ဒုတိယတွေ့ဆုံမှု
Vol. 91 Ch. 1263
ဝမ်ဝေ့က သူ့အခန်းဆီ ဝင်လာလိုက်ပြီးသည့်နောက် ချက်ချင်း ရပ်တန့်မိသွားသည်။ သူက ဆံပင်အနက်ရောင်နှင့် အမျိုးသမီးတစ်ဦး ရှိနေသည်ကို မြင်လိုက်သည့်အခါ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားလေသည်။
“မိန်းကလေး အခန်းမှားနေတယ်”
“ဟုတ်လား” ဝူဟုန်က ပြန်ဖြေလိုက်၏။ သူမက သူ့ကို လှည့်မကြည့်ဘဲ သောက်စရာ ဆက်သောက်နေသည်။ ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီး သူမဘေးနား ဝင်ထိုင်လိုက်သည်။ သူက သူမ၏ အနက်ရောင်ဆံပင်ရှည်ကို ကြည့်လိုက်၏။
“မင်းဆံပင်က အတော်လေးကောင်းတာပဲ” သူက မှတ်ချက်ပေးလိုက်သည်။
“အနည်းဆုံးတော့ နားထောင်ရကောင်းအောင် ချီးကျူးသင့်တယ်”
“တကယ် အလေးအနက်နဲ့ပါ”
ဝူဟုန်က သူ့အား စိုက်ကြည့်လိုက်ပြီး “ရှင့်ရဲ့ လက်ရှိပုံစံက အရမ်းချောတယ် ”
ဝမ်ဝေ့က သွင်ပြင်ကို ပြန်ပြောင်းလိုက်ရင်း “တွေ့လား … အခု ကိုယ်တို့က အတွဲမဟုတ်တော့ဘူးလေ”
“ဆံပင်ကို အနက်ရောင်ပြန်ပြောင်းလိုက်လေ”
“ကိုယ်တို့တွေ ညှိပြီး တစ်ခြားတစ်ရောင်ပြောင်းရင် ဘယ်လိုလဲ”
“ ကျွန်မတို့တွေ ကိုယ်ပိုင်ဟန်ထိန်းထားပြီးတော့ တခြားပျော်စရာတစ်ခုခု ရွေးရင်ရော ”
“ကောင်းပြီလေ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ အခန်းထဲ သေရည်ဇလုံတစ်ခုရှိနေသည့် စားပွဲငယ်တစ်လုံး ရှိနေသည်။
“ ဒါက မင်းဟာလား ဒါမှမဟုတ် ဧည့်ခံထားတာလား ”
“ကျွန်မဟာ မဟုတ်ဘူး။ ဒါပေမဲ့ အတော်လေး မဆိုးရှာပါဘူး” ဝူဟုန်က ပြန်ဖြေလိုက်သည်။
“ဒါက နတ်မျောက်သေရည်လေ။ ရှင့်အဆင့်အတွက် အကျိုးကျေးဇူး မရှိပေမဲ့ အတော်လေး အရသာရှိတယ် ”
ဝမ်ဝေ့က ထိုအမျိုးသမီး၏ အရသာစံနှုန်းအပေါ် ယုံကြည်၍ တစ်ငုံသောက်လိုက်သည်။ သူ့မျက်ဝန်းတို့က တောက်ပလာ၏။ ထိုအရာသည် အင်မတန် အရသာရှိလှသည်။ တစ်ငုံသောက်သုံးပြီးသည့်နောက် သူ့အဆီအနှစ်ပန်းပွင့်စွမ်းရည်က အသက်ဝင်လာကာ တတိယနှင့် စတုတ္ထ ကောင်းကင်ဘုံအဆင့်ကြားမှ အတားအဆီးသည် ဖြည်းဖြည်းချင်း လျော့ပါးလာကြောင်း ခံစားမိလိုက်သည်။ အကယ်၍ သူသာ စမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့ လိုအပ်သည့်အချက်အကြောင့်သာ မဟုတ်လျှင် သူက စတုတ္ထ ကောင်းကင်ဘုံအဆင့်ကို တန်းရောက်သွားနိုင်သည်။
