အခန်း (၁၁၇၅)
Vol. 79 Ch. 1175
မင်းက ဘာလို့ ငါ့ထက်တောင် ပိုလောနေရတာလဲ
“ ဒါဆို မင်းပြောချင်နေတဲ့ သဘောက ယူရှီ မစ်ဆူ မင်းကို ဒီလိုမျိုးတွေ လုပ်ဝံ့နေတယ်ဆိုတာ သူက အဲ့ဒီနည်းပညာကို ကျွမ်းကျင်ထားလို့ပေါ့ … ဟုတ်လား..”
“ ဟုတ်တယ်… ပြီးတော့ သူက ကျွန်မတို့ ထင်ထားတာထက်တောင် ပိုပြီး ရည်မှန်းချက်ကြီးတယ်…” အာယာနဲ မစ်ဆူမှ ပြောလိုက်ပြီး “ ကျွန်မ နားလည်ထားသလောက်ဆိုရင် ဂျပန်ရဲ့ အကြီးမားဆုံး မြေအောက်ဂိုဏ်းကြီး ယာမာဂူချီဂိုဏ်းက သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ဖြစ်ရမယ်… သူ့ရဲ့ နည်းပညာ ကျွမ်းကျင်မှုတွေကိုပါ ပေါင်းစပ်လိုက်တော့ ဒီအချင်းအရာတွေက သူ့ကို တဟုန်ထိုး မြင့်တက်လာစေပြီးတော့မှ ဒီလိုမျိုး သတ္တိတွေ ပေးလာခဲ့တာလေ…”
အာယာနဲ မစ်ဆူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းရီ အရာအားလုံးကို နားလည်သဘောပေါက်သွားခဲ့တော့သည်။
ရွှေနက် အဖွဲ့များ ဂျပန်သို့ ရောက်ရှိလာသည်မှာ မစ်ဆူမိသားစုနှင့် အပေးအယူပြုရန် မဟုတ်ဘဲ ၎င်းတို့၏ တကယ့်ပစ်မှတ်က ယူရှီမစ်ဆူသာ ဖြစ်သည်။
ယင်းက ဘာကြောင့်လဲဆိုတော့ ယူရှီမစ်ဆူမှာ တစ်ချိန်က မစ်ဆူမိသားစု အဓိက နည်းပညာ ဓာတ်ခွဲခန်း၏ ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့ပြီး ဗီဇသွေးရည်ကြည်၏ ပေါင်းစပ်နည်းကို အခြားသူများထက် ကောင်းမွန်စွာ နားလည်ထားသည်။
ယခု သူကိုယ်တိုင်က တစ်ကိုယ်တော် လှုပ်ရှားနေပြီ ဖြစ်သဖြင့် ဗီဇသွေးရည်ကြည်ကို အောင်မြင်စွာ ဖော်စပ်နိုင်သွားခြင်းသာ ဖြစ်ရမည်။
ထို့ကြောင့်ပဲ ရွှေနက် ကော်ပိုရေးရှင်းမှ သူ့ထံ လာရောက်ကြခြင်း ဖြစ်တော့၏။
ဤအချက်များပေါ် အကြောင်းမူ၍ လင်းရီ သူ၏ အတွေးသံသယများကို အတည်ပြုလိုက်နိုင်သွားခဲ့သည်။
အစကတည်းက အနက်ဝတ်နှင့်လူသည် ပေါ်လာခြင်း မရှိခဲ့ချေ။ ဆိုလိုသည်က အသင်း ၁ လက်ထဲမှ လုယူသွားသည့် ဘက်စ် နှစ်ကီလိုမှာ ဂျက်ဖရီ၏ လက်ထဲတွင် လုံခြုံစွာနှင့် ရှိနေသည်ဆိုတာပင်။
ထို့ကြောင့် သူ့ဘက်က လှုပ်ရှားမည်ဆိုပါက အခွင့်အရေး ရှိသေး၏။
လင်းရီ စိတ်သက်သာရာရစွာဖြင့် သက်ပြင်း ခိုးချလိုက်သည်။ သူ ပြဿနာ၏ ဇစ်မြစ်ကို သိရှိလိုက်ရသောကြောင့် ယနေ့ တစ်ညတာက အမှန်ပင် အရာရောက်သွားခဲ့သည်။
