← Chapters

Aechmega: Prime X

Vol. 11 Ch. 25

Aechmega: Prime X

Vol. 11 Ch. 25

နောက်နာရီအနည်းငယ်အတွင်းမှာပဲ ရှိသမျှမဟာမိတ်က အယ်ဖာအဆင့်တွေအားလုံးဟာ ဆုဗာနာနိုင်ငံဆီကို စတင်ဦးတည်ပြီးပျံသန်းနေကြပါပြီ။ ပထမဆုံးနယ်နိမိတ်ထဲကို ဝင်လာနိုင်သူတွေကတော့ သဘာဝကျစွာပဲ အနီးအနားမှာရှိနေခဲ့တဲ့ ဖရာလီတာတို့အုပ်စုပါ။ ဖရာလီတာက မြန်နှုန်းမြင့်လေယာဥ်ပျံကနေတစ်ဆင့် အောက်က မြင်ကွင်းတွေကိုကြည့်ရင်း ခေါင်းကိုခါယမ်းလိုက်တယ်။

“ဒီတိုင်းပြည်က အတော်လေးထိခိုက်သွားပြီ။ တိုက်ပွဲပြီးရင်တောင်မှ သုညကနေပြန်စရတော့မှာ။”

နျူရေကလည်း ဂြိုဟ်တုပုံရိပ်တွေကနေတစ်ဆင့် ဆုဗာနာနိုင်ငံရဲ့အပျက်အစီးတွေကိုမြင်နေရပြီး အော်ဂလီဆန်လာတာကြောင့် ကြည့်နေတာကို ရပ်လိုက်တယ်။ စက္ကန့်ပိုင်းလောက် ဆက်ကြည့်မိရင်ပဲ အသည်းတွေအူတွေပြောင်းပြန်လန်ပြီး အန်ထွက်မိတော့မလို ခံစားနေရလို့ပါ။

“ယင်ကောင်ရဲ့လက်အောက်ငယ်သားတွေက တွေ့သမျှလူတွေကို သတ်နေတာပဲ။”

နျူရေက သူမြင်ခဲ့ရတဲ့မြင်ကွင်းကို တတ်နိုင်သမျှ ရက်စက်မှုအနည်းဆုံးနည်းလမ်းနဲ့ အကျဥ်းချုံးပြီး ဖော်ပြလိုက်တယ်။ ယင်ကောင် ဆုဗာနာကိုရောက်နေတဲ့ ရည်ရွယ်ချက်က ဖျက်ဆီးဖို့အတွက်တစ်ခုတည်းပါ။ အင်ပါယာအတွက် နယ်မြေတစ်ခုကိုသိမ်းပိုက်ဖို့မဟုတ်ပါဘူး။ ဒါကြောင့် သူ့အနေနဲ့ ကပ်ပါးပိုးကောင်တွေ လက်ခံကောင်ရဖို့ ချုပ်ထိန်းနေစရာမလိုဘဲ အားလုံးကိုသတ်ပစ်ဖို့အတွက် အမိန့်ပေးခဲ့တာ။

တဖြည်းဖြည်းနဲ့သူတို့လေယာဥ်ပျံက လမင်းရေကန်နားကို ရောက်လာပြီဖြစ်ပြီး အဓိကတိုက်ပွဲရဲ့မြင်ကွင်းကို စမြင်ရပါတယ်။ ဧရာမ ပုရွက်ဆိတ်ကြီးက လေပေါ်မှာပျံသန်းနေပြီးတော့ ပုစဥ်းကတော့ ရေကန်ရဲ့မျက်နှာပြင်အောက်ကို ငုပ်လျှိုးသွားလိုက် ပြန်ထွက်ပေါ်လာလိုက်နဲ့ အလစ်အငိုက်တိုက်ခိုက်တဲ့နည်းကို အကျိုးရှိရှိတဲ့ အသုံးချနေပါတယ်။ ပုရွက်ဆိတ်က ပိုခွန်အားကြီးပုံပေါ်ပေမဲ့ တကယ့်တကယ်တမ်း တိုက်ပွဲကို ဦးဆောင်နေတာက ပုစဥ်းပါ။

