တိုက်ရိုက်၀င်တွယ်မယ်
Vol. 79 Ch. 1185
အရာအားလုံး စီစဉ်ပြီးနောက် လင်းရီ ထွက်ခွာရန်အတွက် အလျင်မလိုသေးချေ။ သူ အနည်းငယ် ပြင်ဆင်ရန် လိုအပ်နေဆဲဖြစ်၏။
အဝတ်အစားများကို လဲပြုပြီးပြီ ဆိုသော်လည်းပဲ သူ အယ်လက်ဆာနှင့် တိုက်ခိုက်စဉ်အခါက သူ၏ မျက်နှာ တစ်ဝက်ကို လှစ်ဟာပြမိခဲ့သည်။
အကယ်၍ သူသာ ယခုလို ပုံစံနှင့် သွားမည်ဆိုပါက ခြေရာခံ ပစ္စည်း တပ်ဆင်ထားခဲ့သည့်လူဆိုသည်မှာ အယ်လက်ဆာ ချက်ချင်း သိရှိသွားနိုင်သည်။
အကယ်၍ သူမသာ ယူရှီ မစ်ဆူနှင့် ထပ်မံ ဆက်သွယ်မိခဲ့မည် ဆိုပါက ဤကိစ္စကို လင်းရီဆိုသူနှင့် အလွန်လျင်မြန်စွာ ဆက်စပ်မိသွားလိမ့်မည်။ အကယ်၍ ထိုသို့ ဖြစ်လာမည် ဆိုပါက သူ၏ ဘဝသည်လည်း လုံခြုံမည် မဟုတ်တော့ချေ။
ကျိုးဟိုင်ထက်ပင် ခမ်းနားစည်ပင်သည့် မြို့ကြီး တစ်မြို့ ဖြစ်သည့်အတွက် ယခုလို ဝေလီဝေလင်း မနက်ခင်း အချိန်အခါတွင် လိုအပ်သည့် ပစ္စည်း မဝယ်နိုင်မည်ကို စိုးရိမ်နေရန် မလိုချေ။
ဤအတိုင်း အနည်းငယ် ရွေးချယ်စရာ သိပ်မရှိရုံမျှသာ ဖြစ်၏။
လင်းရီ ကားကို ၂၄ နာရီဖွင့်သည့် စတိုးဆိုင်သို့ မောင်းထွက်လာခဲ့ပြီး အရုပ်များ ရောင်းချသည့် အပိုင်းသို့ ချက်ချင်း ဦးတည်လိုက်သည်။
မူလကတော့ လင်းရီ အနက်ဝတ်နှင့် လူကဲ့သို့ ထူးဆန်းပြီး ဂမ္ဘီရဆန်သည့် လူရွှင်တော် မျက်နှာဖုံးကို ရွေးချယ်ဖို့ စဉ်းစားလိုက်၏။ ထိုမျက်နှာဖုံးက နည်းနည်းလေးလည်း horror ဆန်သည်ဟု လင်းရီ ခံစားမိ၏။
သို့သော် အဆုံးတွင်တော့ သူ တီဂါ အာထရာမန်း မျက်နှာဖုံးကိုသာ ယူလာခဲ့လိုက်သည်။
ထွေထူး အကြောင်ပြချက်တော့ မရှိဘဲ ကျန်ရှိသည့် အခြားတစ်ခုတည်းသော ရွေးချယ်စရာက sailor moon မျက်နှာဖုံး ဖြစ်နေသောကြောင့်ပင်…။
ပိုက်ဆံ ရှင်းပြီးနောက် လင်းရီ သူ၏ ကားထံသို့ မျက်နှာဖုံးနှင့်အတူ ပြန်လာခဲ့လိုက်သည်။
လင်းရီ သူ့မျက်နှာကို ပွတ်သပ်ရင်း တစ်ကိုယ်တည်း နှစ်သိမ့်နေလိုက်၏။ “ ငါ့ကိုယ်ငါ မရှက်ဘူးဆိုရင် ရှက်ရမှာက သူများတွေပဲ… “
အရာအားလုံး စီစဉ် ပြင်ဆင်ပြီးနောက် လင်းရီ ကားကို အရှိန်တင်လိုက်ပြီး ဟွန်ဒါအူဒိုသို့ ဦးတည်လိုက်တော့၏။
လမ်းတွင် လင်းရီ အာယာနဲ မစ်ဆူထံ တစ်ချက် ဖုန်းခေါ်ဆိုလိုက်လေသည်။
“ ဟယ်လို… ဘယ်သူလဲ…”
ကျီချင်းရန်၏ ဖုန်းနှင့် ဆက်သွယ်လိုက်ခြင်း ဖြစ်သဖြင့် အာယာနဲမစ်ဆူမှာ မည်သူ့ဖုန်းမှန်း မသိရှိချေ။
“ ငါပါ.. လင်းရီ… ငါ့ဖုန်းက အားကုန်နေလို့ သူများ ဖုန်းနဲ့ ဆက်လိုက်တာ… “
လင်းရီ၏ အသံကို ကြားတော့ အာယာနဲ မစ်ဆူမှာ ချက်ချင်းဆိုသလို တက်ကြွသည့် မိန်းကလေးတစ်ယောက်ကဲ့သို့ အသံသာသာလေး ဖြစ်သွားခဲ့ပြီး“ အိုး… မစ္စတာလင်း… နောက်တောင်ကျနေပြီကို ခုထိ မအိပ်သေးဘူးလား..”
