ဖန်တီးဇာတ်လမ်း
Vol. 79 Ch. 1183
လင်းရီ ချင်းဟန်ကို လျစ်လျူရှုပြီး တံခါးဖွင့်လိုက်၏။
သို့သော် သူအထဲသို့ တန်းမ၀င်သေး။ ထိုအစား အပြင်ဘက်၌သာ ရပ်နေသေးပြီး ကျိန်ဆဲလိုက်၏။
" သောက်ရေးမပါတဲ့ စကားတွေ လာမပြောနဲ့.. နောက်တစ်ခါဆို မင်းရှာချင်တဲ့ကောင် သွားရှာ... မင်းကို ထပ် မကူညီပေးနိုင်တော့ဘူး... ငါ့ရဲ့ ဂုဏ်သတင်းကောင်းလေးတွေကြောင့်သာ မဟုတ်ရင် လူတွေကတော့ ငါ လိုက်ပြီး လမ်းသလားနေတယ်လို့ ထင်ကုန်ကြတော့မှာပဲ... ငါတော့ တကယ်ကို လူပေါင်းမှားတာ... မင်း ငါ့ရဲ့ နာမည်ကို ဖျက်လုနီးပါးပဲကွ... "
ပြောပြီးနောက် လင်းရီ ကျွဲမြီးတိုစွာဖြင့် အထဲ၀င်သွားခဲ့တော့သည်။
ချင်းဟန် "??? "
' ငါ့ဓားဘယ်မှာလဲ...'
သူ့အခန်းသို့ ပြန်ရောက်လာပြီးနောက် ကျီချင်းရန် မအိပ်သေးကြောင်းကို လင်းရီ မြင်တွေ့လိုက်ရသည်။ သူမက ကုတင်ပေါ်တွင် ထိုင်ပြီး စာအုပ်တစ်အုပ် ကောက်ဖတ်နေသည်။
ပိုးဖဲကတ္တီပါစကဲ့သို့ နူးညံ့လှသည့် ဆံနွယ်များက ပခုံးထက် ဆင်းဖြာကျနေပြီး သဘာ၀ အတိုင်းထားရှိကာ အနားကွပ်မပါသည့် မှန်များက သွယ်လျသည့် နှာတံပေါ်တွင် ရှိနေပြီး ခြွင်းချက်မဲ့ လှပနူးညံ့သည့် အသွင်သဏ္ဌာန်ကို ပေါ်လွင်နေစေတော့သည်။
" ဟမ်... ဒီလောက် နောက်ကျနေပြီကို ခုထိ မအိပ်သေးဘူးလား... " လင်းရီ မေးမြန်းလိုက်သည်။
" နင် အပြန်နောက်ကျမယ်လို့ ပြောတယ်မလား... ငါက ဒီတိုင်း နင့်ကို စောင့်ချင်လို့... " ကျီချင်းရန် သူမ လက်ထဲရှိ စာအုပ်ကို ဝှေ့ယမ်းပြလိုက်ရင်း " ဒီ စာအုပ်က တော်တော်လေး စိတ်၀င်စားဖို့ကောင်းတယ်... ပိုပြီး ဖတ်လေလေ မအိပ်ချင်တော့လေလေပဲ... "
ပြောပြီးနောက် သူမ အိပ်ယာထက်မှ ဆင်းလာခဲ့ကာ " နင် ဘယ်တွေ သွားနေတာလဲ... ဘာလို့လဲ ခုမှ ပြန်လာခဲ့တာလဲ ... ည နှစ်နာရီတောင် ကျော်နေပြီကို ဘာလို့ အော်ကြီး ဟစ်ကျယ်နဲ့ စကားတွေပြောနေတာ.. နင်က သူများတွေ အနားယူတာကို နှောင့်ယှက်နေတာပဲ... "
" မပြောကြစို့ကွာ... ငါတို့ မွန်းလွဲပိုင်း သွားလည်တော့ ချင်းဟန် သူ့ ex နဲ့ ပြန်တွေ့တယ်လေ... အဲ့မှာ အရင်က ခံစားချက်တွေ ပေါက်ကွဲထွက်လာပြီးမှ ငါ့ကို သောက်ဖို့ အတင်းဆွဲခေါ်သွားတော့တာပဲ... စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ... "
" အဲ့တာ နည်းနည်းလေး မလွန်လွန်းဘူးလား... သူ့ ex ကို ပြန်တွေ့တာကြောင့်နဲ့ စိတ်တွေ ဂယောက်ဂယက် ဖြစ်သွားခဲ့တယ်ပေါ့... "
