အခန်း (၁၁၇၈)
Vol. 79 Ch. 1178
သမိုင်းဟူသည်
ကား၀ယ်သူက လင်းရီ ဖြစ်သော်ငြားလည်း ပိုက်ဆံ ရှင်းသည့်သူက အာယာနဲ မစ်ဆူပင်။
၀ယ်ယူသည့် လုပ်ငန်းစဉ် တစ်ရပ်လုံးမှာ ဆယ်မိနစ်မျှသာ ကြာညောင်းပြီး ပြီးစီးသွားတော့ ဒရိုင်ဘာ ဦးလေးကြီးမှာ မှင်တက်လျက် ကျန်ရစ်နေခဲ့၏။
ထိုအတောအတွင်း ရိုရှီခါ ဟီဂါရှီနိုထံမှလည်း စာတစ်စောင် ရောက်ရှိလာခဲ့သည်။
ပြောထားသည်က ရွှေနက် အဖွဲ့သားများ ပင်လယ်ဘက်သို့ ရောက်ရှိနေသည် ဆိုပင်။
ဤသည်များ အားလုံးက သူတို့ မျှော်လင့်ထားသည့် ဖြစ်ရပ် အတွင်းသာ ရှိပြီး ရွှေနက် ကော်ပိုရေးရှင်းက ဘက်စ် သတ္တုရိုင်းများကို မှောင်ခိုသွင်းကြပေတော့မည်။
လင်းရီ ကမ်းခြေသို့ ဦးတည်မောင်းသွားလိုက်၏။
အခြေအနေက ရှင်းလင်းနေသည် ဆိုသော်ငြား လင်းရီ ရင်ဘက်ထဲ သံသယတို့ ကျန်ရှိနေသေးဆဲပင်။
အာယာနဲ မစ်ဆူရဲ့ လူတွေက အားကိုးလို့ကော ရပါ့မလား...
ရွှေနက်ကော်ပိုရေးရှင်းက လူတွေ သူတို့ ကင်းထောက်နေကြတယ်ဆိုတာ သိများ သိသွားကြပြီလား...
ထိုအခြင်းအရာများ အားလုံးက ဖြစ်နိုင်ချေ အလားအလာရှိသည့် ပြဿနာရပ်အများ ဖြစ်ကြ၏။
ထို့ပြင် ယခင်တစ်ကြိမ် ဆုံးရှုံးခံရပြီးနောက် ဂျက်ဖရီသည် အပေးအယူလုပ်ရာ၌ အထူးသတိ ထားချေတော့မည်။ ယခုတစ်ကြိမ် စေလွှတ်လိုက်သူများက ဂျင်မီထက် အင်အားအရာ သာလွန်နေမည်မှာ ကျိန်းသေသည်။
ထို့ကြောင့် ပေါလ်နှင့် အယ်လက်ဆာတို့ ဖြစ်ဖို့များသည်။ သတင်းအချက်အလက်များအရ နှစ်ယောက်လုံးမှာ လုံး၀ အားမနည်းကြချေ။ D အဆင့်များ ဖြစ်ကြပြီး ဆိုလိုသည်က ၎င်းတို့၏ အင်အားမှာ သူ့ နည်းပါးခြင်း မရှိ ဟူ၍ပင်။ သူ့ထက်ပင် ပို၍ သန်မာသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
မရေရာသည့် အကြောင်းပြချက်များကြောင့် ယနေ့ည စစ်ဆင်ရေးမှာ သူထင်ထားသလောက် လွယ်ကူမည် မဟုတ်လောက်ဟု လင်းရီ စိတ်လေးထင့်နေမိတော့၏။
လင်းရီ မောင်းနှင်ရင်းဖြင့် စတီယာရင် ဘီးပေါ် တတက်တက် ပြုရင်း ထိုအကြောင်းအရာများအား အတွေးနက်နေခဲ့သည်။