“ အိပ်မပျော်လို့… ငါမင်းကို ဟိုက အခြေအနေ ဘယ်လို ရှိလဲ မေးကြည့်လိုက်တာ… တစ်ဖွဲ့လုံး အသတ်ခံလိုက်ရတယ် …ဟုတ်တယ်ဟုတ်…”
“ အွန်း… အသက်ရှင်ကျန်တဲ့သူ တစ်ယောက်မှကို မရှိတာ… သူတို့အလောင်းတွေကိုတော့ လမ်းဘေးက တောထဲမှာ ပစ်ထားခဲ့ကြတယ်… အကုန်လုံးကလည်း သေနိုင်တဲ့ နေရာမှာတွေချည်း ဒဏ်ရာရထားကြတာ… သူတို့က လူသတ်တာ သိပ်ကျွမ်းကြတာပဲ…” “ သူတို့ဘက်ကကော ဆုံးရှုံးတဲ့လူတွေ မရှိဘူးလား…”
“ အဲ့တာကတော့ ကျွန်မလည်း မသေချာဘူး… ကျွန်မလူတွေ ရောက်သွားတဲ့ အချိန်ကျတော့ အကုန်လုံးက သေကုန်ကြပြီ… တခြား အချက်အလက်တွေတော့ မသိရသေးဘူး… ကိစ္စတော့ မရှိပါဘူး…ကျွန်မတို့ ဆက်ပြီး စုံစမ်းနေတုန်းပဲလေ… “
“ ဒါဆိုလည်း ဆက်ပြီး ကြိုးစားလိုက်ဦး… နားဖို့လည်း မမေ့နဲ့… ဘေးကင်းအောင်နေ..”
“ အင်းပါ… ကျေးဇူးနော် မစ္စတာလင်း… ကောင်းသောညပါ…”
လင်းရီ ဖုန်းချလိုက်ပြီး တိတ်တဆိတ် ကားဆက်မောင်းသွားလိုက်၏။ အကယ်၍ အာယာနဲ မစ်ဆူ၏ လူများသာ တစ်ဖက် အဖွဲ့ကို ထိခိုက်နစ်နာစေမည်ဆိုပါက သူ့အတွက် ပိုမို လွယ်ကူသွားနိုင်သည်။
တစ်နာရီခန့် ကြာပြီးနောက် လင်းရီ ကားဖြင့် ရည်ရွယ်ထားသည့် နေရာသို့ ရောက်ရှိလာခဲ့တော့၏။
ဤအနီးတစ်ဝိုက်က တိုးရစ် ဧရိယာများ ဖြစ်ကြပြီး ဗီလာ သုံးလေးဆယ်ခန့် ရှိနေကြောင်းကို လင်းရီ သတိပြုမိလိုက်လေသည်။ သို့သော် အများစုက မီးပိတ်ထားကြပြီး သုံးလေးခုလောက်ကသာ မီးလင်းနေကြဆဲဖြစ်၏။
လင်းရီ နာရီကို ငုံ့ကြည့်လိုက်တော့ အချိန်က နံနက် သုံးနာရီပင် ကျော်နေပြီ။
ဒီလူတွေ ဒီအချိန်ကြီး မအိပ်ဘဲ ဘာလုပ်နေကြတာ… ညဉ့်နက်တဲ့ထိ အုပ်စုလိုက်ကြီး လေ့ကျင့်ခန်း လုပ်နေကြတာများလား…
ဗီလာ ဧရိယာ အပြင်ဘက်တွင် ခြံစည်းရိုး တစ်ခု ကာရှိပြီး လင်းရီကားကို အမြင်ကောင်းကောင်း ကွယ်သည့် တစ်နေရာတွင် ကပ်ရပ်ထားလိုက်၏။
အယ်လက်ဆာ၏ လူများ ဖြတ်သွားဖြတ်လာ ပြုသည့်တိုင် အကယ်၍ ၎င်းတို့သာ တမင်တကာ လာရောက် ရှာဖွေခြင်း မရှိဘူးဆိုပါက ကားကို မြင်တွေ့ရန်မှာ လုံး၀ မဖြစ်နိုင်ပေ။
ဤသို့ဖြင့် သူသည်လည်း ဖော်ထုတ်ခံရမည် မဟုတ်တော့ချေ။
ကားထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ မျက်နှာဖုံးတပ်ပြီး လူလွတ်ရှင်းသည့် တစ်နေရာတွင် တံတိုင်းသို့ ခုန်ကျော်တက်လိုက်၏။