သိပ်မကြာခင် ဝမ်ဝေ့က သူ့ခွက်ကို အပြောင်ရှင်းလိုက်ပြီးသည့်နောက် ခွက်က သူ့အလိုလို ပြန်ပြည့်လာသည်။
“သူတို့က အားကုန်ထုတ်သုံးထားတာပဲ ဟုတ်တယ်မလား”
“ဒီလိုပွဲမျိုးအတွက် ဒါက အနည်းဆုံးလိုအပ်ချက်ပဲလေ”
“ဒီလိုမျိုး ကြီးကျယ်တဲ့ ပွဲအခမ်းအနားမျိုး ကျင်းပဖူးလား”
“အင်း … စံပြနဲ့ ရှေးဦးစံပြ ဖြစ်လာတုန်းကပေါ့” ဝူဟုန်က ပြန်ဖြေလိုက်သည်။
“ မင်းက ဒီလိုပွဲအခမ်းအနားမျိုး ကြိုက်တဲ့သူမျိုး မဟုတ်ပါဘူး ”
“အခုတော့ အဲလိုမဟုတ်ဘူးပေါ့။ ငယ်ငယ်တုန်းကပါ …” ဝူဟုန်က ထပ်မပြောတော့ပေ။
“ပြီးတော့ အရင်းအမြစ်တွေကို စုဆောင်းဖို့ နည်းလမ်းကောင်းလေ”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူတို့ စကားပြောနေရင်း ပွဲအခမ်းအနား စတင်လာလေသည်။
ဝမ်ဝေ့နှင့် ဝူဟုန်တို့က ဒုတိအထပ်တွင် ရှိနေကြသော်လည်း အစီအရင်က သူတို့အား ပထမအထပ်ရှိ ကိစ္စများအား မြင်နိုင်အောင် ခွင့်ပြုပေးထားသည်။
“ကြယ်တာရာသံတမန်နန်းဆောင်က မဟာဧကရာဇ်ကျင်းလုံ ” နန်းဆောင်တစ်လျှောက် လှပသည့် အသံတစ်သံ ထွက်ပေါ်လာသည်။
“လက်ဆောင် - အဆင့် ၁၁ ကြယ်စင်အာဟာရဖြည့် ဆေးလုံး”
ကြယ်စင်ပုံစံများရှိသည့် ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပိန်ပါးပါး အမျိုးသားက ပထမအထပ် လျှောက်လှမ်းလာစဉ် ထိုင်ခုံပေါ်တွင် သူ့နာမည်ကို မြင်လိုက်ရသည်။
“အစတင် အားပြင်းတာပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ ကြယ်စင်အာဟာရဖြည့်ဆေးက ကုသရေးဆေးတစ်မျိုး ဖြစ်၏။ အကယ်၍ ကောင်းကင်ဘုံအရှင်တစ်ယောက်က သေဆုံးသွားပြီး သူတို့ကိုယ်သူတို့ အသက်ပြန်သွင်းလိုပါက ထိုဆေးလုံးက ယွမ်ခေတ်ကာလ ၁၀ အတွင်း အားအပြည့် ပြန်ဖြစ်လာစေလိမ့်မည်။ ဤသည်က ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူအတွက် အသက်ရှည်အရင်းအမြစ်ကို မသုံးသရွေ့ အင်မတန် တိုတောင်းသော အချိန် ဖြစ်ပေသည်။
“ လေလွှင့်ကျင့်ကြံသူ မဟာဧကရာဇ်နဂါးမျက်လုံး … လက်ဆောင် - ထိုက်ယီဝိညာဉ်ဆေးလုံး ”
နောက်ထပ် ရှားပါးဆေးလုံးပဲ ….
