← Chapters

အခန်း (၁၁၇၇)

Vol. 79 Ch. 1177

အခန်း (၁၁၇၇)

Vol. 79 Ch. 1177

ထွက်ပေါ်မှု အစဉ်က အရေးပါတယ်

တီဗွီ အစီအစဉ်မှာ တစ်ပိုင်းပြီး တစ်ပိုင်း ၊ တစ်ခုပြီးတစ်ခု ဆက်တိုက် ထုတ်လွင့်နေသည်။

အကုန်လုံးက ဇာတ်ကားဟောင်းကြီးများသာ ဖြစ်သော်လည်းပဲ အာယာနဲ မစ်ဆူမှာ နှစ်ခြိုက်စွာဖြင့် ကြည့်ရှုနေလျက်ရှိ၏။

ထိုစဉ် လင်းရီကတော့ သူ့ဖုန်းနှင့်သူ ဂိမ်းဆော့နေသည်။ လက်ရှိ ရာသီတွင် သူ၏ ခြောက်ခုမြောက် အကောင့်အသစ်ဖြင့် ထိပ်ဆုံး rank သို့ ရောက်ရှိတော့မည် ဖြစ်၏။

" မစ္စတာလင်း... ကျွန်မ မေးခွန်းတစ်ခုလောက် မေးလို့ရမလား... "

" ငါ့မှာ ချစ်သူရှိပြီးသား... "

" အာ... ဟင်... "

အာယာနဲ မစ်ဆူ ကြက်သေသေသွားခဲ့သည်။

ဒီလူက ဘယ်လိုတွေ လာဖြေနေတာလဲ...

" ကျွန်မ မေးချင်တာ... တကယ်လို့ ကျွန်မကသာ ဟွာရှန့် မိန်းကလေး ဖြစ်ခဲ့မယ်ဆိုရင် ရှင်ကျွန်မကို ချစ်နိုင်မှာလားလို့... "

" မင်းက DJ ဆိုရင် ငါမင်းကို ချစ်မှာ... "

အာယာနဲ မစ်ဆူ ကြက်သေသေသွားခဲ့ပြန်တော့သည်။

ဒီကိစ္စက Dj နဲ့ ဘာဆိုင်လို့လဲ.. ဒီလူ ရိုးရိုးတန်းတန်း ပြန်မဖြေတတ်ဘူးလား...

" ဆိုလိုချင်တာ ကျွန်မက ဟွာရှန့် မိန်းကလေး ဖြစ်ခဲ့မယ် ဆိုရင်တောင်မှ ရှင်က မချစ်နိုင်ဘူးပေါ့ ဟုတ်လား.... "

' သောက်ခွီးလိုမှပဲ... '

လင်းရီ စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။

ငါက ဒီတိုင်း မင်းဆီကနေ သတင်းနည်းနည်းလောက် လိုချင်ရုံလေးပဲကို ဘာလို့ ခံစားချက်တွေအကြောင်း လာပြောနေရတာတုန်း...

" သေချာပေါက် ဘယ်ရမှာ... "

လင်းရီ၏ အဖြေက အင်မတန်ကို တုတ်ထိုးအိုးပေါက် ရှိသည်။ သူ့ကို ကျိုးကြောင်းမသင့်သည်လူဟုတောင် ဆိုနိုင်သည်။

အာယာနဲ မစ်ဆူ၏ မေးခွန်းတွင် ယိုပေါက် အကြီးကြီး တစ်ခု ရှိနေခဲ့၏။

'ချစ်ခြင်း ' နှင့် ' နှစ်သက်ခြင်း' ဟူသည်က လုံး၀ကို မတူကွဲပြားသည့် ကိစ္စရပ်နှစ်ခု ဖြစ်ပေသည်။

လင်းရီကဲ့သို့ သူ၏ အရည်အချင်းကို ရုပ်ရည်ထက် တန်ဖိုးထားသည့် လူတစ်ယောက်အဖို့ သာမန်လျှံကာ နှစ်သက်ဖို့ရာ အဆင်ပြေသော်လည်းပဲ လွယ်လွယ်ကူကူနှင့် ချစ်ခင်စုံမက်ဖို့ရန်ကတော့ မည်သို့မျှ မဖြစ်နိုင်ချေ။