" ရှင် ဘာတွေ စဉ်းစားနေတာလဲ .. တစ်ခုခု မကောင်းတာ တွေးမိလို့လား... " အာယာနဲ မစ်ဆူ မေးမြန်းလိုက်သည်။
လင်းရီ၏ အမူအရာက သူမကို မကောင်းသည့် ခံစားချက်များ ပေးစွမ်းနေသည်။
သူ၏ အစွမ်းအစတို့ဖြင့် ဆိုပါက ထိုကဲ့သို့သော အမူအရာ ပြသသည်က အင်မတန်မှကို ရှားလှ၏။
" ငါ စဉ်းစားနေတာ မင်း လွှတ်ထားတဲ့ လူတွေက စိတ်ချလို့မှ ရပါ့မလားလို့ပါ... ရိုရှီခါ ဂီဂါရှီနိုဆိုတဲ့ တစ်ယောက်က သိပ်ယုံရတာ မဟုတ်ဘူး... "
" အဲ့ကိစ္စ မပူနဲ့.. သူ အရမ်း အနီးကပ်ကြီး သွားမှာ မဟုတ်ဘူး.. ဒီတိုင်း စောင့်ကြည့်ဖို့ပဲ တာ၀န်ရှိတာ... " အာယာနဲ မစ်ဆူ ပြောလိုက်ပြီး " သူတို့နောက် လိုက်ဖို့ လွှတ်ထားတဲ့သူတွေဆိုတာကလည်း မစ်ဆူ မိသားစုကနေပြီး သေချာ လေ့ကျင့်ထားပေးတဲ့သူတွေလေ... ရှင်တို့ နိုင်ငံက အခေါ်အဝေါ်အရဆိုရင် နင်ဂျာတွေပေါ့... ဒီကိစ္စနဲ့ ပတ်သက်လာရင်တော့ သူတို့ရဲ့ အရည်အချင်းတွေက ယုံကြည်လို့ရတယ်... ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး... "
" ဒါဆို ဘာမှ ပူစရာ မလိုတော့ဘူးပဲ... "
နင်ဂျာများနှင့် ယခင်က ထိတွေ့ဆက်ဆံဖူးသောကြောင့် ၎င်းတို့၏ ခြေရာဖျောက် စွမ်းရည်မှာ အမှန်ပင် အားကိုးလို့ရကြောင်း လင်းရီ ယုံကြည်သွားသည်။
ယခင်က ထိုနင်ဂျာများ ကျိုကျုံးဗီလာထဲ ခိုး၀င်စဉ်ကပင် မည်သို့ လှုပ်ရှားသွားကြမှန်းကို လင်းရီ မသိရှိလိုက်ချေ။
အကယ်၍ လီချူးဟန်ကြောင့်သာ မဟုတ်ပါက သူပင် ထိုအကြောင်းကို သတိထားမိမည် မဟုတ်ချေ။
ထိုအကြောင်းပြချက်ကြောင့်ပဲ ၎င်းတို့ ဖော်ထုတ်ခံရနိုင်သည့် အခွင့်အရေးမှာ နည်းပါးသွားခဲ့တော့၏။
_______
ပင်လယ်ဘက်တွင်တော့ ချမ်းအေးသည့် ညလေးတစ်ညပင်။ လေပြင်းများက တဟူးဟူးနှင့် လင်းရီနှင့် အာယာနဲ မစ်ဆူတို့ နှစ်ယောက်လုံး ကားကို တိုကျို ဆိပ်ကမ်းသို့ မောင်းနှင်လာခဲ့ကြသည်။
ဂျပန်၏ အကြီးမားဆုံး ဆိပ်ကမ်းတစ်ခု ဖြစ်သည့်အလျောက် တိုကျို ဆိပ်ကမ်း၏ ခေတ်ရှေ့ပြေးနေမှုမှာ ကမ္ဘာတစ်ဝှမ်း၌ပင် ပြိုင်ဘက်ကင်းသည်။
ကွန်တိန်နာများက နေရာအနှံ့ရှိနေပြီး သံမဏိ၀င်္ကပါ တစ်ခုနှယ် ဖြစ်လို့နေသည်။