ဝမ်ဝေ့က တွေးလိုက်သည်။ ထိုဆေးလုံးက ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများအား စံပြဝိညာဉ်ကို ဖွဲ့စည်းဖို့ အကူအညီဖြစ်၏။
ဒီကောင်စုတ်က ကံကောင်းထောက်မပြီး ရလာပေမဲ့ ဒါကို ပွဲအခမ်းအနားပြီးရင် သူ့ကို ဒုတိယအကြိမ် အကြည့်မစွန့်ကြဲမဲ့ အမျိုးသမီးဆီ ပေးပြီး ကိုယ့်ကြမ္မာကို ဖျက်ဆီးပစ်လိုက်တာပဲ …
ဝမ်ဝေ့က အခန်းအတွင်း လျှောက်လှမ်းလာသည့် ဖွတ်လို မျက်လုံးနှင့် ခပ်ပုပု အမျိုးသားကို ကြည့်လိုက်သည်။ သူ့ချီကံကောင်းမှုနဂါးကို စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ဝမ်ဝေ့က ပျက်ယွင်းနေသည့် အရိပ်အမြွက်ကို မြင်လိုက်ရသည်။
သူ့နဂါးမျက်လုံးက မဆိုးဘူး … ကြည့်ရတာ ကံကြမ္မာပြောင်းလဲရေးခန်းမအတွက် သူ့ကို ရွေးချယ်လို့ရနိုင်တယ် …
လက်ဆောင်များအကြောင်း ဆက်လက်ကြေညာပေးနေသည်။ သိပ်မကြာခင် ကြေညာသူက ဤပွဲအခမ်းအနား၏ အဓိကတက်ရောက်သူများဖြစ်သည့် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများကို စတင်မိတ်ဆက်ပေးလာသည်။ ထင်ထားသည့်အတိုင်း လက်ဆောင်များက ပိုမိုကြီးကျယ်လာ၏။ တစ်ချို့က ဒုတိယအဆင့် အသက်ရှင်ဆေးလုံးဖြစ်သည့် အသက်သွေဖယ်ခြင်းဆေးလုံးကို လက်ဆောင်အဖြစ် ယူဆောင်လာကြသေးသည်။ ဝမ်ဝေ့က ထိုနှာဗူးများကို ကျိန်ဆဲမိလိုက်၏။
အားလုံးကို မိတ်ဆက်ပေးပြီးသည့်နောက် ကြေညာသူက ပြောလိုက်သည်။
“အခု အထူးဧည့်သည်တွေအလှည့်ပါ …” သူမက ပြောရင်း ခတ္တရပ်တန့်လိုက်သည်။
“ပထမဦးဆုံး မူလစည်းတံဆိပ်ကုန်းမြေက ဧကရီဝူဟုန် … သူမက ဒီပွဲကို လာရောက်မတက်ရောက်နိုင်ပေမဲ့ ကာကွယ်ရေးအဆောင်တစ်ခု ပို့လိုက်ပါတယ်ရှင့်”
သူမက ထိုအရာကို ကြေညာလိုက်သည့်အခါ တီးတိုးသံများ ထွက်ပေါ်လာသည်။ ဤဆိုးရွားလှသည့် ခေတ်ကာလထဲ တားမြစ်ချက် တည်ရှိမှုတချို့ ရှိနေကြသည်။ အားလုံးအနေနှင့် ဧကရီဝူက ထိပ်ဆုံးတွင် ရှိကြောင်း သိထားကြသည်။ ကြေညာသူက ထိုကာကွယ်ရေးအဆောင်၏ အဆင့်ကို ကြေညာသွားခြင်းမရှိသော်လည်း အားလုံးက ခန့်မှန်းမိလိုက်ကြသည်။
ဝမ်ဝေ့က သူမကို ကြည့်ကာ ပြောလိုက်သည်။
“အဲဆိုတော့ မင်းက တစ္ဆေလား ”
