ပွဲအခမ်းအနား၏ ဒုတိယပိုင်း
Vol. 91 Ch. 1267
“အဲဆိုတော့ တိုက်ပွဲရူးက ဘာဖြစ်ခဲ့လဲဆိုတာ သိထားလား” ဝမ်ဝေ့က ဆက်မေးလိုက်သည်။ ဝူဟုန်က သူ့ယခင်မေးခွန်း၏ တစိတ်တပိုင်းကိုသာ ဖြေကြားခဲ့၏။
“အဲဒါတော့ အများကြီး မသိထားဘူး” ဝူဟုန်က ပြန်ဖြေလိုက်သည်။
“ကျွန်မ သိထားသလောက် အဲဒါက အကြွင်းမဲ့တားမြစ်ချက်နဲ့ မဆိုင်ဘဲနဲ့ ချီယွမ်က သုံးယောက်စုအရှင်လို့ ခေါ်တဲ့ လူတစ်ယောက်ဆီကနေ အမွေအနှစ် လက်ခံရခဲ့တာတဲ့။ သူက သူတို့မောင်နှမသုံးယောက်ကို အဲဒီအမွေအနှစ် လက်ခံစေချင်တာလေ။ အဲဒါကြောင့် တိုက်ပွဲရူးကို ဆင့်ခေါ်ဖို့ နည်းလမ်းတွေ့ခဲ့တာ”
“တစ်ခုခု မှားသွားခဲ့ပြီးတော့ တိုက်ပွဲရူးက ဒုက္ခတွေ့ပြီး သူ့ထာဝရလမ်းစဉ် အောင်မြင်မှုက ပြန်လည် ရေးသားခံလိုက်ရတယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ သူက ဘယ်လိုလုပ်ခဲ့တာလဲ”
“အတိတ်ဆီ လူတွေကို ဆင့်ခေါ်ဖို့လား။ သူက ပထမဦးဆုံးအကြိမ်အနေနဲ့ အချိန်ကာဒီနယ်နဲ့ အပေးအယူလုပ်ခဲ့တာ။ အဲဒီလူက သူ့ကို အချိန်လွတ်ငြိမ်းခွင့် အမှတ်အသားပြားကို ပေးခဲ့ပြီးတော့ အကျိုးဆက်မရှိဘဲ အချိန်ကို အနေအထားတစ်ခုအထိ ရှုပ်ထွေးခွင့်ပြုခဲ့တယ်”
ဝမ်ဝေ့က အံ့အားသင့်သွားလေသည်။
“သူက အဲလောက်အထိ လုပ်ခဲ့တာလား။ သုံးယောက်စုအရှင်ရဲ့ အမွေအနှစ်က ဘယ်လိုမျိုးမလို့လဲ”
ဝူဟုန်က ပခုံးတွန့်လိုက်သည်။ သူမက ယန်းအိုက်နှင့် ရင်းနှီးသော်လည်း ထိုအမွေအနှစ်အကြောင်း ထုတ်မပြောခဲ့ဖူးပေ။
“ ဒုတိယအကြိမ် ပြောတော့မှ သူ သက်တံဧကရာဇ်နဲ့ တခြားလူတွေကို ဆင့်ခေါ်တဲ့ အချိန်လည်း ရှိသေးတာပဲ”
“ဟုတ်တယ်” ဝူဟုန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမက ရပ်တန့်ကာ သူ့အား ထူးထူးဆန်းဆန်း ကြည့်လိုက်၏။
“ဘာဖြစ်လို့လဲ” ဝမ်ဝေ့က ကြောင်အသွား၏။
“ဒုတိယအကြိမ်အတွက်တော့ သူက အမှတ်အသားပြားကနေ သင်ယူထားသမျှကို သူ့မူလတာအိုကို သုံးပြီး အစီအရင်တစ်ခု ဖန်တီးခဲ့တာ။ ကျွန်မ သိထားသလောက် သူက ကာလံဒေသံကို ဖြတ်ကျော်ပြီး တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ မူလဧကရာဇ် ၁၂ ယောက်ကို ဆင့်ခေါ်ချင်ခဲ့တာလေ။ ဒါပေမဲ့ အစီအရင်က ဆယ်ယောက်မြောက်ကို ဆင့်ခေါ်နေတုန်း ကျရှုံးသွားခဲ့တယ်”