အာယာနဲ မစ်ဆူသည်လည်း ဤနောက်ကွယ်ရှိ အကြောင်းပြချက်ကို နားလည်လိမ့်မည်လို့ လင်းရီ ယုံကြည်ထားသည်။ ထို့ကြောင့် သူ တိုက်ရိုက်ပင် ငြင်းဆန်လိုက်ခြင်း ဖြစ်၏။

အကယ်၍ သူမဘက်ကသာ ' ရှင် ကျွန်မကို နှစ်သက်လား ' ဟု မေးမြန်းလာခဲ့လျှင်တော့ လင်းရီအဖို့ ဖြေဆိုရ ခက်သွားချေလိမ့်မည်။

သူ သူမကို မနှစ်သက်သော်လည်းပဲ သူမက အသုံး၀င်နေသည်။ ထိုသို့ဆိုပါက အခြေအနေကို ညင်ညင်သာသာနှင့် ကိုင်တွယ်လိုက်မည် ဖြစ်၏။

" တကယ်လို့ ကျွန်မကသာ ရှင့်ဘ၀ထဲ ပထမဆုံး ၀င်လာတဲ့ မိန်းကလေး ဖြစ်မယ်ဆိုရင်ကော "

" အာ.... "

ဤမေးခွန်းက လင်းရီ၏ ပျော့ကွက်ကို တည့်တည့် ထိမှန်သွားခဲ့၏။

ယင်းက ဘာကြောင့်လဲဆိုတော့ သူသည်လည်း ယခင်က ထိုမေးခွန်းကို စဉ်းစားခဲ့ဖူးသောကြောင့်ပင်။

အကယ်၍ လျန်ရူရွှယ် သို့မဟုတ် လီချူးဟန်သည်သာ သူ၏ ကမ္ဘာထဲတွင် ပထမဆုံး ၀င်ရောက်လာသူ ဖြစ်ခဲ့မည် ဆိုပါက ဖြစ်ရပ်များမှာ မည်သို့ ပြောင်းလဲသွားလိမ့်မည်နည်း။

" ဒါ ပြောဖို့ခက်တယ်... ဟုတ်ရင်လည်း ဟုတ်မှာပေါ့.... "

" ဒီတော့ ပေါ်ပေါက်လာတဲ့ အစဉ်ကလည်း အရေးကြီးတယ်ပေါ့ ဟုတ်လား... " အာယာနဲ မစ်ဆူမှ တောက်လောင်နေသည့် အကြည့်တို့ဖြင့် မေးမြန်းလိုက်သည်။

" ဒီတော့ ရှင့်ကမ္ဘာထဲမှာ ဘယ်သူကပဲ အရင်ဆုံး ပေါ်လာပေါ်လာ ရှင့်အတွက် အရေးကြီးတယ်ပေါ့ ဟုတ်လား... "

" မှားတယ်... ငါ့အတွက်... မိန်းမတွေက အရေးမကြီးဘူး... အရေးကြီးတာ minion wave ပဲ...."

" ငါးယောက်ချင်း ငါးယောက် ယှဉ်ပြိုင်ရတဲ့ MOBA ဂိမ်းတွေမှာ minion တွေက သိပ်ကို အရေးကြီးတယ်... ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀မှာ မင်း minion လေးတစ်ကောင် လွတ်သွားခဲ့ရင် ဂိမ်းတစ်ခုလုံးကိုတောင် ရှုံးဖို့ ဦးတည်သွားနိုင်တယ်..."

" ပြီးတာပဲ... "

အာယာနဲ မစ်ဆူ အသက်ပြင်းပြင်း ရှိုက်သွင်းလိုက်၏။ ကြည့်ရသည်မှာ လင်းရီက သူမနှင့် ထိုအကြောင်း မပြောချင်သည့် ပုံပင်။

ကလင် ကလင် ကလင် ...