ဗီလာမှာ အလွန်အမင်း တိတ်ဆိတ်နေလျက်ရှိသော်လည်းပဲ လင်းရီ သူ၏ ခြေလှမ်းများကို သတိထားနေဆဲပင်…။
လင်းရီ ကျီချင်းရန်၏ ဖုန်းကို လက်ထဲ ကိုင်ထားပြီး သူ၏ ဖုန်းတည်နေရာကို ဆက်လက်ခြေရာခံသည်။ မိနစ် နှစ်ဆယ်ခန့် ကြာပြီးနောက် လင်းရီ အယ်လက်ဆာတို့ အကြမ်းပတမ်း မောင်းနှင်ထားသည့် Hilux ကားကို ရှေ့ဆယ်မီတာ အကွာတွင် အထင်အရှားကြီး မြင်တွေ့လိုက်ရတော့သည်။
သို့သော်လည်းပဲ လိုင်စင်နံပါတ်ပြားမှာတော့ မရှိတော့ချေ။ ယင်းက သူတို့ ဟွာရှရှိ ရာဇဝတ်သားများ ပြုလေ့ ပြုထရှိသည့် သဘာဝနှင့် ဆင်တူနေသည်။
လင်းရီ ဂရုတစိုက်နှင့် ချဉ်းကပ်လာပြီး မှိန်ပျပျ လရောင်ကို အားပြု၍ ပြတင်းပေါက်မှတဆင့် အထဲသို့ ငုံ့ကြည့်လိုက်၏။ သွေးနံ့ခပ်ဖျော့ဖျော့က ကားထဲတွင် ရှိနေဆဲပင်။
အယ်လက်ဆာ၏ အသင်းသားများသည်လည်း အဆိုပါ တိုက်ပွဲတွင် အထိအခိုက် ရှိခဲ့မည်ဟု လင်းရီ ခန့်မှန်းလိုက်၏။
သို့သော်လည်း မည်မျှ အတိုင်းအတာထိလည်း ဆိုတာကိုတော့ လင်းရီလည်း ခန့်မှန်းလို့ မတတ်ပေ။
တည်နေရာ အတိအကျကို သိရှိပြီးနောက် လင်းရီ သူ၏ ဖုန်းကို ပြန်မယူလာချေ။
အနာဂတ်တွင် ဤလူများ၏ လှုပ်ရှားမှုကို ထပ်မံ ခြေရာခံရကောင်း ခံရနိုင်သဖြင့် ဖုန်းကို ကားထဲ ထားပစ်ခဲ့သည်က တော်တော်လေးကို အသုံးဝင်မည် ဖြစ်၏။
လင်းရီ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်ပြီး အယ်လက်ဆာနှင့် သူ့လူများက တော်တော်လေးကို ရဲတင်းလွန်းလှသည်ဟု စိတ်ထဲ ခံစားသွားခဲ့ရ၏။
အခင်းဖြစ်သည့် နေရာ၌ အသုံးပြုထားသည့် ကားကို အပြင်ဘက်တွင် အထင်အရှားကြီး ရပ်တန့်ထားပြီး မစိုးရိမ်သည်လော သို့မဟုတ် ဦးနှောက်မရှိသည်လော ဆိုတာကို လင်းရီ မတွေးတတ်တော့ချေ။
သူ့ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်ထားလိုက်ပြီး လင်းရီ သူ့အနီးရှိ ဗီလာများထံ လမ်းလျှောက်လာလိုက်သည်။
အနီးဝန်းကျင် ဗီလာများအားလုံးက မှောင်မိုက်နေပြီး အပြင်ဘက်တွင်လည်း မည်သည့် လက္ခဏာကိုမျှ မမြင်ရချေ။ အပြင်ဘက်ရှိ သဲလွန်စများ သပ်သပ်နှင့်ပင် အယ်လက်ဆာနှင့် သူ့လူများက ဤအထဲတွင် ရှိမနေကြောင်းကို အရူးပင် ခန့်မှန်းကြည့်နိုင်သည်။
