← Chapters

အခန်း (၁၁၇၄)

Vol. 79 Ch. 1174

အခန်း (၁၁၇၄)

Vol. 79 Ch. 1174

တိုးတက်လာတဲ့ အခြေအနေ

“ မဖြစ်နိုင်လိုက်တာ… ဒီလောက်လေးနဲ့ မင်းကို မလွန်ဆန်နိုင်လောက်အောင် ညို့ငင်နိုင်နေပြီပေါ့…”

“ ဟွန့်... ကျွန်မက အရင်တုန်းကတည်းက မစ္စတာလင်းဆီမှာ ကိုယ့်ကိုယ်ကို ကျရှုံးခဲ့ဖူးတယ်လေ… အခုဆို ပိုပြီးတောင် သဘောကျသွားပြီ… ကျွန်မက ချက်ပြုတ်တတ်တဲ့ ယောက်ျားတွေကို သိပ်သဘောကျတာ…”

“ ဒါဆိုလည်း ဆက်ပြီး သဘောကျနေလိုက်… ငါ့ကို သဘောကျနေတဲ့ လူတွေမှ အများကြီး… တစ်ယောက်ပိုသွားတာက ဘာမှ မထူးခြားသွားဘူး…”

အာယာနဲ မစ်ဆူ တောက်ပစွာပြုံးပြီး အပြစ်ကင်းစင်သည့် ကလေးလေး တစ်ယောက်ကဲ့သို့ ဆိုးနွှဲ့နွှဲ့ ပြုမူနေလျက် ရှိ၏။

အကြောင်းမသိသည့်လူဆိုပါက ဂရုစိုက်ပေး ၊ ကာကွယ်ပေး၊ ဆုံးမ ပဲ့ပြင်ပေးချင်စိတ်တို့ ပေါက်ဖွားလာမိမှာ အမှန်ပင်။

သို့သော် လင်းရီကတော့ အမြဲတစေ သူမကို သတိနှင့်သာ ဆက်ဆံလျက်ရှိသည်။

ကိုယ့်မောင်ကိုယ် လက်နှင့် ကိုယ်တိုင် သတ်နိုင်ရက်သည့် သူက ရက်စက်အန္တရာယ်များသည့်လူပင်။

“ ရှင် ရုပ်ရှင်ကော ကြည့်ဦးမလား…”

လင်းရီ နာရီကို တစ်ချက်ကြည့်လိုက်ပြီး” အင်း… သွားစို့လေ… ဘာပဲပြောပြော စောသေးတာပဲ.. ငါလည်း ခုချိန် အိမ်ပြန်စရာ အကြောင်းမှ မရှိတာ…”

“ ရှင် … ရှင်ရဲ့ ကောင်မလေးနဲ့ အချိန်အတူ မဖြုန်းချင်ဘူးဆိုတာ သေချာပါတယ်နော်…. လမ်းခုလတ်ကြီးမှာ ဖုန်းဆက်လာလိမ့်မှဖြင့်.…”

“ မပူပါနဲ့… ငါ အားလုံး ကြည့်စီစဉ်ပြီးသားပါ…” လင်းရီပြောလိုက်ပြီး “ ဒီလောက်လေးတောင်မှ မကိုင်တွယ်နိုင်ရင် သိုင်းလောကမှာ ဘယ်လိုဆက်ပြီး ကျင်လည်နိုင်မှာလဲ…”

အာယာနဲ မစ်ဆူ ပါးစပ်ကို လက်ဝါးဖြင့်ကွယ်၍ တခစ်ခစ် ရယ်မောလိုက်ရင်း “ အဲ့လိုပြောလာပြီ ဆိုမှတော့ ကျွန်မလည်း စိတ်ချရပါပြီ…”

နှစ်ယောက်သား ကားထဲသို့ ဝင်၍ ရုပ်ရှင်ရုံသို့ ဦးတည်လိုက်ကြသည်။

လင်းရီမှာ ရှေ့ခန်း ခရီးသည်ထိုင်ခုံတွင် ထိုင်နေလျက်ရှိသည်။ သူ၏ အမူအရာမှာတော့ ပျင်းပျင်းရိရိ ရှိလှ၏။

အကယ်၍ သူသာ တစ်ညတာကို စားရင်းသောက်ရင်း ၊ ရုပ်ရင်ကြည့်ရင်း ကုန်ဆုံးမည်ဆိုပါက အချိန်ကို ဖြုန်းတီးရာ ကျလွန်းလှသည်။

