← Chapters

တော်ဝင်စစ်ပွဲ စတင်ခြင်း

Vol. 010 Ch. 979

တော်ဝင်စစ်ပွဲ စတင်ခြင်း

Vol. 010 Ch. 979

ရှန်ထိုကျိ၊ ရှီဟွာတောင် ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့က ထောင့်အသီးသီးတို့အား နေရာယူထားကြပြီး သူတို့သုံးယောက်၏ ရှေ့တွင်ကား သူတို့ ဦးဆောင်သော စစ်တပ်သုံးခု ရှိနေသည်။

ယွီကလန်မှ တန်ခိုးရှင်များမှာ သူတို့၏ရှေ့တွင် ရှိနေသော်လည်း ဂရုမစိုက်ပေ။ သူတို့က ဗာဂျာရာဒေသမှ တန်ခိုးရှင်များကို ထိုသို့တွေးသည်။ ပိုင်လွေလီကိုမူကား မည်သူမှ ဂရုမစိုက်ပေ။ တစ်ကိုယ်တော် စွမ်းရည်ကား ဤသို့သော တိုက်ပွဲ၌ အရေးမပါပေ။ ရီဖူရှင်းကဲ့သို့သော တစ်စုံတစ်ယောက်သာ တိုက်ပွဲကို သက်ရောက် စေနိုင်စွမ်း၏။

သို့သော်လည်း စွမ်းရည်ကွာဟမှု အလွန် ကြီးမားသည့်တိုင် သူက ဘာမှ ပြောင်းလဲနိုင်မည် မဟုတ်ပေ။

သည်တစ်ခေါက် တိုက်ပွဲကား အမှန်တကယ် တော်ဝင်စစ်ပွဲ ဖြစ်သည်။ ထို့အပြင် တိုက်ရိုက် ရင်ဆိုင်ပွဲ၌ တော်ဝင်မြေ ဆယ်ခုထက် မနည်းပါဝင်ခြင်းက အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းပေသည်။

ဤသို့သော တော်ဝင်စစ်ပွဲ၌ ရှန့်ထိုမဟုတ်လျှင် တစ်ကိုယ်ရည် စွမ်းအားက အရေးမပါပေ။

“ဝင်္ကပါ တည်စမ်း... ” ရှန့်ထိုကျိက ပြောသည်။

တော်ဝင် အလင်းနန်းတော်၊ ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့က သူတို့၏ စစ်သည်များအား ဝင်္ကပါ အသီးသီး ဖန်တီး တည်ဆောက်စေသည်။ ပင်လယ်ပြည်နယ်မှ တော်ဝင်မြေများ သည်လည်း သူတို့၏ ဝင်္ကပါများအား တည်ဆောက်ကြသည်။

ထိုအခိုက်တွင် တော်ဝင်ကျဲ နန်းတော်မှ လူများအားလုံးမှာ ကြီးမားသော ဖိအားများကို ခံစားကြရသည်။ တော်ဝင်မြေ ခြောက်ခု၏ ဝင်္ကပါများက တော်ဝင်ကျဲ နန်းတော်သို့ ရွေ့လျားကြသည်။ သူတို့မှာ အင်အား အဆမတန် သာလွန်သည် ဆိုသည့်တိုင် ရန်သူများအား အထင်သေးရဲခြင်း မရှိကြပေ။ တော်ဝင်မြေတိုင်းက သတိကြီစွာဖြင့် ထားကြရ၏။ သည်တိုက်ပွဲကား အသက်ဘေးနဲ့ အလွန် နီးပေသည်။ သူတို့က ထိခိုက်ဆုံးရှုံးမှု နည်းစွာဖြင့် တိုက်ပွဲကို အနိုင်ယူလိုသည်။