" တော်တော် ရဲတင်းတဲ့လူတွေ... ပစ္စည်းကို ပေါ်တင်ကြီး မှောင်ခိုချနေကြတယ်... " လင်းရီ ပြုံးလိုက်၏။
" ဟွာရှမှာတောင် စကားပုံရှိသေးတာပဲမလား.. အန္တရာယ် အများဆုံး နေရာက အလုံခြုံဆုံး နေရာပဲတဲ့... သူတို့လည်း အဲ့ဒီအချက်ကို အခွင့်ကောင်းယူနေကြတာ နေမှာပေါ့... " အာယာနဲ မစ်ဆူမှ ပြုံးလျက် ပြန်ပြောလိုက်၏။
ရိုရှီခါ ဟီဂါရှီနိုထံမှ ပေးပို့လာသည့် သတင်းများအရတော့ ရွှေနက်ကော်ပိုရေးရှင်း အဖွဲ့သားများမှာ တိုကျို ဆိပ်ကမ်းသို့ ရောက်နှင့်နေကြပြီးဖြစ်၏။ ထို့ပြင် မာကီရှီ ကုန်တင်သင်္ဘောကြီးဖြင့် သယ်ဆောင်လာမည်ဟုလည်း နားစွန်နားဖျား ကြားသိခဲ့ရပြီး ဆိပ်ကမ်းတွင် စောင့်ဆိုင်းနေကြသူများထံ လွှဲပြောင်းပေးကြလိမ့်မည်။
လင်းရီအဖို့ ဤကဲ့သို့သော လွှဲပြောင်းမှုက တော်တော်လေးကို ဆန်းသစ်လို့နေသည်။
ယင်းက ဘာကြောင့်လဲဆိုတော့ သူ ယခင် တီဗီထဲတွင် မြင်လေ့ရှိသည်က မှောင်ခိုသွင်းကြမည့် လူများမှာ လှေသေးသေးလေးများဖြင့် လာပြီး လူခြေတိတ်သည့် ညဉ့်သန်းခေါင်းယံတွင် ဆိပ်ကမ်းသို့ လျှို့ဝှက်စွာ ရောက်ရှိလာတတ်ကြ၏။
ထို့ပြင် ရိုးရာ မပြတ် ထိုသို့သော လွှဲပြောင်းမှုအလယ်တွင် ထည့်သွင်းထားသည့် သူလျှိုများကလည်း မပါမဖြစ်ပေ။
သူလျှိုကြောင့်ဖြစ်စေ နှစ်ဖက်ဆုံသည်နှင့် အချင်းချင်းမှာ ပစ်ကြခတ်ကြပြီး သစ္စာဖောက်ကြ ၊ တိုက်ခိုက်ကြတော့၏။
သို့သော် အနှီ လူဆိူးဂိုဏ်းသားများပင် ၂၁ ရာစု၌ ပြောင်းလဲလာကြပြီး တရားမ၀င် ပစ္စည်းများကို ယုံကြည်ချက် အပြည့်ဖြင့် ပေါ်တင်ကြီး တွယ်နေကြတော့၏။
" မစ္စတာလင်း... ကျွန်မ ရှင့်ကို တစ်ခုလောက် မေးချင်တယ်... "စောင့်ဆိုင်းနေစဉ် အာယာနဲ မစ်ဆူဘက်မှ စကားစလာသည်။
" အင်း... ငါ ဖြေပြီးပြီလေ... Minion wave က အရေးကြီးဆုံးပါလို့... ပြီးတော့ ငါမင်းနဲ့ အတူလက်တွဲပြီးလည်း အလုပ်မလုပ်ချင်ဘူး... " လင်းရီ စကားကို ယတိပြတ် ပြောဆိုလိုက်ပြီး " ဘာထပ်မေးချင်သေးလဲ... "