သို့သော်လည်းပဲ အရေးကြီးသည့် အချက်အလက်တစ်ချို့ ကျန်ရှိနေဆဲ ဖြစ်ကာ သူ အာယာနဲ မစ်ဆူထံမှ ဆက်လက်ကြိုးစားပြီး စကားနှိုက်ကြည့်ရတော့မည်။
ဦးစွာအနေဖြင့် ရွှေနက် အဖွဲ့အသားများက တိုကျိုသို့ ရောက်ရှိနေသည် ဆိုသော်လည်းပဲ ၎င်းတို့ မည်သည့်နေရာ၌ ပုန်းအောင်းနေသည်လဲဆိုတာကို သူမသိသကဲ့သို့ မည်သည့် နေရာ၌ အလဲအလှယ် ပြုကြမည်ကိုလည်း လင်းရီ မသိရှိသေးချေ။ ထို့အတွက်လည်း လင်းရီ အာယာနဲမစ်ဆူကို ဆက်လက် အားကိုးရပေဦးမည်။
ဒုတိယ တစ်ချက် အနေဖြင့် ကွမ်တမ် သင်္ဘောကြီး ပေါ်တွင် အဖြစ်ဆိုးကြီးနှင့် ကြုံခဲ့ရသူ ရွှေနက် ကော်ပိုရေးရှင်းမှာ ယခုတစ်ကြိမ်တွင်တော့ အလွန်အမင်း သတိချပ်ထားပြီး အရာရာကို ဂရုတစိုက်ပြုနေမည်မှာ သေချာသည်။ ထို့ကြောင့် တစ်ဖက်သူက လူမည်မျှနှင့် ရောက်လာခဲ့သည်လဲဆိုတာကို အရင်ဆုံး သိရှိအောင် စုံစမ်းရမည် ဖြစ်ပြီး မဆင်မခြင် လှုပ်ရှားလို့ မရသေးချေ။
“ ဒါ နည်းနည်း ထူးတော့ ထူးဆန်းတယ်..” လင်းရီ ဖြည်းညင်းစွာ စကားပြောလိုက်ပြီး စတင် သရုပ်ဆောင်တော့၏။
“ ဘယ်လိုမျိုး ထူးဆန်းတာလဲ…”
“ မင်းတို့ရဲ့ လက်ရှိ ရင်းနှီးပတ်သက်မှုအရ ဆိုရင် သူမင်းကို အကြောင်းပြချက် မရှိဘဲနဲ့တော့ ထိရဲမှာ မဟုတ်ဘူး… တခြား အကြောင်းအရင်း တစ်ခု မရှိသရွေ့ပေါ့..”
ဤသည်က လင်းရီ၏ နည်းဗျူဟာဖြစ်ကြောင်းကို အာယာနဲ မစ်ဆူ သတိမမူမိချေ။
သူမ၏ အမြင်တွင် လင်းရီ၏ ထက်မြက်သည့် ဉာဏ်ရည်ဖြင့် ဆိုပါက ဤအကြောင်း စဉ်းစားမိသည်မှာ သဘာဝပဲ ဟု တွေးမြင်နေခဲ့၏။ အကယ်၍ သတိမပြုမိသည်မှသာ ထူးဆန်းနေပေလိမ့်မည်။
“ ကျွန်မအထင်တော့ ကျွန်မက သူ့ရဲ့အစီအစဉ်တွေ မဖျက်ဆီးနိုင်အောင်လို့ ဒီတိုင်း စောင့်ကြည့်နေတာလို့ပဲ ထင်တယ်…”
“ မင်းက သူ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးမယ်… ဟုတ်လား..” လင်းရီ ဘာမျှ မသိသကဲ့သို့ ပြုမူလိုက်သည်။
စက္ကန့်အနည်းငယ်ကြာအောင် ချီတုံချတုံ ဖြစ်နေပြီးနောက် အာယာနဲ မစ်ဆူမှ “ ကွမ်တမ် သင်္ဘောပေါ်မှာ အပေးအယူ လုပ်ပြီးတော့ ကျွန်မတို့နောက် လိုက်လာခဲ့တဲ့ လူအုပ်စုကို ရှင်မှတ်မိသေးလား..”