" သူ ပြောတာ အဲ့ကောင်မလေးက သူ့ရဲ့ အချစ်စစ်တဲ့... သူနဲ့ ပြတ်စဲပြီးနောက်ပိုင်း သူ ဘယ်ကောင်မလေးကိုမှ လက်မထပ်နိုင်တော့ပါဘူးတဲ့ဆို... ဒါပေမယ့် ဘယ်သူကတွေးမိမှာ... အခု သူ့ ex က တခြားတစ်ယောက်နဲ့ လက်ထပ်သွားခဲ့ပြီလေ... သူ့ယောက်ျားကလည်း အရပ် ပုအိုက်အိုက်နဲ့ အရှုံးသမားကြီး... ချင်းဟန် အဲ့နေရာမှာတင် စိတ်တွေ ပြိုလဲကုန်တာပဲ... " လင်းရီ သက်ပြင်းချလျက် ပြောလိုက်သည်။
" အဲ့ကောင် ဆိုင်ထဲမှာ မရှက်မကြောက်နဲ့ ငိုယိုပြီး နတ်သမီး ပုံပြင်တွေဆိုတာ အလိမ်အညာတွေ.. သူ ဘယ်တော့မှ မချစ်ချင်တော့ဘူးဆိုပြီး မူးမူးနဲ့ လျှောက်အော်နေတော့တာပဲ.... "
" ချင်းဟန်က ဘာလို့ အဲ့လောက်တောင် သနားဖို့ ကောင်းနေတာလဲတဲ့... ငါ မှတ်မိတာ အရင်တစ်ခေါက် သူနင့်ကို အရက်အတူ သောက်ဖို့ ခေါ်တာကလည်း ex ကြောင့်ပဲနော်... " ကျီချင်းရန် ပြောလိုက်ပြီး " ပြောကြေးဆို ချင်းဟန်လို ဥစ္စာပေါ ရုပ်ချော သူဌေးသားလေးက အချစ်ကို အဲ့လောက်ထိ ကိုးကွယ်မယ်လို့ မထင်ထားဘူး... အမှန်ဆို နိုင်ငံခြားမှာတောင် ပညာတွေ သွားသင်ခဲ့တာ သူ့မှာ ကောင်မလေးတွေ ဖောသီနေရမှာ မဟုတ်ဘူးလား... "
" အချစ်ကြောင့် ဦးနှောက်က သုံးစားမရသွားတာပဲ နေမှာပေါ့.. ဟင်း... သိပ် သနားဖို့ ကောင်းလိုက်တဲ့ ငါ... အဲ့ကောင်က စိတ် အဆင်မပြေတိုင်း ထစ်ကနဲရှိ ငါ့လောက် တနေတော့တာပဲ... . "
" တို့ တတ်နိုင်တာ ဘာမှမှ မရှိပဲ... "ကျီချင်းရန် ပြောလိုက်ပြီး " ညီကိုတွေအနေနဲ့ အေးအတူ ပူအမျှ မျှဝေ ခံစားပေးရမယ်လေ.. အဲ့အတွက် ဆုလဒ် တစ်ခုခုကို ပြန်ပြီး မျှော်ကိုးနေလို့ ဘယ်ဖြစ်မှာ... တစ်ယောက်နဲ့ တစ်ယောက် လိုအပ်လာရင် ကူညီပေးသင့်တာ သဘာ၀ပါပဲ... "
" အင်း .. အမှန်ပဲ.. ညီကိုတွေ အနေနဲ့ တစ်ယောက်ကို တစ်ယောက် ကူညီပေးတာ မထူးဆန်းပါဘူး... "
" အတိအကျပဲလေ... " ကျီချင်းရန် သမ်းဝေလျက် ပြောလိုက်ပြီး " ငါ နည်းနည်းငိုက်နေပြီ.. သွားပြီး ဆေးကြောတော့... နှစ်နာရီတောင် ကျော်နေပြီ... "
" အိုကေ... "
ကျီချင်းရန် အိပ်ယာပေါ် ပြန်တက်သွားခဲ့ပြီး လင်းရီကတော့ ရေချိုးခန်းထဲ သွား၍ ဆေးကြောလိုက်သည်။
သူ ပြန်ထွက်လာတော့ ကျီချင်းရန်မှာ အိပ်ပျော်နေပြီးဖြစ်ကြောင်း လင်းရီ မြင်တွေ့လိုက်ရသည်။
လင်းရီ ဆူဆူညံညံ သိပ် မလုပ်ရဲဘဲ ကုတင်ပေါ်သို့ ဂရုတစိုက်နှင့် တွားသွား တက်လာခဲ့လိုက်၏။