“ဒါပေမဲ့ ကိုယ်က ဆယ်ယောက်မြောက်လေ” ဝမ်ဝေ့က ပြောလိုက်သည်။
“ဟုတ်တယ်” ဝူဟုန်က ပြောလိုက်သည်။
“အဲဆို ဘာလို့ ဆင့်ခေါ်မှုကို မခံစားမိတာလဲ”
“ရှင့်ကို ဘာပြောပြရမလဲ မသိတော့ဘူး” ဝူဟုန်က ဆက်ပြောလိုက်သည်။
“ ချီယွမ်က ဘာပဲလုပ်ခဲ့လုပ်ခဲ့ သူက ရှင့်ကို မရနိုင်လို့ လက်လျော့ခဲ့ရတာ။ ဒါပေမဲ့ အဲဒီနေ့ကတည်းက ရှင်က တစ်ခုခု ထူးခြားနေမှန်း သူတို့တွေ သိထားပြီးသား ”
“အခု အားလုံးက ဆက်နွယ်သွားပြီပဲ” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
“ဆင့်ခေါ်မှုက ဘာလို့ ကျရှုံးသွားတယ် ထင်လဲ”
“ရှင့်ကြမ္မာက အရမ်းအားကောင်းပြီးတော့ ရှင်က ဆင့်ခေါ်မှုကို ခုခံခဲ့တာမျိုး ဖြစ်နိုင်တယ်” ဝူဟုန်က ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ ကျွန်မက မဟာတာအိုအနေနဲ့ ရှင်သာ အချိန်ကာလံကို ဖြတ်ကျော်လာမယ်ဆိုရင် ရှင့်တည်ရှိမှုက ကမ္ဘာကြီးအပေါ် အများကြီးသက်ရောက်မှု ဖြစ်လာစေမယ်ဆိုတာ သိလို့ ဝင်စွက်ဖက်ခဲ့တယ်လို့ ပိုယုံတယ် ”
“ဒါက အတော်လေး ဉာဏ်ရှိတာပဲ” ဝမ်ဝေ့က နှာခေါင်းရှုံ့လိုက်သည်။ သူသာ ဒုတိယမြောက် မူလစစ်ပွဲတွင် ပါဝင်ဆင်နွဲပါက အခြေအနေကို ပိုဆိုးရွားသွားစေနိုင်ကြောင်း သိထားသည်။
“ခဏ … ဘိုးဘေးဆီ အတိတ်ကို ပြန်ပို့နိုင်တဲ့ နည်းလမ်းအကြောင်း မေးဖို့ စီစဉ်ထားတာ။ အဲဆိုတော့ ဒါက မဖြစ်နိုင်တော့ဘူးပေါ့”
“အဲလိုလည်း မဟုတ်ဘူး။ ရှင့်လိုမျိုး တာအိုနယ်ရှင်တွေက သဘာဝအရ ပြဿနာမီးမွေးရှာသူတွေလေ။ အဲဆိုတော့ မဟာတာအိုက ရှင့်အပေါ် ကန့်သတ်ချက်များများ ထားထားရုံပဲ” ဝူဟုန်က ပြန်ဖြေလိုက်သည်။
ဝမ်ဝေ့က ကျိန်ဆဲလိုသွားသည်။
“ဒါပေမဲ့ ရှင်က ဘာလို့ အတိတ်ကို ပြန်သွားချင်တာလဲ”
“မင်းလိုမျိုး မကောင်းဆိုးဝါးအိုကြီးတွေနဲ့ ရင်ဆိုင်တဲ့အခါမှာ ကိုယ်က သက်တမ်းနဲ့ အတွေ့အကြုံ နည်းပါးနေတာကို သဘောပေါက်သွားလို့လေ။ အဲဆိုတော့ အတိတ်ကို သွားပြီး အဲဒီအချိန်မှာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်တာ ”