အာယာနဲ မစ်ဆူ၏ ဖုန်းသံ မြည်လာခဲ့၏။ ရိုရှီခါ ဟီဂါရှီနိုထံမှပင်။

" မမလေး မစ်ဆူ... ရွှေနက် ကော်ပိုရေးရှင်းကလူတွေ စလှုပ်ရှားနေပါပြီ... "

" သူတို့ ဘယ်သွားနေကြလဲ... "

" ခုထိတော့ မပြောနိုင်သေးဘူး... "

" ကောင်းပြီ.. ဂရုစိုက်.. နင်တို့ ကင်းထောက်နေတာကို သူတိူ့တွေ မသိသွားစေနဲ့... "

" နားလည်ပါပြီ... "

ဖုန်းချပြီးနောက် အာယာနဲ မစ်ဆူ၏ အမူအရာမှာ လေးနက်သွားခဲ့ပြီး ယခင်ကကဲ့သို့ အေးဆေးသက်သာခြင်း မရှိတော့ချေ။

" သူတို့ လှုပ်ရှားနေကြပြီ... "

" သွားကြစို့... "

လင်းရီ ဆတ်ကနဲ ထရပ်လိုက်၏။

ယနေ့ ဖြစ်ပျက်မည်များက အာယာနဲ မစ်ဆူအတွက် အရေးမကြီးချေ။ သူမ၏ ရည်မှန်းချက်က ယူရှီ မစ်ဆူ ပို၍ သန်မာ အားကောင်းလာမည်ကို တားဆီးပိတ်ပင်ရန်သာ ဖြစ်၏။

သို့သော် သူ၏ ရည်မှန်းချက်က ဘက်စ်သတ္တုရိုင်းများကို အရယူနိုင်ရန်ပင်။ ထို့ကြောင့် ယနေ့ည စစ်ဆင်ရေးတွင် မည်သည့် မှားယွင်းလွဲချော်မှုမျိုးကိုမှ ပြုလုပ်၍ မရချေ။

" နေဦး... အလျင်မလိုသေးနဲ့ဦး... "

လင်းရီ အာယာနဲ မစ်ဆူရှေ့လျှောက်သွား၍ ပြောလိုက်ပြီး " ယူရှီ မစ်ဆူရဲ့ လူတွေ ဟိုတယ်အပေါက်၀မှာ စောင့်နေကြတယ်... ဒါပေမယ့် သူ့လူတွေ ကော်ရစ်ဒါမှာကော ရှိနေလားဆိုတာ မသေချာဘူး... ဒီတော့ ငါတို့ သဘာ၀ကျကျ ပြုမူမှ ဖြစ်မှာ.... "

" ကောင်းပြီလေ... "

လင်းရီ ဆိုလိုချင်နေသည်ကို အာယာနဲ မစ်ဆူ ကောင်းစွာ နားလည်သဘောပေါက်သည်။

" အခုကစပြီးတော့ ငါတို့တွေ ဂရုစိုက်ရမယ်... တကယ်လို့ ငါတို့ရဲ့ လှုပ်ရှားမှုတွေကို ယူရှီ မစ်ဆူ သတိပြုမိသွားခဲ့ရင် သူတို့ တွေ့ဆုံမှာကို ဖျက်သိမ်းပစ်လိုက်လိမ့်မယ်... အဲ့လိုဖြစ်လာရင် ငါတို့ ပြင်ဆင်လာခဲ့သမျှ အချည်းနှီး ဖြစ်ကုန်လိမ့်မယ်.... "

" အင်း.. ကျွန်မ နားလည်တယ်... "

နှစ်ယောက်သား သူတို့၏ အင်္ကျီများကို ပြုပြင်လိုက်ကြပြီး အာယာနဲ မစ်ဆူမှ လက်ဦးမှု ရယူ၍ လင်းရီ၏ လက်မောင်းကို ဖက်ထားလိုက်သည်။

သူတို့နှစ်ယောက်မှာ ပထမ တစ်ချီပြီးလို့ နောက်တစ်ချီ ဆက်သွားရန် အားယူနေကြသည့် စုံတွဲများကဲ့သို့ အသွင်ပေါက်နေသည်။

ထွက်ခွာလာပြီးနောက် နှစ်ယောက်သား သဘာ၀ကျကျပင် ဓာတ်လှေကားထဲ ၀င်လိုက်ကြသည်။ သတိပြုမိခြင်းမှ ရှောင်ကြဉ်နိုင်ရန်အတွက် လင်းရီ အထပ်များစွာကို တစ်ပြိုင်တည်း နှိပ်လိုက်လေသည်။

" ဘယ်လို ခံစားရသေးလဲ... ကျွန်မတို့ကို နောက်ယောင်ခံနေကြတုန်းပဲလား... "