လမင်းစန္ဒာမြို့တော်ထဲမှာတော့ ယင်ကောင်တွေက သတ်ပွဲကြီးတစ်ခုကိုကျင်းပနေပြီး ပုရွက်ဆိတ်တွေကတော့ ပြည်သူတွေကို တတ်နိုင်သမျှ ကာကွယ်ပေးဖို့အတွက် ကြိုးစားနေကြပါတယ်။ ယင်ကောင်တွေက တစ်ကောင်ချင်းစီပိုအစွမ်းထက်ပြီး လျင်လျင်မြန်မြန်လှုပ်ရှားနိုင်ပေမဲ့ ပုရွက်ဆိတ်တွေကတော့ ခွန်အားပိုကြီးပြီး အဖွဲ့လိုက်လှုပ်ရှားနိုင်ကြတယ်။ မြို့တော်က ဧရာမပိုးကောင်စစ်တပ်ကြီးနှစ်ခုရဲ့သတ်ကွင်းဖြစ်လာပြီး မြို့သူမြို့သားတွေကတော့ ဘေးကင်းရာကိုရွေ့ပြောင်းဖို့ အခက်တွေ့နေပြီး ပိတ်မိနေကြပါတယ်။

“ ကျောင်းသားတွေ၊ နင်တို့က ဒီလေယာဥ်ပေါ်မှာပဲ နေခဲ့ကြ။ ဒီတိုက်ပွဲက လူကြီးတွေရဲ့အလုပ်ပဲ။”

ဖရာလီတာက အရင်တိုက်ပွဲကြောင့် ထိခိုက်နေပြီးသား သူ့ရဲ့ဝါးဖရိန်ကြီးကို ဆင့်ခေါ်လိုက်တယ်။ နျူရေက သူ့ကို တစ်ခုခုပြောလိုက်ပေမဲ့ ဖရာလီတာကတော့ နားမထောင်ဘဲ လေယာဥ်ပေါ်ကနေ ခုန်ချသွားခဲ့ပါပြီ။

“ယာယီကျောင်းအုပ်၊ ကျောင်းအုပ်ကလည်း ကျွန်မတို့နဲ့ ရွယ်တူပဲလေ။” ဆိုတဲ့စကားပါ။

...

“နင်တို့ပိုးကောင်တွေကို ငါ့ချစ်သူရဲ့အိမ်မှာ လုပ်ချင်တိုင်း လုပ်ခွင့်မပေးနိုင်ဘူး။”

ဖရာလီတာက ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပြီးပြီးချင်း မြေမျက်နှာပြင်အထက် မီတာထောင်ချီမှာ ရပ်တန့်လိုက်တယ်။ ဝါးဖရိန်ရဲ့ဂျက်အင်ဂျင်တွေက အစွမ်းကုန်လည်ပတ်နေပြီး ဧရာမစစ်ဝတ်စုံကြီးကို လေထုထဲမှာ ရပ်တန့်နေနိုင်အောင် ကူညီပေးထားတယ်။ သူနဲ့ခပ်လှမ်းလှမ်းမှာကတော့ ဧရာမပိုးကောင်ကြီးနှစ်ကောင်ရဲ့ရာဇဝင်တွင်မယ့် တိုက်ပွဲက ဖြစ်ပွားနေပြီးတော့ ရေကန်ထဲက ရေလှိုင်းတွေက မြို့တော်မြေပြင်ပေါ်ကို မိုးအဖြစ် ပြန်လည်ရွာသွန်းနေပါတယ်။

“သေစမ်း...”

ဖရာလီတာက သူ့ဝတ်စုံမှာရှိနေသမျှ လက်နက်တွေအားလုံးကို တစ်ပြိုင်နက်တည်း ပစ်လွှတ်ပြီး ပုစဥ်းကို ဦးတည်တိုက်ခိုက်လိုက်တယ်။ ဒါပေမဲ့ အားအကောင်းဆုံးလက်နက်တစ်ခုဖြစ်တဲ့ အလင်းဒြပ်စင်အမြောက်ကိုတော့ မသုံးနိုင်ပါဘူး။ အရင်တိုက်ပွဲမှာ သစ်ကိုင်းပိုးကောင်က အဲဒီလက်နက်ကို ဖျက်ဆီးပစ်နိုင်ခဲ့လို့ပါ။

ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...