“ဝင်္ကပါကို အသက်သွင်းပါ...” ရန်ရှောင်က ကျယ်လောင်စွာ ပြောသည်။ သူ၏အမိန့်အဆုံး၌ ထိပ်သီး တန်ခိုးရှင်များက သူတို့၏ ဝင်္ကပါများအား အသက်သွင်းကြသည်။ တော်ဝင်ကျဲနန်းတော် မြေပြင်မှ အလင်းရောင်များ နေရာအနှံ့မှ ဖြစ်ပေါ် လာတော့သည်။ အဆုံးအစမဲ့သော အလင်းတန်းများ သွယ်ယှက်လာခဲ့ကာ ပတ်ဝန်းကျင်မှ သဘာဝ စွမ်းအားများကို ပြင်းထန်စွာ စုပ်ယူလျက် လောကဓာတ်များ အဖြစ် ပြောင်းလဲကာ ဝင်္ကပါ အစီအရင်နှင့် ပေါင်းစပ်ကြသည်။

တော်ဝင်ကျဲ နန်းတော်မှ တန်ခိုးရှင်များက တိုက်ပွဲအား အဆုံးစွန်သော လေးနက်မှုဖြင့် အာရုံစိုက် ထားကြ၏။

ဖိအားများ ပိုမိုကြီးမား လာသည်။ တော်ဝင်မြေခြောက်ခုမှ စစ်သည်များမှာ တော်ဝင်ကျဲ နန်းတော်၏အပေါ်လေထုသို့ ရောက်လာကြ၏။

ဝင်္ကပါ အစီအရင်များ တစ်ခုပြီးတစ်ခု အသက်ဝင် လာခဲ့သည်။ တော်ဝင် အလင်းနန်းတော်မှ တန်ခိုးရှင်များ၏ရှေ့၌ အဆုံးအစမဲ့သော အလင်းများ ဖြစ်ပေါ်လာသည်။ ကောင်းကင်၌ ကြီးမားသော အလင်းနတ်ဘုရား တစ်ပါး ပေါ်လာသည်။ သူ၏အလင်းများသည် တော်ဝင်ကျဲနန်းတော်မှ လူများထံသို့ ဓားများအလား မိုးစက်မိုးပေါက်များ သဖွယ် ကျဆင်းလာခဲ့၏။

“လိပ်နက်ဝင်္ကပါကို အသက်သွင်းကြ... ” ရန်ရှောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်လျှင် အလင်းတန်းများ ထိုးတက် လာခဲ့သည်။ မြေပြင်မှ ဧရာမ သားရဲကြီးတစ်ကောင် ထိုးထွက်လာဟန် ရသည်။ တဝုန်းဝုန်း မြည်သံများနှင့်အတူ တော်ဝင်ကျဲနန်းတော် တစ်ခုလုံး တုန်ခါသည်။ တော်ဝင်ကျဲနန်းတော် အပေါ် ကောင်းကင်အား အုပ်မိုးလျက် ဧရာမ လိပ်နက်ကြီး တစ်ကောင် ပေါ်လာကာ ဝင်္ကပါအတွင်းမှ လူများအားလုံးကို ဖုံးကွယ်သည်။

ထိုမြင်ကွင်းအား ကြည့်ကာ တန်ခိုးရှင်များမှာ တုန်လှုပ်ရသည်။ တော်ဝင်ကျဲ နန်းတော်မှာ မြို့ငယ်လေး တစ်မြို့မျှ ကြီးမားပေသည်။ သို့သော် ထိုမြို့အား ဖုံးအုပ်နိုင်သော လိပ်နက်ကြီးမှာ မည်မျှ ကြီးမားမည်ကို ခန့်မှန်း၍ ရသည်။ သူတို့ရှေ့မှ မြင်ကွင်းကား ကမ္ဘာပျက်ဖွယ် ကောင်း၏။

တော်ဝင်ကျဲ နန်းတော်ကား ဤသို့သော မဟာဝင်္ကပါအား တည်ဆောက်ရန် အားကုန် စိုက်ထုတ်ခဲ့ရပေမည်။

ပုံမှန်အားဖြင့် လိပ်နက်ပေါ်သို့ ကျဆင်းလာသော အလင်းများမှာ ဘာမှ မတတ်နိုင်ပေ။ သို့သော်လည်း အလင်းနတ်ဘုရား၏ အလင်းများမှာ ပိုမို တောက်ပလာခဲ့၏။ သူ၏လက်တွင် အလင်းဓားတစ်လက် ပေါ်လာခဲ့ကာ မြေပြင်အား အလင်းများဖြင့် ထင်ဟပ်စေသည်။ ဓားကား ကောင်းကင်ကိုပင် ခွင်းနိုင်စွမ်း ရှိဟန်ရ၏။