" ကျွန်မတို့က ဂျပန်မို့လို့ ရှင်က လက်တွဲ မလုပ်ချင်တာလား.... " အာယာနဲ မစ်ဆူ မေးမြန်းလိုက်၏။
" အခု ခေတ်ကိုက ပူးပေါင်းဆောင်ရွက်မှပဲ နှစ်ဖက် အပြန်အလှန် အကျိုးရှိတဲ့ ခေတ်လေ.. အတူ လက်တွဲလုပ်မှပဲ ကြီးမားတဲ့ အမြတ်တွေကို ယူဆောင်ပေးလာနိုင်မှာ... "
လင်းရီ သူ့ခုံကို နောက်သို့ လဲချလိုက်ပြီး လက်နှစ်ဖက်ကို ခေါင်းအုံးလုပ် လဲလျောင်းရင်းဖြင့် " ငါ အလယ်တန်း ကျောင်းသားဘ၀မှာ မကြိုက်ဆုံး အတန်းက သမိုင်းပဲ... ဘာလို့လဲဆိုတော့ Math , physics, chemistry အဲ့ဒီ ဘာသာရပ်တွေကို အေးဆေး နားလည်တယ်.. ထွေထူး ကျက်မှတ်နေစရာ မလိုဘူး.. ဒီတော့ အချိန်တွေပိုပြီး ငါ့ဖို့ ဆော့ကစားဖို့ အချိန်ရတယ်လေ... ဒါပေမယ့် ငါ့ သမိုင်းကတော့ သိပ်မကောင်းဘူး... အဲ့ သမိုင်းက အကုန်လုံးကို မကျက်မှတ်ဘူးဆိုရင် ဘာမှ မသိတော့ဘူး... သမိုင်း စာမေးပွဲတွေမှာဆို ငါ့အမှတ်က ၂၀ တောင် မကျော်ခဲ့ဘူး... "
အာယာနဲ မစ်ဆူ ဘာမျှ ၀င်မပြောဘဲ လင်းရီ ပြောနေသည်ကို တိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။
" အဲ့တုန်းက လူက ဆယ်ကျော်သက်လေးဆိုတော့ ပုန်ကန်ချင်တဲ့ အရွယ်.. ထော်လော်ကန့်လန့် လုပ်ချင်တဲ့ အရွယ်... သေတဲ့ထိ လာရိုက် အဲ့သမိုင်းစာအုပ် လှန်ကို လှန်မကြည့်တာ... သမိုင်းသင်ပေးတဲ့ ဆရာတွေ့ရင် မျက်လုံးလှန်ပြလိုက်တယ်... ဆရာလည်း ငါ့မြင်တာနဲ့ ခေါင်းကိုက်တာတော့တာပဲ.... "
" နောက်ဆုံး ငါ စီနီယာ အထက်တန်းရောက်တော့ ဝိဇ္ဇာနဲ့ သိပ္ပံဆိုပြီး နှစ်ခုခွဲသင်တဲ့ ကျောင်းကို ပြောင်းတယ်... အဲ့မှာငါ တုံ့ဆိုင်းခြင်း မရှိ သိပ္ပံကို ရွေးလိုက်တယ်...ဆိုပေမယ့် ငါ့ရဲ့ သင်္ချာတို့ ဘာတို့က တအား တော်နေလို့ မဟုတ်ဘူး.. အဲ့သမိုင်းကြီးကို မကျက်ချင်လို့... အဲ့ဘာသာရပ်ကနေ လွတ်မြောက်သွားတဲ့ ခံစားချက်ထက် ပိုပြီး စိတ်ကျေနပ်ဖို့ကောင်းတာ မရှိတော့ဘူး ထင်တာပဲ.... "
" အင်း... အဲ့အတွေးကလည်း ငါ တက္ကသိုလ် ဘွဲ့ရပြီး ပထမဆုံး ဖောက်သည်နဲ့ မတွေ့ခင်အထိ တည်ရှိနေခဲ့တယ်... အဲ့ကနေစပြီး ငါ့အမြင်တွေ ပြောင်းလဲသွားခဲ့တော့တာပဲ... "