ပဲ့ထိန်းဒုံးကျည်တချို့က ပုစဥ်းရဲ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်ပေါက်ကွဲသွားပေမဲ့ ပြောပလောက်တော့ ထိခိုက်မှုမျိုးတော့ ဖြစ်မလာပါဘူး။ ပုစဥ်းကတော့ သူ့ရဲ့ပေါင်းစပ်မျက်လုံးတွေနဲ့ ဝါးဖရိန်ကိုကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။

“မဖြစ်စလောက်ဖြုတ်ကလေးတစ်ကောင်က ငါ့တိုက်ပွဲမှာ ဝင်ရှုပ်နေတာလား။ ကြည့်ရသလောက်တော့ ဖြုံလောက်တဲ့ပြိုင်ဘက် မဟုတ်တဲ့ပုံပဲ။”

ဖရာလီတာကတော့ ပုစဥ်းဆီကနေ ဒီလိုစကားမျိုး အပြောခံရတဲ့အတွက် ဒေါသထွက်သွားပြီး ဝတ်စုံထဲကနေ ခလုတ်တစ်ခုကိုနှိပ်လိုက်တယ်။

“တော်တော်အပြောကြီးတဲ့ ပိုးကောင်မျိုးစိတ်အသစ်ကောင်။ ငါက နင်တို့ထဲက အားအကောင်းဆုံးပိုးကောင်ဗိုလ်ချုပ်တွေကို မျိုးဖြုတ်လာတဲ့သူဟဲ့။”

ဝါးဖရိန်ရဲ့ရင်ဘတ်က ဒရမ်မာဆန်ဆန်ပွင့်လာပြီး အလင်းဒြပ်စင်စွမ်းအင်လှိုင်းတွေက အလင်းတန်းကြီးတစ်ခုအဖြစ် စတင်စုဝေးတယ်။

[Ultimate Skill: Dragon Blast!!]

“ဟေး... ဟေး... ဒီလိုတော့မရဘူးလေ။”

အလင်းဒြပ်စင်တန်းက ပုစဥ်းဆီကိုတည့်တည့်ပြေးဝင်သွားပေမဲ့ အနက်ရောင်အရိပ်တစ်ခုက ကြားမှာပေါ်လာပြီး အလင်းတန်းကို ​ကြားဖြတ်တားဆီးလိုက်တယ်။ အလင်းတန်းပျောက်သွားချိန်မှာတော့ ဖရာလီတာက အဲဒီအရိပ်ကို သေချာမြင်လိုက်ရပြီး ထင်ထားတဲ့အတိုင်း ယင်ကောင်ပါ။

“ဒီတိုက်ပွဲက ပုရွက်ဆိတ်ဘုရင်မနဲ့ ငါ့သူငယ်ချင်းပုစဥ်းရဲ့ နှစ်ယောက်တည်းစီးချင်းထိုးပွဲလေ။ မင်းဝင်ရှုပ်ရင် အားလုံး အရသာပျက်ကုန်မှာပေါ့။”

ယင်ကောင်က သူ့ရဲ့ဦးထုပ်အဝိုင်းကို လက်နဲ့လှည့်ရင်း ပြောလိုက်တယ်။ သူက လူတစ်ဝက်ပုံစံနဲ့ရှိနေတာဖြစ်ပြီး ကျောနောက်မှာတော့ ယင်ကောင်တောင်ပံက တဝီဝီခတ်နေတယ်။ သူက အခုဖရာလီတာနဲ့ မျက်နှာချင်းဆိုင် လေထုထဲမှာရပ်နေတာဖြစ်ပြီး အလင်းတန်းကို လက်တစ်ဖက်တည်းနဲ့တားဆီးခဲ့တာ။ အဲဒီအကျိုးဆက်နဲ့ သူ့ရဲ့ကုတ်အင်္ကျီလက်တစ်ဖက် ပြာကျသွားခဲ့ပြီး အဲဒီအတွက် နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်နေပုံပေါ်ပေမဲ့ တခြားကတော့ ပုံမှန်ပါပဲ။