သို့သော် လင်းရီ အိပ်ပျော်ရန် မကြိုးစားပေ။ သူ၏ မျက်လုံးများက မျက်နှာကြက်သို့သာ ငေးကြည့်နေသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ကျီချင်းရန်၏ အသက်ရှူသံမှာ တည်ငြိမ်သွားခဲ့ပြီး သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီဖြစ်ကြောင်း ပြသနေသည့် လက္ခဏာရပ်ပင်...။
သို့သော် လင်းရီ မလှုပ်ရှားရဲသေး။ အလောင်းကောင်ကြီးတစ်ခုကဲ့ကို့ မလှုပ်မယှက် လဲနေသေးသည်။
နောက် နာရီ၀က်ခန့်လောက် ကြာတော့မှ ကျီချင်းရန် လုံးလုံးလျားလျား အိပ်ပျော်သွားပြီဆိုတာကို လင်းရီ ကျိန်းသေသွားတော့၏။
သူ တိတ်တိတ်လေး... ကျီချင်းရန်၏ ခြေထောက်ကို ဘေးသို့ ရွေ့၍ ကုတင်ပေါ်မှ အသံမြည်အောင် ဆင်းလိုက်သည်။ လင်းရီ ဗီရိုဘေးတွင် ကျီချင်းရန်၏ ဖုန်းတင်ထားသည်ကို မြင်တွေ့နေရ၏။
ဤသည်က လင်းရီ အစီအစဉ်၏ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ရပ်ပင်။
သူ့ဖုန်းကို အယ်လက်ဆာ၏ ကားထဲ ဝှက်ထားခဲ့၏။
ခြေရာခံဖို့ရာအတွက် ဒီဇိုင်းထုတ်ထားခြင်း မဟုတ်သော်လည်းပဲ ဖုန်းတွင် ခြေရာခံနိုင်သည့် စွမ်းဆောင်ရည်တချို့တော့ ရှိ၏။
ဖုန်း ပျောက်ဆုံးသွားသည်နှင့် အဆိုပါ လုပ်ဆောင်ချက်မှတဆင့် ပျောက်သွားသည့်ဖုန်းကို ပြန်လည် ရှာဖွေနိုင်သည်။
ထို လုပ်ဆောင်ချက်ကို အသုံးချပြီး လင်းရီ အယ်လက်ဆာနှင့် ကျန်သူများ၏ တည်နေရာကို စတင်ရှာဖွေတော့သည်။
နောက်ဆုံးတွင် ဖုန်း၏ တည်နေရာက အိုမန်ဟိုတယ်နှင့် ၁၃၀ ကီလိုမီတာ အကွာရှိ ဟွန်ဒါ အူဒိုဟူသည့် နေရာတွင် ရပ်တန့်နေကြောင်း လင်းရီ မြင်တွေ့လိုက်ရ၏။
အမှားအယွင်း တစ်စုံတစ်ရာသာ မပေါ်ပေါက်ခဲ့ဘူးဆိုပါက အယ်လက်ဆာနှင့် အခြားသူများမှာ ထိုနေရာတွင် ရှိနေကြပေလိမ့်မည်။
" ရီ... "
ရုတ်တရက် ညင်သာတိုးညင်းသည့် အသံတစ်သံက လင်းရီကို တွန့်ခနဲ ဖြစ်သွားစေခဲ့၏။
မသိစိတ်မှ အလိုအလျောက် လှည့်ကြည့်လိုက်တော့ ကျီချင်းရန်မှာ နိုးနေပြီး သူ့ကို တည့်တည့်စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
" အာ.... အိပ်ပျော်နေတာ မဟုတ်ဘူးလား... ဘာလို့ နိုးလာတာလဲ... "
" ငါ သိချင်တာ နင် ညကြီး မအိပ်ဘဲ ဘာလုပ်နေတာလဲ.... ပြီးတော့ ငါ့ဖုန်းကို ဘာတွေလဲ လုပ်နေတာ... နင် ငါ့ မက်ဆေ့ခ်ျတွေကို စစ်ဆေးနေတာလား.... "