ရှီဟွာတောင်ဘက်တွင် တောင်နတ်ဘုရား တစ်ပါး ပေါ်ထွက်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်ကား ကြီးမားလွန်းသလို ခွန်အားများဖြင့်လည်း ပြည့်နေဟန်ရ၏။ ဖီးနစ်ဝင်္ကပါမှာလည်း အသက်သွင်းခဲ့ကာ ရွှေဖီးနစ်သည် ကောင်းကင်ကို ဖုံးအုပ်လျက် ဖြစ်ပေါ်လာ၏။ ကောင်းကင်တစ်ခွင်ကို မီးတောက်များ လောင်ကျွမ်းကြကုန်၏။ အပူလှိုင်းများ နေရာအနှံ့သို့ ရိုက်ခတ်ကုန်၏။ အဝေးမှ ကြည့်နေသူများထဲတွင် တန်ခိုးအဆင့် နိမ့်သူများမှာ လှိုင်းဒဏ်များကို မခံနိုင်ဘဲ နောက်ဆုတ်ကြရသည်။

အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေ သုံးခုကလည်း သူတို့၏ ဖိအားများကို သယ်ဆောင် လာခဲ့ကြ၏။ သူတို့က သားရဲကြီးများအား ဆင့်ခေါ်ကြသလို မဟာဝင်္ကပါများ အားလည်း အသက်သွင်းကာ ပြင်းထန်သော အရှိန်အဝါများဖြင့် တိုက်ခိုက်ကြသည်။

ယွီကလန်မှ တန်ခိုးရှင်များသည် စစ်မြေပြင်၌ ပေါ်လာကြသော်လည်း သူတို့က တိုက်ပွဲအတွင်းသို့ ဝင်ပါခြင်း မပြုသေးပေ။ သူတို့အား ဦးဆောင်လာသူမှာ လစန္ဒာရှန့်ထို ဖြစ်၏။

တော်ဝင်ကျဲနန်းတော်ကား ပထမဆုံး လှိုင်းဒဏ်ကိုပင် မခံနိုင်ပါက သူတို့သည် အလွန်အားနည်း သည်ဟုသာ ပြောနိုင်ပေသည်။ တော်ဝင်ကျဲနန်းတော်မှ လူများသည် လွယ်လင့်တကူ အနိုင်ယူခြင်း ခံရပါက ယွီကလန်အနေဖြင့် သူတို့၏သေခြင်းတရားထံသို့ လမ်းလျှောက် ဝင်သွားသကဲ့သို့ ဖြစ်မည်ဖြစ်ရာ သူတို့အနေဖြင့် ဝင်ရောက် တိုက်ခိုက်ခြင်းက အဓိပ္ပာယ် ကင်းမဲ့ပေ၏။ တော်ဝင်ကျဲနန်းတော်က တိုက်ခိုက်မှုများအား ခံနိုင်ရည်ရှိကာ တိုက်ပွဲ၏ အထွတ်အထိပ် အချိန်သို့အထိ ရောက်နိုင်မလား သူတို့စောင့်ကြည့် ရပေမည်။ ထိုအချိန်ကျမှ ဝင်ရောက် တိုက်ခိုက်ခြင်းက သူတို့အနေဖြင့် ရန်သူများအား တစ်ချက်တည်းဖြင့် အပြတ် ဖြတ်နိုင်ပေလိမ့်မည်။

တခြားသော အရပ်တစ်ခု၌ တိုက်ပွဲထဲသို့ ဝင်မပါသေးသော လူတစ်စုလည်း ရှိသေးသည်။ သူတို့၏ အရေအတွက်မှာ စစ်မြေပြင်မှ လူများနှင့်စာလျှင် သေးငယ်လွန်း ပေသည်။ သူတို့ကား ကျိရှမ်းကမ်းပါးမှ တန်ခိုးရှင်များသာ ဖြစ်ကြ၏။ ခေါင်းဆောင်လာသူကား ရှန့်ထိုကျဲနှင့် ခွန်ယိုတို့ဖြစ်ကြ၏။