“ ခွေးကောင်... ဒီနေရာကို နင်ဘာလုပ်လိုက်တာလဲ။”

ပျက်စီးသွားတဲ့ ဆုဗာနာနန်းတော်ကြီးကိုကြည့်ရင်း ဖရာလီတာက ယင်ကောင်ကို မေးလိုက်ပါတယ်။ ဒီနေရာက မက်ဒါနာအမြဲနေခဲ့တဲ့နေရာတစ်ခု မဟုတ်ပေမဲ့ မက်ဒါနာသံယောဇဥ်ရှိတဲ့သူတွေ ရှိတဲ့နေရာပါ။ ယင်ကောင်ကတော့ လက်ကိုနောက်ပစ်ပြီး ရယ်မောလိုက်တယ်။

“မြင်တဲ့အတိုင်းပဲ နန်းတော်ထဲမှာ ငါနဲ့တွေ့သမျှ လူတွေကို တစ်ယောက်ချင်းစီသတ်ပြီး ဖျက်ဆီးပစ်လိုက်တာလေ။ စကားမစပ်... ငါက ခွေးကောင်မဟုတ်ဘူး... ယင်ကောင်ပါ။”

ယင်ကောင်စကားမဆုံးခင်မှာပဲ ဖရာလီတာရဲ့သည်းခံနိုင်စွမ်းက ကုန်ဆုံးသွားပြီဖြစ်ပြီး ဝါးဖရိန်ရဲ့ဇမ္မူရာဇ်ရွှေလက်သီးက ယင်ကောင့်မျက်နှာဆီ တည့်တည့်ပြေးဝင်သွားတယ်။ ယင်ကောင်က အသာအယာယိမ်းပြီးရှောင်လိုက်ပေမဲ့ ဝါးဖရိန်ရဲ့တိုက်ကွက်တွေက ဇယ်ဆက်သလိုဆက်တိုက်ဝင်လာပြီး အသံမြန်နှုန်းကို စတင်ချိုးဖောက်တယ်။ ယင်ကောင်ရဲ့လှုပ်ရှားမှုတွေကလည်း အသံမြန်နှုန်းကို ချိုးဖောက်သွားပြီး သူတို့နှစ်ယောက်ကလွဲလို့ ဘေးပတ်ဝန်းကျင်က အရာတွေအားလုံး နှေးကွေးလေးလံသွားတယ်။ မြေပြင်ပေါ်ကို ကျဆင်းနေတဲ့ ရေစက်တွေက လေထုထဲမှာမျောနေသလိုထင်ရပြီး အဝေးမှာတိုက်ခိုက်နေတဲ့ ပိုးကောင်ကြီးနှစ်ကောင်က ရုပ်ရှင်အနှေးပြကွက်ထဲက မွန်းစတားတွေလိုမျိုး ဖြည်းညှင်းစွာရွေ့လျားနေကြတယ်။ အနီးအနားက လေထုဟာ ပေါက်ကွဲထွက်သွားပေမဲ့ သူတို့က လေထုပေါက်ကွဲတာထက်တောင်မြန်တဲ့ အမြန်နှုန်းအဆင့်မှာ လှုပ်ရှားနေတာဖြစ်လို့ လေထုရဲ့လှုပ်ရှားပုံကို လှိုင်းတွေအဖြစ်နဲ့မြင်နေရတယ်။

ဘုန်း....

တိုက်ကွက်ပေါင်းဒါဇင်နဲ့ချီဖလှယ်ပြီးတဲ့နောက်မှာတော့ အမြန်နှုန်းအရ ဖြည်းဖြည်းချင်းအသာရလာနေတဲ့ ယင်ကောင်ရဲ့လက်သီးက ဝါးဖရိန်ရဲ့ရင်ဘတ်ပေါ်ကို ကျရောက်သွားတယ်။ ဇက်သတ္တုနဲ့ဇမ္မူရာဇ်ရွှေသတ္တုစပ် ချပ်ဝတ်က လက်သီးကြောင့်အနည်းငယ်ချိုင့်ဝင်သွားပြီး ဝါးဖရိန်က နောက်ကိုရွေ့သွားတယ်။ အဲဲဒီတိုက်ကွက်ကြောင့် ဖရာလီတာရဲ့လှုပ်ရှားမှုတွေ အနှောင့်အယှက်ဖြစ်သွားပြီး အသံမြန်နှုန်းနဲ့ရွေ့လျားနေရာကနေ ရပ်တန့်လုမတတ်အထိ နှေးကျသွားတယ်။