“ဘယ်သူ့ကို အိုတယ် ပြောနေတာလဲ” ဝူဟုန်က မျက်လုံးဝေ့ကြည့်လိုက်သည်။
“ဒါပေမဲ့ ကျွန်မလည်း တူညီတဲ့ အခြေအနေကို ရင်ဆိုင်ဖူးတော့ နားလည်ပါတယ်” သူမက ပြိုင်ဖက်ကင်း ပါရမီရှိထားပြီး အားလုံးကို အနိုင်ယူဖို့ ယုံကြည်ချက်ရှိထားသော်လည်း သူမ တွေ့သမျှ လူများက သူမနှင့် ပါရမီ တူသည့်လူ သို့မဟုတ် နီးကပ်နေသည့် လူများ ဖြစ်သည့်အတွက် ပြဿနာ ဖြစ်လာရသည်။
“အဲဆိုတော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းခဲ့လဲ”
“အရင်ဆုံး ကျွန်မက အဲဒီလူအိုကြီးတွေရဲ့ အတွေ့အကြုံတွေကို သင်ယူဖို့ ဖယ်ရှားစည်းပိတ်ခဲ့တယ်။ ဒါပေမဲ့ ဒါက အများကြီး အထောက်အကူ မဖြစ်ဘူး။ အဲဒါကြောင့် ကမ္ဘာဦးဟွင်သွမ်းထဲ အဖြေကို လိုက်လံရှာဖွေခဲ့တော့ စကြဝဠာအမှတ်အသား စစ်ဆေးမှုကို တွေ့လိုက်ရတယ်။ အဲဒါက ဟွင်သွမ်းစကြဝဠာတစ်လျှောက်မှာ တည်ရှိခဲ့ဖူးတဲ့ စံပြအားလုံးရဲ့ အမှတ်အသားအားလုံး ပါဝင်နေတာပဲ”
“ကျွန်မ အဲဒီမှာ သူတို့နဲ့ တိုက်ခိုက်ရင်း သင်ယူရင်းနဲ့ ယွမ်ခေတ်ကာလအများကြီး အချိန်ကုန်ဆုံးခဲ့ရတယ်။ စစ်ဆေးမှုက အပြင်ဘက်ထက် အချိန်စီးဆင်းမှု မြန်ဆန်တော့ ပိုအကျိုးကျေးဇူးရှိတာပေါ့”
ဝမ်ဝေ့၏ အကြည့်များက တောက်ပလာသည်။
“ကိုယ်ရော ဝင်လို့ရလား”
“မရဘူး။ ဒါပေမဲ့ အဲဒီနေရာက တိုက်ပွဲရူးရဲ့ သဘောအကျဆုံးနေရာတစ်ခုဆိုတာတော့ သိတယ်။ အဲဒါကြောင့် သူ့ဆီမှာ ဝင်ခွင့်အမှတ်အသားပြားတွေ အများကြီးရှိတယ်။ သူ့ဆီကနေ တောင်းလိုက်လေ ”
ဝမ်ဝေ့က စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။ သူ့ဘိုးဘေးတွင် နည်းလမ်းရှိနေသရွေ့ သူ့အနေနှင့် ဝင်ရောက်ဖို့ ပြဿနာ ရှိမည် မဟုတ်ပေ။ သူက အချိန်သွားလာဖို့ အပြီးတိုင် လက်လျော့ခြင်း မရှိသေးသော်လည်း ဤသည်က သူ ကျရှုံးသွားခဲ့လျှင် အရန်အစီအစဉ် ဖြစ်၏။
ဝမ်ဝေ့က တစ်စုံတစ်ခု ပြောတော့မည့်ဆဲဆဲတွင် တစ်ခုကို အာရုံခံမိလိုက်သည်။ သူက လေဟာနယ်ထဲမှ အဆောင်တစ်ခုကို လက်ခံရရှိလိုက်၏။
ဂိုဏ်းကနေ ဆက်သွယ်ရေးအဆောင်လား …