သို့သော် သေချာစေရန်အတွက် တိတ်ဆိတ်စွာဖြင့် လင်းရီ အနီးဆုံး ဗီလာထံသို့ ချဉ်းကပ်သွားပြီး ပြတင်းပေါ်မှ တဆင့် လှမ်းမျှော်ကြည့်လိုက်၏။
အတွင်းပိုင်းတွင် အရာအားလုံးက သန့်ရှင်းတောက်ပြောင်နေပြီး လူနေသည့် အရိပ်အယောင်ကိုလည်း မမြင်ရချေ။
တစ်ခုကို စစ်ဆေးပြီးနောက် လင်းရီ အခြားသော ဗီလာများထံ လျှောက်သွားကြည့်လိုက်သည်။
သူ လေးခုမြောက် ဗီလာကို ရောက်တော့ ဧည့်ခန်းထဲတွင် ထိုင်နေသည့် အယ်လက်ဆာ၏ လူများကို လင်းရီ မြင်တွေ့လိုက်ရသည်။
သူ တစ်ချက် ကြည့်ပြီးနောက် အလျင်အမြန်ပဲ တံတိုင်းအောက် ငုံ့ထားလိုက်၏။ လူမည်းတစ်ဦးက ကင်းစောင့်နေပြီး ကျန်သုံးယောက်ကတော့ အနားယူနေသည်။
သို့သော် အတွင်းရှိ မြင်ကွင်းက အနည်းငယ် ထူးဆန်းနေပြီး လင်းရီကို အတွေးများအောင် ပြုလုပ်နေတော့၏။
ညစောင့်တစ်ယောက်မှလွဲ၍ နှစ်ယောက်မှာ ဆိုဖာပေါ်တွင် ငြိမ်ငြိမ်သပ်သပ်နှင့် လဲလျောင်းနေကြပြီး ထိုအထဲ တစ်ယောက်ကတော့ ကိုယ်အနှံ့ ပတ်တီးများ စည်းထား၏။ တိုက်ပွဲအတွင်း ဒဏ်ရာတော်တော်လေး ပြင်းထန်ခဲ့သည့်ပုံပင်။
သို့သော် ကျန်တစ်ယောက်ကတော့ ကြမ်းပြင်ပေါ်သို့ ပစ်ချခံထားရကာ အနေအထားက အင်မတန်ထူးဆန်းနေပြီး ဖြစ်ကတတ်ဆန်း လဲလျောင်းနေသည့် အသွင်နှင့် ဖြစ်၏။ ထိုအနေအထားက ပုံမှန်မဟုတ်ကာ မည်သို့ပင် ကြည့်ကြည့် သာမန်လူနှင့် မတူပေ။
ကြမ်းပြင်ပေါ်ရှိ တစ်ယောက်မှာ သေနှင့်ပြီးဖြစ်သည်ဟု လင်းရီ ယတိပြတ် ကောက်ချက်ချလိုက်တော့သည်။ ထိုသူက အလောင်းကောင်ကြီးပင်…။
လက်မရွံ့နောက်လိုက် လေးဦးရှိပြီး တစ်ဦးက သေ၍ ကျန်တစ်ဦးက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားသောကြောင့် တိုက်ခိုက်နိုင်စွမ်း ရှိသည့် လူမှာ နှစ်ယောက်သာလျှင် ကျန်ရှိတော့သည်။
အကယ်၍ မည်သည့် မထင်မှတ်ထားသည့် အမှားအယွင်းများ ပေါ်ပေါက် မလာဘူးဆိုပါက တိုက်ပွဲကို ဆယ်စက္ကန့်အတွင်း ကိစ္စဖြတ်လိုက်၍ ရလေသည်။ မစ်ဆူ မိသားစု၏ လူများက ဆိုးတော့ မဆိုးချေ။ လင်းရီအတွက်တော့ ၎င်းတို့က တာဝန် ကျေပွန်ခဲ့သည်ဟု သတ်မှတ်၍ရ၏။
ထိုအကြောင်း စဉ်းစားမိတော့ လင်းရီ အပေါ်သို့ တစ်ဖန် ပြန်လှမ်းကြည့်လိုက်သည်။