“အရင်တိုက်ပွဲတုန်းက ဖြစ်ခဲ့တာကို မမှတ်မိဘူးလား။”

ယင်ကောင်က ခနဲ့တဲ့တဲ့နဲ့ ရယ်မောကာပြောလိုက်ပြီး လေထုထဲမှာ ကိုယ်ကိုလှည့်လို့ ညာခြေနဲ့ဝါးဖရိန်ကို သိမ်းကန်လိုက်တယ်။

ဘုန်း...

ဝါးဖရိန်က မြေပြင်နဲ့ပြင်းပြင်းရိုက်မိသွားတယ်။ မြေပြင် တစ်ခုလုံးအက်ကွဲလို့။ ဖရာလီတာက ချက်ချင်းပြန်ထပေမဲ့ ယင်ကောင်က သူ့ရှေ့ကိုရောက်နေပြီဖြစ်ပြီး ဝါးဖရိန်ကိုခေါင်းနဲ့တိုက်လိုက်တယ်။

ဂျိန်း....

ယင်ကောင်ရဲ့ခေါင်းနဲ့ဆောင့်ခံလိုက်ရတဲ့ ဝါးဖရိန်ရဲ့ခေါင်းပိုင်းက တစစီကြေမွသွားပြီး ဝတ်စုံထဲမှာလည်း အရေးပေါ်မီးတွေက အဆက်မပြတ် လင်းလာတယ်။ ဟုတ်တယ်၊ ဇမ္မူရာဇ်ရွှေချပ်ဝတ်ကို မရခင်တုန်းက ဖရာလီတာရဲ့ချပ်ဝတ်က ယင်ကောင်ရဲ့လက်ထဲမှာ အခုလိုပဲ တစ်စစီခြေမွခံခဲ့ရတာ။ စက္ကူအရုပ်တစ်ခုလိုပေါ့။ ဇမ္မူရာဇ်ရွှေကြောင့် ဖရာလီတာက ယင်ကောင်ကို ရင်ဘောင်တန်းနိုင်မယ်လို့ထင်ခဲ့မိပေမဲ့ အခုယင်ကောင်က အရင်ကထက် ပိုပြီးစွမ်းအားကြီးလာပြန်ပါပြီ။

“အားနည်းသူတွေက ဘယ်လောက်ပဲကြိုးစားကြိုးစား ဆက်ပြီးတော့ အားနည်းနေဦးမှာပဲ။ မင်းက ဘယ်တော့မှ သူ့ကိုမမီနိုင်သလို သူ့နေရာကို အစားထိုးမယ့်သူလည်း ဖြစ်လာမှာမဟုတ်ဘူး။ နောက်ဆုံးတော့ မင်းက အိုမီဂါလောင်းလျာမဟုတ်တဲ့ သူ့အနားမှာတွယ်ကပ်နေတဲ့ အသုံးမဝင်တဲ့ ကလေးတစ်ယောက်ပါပဲ။”

ယင်ကောင်က နောက်ကိုယိမ်းယိုင်သွားတဲ့ ဝါးဖရိန်ရဲ့ပခုံးကို ဆွဲဆုပ်လိုက်ပြီး သူ့အနားကိုဆွဲယူတယ်။ ပြီးတဲ့နောက် ဘယ်ဒူးကိုမြှောက်ပြီး ဝါးဖရိန်ရဲ့ရင်ဘတ်ကို ဒူးနဲ့တိုက်ချလိုက်တယ်။

ခလွှမ်း....

