အခန်း (၁၁၇၁)
Vol. 79 Ch. 1171
သဲလွန်စ တစ်ခု ပေါ်လာပြီ
“ စုံစမ်းကြည့်ပြီးသွားပြီ… ဒါပေမယ့် ဘာမှ ရမလာခဲ့ဘူး..” အာယာနဲ မစ်ဆူ ပြောလိုက်ပြီး “ အဲ့ဖြစ်ရပ်က မစ်ဆူမိသားစုကို အတော်လေး အထိနာသွားစေပြီးတော့မှ ကျွန်မတောင် ကြိမ်းမောင်းခံလိုက်ရသေးတယ်…”
“ ဆက်မလိုက်တော့ဘူးပေါ့… ဒါ မင်းတို့ မစ်ဆူမိသားစုရဲ့ ပုံစံနဲ့လည်း မတူပါလား…”
“ လုပ်ချင်ရင်တောင် လုပ်နိုင်တာမှ မရှိပဲ ရှင်ရယ်…”
“ သစ်ငုတ်ပေါ် ထိုင်ပြီး ယုန်စောင့်မယ့် နည်းလမ်းဆိုရင်ကော…”
“ သစ်ငုတ်ပေါ်ထိုင်ပြီး ယုန်စောင့်မယ်.. ဟုတ်လား…” အာယာနဲ မစ်ဆူမှ မေးမြန်းလိုက်ပြီး “ အဲ့တာ ယုန်တစ်ကောင်ကို ဖမ်းတဲ့ စကားပုံကို ပြောတာမလား…”
“ ဟွာရှမှာ နှစ်တွေ အကြာကြီး နေတယ်ပြောပြီး အဲ့စကားပုံကိုတောင် မသိဘူးပေါ့…”
အာယာနဲ မစ်ဆူမှ ပြုံးလိုက်ပြီး “ ဂျပန်ကို ပြန်လာတာ နှစ်ပေါင်း မနည်းတော့ဘူးလေ…. မှတ်မိတယ် ဆိုရင်တောင် အကုန်လုံးတော့ ဘယ်မှတ်မိနိုင်ပါ့မလဲ…”
“ ငါ့အထင် မင်း နောက်ထပ် အပေးအယူ လုပ်သင့်တယ်လို့ ထင်တယ်… အဲ့လိုဆိုရင် တစ်ဖက်လူကို မျှားရင် မျှားနိုင်မှာပေါ့…”
လင်းရီ စတင်ပြီး စကားအစ်ကြည့်တော့၏။
အကယ်၍ မစ်ဆူမိသားစုတွင်သာ နောက်ထပ် အလဲအလှယ်လုပ်မည့် အကြံတစ်ခု ရှိနေပါက တစ်ဖက်သူမှာ ကျိန်းသေပေါက် ရွှေနက် ကော်ပိုရေးရှင်းပင် ဖြစ်ပေလိမ့်မည်။ အကယ်၍ မရှိဘူးဆိုရင်လျှင်တော့ အခြေအနေသည်လည်း လေးဘက်လေးလံ နံရံအတွင်းသို့ ရောက်ရှိသွားမည် ဖြစ်သည်။
“ အဲ့တာက တကယ့်ကို ဖြေရှင်းတဲ့ နည်းလမ်းတစ်ခုပဲ.. အစကတော့ ကျွန်မတို့လည်း အဲ့လိုလုပ်ဖို့ စဉ်းစားထားတာပဲ… ဒါပေမယ့် နောက်ဆုံးကျတော့ လက်လျော့လိုက်တယ်…”
“ ဟမ် … ဘာလို့တုန်း….”