သူ အာယာနဲ မစ်ဆူထံမှ သတင်းအချက်အလက်များ အစ်အောက်ထုတ်နိုင်မည့် နည်းလမ်းများကို ကြံဖန်သင့်ပေသည်။

“ ဟမ်…”

လင်းရီ သတင်း အချက်အလက်များရရန် အကြံအိုက်နေစဉ်မှာပဲ သူတို့နောက်ကို လိုက်နေသည့် တိုရိုတာ crown တစ်စင်းကို သတိထားမိလိုက်သည်။

အစကတော့ လင်းရီ သူ့စိတ်ထဲ အထင်မှားတာ ဖြစ်မှာပါဟု တွေးခဲ့မိသော်လည်းပဲ အဆုံးတွင်တော့ အမှန်ပင် နောက်ယောင်ခံလိုက်နေကြောင်းကို အတည်ပြုလိုက်နိုင်သည်။

“ အရှိန်လျှော့.. ငါတို့နောက် လိုက်နေတဲ့သူရှိတယ်…”

“ ဟင်... ဟုတ်လား…”

မူလက ပြုံးရွှင်နေသည့် အာယာနဲ မစ်ဆူမှာ ရုပ်ချည်း ရပ်တန့်သွားပြီး တည်ငြိမ်လေးနက်လာတော့၏။ ဤသည်က လင်းရီ ပိုမိုရင်းနှီးသည့် သူမ၏ ဘက်ခြမ်းပင်။

“ ရှင် သေချာလား…”

“ ငါ ဘယ်တုန်းက မှားဖူးလို့လဲ…” လင်းရီ ပြောလိုက်ပြီး “ မင်း အခု သေချာ စဉ်းစားသင့်တယ်… ဂျပန်မှာ မင်းနောက်ကို နောက်ယောင်ခံဝံ့နေတဲ့သူ ရှိနေတယ်ဆိုတော့ မင်း တစ်ယောက်ယောက်ကို အပြစ်ပြုထားမိသေးလား…”

“ မရှိပါဘူး..”

“ မင်းမိသားစုကရော… ဒီလို ကိစ္စမျိုးတွေဆိုတာ စီးပွားရေးလောကမှာ ဓမ္မတာလိုကို ဖြစ်နေပြီ…”

“ အဲ့လိုလည်း မဖြစ်နိုင်လောက်ဘူး..” အာယာနဲ မစ်ဆူ ပြောလိုက်ပြီး “ ကျွန်မတို့က ဂျပန်ရဲ့ စီးပွားရေး အုပ်စုလေ.. ဘယ်သူကမှ တိုက်ရိုက် မယှဉ်ပြိုင်ဝံ့ဘူး… ဒီတော့ ဘယ်သူကမှလည်း နောက်ယောင်ခံဝံ့မှာ မဟုတ်ဘူး…”

စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် လင်းရီ ရည်ရွယ်ချက်ရှိရှိ ပြောလိုက်၏။

“ ငါတို့ အမေရိကားမှာ ရှိတုန်းက မှတ်မိသေးလား… ငါတို့ ကွမ်တမ် သင်္ဘောပေါ်က ဆင်းတော့ အမေရိကန်ကောင် တချို့ လိုက်လာခဲ့ကြတယ်လေ… ဒီခုက သူတို့ရဲ့ ကြံရာပါတွေများ ဖြစ်နေလောက်လား..”

လက်ရှိ သူတို့နောက် လိုက်နေသည့်လူက ရွှေနက် အဖွဲ့သားများ မဖြစ်နိုင်ကြောင်းကို လင်းရီ သိသည်။

အာယာနဲ မစ်ဆူနား စကားနှိုက်ရန်အတွက် တမင် ပြောလိုက်ခြင်းသာ ဖြစ်၏။

“ အဲ့ကိစ္စက ဖြေရှင်းပြီးတာ ကြာပြီ… နောက်ပိုင်း ဆက်သွယ်မှုတွေကနေပြီးတော့ နှစ်ဖက်က ရင်ကြားစေ့တဲ့ အနေအထားတောင် ရောက်နေပြီ… သူတို့ဘက်က ရုတ်တရက်ကြီး ဒီလိုလုပ်လာတယ်ဆိုတာ မဖြစ်နိုင်ဘူး..”