“ဒါက ရှင် ဟာသလုပ်ဖို့ ကြိုးပမ်းနေတာလား … ဆိုးလိုက်တာ” ဝူဟုန်က သေရည်တစ်ငုံသောက်ကာ ပြောလိုက်သည်။
ဝမ်ဝေ့က ပခုံးတွန့်ကာ “ကိုယ်မှာလည်း ညံ့တာတော့ရှိတာပေါ့။ ဒါနဲ့ စကားလမ်းကြောင်း မလွဲနဲ့လေ ”
“ဒီလိုပွဲအခမ်းအနားမျိုးမှာ ကျွန်မက ကိုယ်တိုင် ထွက်လာခဲတယ်။ ကျွန်မရဲ့ တည်ရှိမှုက သူအများစုကို ခြိမ်းခြောက်သလို ဖြစ်သွားမှာလေ။ ပြီးတော့ တစ်ခြားတစ်ယောက်ရဲ့ ပွဲအခမ်းအနားမျိုးမှာ ကျွန်မဆီ အာရုံဆွဲဆောင်မထားချင်ပါဘူး”
“ဒါက အဓိပ္ပါယ်တော့ရှိသားပဲ”ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ကြေညာသူက အသင်္ချေဂိုဏ်းမဟာမိတ်မှ တစ်ယောက်အကြောင်း ကြေညာပြီးသည့်နောက် တာအိုအခွင့်အလမ်းဂိုဏ်းအလှည့် ကျရောက်လာသည်။ ထိုသူက ယွီချိုက်ဟု ခေါ်ဆိုသည့် ထာဝရကောင်းကင်ဘုံအဆင့် ကျင့်ကြံသူဖြစ်ပြီး လက်ရှိဂိုဏ်းချုပ်လည်း ဖြစ်ပေသည်။ ထိုသူက အဆင့် ၁၂ လေဟာနယ်ချိုးဖောက်ရေးအဆောင်ကို လက်ဆောင်အဖြစ် ယူလာခဲ့၏။
အဲဆိုတော့ ဒီမျိုးဆက်ထဲ ဒိုင်မေးရှင်းအမြင့်မှာ ဂိုဏ်းအမှုထမ်းဘက်က လူက ဂိုဏ်းချုပ် ဖြစ်နေတာပေါ့ …
ဝမ်ဝေ့က စဉ်းစားလိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ဝူဟုန်ကို ကြည့်လိုက်သည်။
“ဒါနဲ့ ဘိုးဘေးရော လာလား ”
“အခုမှ သူမကို အမှတ်ရတာလား” ဝူဟုန်က မျက်လုံးဝေ့ကာ ပြောလိုက်သည်။
“သူမက သီးသန့်ကျင့်ကြံနေတယ် ”
“အားလုံး အဆင်ပြေရဲ့လား ”
“သူမက ဓားရေးနဲ့ ပတ်သက်ပြီး လှုံ့ဆော်မှုတချို့ရလာလို့ပါ” ဝူဟုန်က ရှင်းပြလိုက်သည်။
“သူမက ဓားရေးအကြောင်း လှုံ့ဆော်မှုရနေတုန်းလား။ အာ … သူမက အကြွင်းမဲ့ဓားရေးလမ်းစဉ်ဘက် ပြောင်းထားတာကိုး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး အဖန်ရည်တစ်ငုံ သောက်လိုက်သည်။
“ သူမနဲ့ သေခြင်းရှင်းခြင်းတိုက်ပွဲ တိုက်ခိုက်မယ်ဆိုရင် သူမရဲ့ တိုက်ကွက်တွေက မင်းထက် ကျော်လွန်နေပေမဲ့ မင်းက နောက်ဆုံးရပ်နေမဲ့လူ ဖြစ်လိမ့်မယ်လို့ တစ်ခါက ပြောခဲ့ဖူးတယ်။ သူမ သီးသန့်ကျင့်ကြံပြီးတဲ့နောက်မှာလည်း အတူတူပဲလား”
“အင်း” ဝူဟုန်က ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်သည်။