ဖရာလီတာရဲ့ရှေ့မှာရှိနေတဲ့ ကွန်ပျူတာမျက်နှာပြင်က အက်ကွဲသွားပြီး ယင်ကောင်ရဲ့ဒူးက ယာဥ်မောင်းအခန်းထဲအထိ ထွင်းဖောက်ဝင်လာတယ်။ ယင်ကောင်ကတော့ အပြင်မှာအရူးတစ်ယောက်လို ရယ်မောနေလေရဲ့။

“ အရှုံးကိုလက်ခံပြီး သေလိုက်တော့ကလေးမ။ မင်းရဲ့ဝတ်စုံက ဆက်ပြီးတိုက်ပွဲဝင်လို့မရတဲ့အထိ ပျက်စီးနေပြီ။”

“ ငါဒီနေရာမှာတော့ အရှုံးမခံနိုင်ဘူး။” ဖရာလီတာက အံ့ကိုကြိတ်ပြီး ယင်ကောင်ကို ပြန်တိုက်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ ယင်ကောင်က ရုန်းကန်နေတဲ့ ဖရာလီတာကို လစ်လျူရှုပြီး ဝါးဖရိန်ကို ခါးကနေမြှောက်ကာ ချာလှည်ဆွဲလှည့်ပြီး အဝေးကိုပစ်လွှတ်လိုက်တယ်။ ဒါက အကျိုးရှိတဲ့တိုက်ကွက်တစ်ခုမဟုတ်ပါဘူး။ ယင်ကောင်အနေနဲ့ ချပ်ဝတ်ပျက်စီးသွားပြီဖြစ်တဲ့ ဖရာလီတာကို ဝတ်စုံထဲကနေ ဆွဲထုတ်ပြီး သတ်ချင်ရင် သတ်လို့ရပါတယ်။ ဒါပေမဲ့ အဲဒီအစား သူက....

“ကလေးတွေနဲ့ကစားရတာ တော်တော်ပျော်ဖို့ကောင်းမှန်း အခုမှပဲသိတော့တယ်။ ကလေးတစ်ယောက် ကြိုးစားပမ်းစားနဲ့တည်ဆောက်ထားတဲ့ အရုပ်တစ်ရုပ်ကို ဖျက်ဆီးရတာ ပျော်စရာပဲ။”

ဘုန်း....

ဖရာလီတာရဲ့ဝါးဖရိန်က မြေပြင်ပေါ်ကို ပြုတ်ကျလာပြီး တဆတ်ဆတ်တုန်ခါနေတယ်။ နေရာတိုင်းက ဝါယာတွေ ရှော့ခ်ဖြစ်နေပြီး မီးပွားတွေပန်းထွက်လာနေတယ်။ ဖရာလီတာက ပျက်စီးနေပြီဖြစ်တဲ့ သူ့ရှေ့က ကွန်ပျူတာမျက်နှာပြင်ကို ငေးကြည့်လိုက်ပါတယ်။ မည်းမှောင်သွားတဲ့မျက်နှာပြင်ပေါ်မှာ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ဖရာလီတာရဲ့ပုံရိပ်က ထင်ဟပ်လို့။

“တကယ်ပဲ... ငါက... ဘယ်သူ့ကိုမှ မကာကွယ်နိုင်တဲ့ အသုံးမကျတဲ့ ကလေးတစ်ယောက်လား...”

ဟိုးအရင်ကတည်းက ဖရာလီတာဟာ သူ့ကိုကလေးလို့ခေါ်ရင် သဘောမကျခဲ့ဘူး။ သူ့ကိုယ်သူ ရင့်ကျက်တဲ့သူတစ်ယောက်လို့ပဲ သတ်မှတ်ထားခဲ့တာ။ ဒါပေမဲ့ အခုလိုမျှော်လင့်ချက်ကင်းမဲ့လွန်းတဲ့ အခြေအနေနဲ့ ကြုံတွေ့ရချိန်မှာတော့...

“ကလေးမ... ငါနင့်ကို ကူညီရမလား....”