အာယာနဲ လမ်းဘေးသို့ ကပ်လိုက်ပြီး နောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်သည်။ သူမ နောက် ဆယ်မီတာအကွာမှ ကပ်လျက် လိုက်ပါလာနေသည့် တိုရိုတာ crown အနက်ရောင်တစ်စင်းကို သူမ မြင်တွေ့လိုက်ရလေသည်။ သူမ စိတ်ထဲ ပိုပြီး လေးထင့်လာခဲ့တော့၏။

“ ဘယ်သူလို့ ထင်လဲ.. မင်းမသိရင် ဒီပြဿနာ ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးနော်…”

ဤသည်ကလည်း လင်းရီ အသိချင်နေဆုံး ကိစ္စရပ်ပင်။

ဂျပန်၌ မစ်ဆူ မိသားစုနှင့် ရွှေနက် ကော်ပိုရေးရှင်း အပြင် ဤကိစ္စတွင် ပါဝင်ပတ်သက်နေသည့် အခြားသော အင်အားစုတစ်ခု ကျိန်းသေပေါက် ရှိနေသည်။

ယခု သူတို့နောက် လိုက်နေသည့်သူက ကျန်ရှိနေသည့် အင်အားစုမှ ဖြစ်လောက်၏။

ထို့ပြင် ထို အုပ်စုကလည်း ရွှေနက် ကော်ပိုရေးရှင်းနှင့် တော်တော်လေး ဓာတ်တည့်နေကြသည့်ဟန်ပင်။

ထိုကြောင့် လက်ရှိ အရေးကြီးဆုံးက ၎င်းတို့ မည်သူမည်ဝါဆိုတာ ဖော်ထုတ်ဖို့ရာဖြစ်ပြီး လောလောဆယ် ထို့ထက် ပိုအရေးကြီးတာ မရှိတော့ချေ။

“ မစ္စတာလင်း… ဒါက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ… အန္တရာယ်တွေ ရှိလာနိုင်တယ်… ပြီးတော့ ရှင့်ကို ဒီထဲ ဝင်ပတ်သက်မိတာမျိုးလည်း မဖြစ်စေချင်ဘူး… ကျွန်မ ရှင့်ကို လိုက်ပို့ပေးပါ့မယ်…”

အာယာနဲ မစ်ဆူတွင်လည်း သူမ၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သည့် အတွေးများ ရှိနေသည်။ သူမ လင်းရီကို များများ မမြင်စေချင်ဘဲ ပြန်ပို့ရန် စီစဉ်ထားပြီး ဤကိစ္စကို ဖြေးဖြေးချင်း ကိုင်တွယ်သွားဖို့ရာ စိတ်ကူးထား၏။ သူမ ဤကိစ္စ နောက်ကွယ်ရှိ လက်သည်တရားခံကို ခန့်မှန်းထားနိုင်ပြီး ဖြစ်သည်။

ဂျပန်တွင် ယူရှီ မစ်ဆူသည်သာလျှင် ယခုလိုလုပ်ဝံ့သည့် တစ်ယောက်တည်းသောလူ ဖြစ်ပေသည်။

“ မင်းငါ့ကို လာနောက်နေတာလား..” လင်းရီ ခပ်ဖျော့ဖျော့ ပြုံး၍ “ ဘာပဲ ပြောပြော ငါတို့ချင်း သိလာတာ ကြာပြီလို့ ပြောလို့ရတယ်…. ငါတို့နှစ်ယောက်က ရန်သူတွေ ဟုတ်သလို မိတ်ဆွေတွေလည်း ဟုတ်တယ်… အခု မင်းက ဒုက္ခနဲ့ တွေ့နေတာကို ငါက ဒီတိုင်းထားပြီး ထွက်သွားရင် ငါဘာကောင် ဖြစ်သွားမလဲ… မင်း ပြောနေတဲ့ ပုံစံက ငါကပဲ သေမှာကြောက်နေတဲ့ ပုံမျိုးနဲ့..”