ကျီချင်းရန် စိတ်ဆိုးနေသည့် ပုံ မပေါ်ချေ။ အကယ်၍ လင်းရီသာ သူမ၏ ဖုန်းကို စစ်ဆေးနေသည်ဆိုပါက သူမအပေါ် စိတ်မချဖြစ်နေပြီး သ၀န်တိုနေသည့် အဓိပ္ပာယ်ပင် မဟုတ်ပါလား။
" ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ငါက အဲ့လို လူစားမျိုးလား... "
လင်းရီ ကိုးရို့ကားယားဖြစ်စွာ ပြုံးပြလိုက်၏။
" ဒါဆို မအိပ်ဘဲနဲ့ ငါ့ဖုန်းကို ဘာလဲလုပ်နေတာ... နင် ရိုးတော့ မရိုးသားဘူးနော်... " ကျီချင်းရန် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး မေးတစ်ဖက်ထောက်လျက် လင်းရီကို အကဲခတ်နေတော့သည်။
" နင် တစ်ခုခု မသင်္ကာစရာတွေ တွေ့လို့လား... "
" ငါ မက်ဆေ့ခ်ျတွေ စစ်နေတာ မဟုတ်ဘူး... " လင်းရီ အတည်ပေါက် လေးနက်သည့် အမူအရာဖြင့် ပြောလိုက်ပြီး " ငါ ဒီနေ့ ချင်းဟန်နဲ့ ထွက်သွားတုန်းက လမ်းမှာ ဖုန်းပျောက်ကျ ကျသွားခဲ့တယ်လေ... ပြီးတော့ မင်းပြောတာကို ပြန်စဉ်းစားကြည့်တော့လည်း မှန်တယ်... ညီကိုအချင်းချင်း ကူညီပေးသင့်တယ်.... ဒါကြောင့်မို့ မင်းဖုန်းကို ယူပြီး သူ့ဆီ ဆက်မလို့.. အဲ့ကောင် စိတ်ညစ်လွန်းပြီး မဟုတ်တာတွေ လျှောက်လုပ်ပစ်မှာ စိုးရိမ်ရတယ်.... "
" အဲ့တာဆိုလည်း ဘာတွေ စောင့်နေတာ.. မြန်မြန်သူ့ဆီ ဖုန်းဆက်လိုက်တော့လေ.. "
" အိုကေ... " လင်းရီ ထရပ်လိုက်ပြီး " နောက်ကျနေပြီ.... အိပ်လိုက်တော့... ငါ အပြင်ထွက်ပြီး သွားပြောလိုက်မယ်... "
" ဒီမှာ ဆက်လို့လည်း ရရဲ့သားနဲ့ ဘာလို့ အပြင်ထွက် ပြောမှာလဲ... နင် သူ့ကို မဖြောင်းဖြနိုင်ဘူးဆိုရင် ငါ့ကို ပေးလိုက်..ငါက မိန်းကလေးဆိုတော့ နင့်ထက်ပိုပြီး ပြောတတ် ဆိုတတ်တယ်... . "
" အာ... ကောင်းပြီလေ... "
လင်းရီ သူ့ကိုယ်သူ အားတင်း၍ ချင်းဟန်၏ နံပါတ်ကို ရိုက်နှိပ်လိုက်သည်။
" ဟမ်... မင်း ဘာပြောလိုက်တယ်... မင်း အသက်မရှင်ချင်တော့ဘူး ဟုတ်လား... "
" မင်း ရူးနေတာလား... မိန်းမ တစ်ယောက် အတွက်ကြောင့်နဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်တော့မယ်ပေါ့... "
" မင်း ၀မ်းနည်းနေတယ်ဆိုတာ ငါသိတယ်.... ငါ ဒါမျိုး မခံစားဘူးပေမယ့် မင်းကို ကိုယ်ချင်းစာပေးနိုင်တယ်... "
" ဟုတ်ပြီ ဟုတ်ပြီ ငါ မင်းနဲ့ အတူသောက်ပေးပါ့မယ် ဟုတ်ပြီလား... ညီကိုတွေပဲလေ.. ဒီဘ၀မှာ ညီကိုဆို နောက်ဘ၀လည်း ညီကိုပဲ... ငါမင်းကို ဒီည အဖော်လုပ်ပေးမယ်... မမူးမချင်း အိမ်မပြန်ဘူးကွာ... "
ချင်းဟန် "??? "
' မင်းအဘွားပဲဟေ့...'
