← Chapters

မျက်နှာမဲ့ အမျိုးသမီး

Vol. 91 Ch. 1265

မျက်နှာမဲ့ အမျိုးသမီး

Vol. 91 Ch. 1265

“အဲဆိုတော့ ကျွန်မတို့ အဆင်ပြေပြီလား” ဝူဟုန်က မေးလိုက်သည်။

“ဒါပေါ့” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ နောင်ကျလို့ စကားများတဲ့အခါကျ ကိုယ် ကပ်သီးကပ်ဖဲ့နိုင်ပြီးတော့ အနိုင်ရအောင် ဒီကိစ္စကို ထည့်ပြောနိုင်တယ်”

ဝူဟုန်၏ ခန္ဓာကိုယ်က ရုတ်တရက် တုံ့ဆိုင်းသွားကာ လှောင်ပြုံးပြုံးလိုက်သည်။

“လုပ်ကြည့်ပေါ့ …ကျွန်မကလည်း အစေခံ၊ သုံ့လီဖန်းနဲ့ သူမကိုလည်း ထည့်ပြောမယ်” သူမက ရှုကျင်းယောင်ကို လက်ညိုးထိုးကာ ပြောလိုက်သည်။ ဝမ်ဝေ့က သူမအား ဆွံ့အစွာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေလေ၏။

“ဒါက ညစ်တာပဲ … ”

“ရှင် ကပ်သီးကပ်ဖဲ့နိုင်ချင်မှတော့ နှစ်ယောက်လုံး ဆော့ကြည့်ကြတာပေါ့”

ဝမ်ဝေ့က ပြောစရာမဲ့သွားသောကြောင့် စပျစ်သီးကိုသာ စားနေလိုက်တော့သည်။ သူက စကားအရာ၌ ရှုံးနိမ့်သွားခဲ့၏။

“ဒါနဲ့ သူမက တကယ့်ပုံ ဘယ်လိုမျိုးလဲ” ဝမ်ဝေ့က ရှုကျင်းယောင်၏ အခြေအနေသည် အတော်လေး စိတ်ဝင်စားဖို့ကောင်းကြောင်း ထင်မိ၍ မေးလိုက်သည်။

“ရှင် သိချင်မှာ မဟုတ်ပါဘူး”

“အခု ပိုပြီးတော့ သိချင်သွားပြီ” ဝမ်ဝေ့က အာရုံစိုက်ကာ ကြည့်လိုက်သည်။ သူက သူမ မျက်နှာနှင့် ခန္ဓာကိုယ်ဝန်းကျင်တွင် မည်သို့သော စွမ်းအားမျိုး ကိန်းအောင်းနေတာလဲဟု ရှာဖွေဖို့ ကြိုးစားလိုက်သည်။ သို့သော် အသုံးမဝင်ပေ။ ထို့ကြောင့် ဝမ်ဝေ့က ကံကြမ္မာမြစ်ကြောင်း ပုံရိပ်ယောင်ကို ဆင့်ခေါ်ကာ သူ့အားစိုက်မှုကို ထပ်တိုးမြင့်လိုက်သည်။ ထိုသို့ဆိုလျှင်ပင် အသုံးမဝင်သေးပေ။

စိန်ခေါ်ခံလိုက်ရသလိုမျိုးပဲ …

ဝမ်ဝေ့က ပို၍ အစွန်းရောက်နည်းလမ်းများကို အသုံးပြုဖို့ ရွေးချယ်လိုက်သည်။ သူက ဝိညာဉ်ထဲမှ ယာယီစည်းတံဆိပ်ကို ထုတ်လွှင့်ပြီး သူ့စံပြဝိညာဉ်၏ စွမ်းအားအပြည့်ကို ရယူလိုက်သည်။ သူက ရှုကျင်းယောင်ကို သူ့ဝိညာဉ်ဖြင့်သာ အကဲခတ်လိုက်သည်။ ရလဒ်ကမူ အတူတူသာ ဖြစ်၏။ သူမက ဝူဟုန်၏ ပိုမိုပြီးပြည့်စုံသည့် ပုံစံသာ ဖြစ်နေသည်။