“ အင်း… မှတ်မိတယ်…”
“ အဲ့အုပ်စုက နောက်တစ်ကြိမ် ဒီကို ရောက်လာခဲ့ပြီ… ဒါပေမယ့် ဒီတစ်ကြိမ် သူတို့ရဲ့ ပစ်မှတ်က ယူရှီ မစ်ဆူ… သူက သူ့ရဲ့ အစီအစဉ်တွေကို ဖျက်လိုဖျက်ဆီး လုပ်မှာ ကြောက်နေတာလေ… အဲ့တာကြောင့် လူလွှတ်ပြီး ကျွန်မကို စောင့်ကြည့်ခိုင်းထားတာ…”
လင်းရီ ခေါင်းတညိမ့်ညိမ့်ဖြင့် ယခုမှ ရှင်းခနဲ ဖြစ်သွားသည့်နှယ် ဟန်ဆောင်လိုက်သည်။
“ သူတို့ ဘယ်ရောက်နေလဲဆိုတာကော မင်းသိလား…”
“ အင်း… လူလွှတ်ပြီး အဲ့လူတွေကို စောင့်ကြည့်ခိုင်းထားတယ်… သူတို့ အခုချိန်ထိ ကျွန်မရဲ့ မျက်စိအောက်က ထွက်မပြေးနိုင်သေးပါဘူး…”
“ ဒါဆို မင်းရဲ့ အစီအစဉ်ကကော…. သူတို့ အပေးအယူလုပ်မှာကို တားမှာလား…”
“ သေချာပေါက်ပဲပေါ့ရှင့်..” အာယာနဲ မစ်ဆူ သေချာနေသည့် လေသံဖြင့် ပြောလိုက်ပြီး “ ယူရှီ မစ်ဆူ မြင့်တက်လာရင် ကျွန်မတို့ကို အားနည်းသွားစေမယ်လေ… ဒီ အပေးအယူကို မရရအောင် တားမြစ်ရမှာ….”
“ ကြည့်ရတာ မင်းစိတ်ထဲ အစီအစဉ်တွေ ရှိထားပြီးပြီနဲ့တူတယ်..”
အာယာနဲ မစ်ဆူ လေးနက်စွာခေါင်းညိမ့်လိုက်ပြီး “ ကျွန်မတို့ရဲ့ လက်ရှိအခြေအနေကြောင့်သာ မဟုတ်ရင် ကျွန်မ လူလွှတ်ပြီး အဲ့လူကို သတ်ပြီးနေပြီ...”
ထိုအခိုက်အတန့်တွင်တော့ အာယာနဲ မစ်ဆူမှာ သူမ၏ စစ်မှန်သည့် ဘက်ခြမ်းကို လှစ်ဟာပြနေလျက် ရှိသည်။
လင်းရီကတော့ ဒဿဂီရီထက် များပြားလှသော မျက်နှာများစွာကို မြင်တွေ့နေရသဖြင့် မည်သည်က သူမ၏ မျက်နှာအစစ်အမှန်ဖြစ်သည်လဲ ဆိုတာကို မခွဲခြားတတ်တော့ချေ။
“ ဒါပေမယ့် ယူရှီ မစ်ဆူရဲ့ လူတွေက ငါတို့ကို ရှာတွေ့သွားပြီဆိုတော့ မင်းရဲ့ လှုပ်ရှားမှုတိုင်းက သူ့ရဲ့ စောင့်ကြည့်မှုအောက်မှာပဲ ရှိနေမှာလေ… လှုပ်ရှားဖို့ မလွယ်လောက်ဘူး…”
“ သူတို့ကို ခါချနိုင်မယ့် နည်းလမ်းတစ်ခု ရှာလို့ ရတာပဲ… အသေးမွှားလေးပါ…”
“ ဒါပေမယ့် မင်းအဲ့လိုလုပ်လိုက်ရင် သူတို့ မင်းနောက် လိုက်နေမှန်း မင်းသိသွားပြီဆိုတာကို ပြောပြလိုက်သလို ဖြစ်သွားမှာပေါ့… အဲ့ခါကျရင် သူတို့ရဲ့ အစီအစဉ် ပြောင်းရင် ပြောင်းသွားနိုင်တယ်… ဒီလိုအခွင့်မျိုး နောက်တစ်ကြိမ်ရဖို့ဆိုတာ မင်းဖို့ မသေချာတော့ဘူးနော်…”
အာယာနဲ မစ်ဆူ ဖြည်းညင်းစွာ ခေါင်းညိမ့်ရင်း သွယ်လျသည့် လက်ချောင်းများက စတီယာရင်ဘီးကို တတက်တက် ခေါက်နေလျက်ရှိသည်။
သူမ ထိုအချက်ကို မေ့လျော့နေခဲ့၏။ ယခု လင်းရီ ပြောတော့မှပဲ ယင်းက တကယ့်ကို ပြဿနာ ဖြစ်ကြောင်း သိပြုမိသွားခဲ့တော့သည်။
“ အဲ့တော့ ဘယ်လိုလုပ်ကြမှာလဲ… ရှင့်မှာ အကြံဉာဏ် ရှိလို့လား..”