“ အရင်ဦးဆုံး.. ကျွန်မတို့မှာ နောက်ထပ် အလဲအလှယ်လုပ်ဖို့ ဈေးဆစ်နိုင်တဲ့ ချစ်ပ်တွေ ရှိမနေတော့ဘူး… ဒုတိယ တစ်ချက်က ကျွန်မတို့ အဲ့လိုလုပ်လိုက်လို့ တစ်ဖက်သူက တကယ်ကြီး ရောက်လာပြီး ပစ္စည်းနောက်တစ်ကြိမ် လာလုသွားမယ်ဆိုရင် ဘယ်လိုလုပ်တော့မှာ….ပိုပြီးတောင် အထိနာသွားဦးမယ်မလား... “
အာယာနဲ မစ်ဆူမှ ကားကို ကွေ့လျက် ပြောဆိုလိုက်ပြီး “ ပြီးတော့ တစ်ဖက်သူက ကျွန်မတို့ ဘယ်သူဆိုတာကို သိနေတယ်လို့လည်း ခံစားနေရတယ်… အဲ့တာတောင် တိုက်ခိုက်ဝံ့နေတယ်ဆိုတော့ သူက ကျွန်မတို့ မစ်ဆူ မိသားစုကို ရှိန်နေမယ့် လူစားမျိုး မဟုတ်ဘူးလို့ ယုံကြည်တယ်…”
လင်းရီ သူ့ ခုံနောက်သို့ မှီနေလျက်သားဖြင့် ခေါင်းညိမ့်လိုက်သည်။
“ အနက်ဝတ်နဲ့လူက ဒီလောက်အံ့ဩဖို့ကောင်းနေတာ မင်းတို့ကို မကြောက်တာ သဘာဝပါပဲ…”
ထိုအခိုက်အတန့်တွင်တော့ နှစ်ယောက်လုံးက ကိုယ်ပိုင် အတွေးကိုယ်စီနှင့် ဖြစ်နေကြလေသည်။
ဘက်စ် သတ္တုရိုင်းကို လုယူသွားသည့်လူက ရွှေနက် အဖွဲ့အစည်းမှ မဟုတ်ကြောင်းကို အာယာနဲ မစ်ဆူ အတည်ပြုနိုင်သည်။ သို့ပေမယ့် လုံးဝ သဲလွန်စ ပြတ်တောက်နေသည်မျိုးတော့ မဟုတ်ချေ။
ယူရှီ မစ်ဆူက သူမတို့၏ အကြီးမားဆုံး သံသယ တရားခံတစ်ယောက်ဖြစ်၏။
ဂိုအီချီ မစ်ဆူ သေဆုံးပြီးကတည်းက သူသည် မိသားစုထဲမှ ထွက်ခွာသွားပြီး ကိုယ်ပိုင်ဂိုဏ်း တစ်ခုကို တည်ထောင်လိုက်သည်။
ဇီ၀ နည်းပညာ၏ တစ်ဝက်ကိုလည်း ကျွမ်းကျင်ထားပြီး ဗီဇသွေးရည်ကြည်ကိုလည်း အောင်အောင်မြင်မြင်နှင့် ဖော်စပ်နိုင်သည်။
ထို့ကြောင့် အမှောင်ထဲရှိ တကယ့် လက်မည်းကြီးက ယူရှီမစ်ဆူ ဖြစ်ဖို့ ရာခိုင်နှုန်း အလွန်များ၏။
သို့သော် ယင်းက အထင်အမြင် သပ်သပ်သာဖြစ်ပြီး ဤကိစ္စနှင့် ပတ်သက်၍ လက်ဆုပ်လက်ကိုင် ပြစရာ သက်သေများကလည်း မရှိသောကြောင့် သူမတို့ မည်သည်ကိုမျှ အရမ်းကာရော မပြုနိုင် ဖြစ်လို့နေသည်။
“ ထားပါ… အဲ့တာတွေက အတိတ်က အဖြစ်အပျက်တွေပါပဲ… ဒီအကြောင်းတွေ ဆက်မပြောကြစို့…” အာယာနဲ မစ်ဆူ ပြုံးလျက် ပြောလိုက်ပြီး “ ရှင် ဘယ်သွားချင်လဲ … ကျွန်မက ရှင့်ကို တိုကျိုတစ်ခွင် အလကား လိုက်ပြပေးမယ့် တိုးရစ်ဂိုက် လုပ်ပေးလို့ ရတယ်နော်… ဒါပေမယ့် ဒီမှာတော့ ထွေထူး ပျော်ဖို့ ကောင်းတဲ့ နေရာတွေ မရှိဘူး.. အချိန်ရတယ်ဆိုရင် ဟူဂျီတောင်ကို လိုက်ပြပေးလို့ရတယ်..”