ထို့နောက် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်မှ ပြီးပြည့်စုံသည့် အငွေ့အသက်ကို အသက်သွင်းကာ သူ့စံပြဝိညာဉ်နှင့်အတူ အသုံးပြုလိုက်သည်။ သူမ မျက်နှာက ယာယီ မှုန်ဝါးလာပြီး သူက ပဝါပါးပါးကို ထိုးဖောက်တော့မည့်ဆဲဆဲတွင် နောက်ဆုံးအခိုက်အတန့်၌ ကျရှုံးသွားလေသည်။

ဝမ်ဝေ့က လက်လျော့ကာ ဝူဟုန်အား ကြည့်လိုက်သည်။

“နည်းနည်းလောက် ကူညီပါဦး”

“ရှင် မြင်ချင်တာ သေချာရဲ့လား” သူမက ဒုတိယအကြိမ် မေးလိုက်သည်။

“အင်း”

“ကောင်းပြီလေ” သူမက သူ့နဖူးကို အသာထိလိုက်သည်။ ထို့နောက် ဝမ်ဝေ့၏ မျက်လုံးက ရုတ်တရက် အေးစက်စက် စွမ်းအားတစ်ခု စီးဆင်းလာသည်ကို ခံစားမိလိုက်၏။ သူက ရှုကျင်းယောင်ကို အာရုံစိုက်လိုက်သည့်အခါ မျက်မှောင်ကြုတ်မိသွားသည်။

“သူမမှာ မျက်နှာမရှိဘူးလား”

“ဟုတ်တယ်”

ဝမ်ဝေ့က သူမကို သေချာလေ့လာနေသည်။ ဤသည်က ယုတ္တိမဆန်ပေ။ သူ့လက်ရှိမြင်ကွင်းထဲ သူမ၏ ဦးခေါင်းက ဦးခေါင်းခွံ၊ ကြွက်သား၊ တစ်ရှူး သို့မဟုတ် အရည်ပြားဟူ၍ မရှိဘဲ ဗလာကျင်းနေသည်။ သူက သူမဝိညာဉ်ကို စစ်ဆေးကြည့်လိုက်သည့်အခါ မျက်နှာအမူအရာမျိုး ရှိသော်လည်း မှုန်ဝါးဝါးမျိုးသာ ဖြစ်နေ၏။

“အဲဒါက ဘယ်လိုဖြစ်တာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ဒါက သူမရဲ့ ကျိန်စာလေ” ဝူဟုန်က ပြောပြလိုက်သည်။

“မွေးရာပါ ကျိန်စာလား ”

ကျင့်ကြံသူတစ်ယောက်အတွက် ကျိန်စာဖြင့် မွေးဖွားလာခြင်းက အင်မတန် ရှားပါးလှသည်။ သို့သော် ဖြစ်ပျက်လေ့ရှိ၏။ နမူနာအနေနှင့် ဓားဧကရီသည် သူမ၏ ပါရမီများကို စည်းပိတ်ခံလျက် မွေးဖွားလာခဲ့သည်။ ဤသည်ကိုလည်း မွေးရာပါ ကျိန်စာအဖြစ် မှတ်ယူနိုင်၏။