အလိုအလျောက်ပဲ အာယာနဲ မစ်ဆူ လင်းရီ၏ အကြံဉာဏ်ကို မေးမြန်းလာခဲ့သည်။
“ အလွယ်လေးပါ…” လင်းရီ ပြောလိုက်ပြီး “ တိုကျိုမှာ အကောင်းဆုံး ဟိုတယ်က ဘာလဲ…”
“ အင်ပါယာ ဟိုတယ်လေ…”
“ ဒီကနေဆို ဝေးလား…”
“ မဝေးပါဘူး… ကားနဲ့မောင်းသွားရင် မိနစ် ၂၀ လောက်ပဲ ကြာတယ်…”
“ အဆင်ပြေတယ်..” လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ မင်း ကားနောက်ဖုံးမှာ ဘာတွေပါလဲ…”
“ ဟင်… နောက်ထဲမှာလား… “ အာယာနဲ မစ်ဆူ ကြက်သေသေသွားခဲ့ပြီး “ အဲ့တာ အရေးကြီးလို့လား..”
“ ကြီးတာပေါ့.. ငါမေးတာ အရင်ဖြေစမ်းပါ…”
“ အရေးမကြီးတဲ့ ပစ္စည်းတွေပါပဲ… ကျွန်မရဲ့ အဝတ်အစားတွေ… လက်ဆောင်တွေ… ရေသန့်ဘူးတွေ.. မုန့်တွေ… အစုံပလုံပေါ့…”
“ ကွက်တိပဲ…”
လင်းရီ အာယာနဲ မစ်ဆူ အနား တိုးသွား၍ သူမ နှုတ်ခမ်းမှ နှုတ်ခမ်းနီကို တစ်သျှူးဖြင့် သုတ်ပစ်လိုက်သည်။
ထို့နောက် သူမ၏ အဝတ်များကို နည်းနည်း ဆွဲချလိုက်ပြီး ဖွေးလျက်သား ရှိသည့် ပခုံးသားများအား လှစ်ဟာပြထားလိုက်၏။
တစ်ချိန်တည်းတွင် ဆံပင်ကိုလည်း ရှုပ်ပွနေအောင် ပြုလုပ်လိုက်ပြီး ဖရိုဖရဲဖြစ်နေသည့် ပုံစံဖြစ်အောင် ဖန်တီးလိုက်သည်။
အာယာနဲ မစ်ဆူ ကြက်သေသေသွားခဲ့တော့၏။ လင်းရီ ဘာလုပ်ချင်နေမှန်း သူမ နားမလည်နိုင် ဖြစ်နေလေသည်။
“ နောက်ဖုံးထဲက ရေတစ်ဘူးလောက် သွားယူပေး…”
“ ဘာ - ဘာလုပ်မလို့လဲ…”
“ မမေးစမ်းပါနဲ့… မင်းပြန်လာတာနဲ့ ငါပြောမယ်..”
“ အိုး.. အိုကေလေ.. တခြား ဘာလုပ်ပေးဖို့ရော လိုသေးလဲ…”
“ မလိုဘူး… ဒီတိုင်း ရေသန့်တစ်ဘူးဆို ရပြီ…”
“ ကျွန်မ အခုပဲ သွားလိုက်မယ်..”