သူတို့က အရေးကြီးသည့် အရာ မဖြစ်သရွေ့ စတင်ဆက်သွယ်မည် မဟုတ်ကြောင်း သိထားသည်။ သူက အံ့ဖွယ်အသိစိတ်ကို အဆောင်ထဲ ပို့လွှတ်ကာ သတင်းအချက်အလက်ကို ဖတ်ရှုလိုက်သည်။
ရှုကျင်းယောင် … သေမျိုးစစ်ဆေးမှု ဆင့်ခေါ်ရေး အခမ်းအနား …
ဒါက ရှောင်ထျန်းတိရဲ့ လက်ချက်ပဲ နေမယ်
သူက ငါနဲ့ အမှီလိုက်ချင်နေတာလား
ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်သည်။
“သေမျိုးစစ်ဆေးမှုဆိုတာ ကြားဖူးလား ”
“အင်း။ အဲဒီအတွက် အမှတ်အသားပြား တစ်ခါ တွေ့ဖူးတယ်။ ဒါပေမဲ့ ကျွန်မက စံပြ ဖြစ်နေပြီဆိုတော့ အသုံးမဝင်ခဲ့ဘူးလေ”
ဝမ်ဝေ့က ထိုစကားများကြောင့် အံ့အားသင့်ခြင်း မရှိသော်လည်း ဆက်တိုက်ဆိုသလို ထိုအမျိုးသမီးက ကံကြမ္မာ မျက်နှာသာပေးခံရသည့် သူ့ထက် ပိုကံကောင်းနေကြောင်း စဉ်းစားမိနေသည်။
“ဘာလို့ ရုတ်တရက် မေးရတာလဲ”
ဝမ်ဝေ့က အဆောင်မှ သတင်းအချက်အလက်အကြောင်း ရှင်းပြလိုက်သည်။
“ဒါက ပြောင်မြောက်တဲ့ အစီအစဉ်ပဲ။ အလုပ်ဖြစ်နိုင်တယ်” ဝူဟုန်က ချီးကျူးလိုက်၏။
“အဲဒီအမှတ်အသားပြား ရှိသေးလား”
“ဟင့်အင်း … တစ်ခြားတစ်ခုနဲ့ လဲလိုက်ပြီ” ဝူဟုန်က ရှင်းပြလိုက်သည်။
“နှမြောစရာပဲ” ဝမ်ဝေ့က ဤအခြေအနေကို အခွင့်ကောင်းယူကာ စစ်ဆေးမှုအား ကြိုတင်အသုံးပြုဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။
………………..
ပထမအထပ် …
ရှုကျင်းယောင်က သူမ၏ အလှတရားနှင့် မြင့်မြတ်မှုတို့အကြောင်း ကဗျာဖွဲ့ဆိုထားသည့် အမျိုးသမီးတစ်ယောက်၏ အံ့ဩလောက်ဖွယ် ကဗျာကို ချီးကျူးလိုက်သည်။ ထိုကဗျာကိုယ်တိုင်က သေချာရေးသားထားသော်လည်း သူမ ဂရုစိုက်မိဖို့ ခက်သည့် အလှတရားအကြောင်း များစွာ ချီးကျူးထားလေသည်။
ဤအခမ်းအနားတွင်း ၉၉ ရာခိုင်နှုန်းလောက်သော ကဗျာ၊ လက်ရေးလှနှင့် သီချင်းတို့က သူမ၏ အလှတရားအကြောင်း ရေးဖွဲ့နေခြင်းသာ ဖြစ်၏။ ထို့ကြောင့် ရှုကျင်းယောင်က ကွဲပြားသည့် ခေါင်းစဉ် ရွေးချယ်သည့် ၁ ရာခိုင်နှုန်းအပေါ်ကို စိတ်အားထက်သန်မှု ပြလိုက်သည်။
သူလည်း ဒီပွဲအခမ်းအနားမှာ ဝင်ရောက်ဆင်နွဲဖို့ မျှော်လင့်မိတယ် … ကံဆိုးတာက …