“ပိုပြီးဆိုးတာက မဟာတာအိုကျိန်စာလေ” ဝူဟုန်က ရှင်းပြလိုက်သည်။

“ဗလာနတ္ထိနဲ့ ပြီးပြည့်စုံမှုတို့က တွေ့ရအများဆုံး ထူးကဲသာလွန်မှုလမ်းစဉ်တွေပဲ။ အထူးသဖြင့် နောက်တစ်ခုပေါ့။ လူတော်တော်များများက စံပြအဆင့်ကို ကျော်လွန်ဖို့ တစ်ခုတည်းသောနည်းလမ်းလို့တောင် ယုံကြည်ထားကြတာ …. သူတို့ကလည်း မှန်နေခဲ့တယ်။ ပြီးပြည့်စုံမှု ဖြစ်လာဖို့က မဟာတာအိုကို အတုခိုးတာနဲ့ ပိုနီးကပ်လာတာနဲ့ အတူတူပဲလေ။ ပြီးပြည့်စုံမှု ပြယုတ်ကို ဆုပ်ကိုင်ထားတဲ့သူက ဒီလိုအရာမျိုး တည်ရှိခွင့်ပြုမယ် ထင်နေလား”

“အဲဆိုတော့ မဟာတာအိုက ရှုကျင်းယောင်ရဲ့ မျက်နှာကို ယူသွားပြီးတော့ ပြစ်ချက်ကို ဖန်တီးခဲ့တာပေါ့။ သူမက အမှန်တကယ် ပြီးပြည့်စုံနေတာ မဟုတ်သလို ဘယ်သူကမှလည်း သူမကို လေ့လာပြီး စစ်မှန်တဲ့ ပြီးပြည့်စုံမှုမျိုးကို မရနိုင်အောင်လို့ ” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

“ဟုတ်တယ်”

ဝမ်ဝေ့က တိတ်ဆိတ်သွားလေ၏။

“ဘာလဲ။ အခု  ရှင်က အမှန်တရားကို သိသွားပြီဆိုတော့ သူမအပေါ် အစွဲအလမ်းနည်းသွားပြီလား” ဝူဟုန်က လှောင်ပြုံးဖြင့် မေးလိုက်သည်။

“ဒါက မင်းရဲ့ ရည်ရွယ်ချက်လား။ ပြိုင်ဘက်တွေကို ရှင်းထုတ်ဖို့ ကြိုးစားနေတာလား” ဝမ်ဝေ့က ပြန်လည်ချေပလိုက်၍ ဝူဟုန်က မျက်လုံးသာ ဝေ့ကြည့်လိုက်သည်။

ဝမ်ဝေ့က ရယ်မောလိုက်၏။

“ ဒါက တန်တယ်လို့တော့ ထင်တယ်။ သူမက မျက်နှာဆုံးရှုံးသွားရပေမဲ့ အလဲအလှယ်အနေနဲ့ သူမက ထူးကဲသာလွန်မှုလမ်းစဉ်ကို လျှောက်လှမ်းဖို့ အကောင်းဆုံးအုတ်မြစ်ရှိနေတယ်လေ”

ရှုကျင်းယောင်သာ ထိပ်သီးစံပြတစ်ယောက် ဖြစ်လာပြီး မသေမျိုး ပြီးပြည့်စုံမှုအပေါ်  လေ့လာရာ၌ အောင်မြင်မှုတချို့ ရနေသရွေ့ သူမက ပြစ်ချက်ကို ပြင်ဆင်ကာ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကို ဝင်ရောက်နိုင်လိမ့်မည်။

“ရှင်က ကိစ္စတွေကို ရှင်းရှင်းကြည့်လို့ ပြောနိုင်တာပါ” ဝူဟုန်က ထပ်ပြောလိုက်သည်။

“ လူတွေက အဲဒီသနားစရာကောင်မလေးကို အလှဆုံး မိန်းကလေးလို့ ပြောကြတယ်။ ဒါပေမဲ့ သူမဘာသာ ကြည့်ဖို့ ကြိုစားတိုင်း ဘာမှမမြင်ရဘူးလေ။ ကမ္ဘာဦးဟွင်သွမ်းထဲ သွားလာတုန်းက သူမလို လူမျိုးအကြောင်း ဖတ်ခဲ့ဖူးတယ်။ ကျွန်မအတွေ့အကြုံအရ အဲဒီလူအားလုံးက ကိုယ့်ဘာသာ သတ်သေသွားကြတာချည်းပဲ။ ရှုကျင်းယောင်က စံပြမဖြစ်လာခင် အသက်ရှင်နေတဲ့အချက်က သူမရဲ့ စိတ်ဆန္ဒနဲ့ တာအိုနှလုံးသားအတွက် စမ်းသပ်ချက်တစ်ခုပဲ ”