“တကယ်လား”
“ဘာလို့ ရှင်က အံ့ဩနေရတာလဲ”
“ မင်းတို့နှစ်ယောက်လုံးက အကြွင်းမဲ့တားမြစ်ချက်အပြီးမှာ တိုးတက်လာတယ်ဆိုတာ မှန်းဆမိပါတယ်။ အဲဒီနောက် မင်းက ပြီးပြည့်စုံတဲ့ အုတ်မြစ်ကို အသုံးပြုမထားရင် ဘိုးဘေးက အရေးသာချက်ရှိနေမှာလေ”
“ ရှင်က စံပြတွေကြားက တိုက်ပွဲရှုပ်ထွေးမှုကို လျော့တွက်နေတာပဲ ” ဝူဟုန်က ရှင်းပြလိုက်သည်။
“ကျွန်မ ပြောမယ် … ဒီဟွင်သွမ်းစကြဝဠာကြီးထဲမှာ စံပြအရေအတွက်အနည်းငယ်ကပဲ ကျွန်မကို အနိုင်ယူနိုင်တယ်။ ဒါပေမဲ့ ကျွန်မ မသတ်နိုင်တဲ့လူဆိုတာ မရှိဘူး။ တန်ကြေးအနေနဲ့ ကျွန်မ ပြန်ပေးဆပ်ရမှာ ကျွန်မအသက်ပဲ … အဲဒါက မတန်ဘူးလေ ”
ကျစ် .. သူမရဲ့ ယုံကြည်ချက်ပြင်းပုံက အမိုက်စားပဲ
ဝမ်ဝေ့က တွေးလိုက်ပြီး သူ့ကိုယ်သူ မျက်နှာမပျက်မိစေရန် စိတ်ငြိမ်အောင် ထိန်းနေရသည်။
“မင်းက အတော်လေး ယုံကြည်ချက်ရှိသားပဲ။ အဲဒါ ဘယ်ကနေရောက်လာပါ့လိမ့် ”
“ဒါက ကျွန်မ သိထားရမဲ့အရာဖြစ်ပြီးတော့ ရှင် သင်ယူရမဲ့အရာပေါ့” ဝူဟုန်က ပြန်ဖြေလိုက်၍ ဝမ်ဝေ့က ပြုံးလိုက်သည်။ သူက တစ်ယောက်နှင့်တစ်ယောက် ယုံကြည်မှုသည် တခြားကိုယ်ပွားနှင့်လောက် အနေအထားအထိ မရောက်သေးကြောင်း သိထား၏။
“ရှုကျင်းယောင်နဲ့ မင်းနဲ့ကြားက ဆက်ဆံရေးကရော ” ဝမ်ဝေ့က ရုတ်တရက် မေးလိုက်သည်။
“ဘာလို့ မေးတာလဲ” ဝူဟုန်က တည်ငြိမ်စွာ ပြန်မေးလိုက်သည်။
“ ရှင်ရဲ့ မောင်းမဆောင်ကို ဘယ်လိုစီမံရမလဲဆိုတာ တွေးနေပြီလား”
ဝမ်ဝေ့က သီးလုမတတ် ဖြစ်သွားလေသည်။ ကံကောင်းစွာဖြင့် သူ့ခွန်အားအပေါ် ထိန်းချုပ်မှုက အတော်လေးကောင်းလှ၍ ဘာမှဖြစ်မသွားခဲ့ပေ။ သူက အဖန်ရည်ကို ဆက်သောက်ရင်း ပြန်ဖြေလိုက်၏။
“အဲလိုမျိုး မပြောပါနဲ့။ မင်းရဲ့ စကားက ဖိအားကို ကိုယ့်နှလုံးသားလေးက ခံနိုင်ရည်မရှိဘူး ”
ဝူဟုန်က သူ့အား တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် ပြန်ပြောလိုက်သည်။
“ကျွန်မက သူမကို အဲဒီခွေးကောင်တွေလက်ထဲကနေ ကာကွယ်ပေးထားခဲ့တဲ့လူလေ”
“ဟုတ်လား။ သူမက သူ့ဆွဲဆောင်မှုနဲ့ သူတို့ကို ထိန်းထားတယ် ထင်နေတာ ”