အာယာနဲ မစ်ဆူ လင်းရီကို တအံ့တအား ကြည့်လိုက်မိပြီး ရင်ထဲတွင်လည်း နွေးထွေးသည့် ခံစားချက်တို့က စီးလျှံလာလေတော့သည်။

သို့ပေမယ့် သူမ မသိလိုက်သည်က ဤသည်ကလည်း လင်းရီ၏ အကြံဆိုတာကိုပင်။

“ ဒါပေမယ့် ဒါက ရှင့်နဲ့ ဘာမှမဆိုင်ပဲကို.. ကျွန်မ ရှင့်ကို ဒုက္ခမများစေချင်ဘူး…”

“ငါမင်းကို အပြစ်ပြုမိထားပြီလေ… အဲ့တာထက် ပိုပြီး ဒုက္ခများတာ ဘာရှိနိုင်ဦးမှာမို့လို့…” လင်းရီပြောလိုက်ပြီး “ နောက်ဆုံးတစ်ခေါက် ကွမ်တမ် သင်္ဘောပေါ်မှာတုန်းက မင်း ပုံစံကြည့်ရတာ ပြဿနာကို ကြောက်တတ်တဲ့ ပုံစံမျိုးနဲ့လည်း မတူပါဘူး… ငါ့ကိုတောင်မှ မင်းရဲ့ သက်တော်စောင့် လုပ်ခိုင်းလိုက်သေးတယ်…”

အာယာနဲ မစ်ဆူ ရှက်ရွံ့စွာဖြင့် နှုတ်ခမ်းကို ကိုက်လိုက်၏။

“ အဲ့တုန်းက တမင်တကာ ရည်ရွယ်ပြီး လုပ်တာမဟုတ်ပါဘူး… တကယ်လို့ ရှင်သာ မကာကွယ်ပေးခဲ့ရင် သူတို့တွေ ကျွန်မကို တကယ်ကြီး တိုက်ခိုက်ကြလောက်တယ်…”

“ အင်းလေ… အဲ့တာပြောတာ… ဒီတစ်ကြိမ်လည်း ဘာလို့ လေးလေးနက်နက် စဉ်းစားနေမှာလဲ… အဲ့ကောင်တွေက နျူ လက်နက် သယ်ပြီး လာခဲ့ကြတာလည်း မဟုတ်… ဘာကို ကြောက်နေရမှာလဲ…”

အာယာနဲမစ်ဆူ နောက်ကြည့်မှန်ကို ကြည့်လိုက်ရင်း “ အခု နောက်ယောင်ခံလိုက်နေတဲ့ လူက ကျွန်မရဲ့ ဒုတိယ ဦးလေး… ယူရှီမစ်ဆူ ပို့လိုက်တဲ့သူပဲ ဖြစ်ရမယ်.. ရှင်သူ့ကို သိတယ်.. ဟုတ်တယ်ဟုတ်..”

“ ယူရှီ မစ်ဆူလား…”

ထိုနာမည်ကိုကြားတော့ လင်းရီ ရင်းနှီးနေသယောင် ခံစားလိုက်ရပြီး တစ်ချိန်တည်းတွင် စိမ်းသက်သလိုလည်း ဖြစ်နေသည်။ ဖြည်းဖြည်းချင်းနဲ့ ထိုလူက ဘယ်သူလဲဆိုတာကို လင်းရီ မှတ်မိသွားခဲ့တော့၏။

ဆေးသုတေသနနဲ့ ဖွံ့ဖြိုးရေး စင်တာရဲ့ ဒုတိယ အာဏာ အကြီးဆုံးသောသူ၊ ယူရှီမစ်ဆူ..။

သို့သော် သူ ငြင်းဆန်လိုက်ပြီးနောက် ထိုငနဲမှာ စင်တာမှ နှုတ်ထွက်သွားခဲ့လေသည်။

အမြီးပင် မမြင်လိုက်ရဘဲ ပျောက်သွားခဲ့မည်ဟု လင်းရီ တွေးထားခဲ့သော်လည်း ယခုလိုအချိန်မျိုးတွင် ပြန်ပေါ်လာလိမ့်မည်လို့ သူ မထင်ထားခဲ့ချေ။

“ မင်းတို့က ဆွေမျိုးသားချင်းတွေ မဟုတ်ဘူးလား… ဘာလို့ သူက နောက်ယောင်ခံ လိုက်နေတာလဲ… ဖြစ်နိုင်တာ မင်းကို သတ်ပြီး ပုလ္လင်ကို သိမ်းပိုက်ချင်နေလို့များလား…”