“မင်းပြောတာ ဟုတ်သား” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ယခု သူမက ထိုနေရာမှ ကြည့်ရှုဖို့ သတိပေးလာသည့်အတွက် ရှုကျင်းယောင်အပေါ် လေးစားမှုက တိုးမြင့်သွားလေသည်။

“ သူမ အဲဒီတာအိုကို ရွေးချယ်တုန်းက ဘယ်လိုစိတ်နေသဘောထားမျိုး ဖြစ်နေမလဲ နားလည်သွားပြီ” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒါပေမဲ့ ဒါက နှမြောစရာကောင်းတယ်လို့ ထင်တယ်။ ဟွင်သွမ်းတာအိုက သူမအတွက် ပြီးပြည့်စုံနေတာကို”

“ဟွင်သွမ်းတာအိုလား” ဝူဟုန်က ရေရွတ်လိုက်၏။ ထို့နောက် သူမက ချက်ချင်း နားလည်သွားလေသည်။

“ကမ္ဘာဦး တာအို ၃၈၀၀ က စကြဝဠာကြီးရဲ့ မူလနဲ့ ပြီးပြည့်စုံတဲ့ အနေအထားကို ကိုယ်စားပြုတယ်ဆိုတော့ သူမရဲ့ အခြေအနေနဲ့ ကိုက်ညီနေတာပဲ”

“ကြည့်ရတာ ကံကြမ္မာက ပထမရုပ်ခန္ဓာရှိထားတဲ့လူကို သူမရဲ့တပည့်ဖြစ်လာခိုင်းပြီးတော့ လမ်းပြဖို့ ကြိုးစားခဲ့ပုံပဲ”

ထို့နောက် ဝူဟုန်က မျက်မှောင်ကြုတ်လိုက်သည်။

“မင်းလည်း သတိထားမိတယ်မလား”

“ဟုတ်တယ်။ ဒါက ဆန့်ကျင်ဘက် ဖြစ်နေတာပဲ” ဝူဟုန်က ခေါင်းညိတ်လိုက်သည်။ မဟာတာအိုက သူမ၏ ပြီးပြည့်စုံမှုကို ကန့်သတ်ခြင်းဖြင့် တားဆီးခဲ့သော်လည်း ကံကြမ္မာကမူ သူမအား ပြီးပြည့်စုံသည့် လမ်းစဉ်ကို လျှောက်လှမ်းဖို့ လွှမ်းမိုးချင်နေသည်။

“အကြောင်းအရင်းက ဘာဖြစ်မယ်ထင်လဲ” ဝမ်ဝေ့က မေးလိုက်၏။

“မဟာတာအိုရဲ့ ဆန့်ကျင်ဘက်ဖြစ်မှုက လူတွေကို ထုတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ ကစားစေချင်တာ” ဝူဟုန်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

“အဲဆိုတော့ ရှုကျင်းယောင်ကို အဲဒီလမ်းစဉ် လျှောက်လှမ်းစေချင်ပေမဲ့ သူမက အဲဒီခွန်အားကို ရဖို့ ကြိုးစားအားထုတ်ရလိမ့်မယ်”

“ဒါမှမဟုတ် တစ်ယောက်ယောက်က မဟာတာအိုရဲ့ အစီအစဉ်မှာ ဝင်နှောင့်ယှက်လိုက်တာမျိုးပေါ့”

“ ကံကြမ္မာစီရင်သူ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“သူလို့ ထင်နေတာလား”

“သူက မဟာတာအိုကို သူ့နေရာ အစားထိုးဖို့ တစ်ခုခု လုပ်နေတယ်ဆိုတာတော့ သိထားတယ်” ဝမ်ဝေ့က သုံးသပ်လိုက်သည်။