" အဲ့လူက သိပ်ကို တော်တယ်မလား... "
အာယာနဲ မစ်ဆူ၏ အမြင်တွင် လင်းရီ၏ အတွေးအခေါ်များကို လွှမ်းမိုးနိုင်စွမ်း ရှိသည့်လူမှာ ကျိန်းသေပေါက် သာမန်လူ မဖြစ်နိုင်ချေ။
" သူက တက္ကသိုလ် ပါမောက္ခ... တိတိကျကျဆို သမိုင်းသင်တဲ့ ပါမောက္ခပေါ့... သူက သိပ်အထင်ကြီးဖို့ကောင်းတယ်.. PhD တောင်ရထားတာ... အဲ့မှာ သူက လာပြီး ငါတို့ ကုမ္ပဏီရဲ့ စတုရန်းမီတာ ၂၀၀ ပတ်လည် တိုက်ခန်းတစ်ခန်းကို လာပြီး စိတ်၀င်စားတယ်... လက်ရှိ ကျိုးဟိုင်ရဲ့ ဈေးကွက်ပေါက်ဈေးအတိုင်းဆို တန်ကြေးက သန်း ၂၀ ကျော်တယ်... အဲ့တုန်းက ငါ့အတွက်တော့ တကယ့်ကို အများကြီးမှ အများကြီးပဲ... "
" သူနဲ့ စကားပြော ရင်းနှီးနိုင်အောင်.. သူ့ရဲ့ စိတ်ဝင်စားမှုကို ရအောင် ယူဖို့ ဆုံးဖြတ်ပြီးတော့ သမိုင်းစာအုပ် တစ်ထပ်ကြီး ဝယ်ပြီး တစ်ပတ်လောက် ပြင်းပြင်းထန်ထန် လေ့လာလိုက်တယ်... အဲ့နောက် ပြည်ထောင် အမျိုးမျိုးရဲ့ သမိုင်းနဲ့ ပတ်သက်ပြီး နားလည်မှုတွေ အများကြီး ရလိုက်တယ်....အဲ့မှာပဲ သဘောတရား တစ်ခုကို သွားပြီး နားလည်မိတာက... "
" သမိုင်းဆိုတာ စာမေးပွဲမှာထည့်ပြီး မေးဖို့မဟုတ်ဘူး... နှောင်းလူတွေ မှတ်မိနေဖို့ပဲ... "
" နှစ်ဦးနှစ်ဖက် အကျိုးရှ်ိမယ့် ပူးပေါင်းဆက်ဆံရေးက ဒီနေ့ခေတ် စီးပွားရေးလောကမှာ ခေတ်စားနေတာ အမှန်ပဲ... ဒါပေမယ့် ဉာဏ်ရှိတဲ့ လူတစ်ယောက်က ပိုက်ဆံကို အမြော်အမြင်ရှိရှိပဲ ချစ်တယ်... စစ်မှန်တဲ့ ယောက်ျားတစ်ယောက်က ဘယ်အချိန်မှာ လှုပ်ရှားပြီး ဘယ်အချိန်မှာ မလှုပ်ရှားရဘူးဆိုတာ နားလည်တယ်... ငါက လူကောင်းတစ်ယောက် ဟုတ်ချင်မှလည်း ဟုတ်လိမ့်မယ်... ဒါပေမယ့် ငါ့မှာ ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းတွေတော့ ရှိတယ်... "
" ကျွန်မတို့ လုပ်နေတာက ရှက်ဖို့ကောင်းတယ်ဆိုပြီး မစ္စတာလင်းက ဘာလို့ သိပ်သေချာနေရတာလဲ.... "
" မင်းတို့ကလည်း ကောင်းတာ လုပ်နေတယ်ဆိုရင် ဘာကြောင့် ခိုးကြောင်ခိုးဝှက် လုပ်နေမှာလဲ... " လင်းရီ ပြုံးလိုက်၏။