လင်းရီ ဖုန်းချပြီးနောက် ကျီချင်းရန်ကို ကြည့်၍ " ချင်းဟန် ဒီလောက်ထိ ဖြစ်ပျက်နေမယ်လို့ ထင်မထားဘူး... ဒီလို အသေးမွှား ကိစ္စလေးအတွက်နဲ့ သူ့ကိုယ်သူ သတ်သေချင်နေတယ်တဲ့... ကံကောင်းချင်တော့ ငါ အချိန်မီ ဖုန်းဆက်ပြီး သူ့ကို မလုပ်ဖို့ တားနိုင်လိုက်လို့ပေါ့... မဟုတ်ရင် မကောင်းတာတွေ ဖြစ်လာနိုင်တယ်... "
" ဒါဆို ဘာစောင့်နေမှာလဲ.. သွားပြီး သူ့ကို သွားကြည့်ကြစို့လေ... "
ကျီချင်းရန် အိပ်ယာမှ အလျင်အမြန်ထလိုက်ပြီး အပေါ်မှ ကုတ်အင်္ကျီ တစ်ထည် ထပ်လိုက်၏။
" ငါတို့ သူ့ကို သေချာလေး ဖြောင်းဖြမှရမှာ.. ဒီလို အသေးမွှား ကိစ္စလေးနဲ့ စိတ်ထွေသွားလို့ ဘယ်ဖြစ်မှာလဲ.. ချင်မိသားစုရဲ့ ကြွယ်၀မှုတွေကို သူ အမွေ ဆက်ခံရဦးမှာကို ဒီကောင် ဒါတွေ ထည့်မစဉ်းစားတော့ဘူးလား မသိဘူး... " လင်းရီ သက်ပြင်းချလိုက်သည်။
" ဟင်း... "ကျီချင်းရန် သူမ ခေါင်းကို ခါရမ်းလိုက်၏။
" ငါ အရင်က ထင်မိတာ ချင်းဟန်က မိန်းကလေးတွေကို သူ ကစားချင်သလို ကစားတယ်ပေါ့.. ဒါပေမယ့် ဒီလောက်ထိ သစ္စာ သိပ်ကြီးတဲ့လူ ဖြစ်မယ် မထင်မိဘူး.. ဒါမျိုးက တကယ်ရှားတယ်... ငါ သူ့ကို အထင်မှားခဲ့မိတာပဲ.. မြန်မြန် သူ့ဆီ သွားလည်ကြစို့... "
ကျီချင်းရန်၏ လေးနက်နေသည့် အမူအရာကို မြင်တော့ လင်းရီ ပြုံးချင်စိတ်ကို ရင်ထဲ မြိုသိပ်လိုက်ပြီး စိတ်ထဲ ကျိန်ဆဲလိုက်၏။
' ချင်းဟန်ဆိုတာ ဘာကောင်လဲ... အကုန်လုံးက ငါ ထွင်ထားတာတွေချည်းပဲ...'