“အဲလိုတော့ လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ အဲလိုနည်းဗျူဟာမျိုးက အနေအထားတစ်ခုအထိပဲ ရောက်မှာလေ” ဝူဟုန်က ရှင်းပြလိုက်သည်။
“ အာဏာရူးနေတဲ့ သားရဲတွေနဲ့ ပတ်သက်တဲ့အခါ သူတို့က အတင်းကျပ် အားသုံးလာရင် ဒါမှမဟုတ် သူမကို ပစ္စည်းတစ်ခုလို မျှဝေဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင်တောင် အံ့ဩစရာမဟုတ်ဘူး။ အမျိုးသားတွေကို ထိန်းချုပ်နိုင်တယ်ဆိုရင်တောင် အမျိုးသမီးတွေက မနာလိုမှုကြောင့် သူမကို ဖျက်ဆီးပစ်ချင်ကြမှာပဲ ”
“အဲဆိုတော့ မင်းက သူတို့ကို သတိပေးထားတာလား”
“သူတို့ဝိညာဉ်ထဲ အကြောက်တရားနတ်ဘုရားကို ထည့်သွင်းထားတာ ”
ဝမ်ဝေ့က ကမ္ဘာကြီးကို အော်ပြောလိုစိတ် ကြီးစိုးလာသည်။
ကျစ် သောက်ရမ်း မိုက်တယ် …
ထို့အစား သူက သက်ပြင်းသာချလိုက်၏။
“ဘာဖြစ်လို့လဲ” ဝူဟုန်က မေးလိုက်သည်။
“ အာဏာဆိုတာက တကယ်ကို စွဲမက်ဖို့ကောင်းတဲ့အရာပဲ ”
ဝူဟုန်က ထိုစကားများရုတ်တရက် ထွက်လာမှုကြောင့် ကြောင်အမ်းသွား၏။ ထို့နောက် ထိုနှာဗူးလေးအကြောင်း အမှတ်ရသွားသည့်အခါ သူ့ကို တစ်ချက်ကြည့်ပြီး လှောင်ပြုံးပြုံးပြလိုက်သည်။ ထိုစဉ် ဝမ်ဝေ့က သူ့ရမ္မက်ကို ဤသို့ခေတ်ဆန်ဆန် ထုတ်ပြလိုက်ရ၍ ကျေနပ်နေမိ၏။
လက်ဆောင်များအကြောင်း ဆက်လက်ကြေညာနေစဉ် ဝမ်ဝေ့က သူ သိထားသည့် လူတစ်ဦးကို ကြားလိုက်ရသည်။ ထိုသူက ဧကရာဇ်ခုံ ဖြစ်၏။ ထိုလူ၏ လက်ဆောင်က ဝိဇ္ဇာကောင်းချီးတံခွန် ဖြစ်နေ၍ ဝမ်ဝေ့က အနည်းငယ် အံ့ဩမိသွားသည်။ ထိုတံခွန်က ကုသိုလ်ရွှေခန္ဓာ ဖွဲ့စည်းထားသူများကသာ တန်ကြေးနည်းနည်းဖြင့် လုပ်နိုင်သည့်အရာ ဖြစ်၏။
ထိုအရာထဲတွင် ကုသိုလ်၏ ကာကွယ်နိုင်စွမ်းတစ်ချို့ ပါဝင်နေသလို ကျင့်ကြံရေးကောင်းချီးပါ ပါဝင်နေသည်။ လက်ဆောင်များအကြောင်း ဆက်လက်ကြေညာနေစဉ် ဝမ်ဝေ့၏ နာမည်က အထူးဧည့်သည်ကဏ္ဍနောက်ဆုံးအနေနှင့် ထွက်ပေါ်လာသည်။
“လေလွှင့်ကျင့်ကြံသူ ဝေ့ထျန်း … သခင်လေးရှောင်ထျန်းတိရဲ့ မိတ်ဆွေ” အသံက ဆက်လက်ကြေညာလိုက်သည်။
“လက်ဆောင် ” သူမက ရုတ်တရက် ရပ်တန့်လိုက်၍ လူများစွာ ထိုလူသည် လက်ဆောင်ယူမလာဘဲ ကိုယ့်ဘာသာ အရှက်ခွဲမိတာလားဟု တွေးနေကြတော့သည်။