ရုတ်တရက် ဘယ်ကမှန်းမသိထွက်လာတဲ့ မိန်းမတစ်ယောက်ရဲ့အသံကြောင့် ဖရာလီတာ အံ့ဩသွားတယ်။ အဲဒီအသံက သူ့ခေါင်းထဲကနေ ထွက်လာသလိုပဲ။ သူ့ရှေ့ဖန်သားပြင်ကနေ ငွေရောင်အလင်းကို ခံစားမိတဲ့အတွက် ကြည့်လိုက်တော့ အလင်းရောင်ရင်းမြစ်က ဖန်သားပြင်ကမဟုတ်ဘဲ သူ့ရဲ့ဘယ်ဘက်မျက်လုံးကဖြစ်နေမှန်း သတိထားမိလိုက်တယ်။ အဲဒီမျက်လုံးကနေ ငွေရောင် အလင်းဒြပ်စင်တွေ ဖြာထွက်နေတယ်။

“ရှင်က ဘယ်သူလဲ။” ဖရာလီတာ မေးလိုက်တယ်။ စိတ်ကူးထဲမှာ ရင်းနှီးသလိုခံစားမိပေမဲ့ ချက်ချင်းမမှတ်မိ။ ဒါပေမဲ့ တစ်ခဏလောက်ကြာတော့ သူ့အတွေးတွေတည်ငြိမ်လာပြီး အဲဒီမေးခွန်းကိုမေးမိတာ ဘယ်လောက်တောင် ရူးမိုက်ရာကျလဲ သူသတိရမိတော့တယ်။

“မေ့သွားပြန်ပြီလားကလေးမ... ငါက စက်ယန္တရားတွေရဲ့သခင်မ အီဆန်လေ။”

ဖရာလီတာက သူ့ရဲ့လက်တွေ သူ့ဆန္ဒမပါဘဲ အလိုလို လှုပ်ရှားလာတာကို သတိထားမိလိုက်တယ်။ သူ့လက်တွေက ပျက်စီးနေတဲ့ ဝါးဖရိန်ရဲ့မျက်နှာပြင်ကို ထိတွေ့သုံးသပ်နေပြီး အားကောင်းလွန်းတဲ့ ငွေရောင်စွမ်းအင်တွေက ဝါးဖရိန်ထဲစီးဝင်သွားတယ်။

“ငါ့ကို နင့်ခန္ဓာကိုယ်ထဲမှာနင်ခွင့်ပေးရင် နင့်ကို ကူညီပေးမယ်လို့ ငါပြောခဲ့တယ်။ အခုက ကတိကို ဖြည့်ဆည်းပေးရမယ့်အချိန်ပဲ။”

အဲဒီနောက်တော့ ဖရာလီတာက သူ့ခန္ဓာကိုယ် အလိုလျောက်လှုပ်ရှားနေတာကို ဘေးလူတစ်ယောက်လိုမျိုး ရပ်ကြည့်နေရုံသာ တတ်နိုင်တော့တယ်။ သူက ကပ်ပါးဝိညာဥ်တစ်ကောင်လိုမျိုးဖြစ်နေပြီး သူ့ခန္ဓာကိုယ်ကို တခြားလူတစ်ယောက်က ထိန်းချုပ်ထားတယ်။ ပြီးတော့ အဲဒီမိန်းမရဲ့ရယ်သံလွင်လွင်ကို သူအဆက်မပြတ်ကြားနေရတယ်။

“Upgrade....” ဖရာလီတာရဲ့ပါးစပ်က ပွင့်ဟသွားပြီး စကားတစ်ခွန်းကိုပဲ ပြောလိုက်တယ်။ မြေပြင်အနှံမှာ ပြန့်ကျဲနေတဲ့ ဝါးဖရိန်ရဲ့စက်ယန္တရားအပိုင်းအစတွေက ငွေရောင်အလင်းတန်းတွေရဲ့လွှမ်းခြုံခြင်းကို ခံရပြီး အလိုလိုလှုပ်ရှားလာကာ ဝါးဖရိန်မှာပြန်လည်စုစည်းတယ်။ ပြီးတော့ ဒီအစွမ်းကို ဖရာလီတာရင်းရင်းနှီးနှီးမြင်ဖူးနေတယ်။

“ဒါက....”