သို့သော်လည်း ရှန့်ထိုကျဲ၏နောက်၌ မည်သည့် ကိုယ်ရောင်ကိုယ်ဝါမှ မထွက်သော်လည်း ထူးခြားသော အငွေ့အသက်များရှိသော လူတစ်စုအား တွေ့ရသည်။ သူတို့အားလုံးမှာ အေးစက်ကာ ထူးမခြားနားသော ပုံဟန်များဖြင့် တိုက်ပွဲကို ကြည့်နေကြသည်။

ရှန့်ထိုကျဲ၏ မျက်လုံးများ၌ သတ်ဖြတ်လိုသော အငွေ့အသက်များအား တွေ့ရသည်။ ယနေ့တွင် ရီဖူရှင်းသည် သေချာပေါက် သေရပေမည်။

အလင်းနတ်ဘုရားသည် သူ၏ဓားအား လိပ်နက်ဝင်္ကပါထံသို့ ကျဆင်းသည်။ ကျယ်လောင်သော အသံနှင့်အတူ ဝင်္ကပါမှာ ပင့်ကူအိမ်အလား အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့၏။

ထိုအခိုက်တွင် ဧရာမ တောင်နတ်ဘုရားက လှုပ်ရှားတိုက်ခိုက်လျှင် တော်ဝင်ကျဲ နန်းတော်တစ်ခုလုံး လှုပ်ယမ်း၏။ စစ်တုရင် ကစားနေသော ရှန့်ထိုရှားနှင့် ရှန့်ထိုလီတို့သည် ကစားပွဲအား တည်ငြိမ်စေအောင် သူတို့ထံမှ ကိုယ်ရောင်ကိုယ်ဝါ အငွေ့အသက် တချို့ ထုတ်လွှတ်ထားကြသည်။ သူတို့နှစ်ဦးလုံးက တိုက်ပွဲမရှိသည့်အလား အေးဆေးစွာ ကစားနေကြ၏။

ဘုန်း ... ဘုန်း ... ဘုန်း...

အဆက်မပြတ်သော တုန်ခါသံများ ထွက်ပေါ်လာခဲ့ကာ တုန်ခါလှိုင်းတိုင်းက လူတိုင်း၏ စိတ်နှလုံးကိုပါက လှုပ်ယမ်းစေဟန် ရ၏။

“ခွေသတ္တဝါဆန်း ဝင်္ကပါ...” ရန်ရှောင်က အော်ဟစ်သည်။ လိပ်နက်ဝင်္ကပါအထဲ၌ပင် နောက်ထပ် ဝင်္ကပါအလွှာတစ်ခု အသက်ဝင်လာ၏။ ခွေသတ္တဝါဆန်း ပေါ်လာသည်တွင် ဝင်္ကပါ အစီအရင်အတွင်း၌ ပြင်းထန်သော မုန်တိုင်းများ ရိုက်ခတ်လာခဲ့၏။ ခွေသတ္တဝါဆန်းမှ သယ်ဆောင်လာသော မုန်တိုင်းများသည် လျှပ်စီး အလင်းတန်းများကိုပင် ယူလာခဲ့ဟန်ရရာ လောကတစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်လာသကဲ့သို့ ထင်မှတ်ရ၏။

ဘုန်း...

ဝုန်းခနဲမြည်သံနှင့်အတူ လိပ်နက်ကြီး၏ အစီအရင်မှာ ပွင့်ထွက် အက်ကွဲသွားသည်။ ထိုအခိုက်တွင် ခွေသတ္တဝါဆန်း၏ အော်ဟစ်သံသည် ယခင် ဖိနှိပ် ချိုးနှိမ်ထားသော လျှပ်စီးမုန်တိုင်းအား ဒေါသများ ဆွပေးလိုက်သည့်အလား ရှေးသစ်ပင်များကဲ့သို့ အကိုင်းအခက်များ ဖြာထွက်ကာ ကောင်းကင်ဆီသို့ တက်ရောက် သွားကြတော့သည်။ ထိုအခိုက်တွင် လေဟာနယ် တစ်ခုလုံး ပြိုလဲတော့မည်ကဲ့သို့ ထင်မှတ် လာရတော့သည်။