“သူ့အပြစ်ကြွေးက ပြီးပြည့်စုံမှုကို‌ လေ့လာတာဆိုရင် ဘယ်လိုဖြစ်သွားမလဲ”

“ဖြစ်နိုင်တယ်” ဝူဟုန်က ရေရွတ်လိုက်သည်။

“မင်း သဘောမတူဘူးလား”

“မဟုတ်ပါဘူး” သူမက ပြန်ဖြေလိုက်သည်။

“ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်တွေရဲ့ အခြေခံဂုဏ်သတ္တိတစ်ခုက စည်းမျဉ်းတွေနဲ့ ချုပ်နှောင်မခံရတော့တာပဲ။ သူတို့က ပိုအားကောင်းလာလေလေ ပိုပြီး လွတ်မြောက်လာလေလေပဲ”

“ကံကြမ္မာစီရင်သူက မဟာတာအိုရဲ့ လက်အောက်ခံတစ်ယောက်ဆိုပေမဲ့ စည်းမျဉ်းက သူ့အပေါ် အများကြီး ကန့်သတ်ထားလိမ့်မယ်လို့ မထင်ဘူး ”

“မင်းပြောတာလည်း ဟုတ်သား” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“အဲဆို သူ ဘာလုပ်လိုက်တယ်လို့ ထင်လဲ”

“သူ့အပြစ်ကြွေးက အထက်ရဲ့ အာဏာကို တပ်မက်မိတာလို့ ထင်တယ်” ဝူဟုန်က ပြောလိုက်သည်။

“ကျွန်မ ပြောတဲ့အတိုင်း ပြီးပြည့်စုံမှုက မဟာတာအိုနဲ့ ပိုနီးကပ်လာစေတယ်။ သူက မဟာတာအိုရဲ့ အနှစ်သာရ ပါဝင်နေတဲ့ ပြီးပြည့်စုံတဲ့ သက်ရှိကို ပြုစုပျိုးထောင်ပေးချင်တာလို့ ထင်တယ်။ အဲဒီနောက် သူက ပိုမြင့်မားတဲ့အဆင့်ရောက်အောင် လေ့လာလိမ့်မယ်”

“မင်းကတော့ တကယ်ပါပဲ” ဝမ်ဝေ့က အကြည့်များ တောက်ပလာကာ ပြောလိုက်သည်။ သူက ပြီးပြည့်စုံသည့် အုတ်မြစ်ကို တည်ဆောက်စဉ်အခါက မဟာတာအို၏ အနှစ်သာရကို ချောင်းကြည့်ခဲ့ဖူးသည်။ အကယ်၍ သူသာ လေ့လာဖို့ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကို ရရှိထားသည့် ရှုကျင်းယောင်လို လူမျိုး ရှိနေလျှင် ဝမ်ဝေ့အနေနှင့် သူ ဘယ်လောက်အထိ အောင်မြင်သွားမလဲ မတွေးတတ်တော့ပေ။

“ဒါက သူ့အပြစ်ဆိုရင် သူ့ကို ပိုလေးစားသင့်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။ ကာဒီနယ်ခြောက်ယောက်အပေါ် သူ့အမြင်က သူတို့သည် သူတို့တာဝန်ပြီးဆုံးသွာသည့်အခါ စွမ်းအားကို ထိန်းသိမ်းနိုင်ရန်အတွက် မဟာတာအိုကို အလုပ်အကျွေးပြုဖို့ ရွေးချယ်ထားကြသည်။ သို့သော်လည်း ကံကြမ္မာစီရင်သူက ပိုပြီး ရည်ရွယ်ချက်ကြီးမားလာကာ တခြာနည်းလမ်းကို ရွေးချယ်ခဲ့ပါက ပိုလေးစားမိလိမ့်မည်။

“အခု ဒီခေါင်းစဉ်အကြောင်း ပြောနေတော့ တခြားတစ်ယောက်ကို တွေးမိသွားတယ်”