" မသိသေးဘူး... ဒါပေမယ့် အနောက်တံခါးကနေပြီးမှတော့ မသွားကြစို့... အဲ့မှာ သူတို့ရဲ့ လူတွေ ရှိနေနိုင်တယ်... "

သို့နှင့် ဓာတ်လှေကားမှာ ၁၂ လွှာတွင် ရပ်တန့်သွားခဲ့ပြီး နှစ်ယောက်သား လက်ချင်းချိတ်၍ အတူထွက်လာခဲ့ကြ၏။

" လှေကားကနေ အောက်ဆက်ဆင်းကြမယ်... "

အာယာနဲ မစ်ဆူ ဘာမျှ အပိုမပြောဘဲ လင်းရီနှင့်အတူ တိတ်တဆိတ် လိုက်ပါလျက် ရှိသည်။

သူမက ယခုလို ကိစ္စရပ်မျိုးတွင် မကျွမ်းကျင်သောကြောင့် နှုတ်ဆိတ်ပြီး အေးဆေး လိုက်လာခဲ့သည်က ကူညီပေးခြင်း တစ်မျိုး ဖြစ်၏။

နောက်မိနစ်အနည်းငယ် အကြာတွင် အာယာနဲ မစ်ဆူသည် လင်းရီ၏ ပြောင်မြောက်သည့် စွမ်းပကားကို မျက်မြင်ကြုံတွေ့လိုက်ရတော့၏။

သူမ အစက တွေးထားသည်မှာ လင်းရီ လှေကားမှတစ်ဆင့် အောက်ဆုံးထပ်သို့ ဆင်းမည်ဟုတွေးထင်ထားခဲ့သော်လည်း မျှော်လင့်မထားစွာဖြင့် ဒုတိယထပ်သို့ ရောက်တော့ သူမကို သန့်စင်ခန်းထဲ ဆွဲခေါ်လာခဲ့တော့သည်။

အခြေအနေတစ်ချို့ကြောင့် သန့်စင်ခန်းမှာ စိတ်လှုပ်ရှားဖွယ် လေထု အငွေ့အသက်ကို အလွန်အမင်း ဖန်တီး လှုံ့ဆော်နေသည်။

" ငါ့မှာ မင်းရဲ့ ပေါက်တတ်ကရတွေ အတွက် အချိန်မရှိဘူး... ငါ ပြောတဲ့အတိုင်းလုပ်.. " လင်းရီ ပြောလိုက်ပြီး " ငါ ဒီကနေ အရင်ဆုံး ခုန်ဆင်းလိုက်မယ်... ပြီးရင် မင်းလည်း လိုက်ခုန်ချလိုက်... ငါ မင်းကို အောက်ကနေ ဖမ်းထားပေးမယ်... "

" အဲ့တာက... "

" အပိုတွေ မပြောနဲ့... မင်း မခုန်ချဘူးဆိုရင် ငါမင်းကို ထားပစ်ခဲ့မှာ... "

" ကျွန်မ .. ကျွန်မ နားလည်ပါပြီ... "

လင်းရီ သန့်စင်ခန်း၏ ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။

ပထမထပ်၏ မျက်နှာကြက်က သိပ်ကို မြင့်မားနေသဖြင့် သာမန် အဆောက်အဦးတွင် ဆိုပါက ဤသည်က တတိယထပ် ဖြစ်ပေလိမ့်မည်။

လင်းရီ သူ၏ လက်ရှိ အဆင့်ဖြင့် ဤနေရာမှ ခုန်ချလျှင်ပင် ပြဿနာ မရှိလောက်ဟု ခန့်မှန်းတွက်ချက်မှု ပြုလိုက်၏။

လင်းရီ ငုံ့ကြည့်ပြီးနောက် ဘာမျှ အပိုစကားတွေ ဆိုမနေတော့ပဲ တိုက်ရိုက် ခုန်ချလိုက်သည်။ အကယ်၍ အနည်းငယ် နှောင့်နှေးနေမည်ဆိုပါက သူ့ကို နှာဘူးကောင်ဟု အထင်မှားသွားပြီး ရှုပ်ရှုပ်ယှက်ယှက်များ ဖြစ်လာနိုင်သည်။

" ဆင်းလာခဲ့... "