“ မလိုဘူး… ကုမ္ပဏီကလည်း ဟူဂျီတောင်ကို သွားဖို့ အစီအစဉ်ရှိပြီးသား… ဒီအတွက်နဲ့ မိန်းကလေး မစ်ဆူကို အနှောင့်အယှက် ပေးမနေတော့ပါဘူး…”
လက်ရှိတွင်တော့ လင်းရီမှာ အာယာနဲ မစ်ဆူနှင့် ဆက်လက် စကားပြောရမှာကို စိတ်ဝင်စားမှု ပျောက်ဆုံးနေပြီ ဖြစ်၏။
သူမ၏ စကားအသွားအလာမှတဆင့် လင်းရီ မှန်းဆနိုင်လိုက်သည်မှာ လတ်တလောတွင် သူမတို့ မိသားစုက ရွှေနက် ကော်ပိုရေးရှင်းနှင့် အပေးအယူ လုပ်ဖို့ မရှိကြောင်းကို လင်းရီ သိရှိလိုက်ရ၏။
အကယ်၍ အနက်ဝတ်နှင့် လူသာ ပေါ်မလာခဲ့ဘူးဆိုပါက အသင်းတစ်ထံမှ လုယက်သွားသည့် ဘက်စ် နှစ်ကီလိုမှာ ဂျက်ဖရီ၏ လက်ထဲ၌သာ ရှိနေသေးပုံရသည်။
သီအိုရီအရတော့ ထိုသို့ ဖြစ်နိုင်ချေများလေသည်။
အခြေအနေကို နားလည်သဘောပေါက်သွားပြီးနောက် လင်းရီ အများကြီး သက်တောင့်သက်သာ ဖြစ်သွားခဲ့တော့သည်။ ဤခရီးစဉ်က အရေးမကြီးတော့ဟုတောင် ခံစားနေရတော့၏။
သူ အိမ်ပြန်ပြီး အသီးများသာ ဆက်လက် ရောင်းချချင်လိုက်ပါတော့သည်။
“ ရှင် မစ်ဆူမိသားစုပိုင် ကုမ္ပဏီကို လိုက်လည်ချင်လား…” အာယာနဲ မစ်ဆူ အပြုံးတစ်ပွင့်ဖြင့် မေးလိုက်ပြီး “ ဒီတိုင်း စူးစမ်းလေ့လာတယ်ပဲ သဘောထားလိုက်ပေါ့… နောင်ကျ ကျွန်မတို့ချင်း အလုပ်အတူ လုပ်ရင်လည်း လုပ်နိုင်တာပဲလေ…”
“ အင်း… သွားစို့လေ… ငါလည်း ဘာလုပ်စရာမှ မရှိတာ..”
လင်းရီ သူ့ကိုယ်သူ သဘောမနော အလွန်ကောင်းသူဟု ထိုအခိုက် တွေးတောမိသွားခဲ့သည်။
အာယာနဲ မစ်ဆူမှာ အသုံးမဝင်တော့သော်လည်း သူ့ဘက်က လေးစား အားနာမှုတစ်ချို့ ပြသနေသည် မဟုတ်ပါလား။
ကလင် ကလင် ကလင်…
ထိုအခိုက်အတန့်တွင်ပဲ အာယာနဲ မစ်ဆူ၏ ဖုန်းသံ မြည်လာခဲ့၏။
လင်းရီ ဖုန်းခေါ်လာသည့်သူကို တစ်ချက်ရှိုးကြည့်လိုက်တော့ သူမ၏ အတွင်းရေးမှူးနှင့် လက်ထောက်ဖြစ်သူ ရိုရှီဒါ ဟီဂါရှီနိုမှ ဆက်သွယ်လာခဲ့ခြင်းပင်။
“ ဘာကိစ္စလဲ…”
“ မမလေး မစ်ဆူ… ကျွန်မတို့ ရွှေနက် ကော်ပိုရေးရှင်းက လူတွေ တိုကျို ရောက်နေတာကို တွေ့မိပါတယ်…”
“ ဘာပြောတယ်… သူတို့ လူတွေ ဒီရောက်နေတယ် ဟုတ်လား..”