ရှုကျင်းယောင်က ဝမ်ဝေ့၏ အခန်းငယ်ကို မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်သည်။ ဒုတိယအထပ်ရှိ လူများစွာက သူမရှေ့တွင် ပေါ်ထွက်လာဖို့ ဆင်းလာကြသော်လည်း ထိုအခန်းငယ်ကမူ လှုပ်ရှားမှုဟူ၍ မရှိပေ။
သူက လှုပ်ရှားဖို့ အစီအစဉ် မရှိမှတော့ ထားလိုက်ပါတော့
ရှုကျင်းယောင်က တွေးလိုက်သည်။
“တာအိုရောင်းရင်းတို့ ” သူမက ရေရွတ်လိုက်သည့်အခါ စည်ကားအသက်ဝင်နေသည့် လေထုက ဆိတ်ငြိမ်သွားပြီး အာရုံအားလုံးက သူမဆီ ကျရောက်လာသည်။
“ ဒါက ပွဲအခမ်းအနားရဲ့ ပထမပိုင်း အဆုံးသတ်ပါ” အားလုံးက ပွဲအခမ်းအနားသည် စတင်ခါစ ဖြစ်ပြီး ၂၀ ရာခိုင်နှုန်းလောက်သာ စင်မြင့်ပေါ် သွားရသေးသည့်အတွက် အံ့ဩသွားကြသည်။ လူများက အတွန့်တက်လိုကြ၏။ ဤသည်က သူတို့၏ နတ်ဘုရားမရှေ့ ကိုယ့်ဘာသာ ထုတ်ပြနိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လေရာ မည်သို့ အဆုံးသတ်ခံမည်နည်း။ သို့သော်လည်း နတ်ဘုရားမကိုယ်တိုင်က အဆုံးသတ်လိုက်၍ သူတို့က အတွန့်တက်ပိုင်ခွင့် မရှိပေ။
“ပါဝင်ဆင်နွဲပေးကြတဲ့ လူအားလုံးကို ကျေးဇူးပါ။ ဒါက ကျွန်မအတွက် အများကြီးအဓိပ္ပါယ်ရှိပါတယ်” ရှုကျင်းယောင်က ဖြူစင်စွာ ပြုံးရင်း ပြောလိုက်သည်။ သူမ၏ အပြုအမူက လူများ၏ စိတ်မကြည်မှုအားလုံးကို စက္ကန့်ပိုင်းလေးအတွင်း ကွယ်ပျောက်သွားစေ၏။
“နောက်ကဏ္ဍက တာအိုဟောပြောခြင်းပါ … ” ရှုကျင်းယောင်က ဆက်ပြောလိုက်သည်။
“အားလုံးက ဟောပြောပို့ချဖို့ နှစ်တစ်ထောင်စီ အချိန်ရပါ့မယ်။ အခု အဆင့် ၁၀ ကျင့်ကြံသူတွေနဲ့ စလိုက်ကြရအောင် … ” သူမက လက်ဝေ့လိုက်ပြီး အားလုံးအတွက် အပြာရောင်အမွေးတိုင်တစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။
“ဒါက ကောင်းကင်ဘုံတမျှ အလှတရားအမွေးတိုင်ပါ” သူမက ဆက်ပြောလိုက်သည်။
“ နန်းဆောင်ထဲက အစီအရင်ထဲမှာ အသုံးပြုတဲ့အခါ အာနိသင်က အဆင့် ၁၁ ဗောဓိသစ်ပင်ထက် မနည်းပါဘူး။ အခု ထာဝရအရှင် ဓားခြောက်လက်နဲ့ စလိုက်ကြရအောင်”
ရှင်က မပါချင်မှတော့ ကျွန်မက လှုပ်ရှားရမှာပေါ့ …