မြေပြင်သို့ ကျပြီးနောက် လင်းရီ လက်မောင်းများ ပြန့်ကားထားလိုက်သည်။ အာယာနဲ မစ်ဆူ ပြတင်းပေါက်ရှေ့တွင် မျက်မှောင်ကုပ်ပြီး ရပ်နေမိ၏။

သူမ အနည်းငယ် ကြောက်ရွံ့နေသော်လည်းပဲ လင်းရီ၏ အကျင့်စရိုက်ကို နားလည်ပေသည်။

အကယ်၍ သူမသာ ပြောသည့်အတိုင်း မလုပ်ဘူးဆိုပါက လင်းရီမှာ ကျိန်းသေပေါက် သူမကို ထားသွားခဲ့လောက်၏။

ထိုလူ၏ အကျင့်က ကောင်းကို မကောင်းချေ။

အာယာနဲ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပြတင်းပေါက်ပေါ် တွားသွားတက်လိုက်၏။ ဤသည်က မစ်ဆူ မိသားစု တစ်ခုလုံးနှင့် ပတ်သက်နေသဖြင့် အကယ်၍ သူမသာ လေးလေးနက်နက် မပြုမူဘူးဆိုပါက သူမ၏ ရန်သူ ကြီးထွားနိုင်ရေးအတွက် အချိန်ပေးမိသလို ဖြစ်သွားပေလိမ့်မည်။

ထိုအကြောင်းတွေးမိတော့ အာယာနဲ မစ်ဆူ စိတ်ကို ဒုံးဒုံးချ၍ အောက်သို့ ခုန်ချလိုက်တော့၏။

သူမ ကြောက်ရွံ့နေသော်လည်းပဲ သူမ၏ မသိစိတ်က ပြောနေခဲ့သည်မှာ လင်းရီသည် သူမကို စိတ်ပျက်စေမှာ မဟုတ်ဟု ပြောဆိုနေခဲ့၏။

ဟင့်...

အာယာနဲ မစ်ဆူ ညင်သာစွာ ညဉ်းသံပြုလိုက်သည်။ သူမ ယခုလေးတင် ပြုတ်ကျလာခဲ့သည်မှာ အခိုက်အတန့်တစ်ခုစာမျှသာ ကြာမြင့်သည်ဟု ထင်မှတ်စရာ ရှိလေသည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမက လင်းရီ၏ ရင်ခွင်ထဲတွင် ရောက်နှင့်နေပြီးဖြစ်ကြောင်း သတိထားမိလိုက်သည်။

ထိုခံစားချက်က....

ယင်းက ရင်ဖိုစရာ ကောင်းလှသည်။

" ကောင်းပြီ... ဖီးတက်မနေနဲ့တော့... သွားကြစို့... "

အာယာနဲ မစ်ဆူ နှုတ်ခမ်းကို ကိုက်ထားပြီး " ကျွန်မ သိပါတယ်... "

နောက်ယောင်ခံ လိုက်နေသူများကို ခါထုတ်ပြီးနောက် နှစ်ယောက်မှာ တက္ကစီတစ်စင်းငှား၍ ထွက်လာခဲ့ကြသည်။

" ဦးလေး.. ကျုပ် ဒီကားကို ၀ယ်ချင်တယ်... ဈေးဘယ်လောက်လဲ.. " လင်းရီ ပြောလိုက်၏။

" မင်း ငါ့ကို လာနောက်နေတာလား.. ဒါငါ့ ထမင်းရှင်ကွ.. မရောင်းနိုင်ဘူး... "

" အဲ့လောက်လည်း ခေါင်းမာမနေစမ်းပါနဲ့ ဦးလေးရာ.... သူများက ပိုက်ဆံပေးလာမှာကို ငြင်းလို့ မသင့်ပါဘူး... " လင်းရီ ပြောလိုက်ပြီး " ကျုပ်တို့ ပိုက်ဆံ မရှားပါဘူး... "

" ငါလည်း ပိုက်ဆံ ရှားမနေဘူး... ဒီလို အရာမျိုးတွေ စိတ်မ၀င်စားဘူး.. တက္ကစီမောင်းရတာ ငါ့ဝါသနာ ငါ့ရဲ့ဘ၀ပဲ... "

" ယန်းဆယ်သန်း... "

" ဖြစ်ပြီ... "

All Chapters