သွားသည့်အခိုက်အတန့်တွင် ခိုင်ဧကရာဇ်ဓားသည် အတားအဆီးအားလုံးကို ကျော်ဖြတ်၍ ဝါးတစ်ချောင်းကို ခုတ်လိုက်သကဲ့သို့ အနန္တတာအိုနယ်မြေအား ထိုးဖောက်သွားသည့်အချက်ပင် ဖြစ်၏။ ဝှစ်ခနဲ အသံနှင့်အတူ ကောင်းကင်နတ်အရှင်ဟောင်မှာ သူ့လက်ခုံမှ ဖောက်ထွက်လာသော ဓားသွားထိပ်ကို မြင်လိုက်ရသည်။
ထိုစဉ် ခိုင်ဧကရာဇ်၏ ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါလာပြီး သူ၏ဓားလမ်းစဉ်နယ်ပယ်မှာ ပြိုလဲကွဲသွားသည်။ ဓားလမ်းစဉ်နယ်ပယ်၏ ကောင်းကင်ဘုံ ၃၄ ဘုံလည်း အထိန်းအကွပ်မဲ့စွာဖြင့် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။
ကြောက်မက်ဖွယ် ဓားလမ်းစဉ်မုန်တိုင်းကြီးတစ်ခုကား နတ်ကောင်းကင်ရတနာခန်းမကို ဗဟိုပြု၍ ဖြစ်တည်လာသည့်အလား ထင်ရသည်။ မုန်တိုင်းကြီးက အရပ်လေးမျက်နှာသို့ ပြန့်ကားလာပြီး ဖြတ်ကျော်သမျှ အရာအားလုံးကို ဝါးမြိုသွားတော့သည်။
ဓားလမ်းစဉ်နယ်ပယ်သာမဟုတ်၊ အနန္တတာအိုနယ်ပယ်လည်း အဆက်မပြတ် ပြန့်ကားလာသည်။
ကောင်းကင်နတ်အရှင်ဟောင်၏ အနန္တတာအိုနယ်ပယ်သည် သေချာပြင်ဆင်ထားပြီး ယခုအခါမှသာ ၎င်း၏ ပြိုင်ဘက်ကင်းသော ဩဇာတိက္ကမကို ထုတ်ဖော်ပြသခဲ့ချေပြီ။