လက်ရှိ အခြေအနေကို သုံးသပ်ကြည့်ရသလောက်တော့ အသက်ရှင် ကျန်ရစ်သည့် လက်ပါးစေ သုံးယောက်က ပထမထပ်တွင် အနားယူနေပြီး အယ်လက်ဆာကတော့ ဒုတိယထပ်တွင် သတ္တုရိုင်းများနှင့် ဖြစ်ဖို့များသည်။
ဤသည်က အနှီရက်စက် သွေးဆာလောင်သည့် လူများ၏ စရိုက်နှင့် ကွက်တိကျနေသည်မှာ တွေးကြည့်နေရန် မလိုချေ။
အကယ်၍ ရှောင်လွဲမရနိုင်သည့် ကိစ္စတစ်စုံတစ်ရာသာ ဖြစ်ပျက်လာခဲ့မည် ဆိုပါက ပထမထပ်ရှိ လူများက အမြောက်စာ ဖြစ်သွားမည်ဖြစ်ပြီး အယ်လက်ဆာကတော့ သတ္တုရိုင်းများနှင့် လွတ်မြောက်သွားနိုင်မည့် အခွင့်အရေး ကို ရရှိနိုင်ဦးမည် ဖြစ်၏။
အခြေအနေကို စူးစမ်းလေ့လာပြီးနောက် လင်းရီ ဖြစ်နိုင်ချေ အလားအလာရှိသည့် နည်းဗျူဟာများကို စတင်ချမှတ်တော့သည်။
အရင်ဆုံး သူ HILUX ကားကို ဖောက်ခွဲပစ်ပြီး ပထမထပ်ရှိ လူများထွက်ပေါ်လာအောင် မျှားခေါ်လိုက်မည်။ ထို့နောက် ပရမ်းပတာ ဖြစ်နေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ ထိုသူများကို အမှောက်သိပ်ပြီး သတ္တုရိုင်းများကို အရယူလိုက်၍ ရ၏။ ဤသို့ဖြင့် အန္တရာယ်ကလည်း အများအပြား လျော့နည်းသွားပေမည်။
ဒုတိယ တစ်ခုက သူ့ကိုယ်သူ ယူရှီ မစ်ဆူ၏ လူအဖြစ် ဟန်ဆောင်၍ ထိုသူများ၏ သတိကို လျော့ကျစေလိုက်မည်။ ထို့နောက် အငိုက်ဖမ်း ရုတ်တရက် တိုက်ခိုက်လိုက်မည်ဆိုပါက သူ့အတွက် အချိန်နှင့် ခွန်အား အများအပြား သက်သာသွားနိုင်သည်။
သို့သော် ပြဿနာက သူသည် ယူရှီ မစ်ဆူနှင့် တစ်ခါမျှလည်း အဆက်အသွယ်မလုပ်ဖူးသဖြင့် ၎င်းတို့၏ လူအဖြစ် ဟန်ဆောင်ရန်မှာ မလွယ်ကူလှပေ။ တော်တော်လေး ပြဿနာများလှ၏။
အခြေအနေ နှစ်ရပ်လုံးကို စဉ်းစားချင့်ချိန်ကြည့်ပြီးနောက် အစီအစဉ်နှစ်ခုလုံးက မဆိုးဟု လင်းရီ ခံစားလိုက်ရသည်။ သို့သော် နှစ်ခုလုံး၌ ပြစ်ချက်တချို့တော့ ရှိနေလေသည်။ အချိန်တစ်ခုလောက် ကြာသည်ထိအောင် လင်းရီ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေခဲ့တော့၏။
“ ငါလခွီးပဲကွာ… “ လင်းရီ ကျိန်ဆဲရင်းဖြင့် မတ်တပ်ထရပ်လိုက်ပြီး “ သောက်လုပ်ကို ရှုပ်တယ်… ဒီတိုင်း ၀င်တွယ်မယ်ကွာ… ထိုင်ပြီး အတွေးလွန်လို့ ဘာလုပ်နေမှာလဲ…”
စာစဉ် (၇၉) ပြီး၏။