ကြောက်မက်ဖွယ်ရာ ပြိုလဲပေါက်ကွဲသံများ အဆက်မပြတ် ကြားနေရဆဲ ဖြစ်သည်။ အလင်းနတ်ဘုရားနှင့် တောင်နတ်ဘုရားတို့သည် ထိုနေရာ၌ပင် အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားကာ ဖီးနစ်မှာလည်း ပျက်စီးရ၏။ ထိုမျှဖြင့် မရပ်တန့်ပေ။ ကပ်ဆိုးကပ်ဘေးများ ဖြစ်ပေါ်စေနိုင်သော လျှပ်စီးမုန်တိုင်းသည် တော်ဝင်မြေ ခြောက်ခုသို့ ဦးတည် ဖြန့်ကြက်သွားလျှင် ထိုအင်အားစုများ အားလုံးမှာ ဝင်္ကပါများအား အသက်သွင်းပြီး အပြင်းအထန် ကာကွယ်ကြရ၏။

“ဆက်တိုက်ကြ...” ရှန့်ထိုကျိက အေးစက်စွာ အမိန့်ပေးသည်။ တော်ဝင်ကျဲ နန်းတော်က ဤနေရာတွင် ဝင်္ကပါများအား ခင်းကျင်း ထားမှတော့ သူတို့ကလည်း ထိုအရာများအား ဖျက်ဆီး တိုက်ခိုက်ရန်သာ ရှိတော့သည်။

တန်ခိုးရှင်များ အဆက်မပြတ် ဆင်းသက် လာကြကာ ပြင်းထန်စွာ တိုက်ခိုက်ကြသည်။ ချက်ချင်းပင် တော်ဝင်ကျဲ နန်းတော်၏ အပေါ်၌ ပြင်းထန်သာ အလင်း ပေါက်ကွဲမှုများ ဖြစ်ပေါ်လာခဲ့၏။

ခွေသတ္တဝါဆန်း ဝင်္ကပါအစီအရင်မှာ ရာသီဥတုများကိုပင် ပြောင်းလဲ ဖြစ်ပေါ်နိုင်စွမ်း ရှိသည်။ လေထဲတွင် ငွေ့ရည်များ အေးခဲလာကြလျှင် တော်ဝင်ကျဲနန်းတော်မှ တန်ခိုးရှင်များ အားလုံးမှာ တဆတ်ဆတ် တုန်လာခဲ့ကြရ၏။ ပတ်ဝန်းကျင် တစ်ခုလုံး ဆွတ်ဆွတ်ဖြူ လာခဲ့ကာ ပြင်းထန်သော အအေးလှိုင်းများသည် အရာအားလုံးကို အေးခဲစေနိုင်သည်။

လူအများအပြားမှာ သူတို့၏ ခန္ဓာကိုယ် သွေးကြောများမှ သွေးများ စီးဆင်းခြင်း မရှိတော့သလို ခံစားကြရ၏။ သူတို့မှာ လှုပ်ရှားရန်ပင် ခက်ခဲလာသော အခြေအနေ ဖြစ်သည်။ ပိုဆိုးသည်ကား အအေးလှိုင်းများအပြင် လျှပ်စီးမုန်တိုင်းများ မှာလည်း သူတို့ထံသို့ ရိုက်ခတ်လာခဲ့ကြ၏။

“ဆက်ဖိအားပေး...” ရှီဟွာတောင်ရှန့်ထိုက သူ၏လူများအား အမိန့်ပေးသည်။ ဝင်္ကပါကြောင့် ဒဏ်ရာများစွာ ရကြသော်လည်း ရှန့်ထိုကျိကား တွန့်ဆုတ်ခြင်း မရှိပေ။ သူက သူ့လူများအား အဆက်မပြတ် ဖိအားပေးစေသည်။ သူတို့က ဝင်္ကပါကြောင့်သာ နောက်ဆုတ်ခဲ့ရလျှင် ဆုံးရှုံးမှုမှာ ပိုမို ကြီးမားပေမည်။