“ ဂိုအီချီ မစ်ဆူ သေသွားပြီးတော့ သူကိုယ်တိုင်ကလည်း မစ်ဆူ မိသားစုကနေ ထွက်သွားခဲ့တယ်လေ… ကျွန်မတို့ချင်းက ဆွေမျိုးတွေ ဆိုပေမယ့် အခုက မတူတဲ့ အစွန်းနှစ်ဖက်မှာ ရပ်တည်နေကြတဲ့ သူတွေပဲ… ရန်သူလို့တောင် ပြောလို့ရတယ်…”

“ ငါတော့ သူက မင်းကို စိန်ခေါ်ဖို့ အရည်အချင်း ပြည့်မီမယ် မထင်ဘူး..” လင်းရီ ပြောလိုက်ပြီး “ မင်းတို့က တကယ့် တိုက်တန် ကင်းကောင်ကြီးတွေ… သူဆိုတာ အလွန်ဆုံးရှိလှ သိပ္ပံပညာရှင်… မိသားစုကနေ ခွဲထွက်လိုက်တယ်ဆိုရင်တောင် သူက မင်းနဲ့ အဆင့်တူ မဟုတ်သေးဘူး… အဲ့တာကို သူက ဘာလို့ ဒါမျိုးတွေ လုပ်ဝံ့နေတာလဲတဲ့..”

“ အခြေအနေက ရှင်ထင်ထားသလောက်မှ ရိုးရှင်းမနေတာ ..” အာယာနဲ မစ်ဆူမှ သူမ၏ ဆံပင်ကို ဖြီးသပ်လိုက်ပြီး “ သူက ကျွန်မတို့ မိသားစုရဲ့ ဓာတ်ခွဲခန်းထဲမှာ ခေါင်းဆောင် ပညာရှင် တစ်ယောက် ဖြစ်ခဲ့ဖူးတယ်… သူ ထွက်သွားတော့ ဦးစားပေး နည်းပညာ တစ်ဝက်ကိုလည်း ယူသွားသေးတယ်… သူ့ရဲ့ အရွယ်အစားနဲ့ လွှမ်းမိုးမှုက မစ်ဆူ မိသားစုနဲ့ မနှိုင်းယှဉ်နိုင်ဘူးဆိုပေမယ့် သူ ပိုင်ဆိုင်ထားတဲ့ ဦးစားပေး နည်းပညာက လျစ်လျူရှုထားနိုင်တဲ့ အရာလည်း မဟုတ်ဘူး..”

ထိုစကား ကြားတော့ လင်းရီ ဘာတွေ ဖြစ်နေလဲဆိုတာကို ချက်ချင်း နားလည်သဘောပေါက်သွားခဲ့တော့သည်။

ယင်းက ပထမ မိသားစု ၊ ဝမ်မိသားစုနှင့် ဒုတိယ မိသားစု ၊ လုမိသားစုတို့၏ အစောပိုင်း အခြေအနေများနှင့် ဆင်တူနေသည်။

ဤ အထင်ကရ မိသားစုကြီး နှစ်ခုက မတူညီသည့် အဆင့်အတန်းများ ရှိနေသော်လည်းပဲ ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာနှင့် လွှမ်းမိုးမှုတို့ကတော့ ထပ်တူညီစွာ ရှိနေလျက်ပင်။

ဝမ်မိသားစုက ထိပ်တန်း ပထမ မိသားစုကြီးအဖြစ် သတ်မှတ်ခံရခြင်း အကြောင်းပြချက်က ကုန်သည်ကြီးများ ဗျူရို အုပ်စုကို ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။

သို့သော် ယင်းက အဓိက ကျသည့် အချက်တော့မဟုတ်သေး။

မစ်ဆူမိသားစုနှင့် ယူရှီမီဆူအတွက်လည်း အလားတူစွာ အဆင့်မြင့်သည့် ယှဉ်ပြိုင်မှုတို့၌ ငွေဆိုသည်က အချိုပေါ် သကာလောင်းရုံမျှဖြစ်ပြီး ဦးစားပေးနည်းပညာကသာလျှင် စစ်မှန်သည့် အာဏာ၏ အုတ်မြစ်ဖြစ်၏။

အာယာနဲ မစ်ဆူပြောသည့် အဆိုပါ ဦးစားပေးနည်းပညာက မည်သည်ဆိုတာကိုလည်း မှန်းဆရ မခက်ခဲလှချေ။

ယင်းက ဗီဇသွေးရည်ကြည်သာ ဖြစ်ရပေမည်။

All Chapters