“အန်းနပ်စ်ဆိုတဲ့ လူလုပ်မြူတန့်ကောင်ကိုနှိမ်နင်းဖို့ ဒီအစွမ်းကို ငါအဲဒီကောင်မလေးဆီ ငှားပေးဖူးတယ်လေ။ အခုကတော့ နင့်အတွက်ပေါ့။”

ဖရာလီတာက သူ့ရဲ့ဝါးဖရိန်ကြီး အက်တမ်အဆင့်ကနေစလို့ ဖြည်းဖြည်းချင်းပြောင်းလဲလာနေတာကို သတိထားမိတယ်။ ငွေရောင်အလင်းတွေက ဝတ်စုံကို အဆင့်မြှင့်တင်ဖို့ကူညီပေးနေပြီး ဆုဗာနာမြေကြီးအောက်မှာရှိနေတဲ့ ဇက်သတ္တုတွေက သတ္တုရည်တွေအဖြစ်ပြောင်းလဲကာ ဝတ်စုံမှာလာရောက်ပေါင်းစည်းတယ်။ ယင်ကောင်ကတော့ အဲဒီမှင်သက်လောက်စရာမြင်ကွင်းကို ကြောင်ပြီးတော့ ရပ်ကြည့်နေမိတယ်။

“အံ့ဩစရာပဲ... ဒီတော့ စက်ယန္တရားတွေတောင်မှ ဆင့်ကဲပြောင်းလဲနိုင်တယ်ပေါ့။ မင်းဘယ်လောက်ထိ သန်မာလာမလဲ ကြည့်ရအောင်။”

ယင်ကောင်က လက်ဆစ်တွေကို တဖျောက်ဖျောက်ချိုးရင်း ပြောလိုက်တယ်။

“ကလေးမ... နင်က အားနည်းတယ်။ ဒါပေမဲ့ ငါ့ကို အားကိုးလိုက်။ အရာအားလုံးက ခဏအတွင်း ပြီးသွားလိမ့်မယ်။”

စက်ယန္တရားတွေရဲ့သခင်မက စကားပြောလာပြန်တယ်။ ဒီတစ်ခါတော့ ဝတ်စုံအဆင့်မြှင့်တင်မှုက ပြီးဆုံးသွားခဲ့ပြီ။ ဝါးဖရိန်ရဲ့ညာဘက်လက်ထဲမှာ လက်နက်သစ်တစ်ခုရှိနေပြီး ကြီးမားလှတဲ့ လွှစက်ကြီးပါ။ ဘယ်လက်လက်မှာတော့ အမြောက်တစ်လက်ရှိနေပြီး ပိုကောင်းတဲ့အလင်းဒြပ်စင်လောင်ချာအမြောက်။ အတောင်ပံတွေကလည်း ပိုစတိုင်ကျလာပြီး ကျည်ကာကလည်း ပိုမိုထူထဲကာ ခေတ်ရှေ့ပြေးတဲ့ ပုံစံမျိုးပြောင်းလဲသွားတယ်။ အရောင်ကတော့ အဓိက အနက်ရောင်ဖြစ်နေသေးပေမဲ့ ရွှေရောင်နဲ့ငွေရောင်နှစ်မျိုးလုံးကို ဝတ်စုံအနှံခြယ်သထားတာတွေ့နိုင်တယ်။

“စက်ယန္တရားတွေရဲ့သခင်မက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ ဒီလောက်စွမ်းအားကြီးတဲ့ ဝတ်စုံကိုတောင်မှ စိတ်ကူးတစ်ခုတည်းနဲ့ ဖန်တီးနိုင်တယ်။”

ဖရာလီတာက သူကိုယ်တိုင်ရဲ့အသိစိတ် ပျောက်ကွယ်မသွားခင် တွေးလိုက်တယ်။ အဲဒီနောက်တော့ သူ့ခေါင်းထဲရှင်းသွားသလို ခံစားမိလိုက်ပြီး လုံးဝအိပ်မောကျသွားတယ်။ အိပ်မောကျမသွားခင် ကြားလိုက်ရတဲ့စကားကတော့။

“ဒီလိုစစ်ဝတ်စုံမျိုးကို ဒီဇိုင်းဆွဲရတာတောင်ကြာပြီ။ မူလတီထွင်သူကလေးကို အလေးပေးတဲ့အနေနဲ့ အခုကနေစပြီး ဒီဝတ်စုံကို Archmega: Prime X လို့ခေါ်မယ်။”

All Chapters