ရှုကျင်းယောင်က တွေးလိုက်သည်။ ဤကံကြမ္မာဆက်သည့် ချစ်သူက မည်သို့သောတာအိုကို ကျင့်ကြံနေလဲ သိထားလျှင် သူက ဘယ်လိုလူစားမျိုးလဲ ကောက်ချက်ချကြည့်နိုင်သည်။
“ မိန်းကလေးရှု အခွင့်အရေးပေးတာ ကျေးဇူးပါ” ထာဝရအရှင် ဓားခြောက်လက်က ဓားသမားတစ်ယောက်၏ အရှိန်အဝါဟန်ပန်ရှိထားသည့် ရုပ်ချောချော လူလတ်အရွယ် အမျိုးသားတစ်ယောက် ဖြစ်သည်။
“ တာအိုရောင်းရင်းတို့ ထူးကဲတဲ့ ချီခြောက်မျှင်ဖြစ်တဲ့ ဝန်ရိုးစွန်းချီ၊ မိုးမြေချီ၊ အထွတ်အထိပ် ယင်ယန်ချီ၊ နက်နဲအဝါရောင်ချီ၊ သေခြင်းရှင်ခြင်းချီနဲ့ အစစ်အမှန်ချီကို စုပ်ယူပြီးတဲ့နောက်မှာ ဖန်တီးထားတဲ့ ကျုပ်ရဲ့ ဓားခြောက်လက် နည်းစနစ်ကို နားထောင်ပေးကြပါဦး။ အရင်ဆုံး ဝန်ရိုးစွန်းကနေ စလိုက်မယ် … ”
ဒုတိယအထပ်တွင်
ဝမ်ဝေ့က ထိုပွဲအခမ်းအနားတွင် အပြည့်အဝ အာရုံစိုက်ထားလိုက်သည်။ သူက တွဲဖက်ကို ဆွဲဆောင်ဖို့ အမြီးဖြန့်ကပြနေသည့် ဒေါင်းဖိုလို လူများကို အာရုံမစိုက်သော်လည်း သူ့အတွက် အကျိုးရှိသည့် တာအိုဟောပြောမှုကို သဘောကျလေသည်။
“ဓားခြောက်လက်က အတော်လေး ကံကောင်းပြီး ထူးချွန်တာပဲ ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ ထူးကဲသည့် ချီခြောက်မျှင်ကို ရှာတွေ့သည်က ကိစ္စတစ်ခု ဖြစ်ပြီး ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်ခြင်းက နောက်ထပ် ကိစ္စတစ်ခု ဖြစ်၏။ ထို့အပြင် သူက ဆန်းပြားသည့် ဓားရေးနည်းစနစ်များကို ဖန်တီးထားဟန်ပေါ်သည်။
“သူက ချီပင်မမျိုးနွယ်ဆိုတော့ ဒီလိုထင်ထားပြီးသားပါပဲ” ဝူဟုန်က ပြောလိုက်သည်။ ဝမ်ဝေ့က ထိုမျိုးနွယ်ကို မှတ်မိဖို့ အချိန်ခဏ ယူခဲ့ရ၏။ သူတို့က အာကာသမျိုးနွယ်၏ ချီအတွက် ပါရမီကို ပြန်လည်ဖန်တီးဖို့ ဖန်တီးခံထားရခြင်း ဖြစ်သည်။ ချီပင်မျိုးနွယ်က အာကာသမျိုးနွယ်နှင့် ယှဉ်လိုက်လျှင် နိမ့်ကျသော်လည်း တချို့သော ပါရမီရှင်များက လက်ရည်တူ ယှဉ်ပြိုင်နိုင်ကြသည်။
ဒါတွေအားလုံးပြီးသွားရင် သူ့ကို အဖွဲ့ထဲ ခေါ်လို့ရမလား ကြည့်ရသေးတာပေါ့ …
ဝမ်ဝေ့က မျက်လုံးကို မှိတ်ကာ ဟောပြောပို့ချချက်ကို နားထောင်လိုက်သည်။