အာယာနဲ မစ်ဆူ ဘရိတ်ကို ရုတ်တရက် စောင့်နင်းမိသွားပြီး လင်းရီကို ရှေ့ကမှန်နှင့် ဝင်တိုက်လုနီးပါး ဖြစ်သွားစေခဲ့တော့၏။
“ ငါ့ လခွမ်း…”
အာယာနဲ မစ်ဆူ သူ့ကို တောင်းပန်သည့် အကြည့်တစ်ချက် ပေးလိုက်၏။ သို့သော် ဘာမျှတော့ မပြော။ ထိုအစား ရိုရှီဒါ ဟီဂါရှီနိုနှင့် ဆက်လက်ဖုန်းပြောနေသည်။
“ သူတို့ ခုလေးတင် လေယာဉ်ဆင်းကြတာပဲ… ကျွန်မတို့ဘက်က သူတို့ကို စောင့်ကြည့်ဖို့ လူတွေ လွှတ်ထားပါတယ်…”
“ သူတို့နဲ့ တွေ့မယ့်လူကိုကော နင်တို့ သိပြီးပြီလား…”
“ နောက်ကွယ်ကလူက ခုထိ မထုတ်ဖော်ချင်သေးဘူးနဲ့တူတယ်.. သူတို့ရောက်လာတာတော့ စုစုပေါင်း ငါးယောက်… ခေါင်းဆောင်က အယ်လက်ဆာ…”
“ နားလည်ပြီ…” အာယာနဲ မစ်ဆူ ပြောလိုက်ပြီး “ သူတို့ ဘာလုပ်မယ်ဆိုတာ ငါသိပြီ.. နင်တို့ ဆက်လိုက်ထားကြ… ကိုယ့်ကိုယ် မထုတ်ဖော်မိစေနဲ့…”
“ နားလည်ပါပြီ…”
အာယာနဲ မစ်ဆူ လေးနက်သည့် မျက်နှာထားနှင့်အတူ ဖုန်းပြန်ချလိုက်သည်။
ရွှေနက်ကော်ပိုရေးရှင်းရှိ လူများက မည်သို့သော လူစားမျိုးမှန်း သူမ ကောင်းစွာသိသည်။ ထို့ပြင် အယ်လက်ဆာက မည်သို့သော ရာထူးအဆင့်အတန်း ရှိနေကြောင်းကိုလည်း သူမ ကောင်းစွာ နားလည်ပေသည်။
အကယ်၍ အရေးမကြီးဘူးဆိုပါက ဂျက်ဖရီမှာ သူမကို ဤနေရာသို့ စေလွှတ်လိုက်မည် မဟုတ်ချေ။
ထို့ကြောင့် သတ္တုရိုင်းများ လဲလှယ်ရန် ရောက်လာကြဖို့ များသည်။
သို့ပေမယ့် ယခင် တစ်ခေါက် မတော်တဆ ဖြစ်ရပ်က ဖြစ်သွားခဲ့သည်ပင် မကြာသေးချေ။ သူတို့တွင် နောက်ထပ် ဘက်စ် သတ္တုရိုင်း တစ်သုတ်က ရှိနေချေပြီလော…။
ဒါမှမဟုတ်
သူမ၏ ယခင် အတွေးများက မှားယွင်းနေခဲ့သည်လော။
ထိုဖြစ်ရပ်၏ နောက်ကွယ်တွင် ဂျက်ဖရီက ရှိနေပြီး ယခု တစ်ဖန် ခိုးယူထားသည့် သတ္တုရိုင်းများနှင့် အလဲအလှယ်ပြုရန် ပြန်ရောက်ရှိလာခြင်းမျိုးပင်လော။
သို့သော် ဂျပန်တွင် သူမတို့ မစ်ဆူ မိသားစုမှတပါး ၎င်းတို့ အလဲအလှယ်လုပ်ရန် အရည်အချင်း ပြည့်မီသူက မရှိချေ။
“ ဖြစ်နိုင်တာ….”
ရုတ်တရက်ဆိုသလို အာယာနဲ မစ်ဆူ ပါးစပ်မှ လွှတ်ခနဲ ပြောမိလိုက်ပြီး သူမ တစ်စုံတစ်ခုကို တွေးတောမိသွားသည့်နှယ်ပင်။
‘ တကယ်လို့ ယူရှီ မစ်ဆူဆိုရင်ကော…'
အမျိုးမျိုးသော အကြောင်းအရင်းများကြောင့် အာယာနဲ မစ်ဆူ သူမ၏ ဤသုံးသပ်ချက်က မှန်ကန်သည်ဟု ခံစားမိနေသည်။
ဂျပန်တစ်နိုင်ငံလုံးတွင် သူမတို့မှလွဲ၍ ဤအပေးအယူကို ပြုရန် ယူရှီမစ်ဆူ တစ်ယောက်တည်းသာလျှင် အရည်အချင်း ပြည့်မီသည်။
အာယာနဲ မစ်ဆူ သူမ၏ ကိုယ်ပိုင် အတွေးရေယာဉ်ကြောတွင် နစ်မြောနေစဉ် လင်းရီကတော့ တိတ်ဆိတ်လျက်ရှိ၏။