“ရှင်က တိထျန်းကို ပြောနေတာလား”

“ဟုတ်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ အစတုန်းက သူ့ကို သံသရာကာဒီနယ်ရဲ့ နယ်ရုပ်လို့ ထင်ခဲ့မိတာ။ ဒါပေမဲ့ သူရဲ့ ပြီးပြည့်စုံမှုအပေါ် အစွဲအလမ်းကြောင့် ကံကြမ္မာကာဒီနယ်ရဲ့ နယ်ရုပ် ဖြစ်နေနိုင်တယ်”

တိထျန်းက ဖန်ဆင်းမှုကို အရင်ဆုံး လေ့လာခဲ့ပြီး သူ့ပထမဘဝ၌ အပြီးပြည့်စုံဆုံး သက်ရှိကို ဖန်တီးခဲ့သည်။ ထို့ကြောင့် ကံကြမ္မာကာဒီနယ်က သူ့ဒုတိယဘဝတွင် သံသရာတာအိုကို စတင်ကျင့်ကြံခဲ့သည့်အခါ စွန့်ပစ်လိုက်နိုင်ချေရှိကြောင်း သို့မဟုတ် သံသရာကာဒီနယ်က တိထျန်းကို ရဖို့ ကံကြမ္မာကာဒီနယ်နှင့် အပေးအယူတချို့ လုပ်ခဲ့လောက်သည်ဟု ခန့်မှန်းမိလိုက်၏။

ဝူဟုန်က သက်ပြင်းချလိုက်သည်။

“အစွဲအလမ်းဆိုတာ အားကောင်းလွန်းပေမဲ့ တစ်စုံတစ်ယောက်ကို ကြိုးကိုင်ဖို့လည်း အလွယ်ဆုံးနည်းလမ်းပဲ ”

“ဒီထက် သင့်တော်တဲ့ စကား မရှိတော့ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲဆိုတော့ မင်းရဲ့ အစွဲအလမ်းကရော ”

“ကျွန်မလား … ကျွန်မက ထိုက်တန်တယ်ဆိုတာ ကမ္ဘာကြီးကို သက်သေပြချင်ခဲ့တာ” ဝူဟုန်က ပြောလိုက်သည်။

“ဒါပေမဲ့ အခုတော့ အစွဲအလမ်းတစ်ခု မဟုတ်တော့ဘဲ ရည်ရွယ်ချက်တစ်ခုလိုမျိုး ဖြစ်လာတာ ”

“မင်းက ဒီလိုအနှောင်အဖွဲ့ကနေ လွတ်မြောက်လာတာ ကံကောင်းတာပဲ” ဝမ်ဝေ့က ပြုံးကာ ဖြေလိုက်သည်။ တိထျန်း၊ လင်းဖန်နှင့် ရှုကျင်းယောင်တို့က အစွဲအလမ်းဖြင့် ထိန်းချုပ်ခံနေရသူများ ဖြစ်နေနိုင်သည်။ သို့သော် သူ့အတွက်လည်း အတူတူ ဖြစ်မနေဘူးလား။

ဝမ်းနည်းစရာကောင်းသည့် အမှန်တရားက သူသည် အနှောင်အဖွဲ့ကင်းကင်း လွတ်မြောက်လိုသရွေ့ အမြဲတမ်း နယ်ရုပ်သာ ဖြစ်နေလိမ့်မည်။

“စိတ်ဓာတ်ကျသွားတာလား” ဝူဟုန်က မေးလိုက်သည်။

“ဘယ်ဟုတ်ပါ့မလဲ” ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ ပြန်ဖြေလိုက်သည်။

“ အဆုံးသတ်အထိ ဘယ်သူက နယ်ရုပ်လဲ ဘယ်သူက ကစားသမားလဲဆိုတာ မသိနိုင်ပါဘူး”

“ဒီလိုမှပေါ့”  သူမက ပြုံးလိုက်သည်။

All Chapters