စစ်တုရင်ရှန့်ထို၏ အကြီးဆုံး တပည့်သည် မရဏတောင်၌ အသက်ရှင်ခဲ့ကာ ယခု သူတို့အား ပြန်လည် ကိုက်ခဲမည်ဟု မထင်မှတ် ထားခဲ့ကြပေ။ သည်ဝင်္ကပါများ အားလုံးမှာ သေချာပေါက် သူ၏ စီမံမှုများ ဖြစ်ရပေမည်။

တော်ဝင်ကျဲ နန်းတော်သို့ ကျဆင်းလာနေသော ဖိအားများမှာလည်း ပိုမိုပြင်းထန် လာပေသည်။ လူအများအပြား၏ မျက်လုံးများက လေထဲတွင် တည်ငြိမ်စွာ ရပ်နေသော ရီဖူရှင်းထံသို့ ရောက်နေကြသည်။ သူကား ရုပ်တုတစ်ခု အလားပင် ငြိမ်သက်စွာ ရပ်နေ၏။

တန်ခိုးရှင်များ သူတို့ထံသို့ လှမ်းလာ နေသည်ကိုမြင်လျှင် ရီဖူရှင်းက သူ၏ စိတ်စွမ်းအားများကို ဖြန့်ကြက်သည်။ တော်ဝင်ကျဲ နန်းတော်အား ဗဟိုပြုသော ဧရာမဝင်္ကပါ အစီအရင်သည် အလွန်အမင်း လင်းလက်လာခဲ့၏။

အစီအရင်မှ ကောင်းကင် ဖြတ်တောက် ဓားအသိတစ်ခု ချက်ချင်း မွေးဖွားလာခဲ့၏။ မြေပြင်မှ ဓားအရောင်အဝါများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ ကောင်းကင်သို့ ဦးတည် သွားကြသည်။

ထိုအခိုက်တွင် တော်ဝင်ကျဲ နန်းတော် တစ်ခုလုံး လင်းလက် လာခဲ့၏။

ဓားများ တချွင်ချွင် လှုပ်ခတ်ကြကာ ဓားများ တစ်လက်ပြီး တစ်လက် တော်ဝင်ကျဲ နန်းတော် မြေအောက်မှသည် ကောင်းကင်ထက်မှ ဝင်္ကပါသို့ ပျံသန်းကာ လှည့်ပတ်ကြ၏။

“နောက်ဆုတ်...”

“နောက်ဆုတ်...”

ရှန့်ထိုကျိနှင့် ရှီဟွာတောင် ရှန့်ထိုတို့က တစ်ပြိုင်နက်တည်း အော်ဟစ်ကြ၏။ တော်ဝင်ကျဲ နန်းတော်က မြေရိုင်းပြည်နယ် တစ်ခုလုံးမှ ဓားများကို ဆင့်ခေါ်ထားကာ ဓားဝင်္ကပါများ ခင်းကျင်း ထားသည်ကို သိကြသည်။ သူတို့မသိသည်ကား ထိုဓားဝင်္ကပါက မည်မျှ အားကောင်း သည်ကိုပင်။

သို့သော်လည်း ယခုတွင် ဓားအရောင်အဝါမှာ သိပ်သည်းလွန်းရကား အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိကြောင်း သူတို့ သိလိုက်ရသည်။ အနည်းဆုံး ထိုဓားမုန်တိုင်းထဲသို့သာ ကျဆင်းခဲ့ပါက ရှန့်ထိုအဆင့်အောက်မှ မည်သူမဆို အသက်ရှင်ရန် မျှော်လင့်ချက် မရှိပေ။