အဘယ်ကြောင့် ဆိုသော် အဆိုပါ ဖုန်းခေါ်ဆိုလာမှုက သူ၏ရင်ကို တစ်ဖန် လှိုင်းထန်သွားစေသောကြောင့်ပင်..။
သူမတို့ ပြောနေကြသည့် အကြောင်းအရာ အသေးစိတ်ကို လင်းရီ မသိရှိလိုက်သော်လည်း ‘ ရွှေနက်ကော်ပိုရေးရှင်း ‘ ဟူသည့် စကားလုံးများ ကြားလိုက်ရသည်ကိုတော့ လင်းရီ သူ ကျိန်ပြောရဲသည်။
၎င်းကြောင့်ပဲ မူလက တည်ငြိမ်နေသည့် လင်းရီ၏ ခံစားချက်ပင်လယ်ပြင်ကြီးကို မုန်တိုင်းတစ်စင်းက ဝင်နှောက်လာခဲ့တော့၏။
အာယာနဲ မစ်ဆူ၏ လေသံနှင့် လေးနက်နေသည့် အမူအရာကို ကြည့်ရသလောက်တော့ ရွှေနက် ကော်ပိုရေးရှင်း၏ လူများ ဂျပန်သို့ ရောက်လာပြီး လေယာဉ်ပေါ်မှ ဆင်းပြီး ဖြစ်ကြောင်းကို လင်းရီ ခန့်မှန်း၍ရသည်။
ဒုတိယ အနေဖြင့် ရွှေနက်ကော်ပိုရေးရှင်း အဖွဲ့သားများ ဂျပန်သို့ ရောက်ရှိလာသည်က မစ်ဆူမိသားစုနှင့် အပေးအယူ ပြုဖို့ မဟုတ်ချေ။
ထိုပြင် ဤသည်ကပဲ အရေးပါဆုံး အချက် ဖြစ်၏။
သူတို့က မစ်ဆူ မိသားစုနှင့် အပေးအယူ ပြုရန် ရောက်လာခြင်းမျိုး မဟုတ်သော်လည်းပဲ ၎င်းတို့၏ လျှို့ဝှက် ရောက်ရှိလာမှုက မစ်ဆူမိသားစုအပေါ် ခြိမ်းခြောက်မှု ကြီးကြီးမားမား ရှိနေသည့်ဟန်ပင်။ ထို့ကြောင့်ပဲ အာယာနဲ မစ်ဆူမှ ယခုလို အမူအရာမျိုးကို ပြသနေခြင်း ဖြစ်၏။
အဆိုပါ အချက်အလက်များကို အခြေခံ၍ လင်းရီသည်လည်း သူ့စိတ်ထဲတွင် အခြေအနေများကို တစ်ဖန် တွက်ချက်ရပြန်တော့သည်။
ဂျပန်တွင် မစ်ဆူမိသားစု အပြင် ရွှေနက် ကော်ပိုရေးရှင်းက အပေးအယူပြုရန် အရည်အချင်း ပြည့်မှီသူ မည်သူ ရှိသနည်း။
အမှောင်ထဲတွင် ပုန်းကွယ်နေသည့် အခြား ပြိုင်ဘက် တစ်ယောက်ယောက်များ ရှိနေသည်လော။
နိုင်ငံက ကျဉ်းမြောင်းသော်လည်းပဲ အခြေအနေက အံ့အားသင့်ဖို့ ကောင်းလောက်အောင် ရှုပ်ထွေးနေလေသည်။
သို့ပေမယ့် ထိုအချင်းအရာက အရေးတယူပြုနေရမည့် ပြဿနာမဟုတ်သေးချေ။ အာယာနဲ မစ်ဆူက ပြဿနာနှင့် ရင်ဆိုင်နေရသဖြင့် သူ့ကို ယခုချက်ချင်း ပြန်ပို့ပြီး နောက်တစ်နေ့မှ ထပ်ချိန်းသည်မျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသို့ ဖြစ်လာပြီဆိုပါက သူသည်လည်း အရေးပါသည့် သဲလွန်စများကို လက်လွှတ်လိုက်ရမည် ဖြစ်၏။
ထို့ကြောင့်…
လင်းရီ ဖုန်းကို ကောက်ကိုင်လိုက်ပြီး သူ့အလုပ်သူ ရှုပ်နေသည့်ဟန်ဖြင့် “ ဒီည သူငယ်ချင်း တစ်ယောက်နဲ့ သိပ်အရေးကြီးတဲ့ အစည်းအဝေးတစ်ခု လုပ်ဖို့ ရှိတယ်… ဒီတော့ ည ပြန်မလာဖြစ်ဘူး…”
“ ည ပြန်လာအိပ်နိုင်ဖို့ကလည်း မသေချာဘူး… ချင်းရန် စောစောအိပ်လိုက်နော်…”