လင်းရီ ညွှန်ကြားသည့်အတိုင်း အာယာနဲ မစ်ဆူ ကားထဲမှ ထွက်၍ နောက်ဖုံးသို့ သွားပြီး ရေသန့်တစ်ဘူး ယူလိုက်သည်။ ထို့နောက် ကားထဲသို့ ပြန်လာ၍ ရေဘူးကို လင်းရီလက်ထဲ ကမ်းပေးရင်း “ ရှင် လိုင်စင် နံပါတ်ပြား သိချင်နေတာမလား… ကျွန်မ မှတ်ခဲ့ပြီ…”
“ မဟုတ်ဘူး… ငါက ဒီတိုင်း သရုပ်ဆောင်တာ ပီပြင်စေချင်လို့ပဲ… ဒါမှ ပြစ်ချက် ရှာမရမှာ…”
“ ပြစ်ချက်လား..” အာယာနဲ မစ်ဆူ ယခုဆို ပိုလို့ပင် စိတ်ရှုပ်ထွေးသွားခဲ့တော့၏။
“ တွေးကြည့်လိုက်… ငါတို့ နှစ်ယောက် ညစာစားပြီး ထွက်လာတော့ ကောင်းကောင်းမွန်မွန် မောင်းလာခဲ့တယ် မဟုတ်ဘူးလား… ဒါပေမယ့် ရုတ်တရက်ကြီး လမ်းဘေးထိုးရပ်လိုက်တယ်…. မှုခင်း စုံစမ်းစစ်ဆေးတဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒါက သိပ်ကို သံသယဖြစ်ဖို့ကောင်းတဲ့ အပြုအမူပဲ..”
“ ဒါကြောင့်မို့ ရှင်က ကျွန်မကို အနောက်သွားပြီး ရေဘူးယူစေချင်တာပေါ့ ဟုတ်လား…”
“ ကျိန်းသေပေါက်ပဲပေါ့…”
“ ဒါပေမယ့် ရေဘူး ယူတာလေးပဲလေ… ရှင့်ဟာက အလုပ်ဖြစ်ပါ့မလား…”
“ ဒါဆိုလည်း ပြန်စဉ်းစားကြည့်လိုက်… အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က ရုတ်တရက်ကြီး လမ်းဘေးမှာ အချိန်အကြာကြီး ကားထိုးရပ်လိုက်တယ်… ပြီးတော့ အမျိုးသမီးရဲ့ အဝတ်အစားတွေက ဖရိုဖရဲနဲ့ ကားပေါ်က ဆင်းပြီး ရေသန့်တစ်ဘူးနဲ့ ပြန်လာတယ်.. သူတို့ နှစ်ယောက် ကားထဲမှာ ဘာတွေ လုပ်ခဲ့ကြတယ်လို့ မင်းထင်လဲ…”
အာယာနဲ မစ်ဆူ ချက်ချင်းလက်ငင်းပဲ လင်းရီ ဆိုလိုချင်နေသည်ကို သဘောပေါက်သွားခဲ့ပြီး ရှက်သွေးဖြန်းခနဲ ဖြစ်သွားခဲ့၏။
“ တကယ်တမ်းကျ ဒီလိုမျိုး ဟန်ဆောင်နေစရာ မလိုပါဘူး… ကျွန်မဘက်က အတွေ့အကြုံ မရှိသေးဘူးဆိုပေမယ့် ကောင်းကောင်းကြိုးစားမှာပါ… အဲ့လိုဆို ပိုပြီး စစ်မှန်သွားပြီလေ…”
လင်းရီ ပြောစရာစကား ကင်းမဲ့သွားခဲ့တော့၏။
‘ ငါ တအားများ နုံအသွားသလား…’
တကယ်လို့ စောသိခဲ့ရင် သည့်ထက်ပိုပြီး လက်ရဲဇက်ရဲ ပြုလိုက်ပါပြီရဲ့….
“ အာ… ငါမင်းကို လျော့တွက်မိလိုက်တာပဲ… ဒါပေမယ့် ခုလောလောဆယ် ဟိုတယ် အရင်သွားကြစို့..”
“ အိုကေ…”
အာယာနဲ မစ်ဆူ လီဗာကို တအား နင်းလိုက်ပြီး စိတ်ထဲတွင်လည်း ရင်ဖိုနေလျက်ရှိသည်။
မူလက မိနစ် ၂၀ လောက်မောင်းရမည့် ခရီးမှာ ၁၅ မိနစ်နှင့်တင် ရောက်ရှိလာလေသည်။
“ မစ္စတာလင်း.. သွားစို့လေ…”
“ ဟေ့ နေပါဦး… မင်းက ဘာလို့ ငါ့ထက်တောင် လောနေရတာတုန်း…”