စွမ်းအားမြင့် တန်ခိုးရှင်များ မြန်ဆန်စွာ နောက်ဆုတ်ကြ၏။ သို့သော်လည်း ထိုအခိုက်တွင်ပင် တော်ဝင်ကျဲနန်းတော်၏ ဝင်္ကပါအစီအရင်၌ လှည့်ပတ်နေကြသော မရေမတွက်နိုင်သော ဓားများသည် ကြောက်မက်ဖွယ်ရာ ဓားမုန်တိုင်း အသွင်သို့ ပြောင်းလဲသွား၏။ ပြင်းထန်သော ဓားအရောင်အဝါသည် ကောင်းကင်သို့ ထိုးတက်သွား၏။ အဝေးမှ ကြည့်လျှင် မရေမတွက်နိုင်သော ဓားများသည် ရေစီးကြောင်းအလား ကောင်းကင်ကို ဖြိုခွင်းထိုးခွဲရန် ကြိုးစား နေကြသည့်အလား...။

တစ်ချိန်တည်းမှာပင် အဆုံးအစမဲ့သော ဓားအသိများ တစ်နေရာတည်း၌ စုစည်း လာခဲ့ကြသည်။ ထိုနေရာ၌ အရာအားလုံးကို ထိုးခွင်း နိုင်စွမ်းသော ဧရာမ ဓားကြီးတစ်လက် ပေါ်လာ၏။

“သွား... ”

ရီဖူရှင်းက အေးစက်စွာ ပြောသည်။ သူက ထိုသို့ပြောလျှင် ဓားက သူ၏ ပြစ်မှတ်အား ဆာလောင်စွာ ရှာဖွေသည်။ ဓားဖြတ်သန်း သွားရာ၌ သွေးရောင်များ လွှမ်းကျန်ရစ်ကာ လူတိုင်းမှာ ကြောက်လန့်တကြား နောက်ဆုတ်ကြ၏။

ဧရာမဓားကြီး၏ ပတ်ပတ်လည်၌လည်း မရေမတွက်နိုင်သော ဓားများ ရှိနေသည်။ ဓားတစ်ချောင်းစီက ဓားဝင်္ကပါ၏ စွမ်းအားများကို သယ်ဆောင် ထားကြခြင်းဖြစ်ရာ ပြိုင်ဘက်ကင်း ပေသည်။

တော်ဝင်ကျဲနန်းတော် အပေါ်သို့ သွေးမိုးစက်များ စတင်ကျဆင်း လာတော့သည်။ လူအများအပြားမှာ ဓား၏ ဖြတ်တောက်မှုကြောင့် နာကျင်စွာ အော်ဟစ်ကြ၏။ မည်သည့် တန်ခိုး အဆင့်ဖြစ်ပါစေ၊ ရှီအဆင့် အမြင့်ဆုံး၌ ရှိလျှင်ပင် ဓားတစ်ချက်သည် ထိုသူ၏ အသက်အား ယူဆောင်ရန် လုံလောက်ပေ၏။

ရီဖူရှင်းသည် လေထဲသို့ တဖြည်းဖြည်း မြောက်တက် လာခဲ့၏။ သူ၏လက်ထဲတွင် အချိန်နှင့် လေဟာနယ်လှံ ပေါ်လာကာ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အငွေ့အသက်များ ထွက်ပေါ် လာတော့သည်။

“သတ်...” ရီဖူရှင်းက ပြောလျှင် သူကိုယ်တိုင်က အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်သို့ ထိုးတက် သွားသည်။ သူကား သူ့ကတိအတိုင်း အမြဲတမ်း ရှေ့ဆုံး၌ ဦးဆောင် တိုက်ခိုက်ပေမည်။

“သတ်...”

လျှပ်စီးသဖွယ် အသံများ ထွက်ပေါ်လာခဲ့ကာ တော်ဝင်ကျဲနန်းတော်မှ တန်ခိုးရှင်များ ကောင်းကင်ထက်သို့ တက်ကြသည်။ ရန်သူ၏ဝင်္ကပါများက ကစဉ့်ကလျား ဖြစ်နေရာ ယခုကား တိုက်ခိုက်ရန် အသင့်တော်ဆုံး ဖြစ်၏။

တော်ဝင်မြေဆယ်ခု ပါဝင် ပတ်သက်နေသော တော်ဝင်စစ်ပွဲကား နောက်ဆုံးတွင် အပြင်းထန်ဆုံးသော အခြေအနေသို့ ရောက်လာခဲ့၏။

***

All Chapters