" ရှင်အဲ့လို စဉ်းစားနေတယ်ဆိုရင်တော့ ရှင့်ကိုယ်ရှင် အထင်ကြီးပြီး ကျွန်မကို လျော့တွက်နေတာပဲ.... "
" ဒါပေမယ့် ကျွန်မ တစ်ခုပြောချင်တာ အလင်းကျတဲ့ နေရာမှာ အမှောင်ရိပ်ဆိုတာလည်း အမြဲရှိနေမှာပဲ... ကမ္ဘာကြီးက မျှတတယ်... ပိုပြီးကောင်းလေလေ နောက်ကွယ်မှာ ပိုပြီး ဆိုးရွားမှုတွေ ရှိနေလေပဲ... " အာယာနဲ မစ်ဆူ လင်းရီကို ငုံ့ကြည့်လိုက်ပြီး " ရှင်ကျွန်မကို မယုံရင် ကမ္ဘာပေါ်က ဘယ်အဖွဲ့အစည်းက သူတော်ကောင်းတွေ ဟုတ်ကြလို့လဲ... ဘယ်သူကမှလည်း လက်တွေ ဖြူစင် မနေကြဘူး... နိုင်ငံ တစ်နိုင်ငံတောင်မှ မရှိဘူးနော်... "
" ငါ ခုနက ပြောပြီးပြီမလား.. ဒါတွေက သဘောတရားနဲ့ ဆိုင်တဲ့ ကိစ္စတွေပါပဲလို့... ငါဆိုသည်မှာလည်း လက်တွေ စွန်းထင်နေရင် နေလိမ့်မယ်... ဒါပေမယ့် ငါ မကျော်တဲ့ စည်းဘောင်တွေဆိုတာ ရှိတယ်... " လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး " ဒါပေါ့... ငါမင်းကို အရှက်မရှိဘူး ဆိုနေတာ မဟုတ်ပါဘူး... ငါ ဒီတိုင်း မလုပ်ချင်ရုံပဲ.... "
အာယာနဲ မစ်ဆူ ဒေါသ မထွက်သွားခဲ့ချေ။ လင်းရီ အပေါ် သည်းခံနိုင်မှု ရေဆူမှတ်မှာ အလွန်အမင်း မြင့်မားလို့နေသည်။
" တကယ်လို့ ကျွန်မ ရှင့်ကို ဆုံးဖြတ်ချက် ချပိုင်ခွင့်တွေ... တူညီတဲ့ ရှယ်ယာတွေ ဒါပေမယ့် မတူညီတဲ့ အခွင့်အရေးနဲ့ ဗီတိုအာဏာပါ ပေးလိုက်မယ် ... အမြတ်တောင် ရှယ်ယာ နည်းနည်းပဲ ယူမယ်ဆိုရင်တောင် ရှင့်ဘက်က လက်မခံချင်ဘူးလား.... "
" စိတ်မ၀င်စားဘူး... "
" စိတ်မကောင်းစရာပဲ... " အာယာနဲ မစ်ဆူ၏ အမူအရာမှာ ပုံမှန် မျက်နှာထားနှင့် ဖြစ်သွားခဲ့ပြီး " ရှင် ကမ္ဘာကြီးကို အုပ်စိုးနိုင်မယ့် အခွင့်အရေးတစ်ခု လက်လွှတ်လိုက်ရပြီ... "
လင်းရီ ခေါင်းလှည့်၍ အာယာနဲ မစ်ဆူကို ကြည့်လျက် " ဆိုတော့ ငါက ကမ္ဘာကြီးကို အုပ်စိုးနိုင်တော့ရော ဘာဖြစ်မှာလဲ...နောက် နှစ်တစ်ထောင်ကြာရင် ငါက အဝါရောင် မြေဆီလွှာထဲမှာ ဆွေးမြည့်နေပြီး နောက်ကျိနေတဲ့ ဝိုင်တစ်ခွက် ဖြစ်သွားမှာပဲ မဟုတ်ဘူးလား... "