တခြားအုတ်မြစ်များ
Vol. 91 Ch. 1269
ဝူဟုန်က ဟောပြောပို့ချချက်ကို နားထောင်ဖို့ သူမစိတ်ကို နှစ်ပိုင်းခွဲခြားထားစဉ် အတိုင်းအတာမဲ့ ဧကရာဇ် ဂုဏ်ပုဒ်ကို ရနိုင်မည့် အကောင်းဆုံးနည်းလမ်းကို ဆက်လက် ကောက်ချက်ချနေသည်။ စက္ကန့်ပိုင်းလေးအတွင်း သူမစိတ်ထဲ ဖြစ်နိုင်ချေမြောက်များစွာကို တွက်ချက်ခဲ့ပြီး အစီအစဉ်အတွက် နည်းလမ်းများစွာကို တွေးတောနေသည်။ သို့သော်လည်း နောက်ဆုံးသောတစ်ခု မတိုင်ခင်အထိ သူမ ရလာသည့် ဖြေရှင်းနည်းများကို မကြိုက်ပေ။
ဒီနည်းလမ်းက ဖြစ်နိုင်ပေမဲ့ အရမ်းကြာလွန်းတယ် …
သူမ၏ အဓိကပြဿနာက ထိုကောင်စုတ် သူမကို လိုက်မှီလာနိုင်သည့်အတွက် အချိန်များစွာမရခြင်း ဖြစ်၏။ ထို့ကြောင့် အရမ်းအချိန်အကြာသည့် နည်းလမ်းက အကျိုးမရှိပေ။
ဝူဟုန်က အတွေးတစ်ခု ပေါ်မလာခင် မျက်မှောင်ကြုတ်လိုက်သည်။
ငါ သူ့ကို ထုတ်မေးလိုက်ရင်ရော …
သူမက မျက်မှောင်ကြုတ်ကာ ထပ်စဉ်းစားလိုက်သည်။
သူ့အဖြေပေါ် မူတည်ပြီး သူ့အကြောင်း အများကြီး သိလာလိမ့်မယ် …
ထို့ကြောင့် သူမက ဝမ်ဝေ့ဆီ မေးဖို့ ထာဝရအရှင်ဓားခြောက်လက်၏ ဟောပြောပို့ချချက် ပြီးသည့်အထိ စောင့်လိုက်သည်။ သူမက သူ့အား ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်မှာ အုတ်မြစ်၏ အရေးပါပုံအကြောင်း ကောက်ချက်ထားမှုအပါအဝင် အရာအားလုံးကို ပြောပြခဲ့သည်။
ထိုစဉ် ဝမ်ဝေ့က သူမကို ပါးစပ်အဟောင်းသား ကြည့်နေမိ၏။ သူက အသက်ပြင်းပြင်းရှုကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။
“ ကိုယ်သာ မှန်မယ်ဆိုရင် မင်းက ကိုယ် မင်းကို အနိုင်မကျင့်အောင် အဲလေ မဟုတ်သေးဘူး ကိုယ့်လက်စားချေမှုကြောင့် အုတ်မြစ်တိုးတက်အောင် လုပ်ဖို့ လှုံ့ဆော်မှုရသွားတာမလား။ ဒါပေမဲ့ အခု မင်းက ကိုယ့်အိပ်မက် ဖြည့်ဆည်းတာကို ဘယ်လိုတားဆီးရမလဲလို့ မေးနေတာလား”
“ အခြေအနေကို တကယ့်ထက် ဝတ္ထုဆန်ဆန် ဘယ်လိုများ သုံးသပ်လိုက်တာလဲ”
“ဒါပေမဲ့ တကယ်ကို ဝတ္ထုဆန်နေတာလေ” ဝမ်ဝေ့က ပြောလိုက်သည်။
“ကိုယ့်ဘဝမှာ ကိုယ် တစ်ခါမှ မရိုက်နှက်ဖူးတဲ့ ပြိုင်ဘက်တစ်ယောက်တည်းပဲ ရှိတယ်။ အဲဒါ မင်းပဲ။ အခု မင်းက ကိုယ့်ကို ဆက်ရိုက်နိုင်ဖို့ ကူညီပေးဖို့အထိ မျှော်လင့်နေတာလား” သူက နာကျင်မှု၊ ဝေဒနာနှင့် ခံပြင်းမှုတို့ကို ဖုံးကွယ်မထားပေ။
“ရှင်က ဒရမ်မာကင်းပဲ ” ဝူဟုန်က မျက်လုံးဝေ့ပြောလိုက်သည်။
“အဲဆိုတော့ ရှင့်ဆီမှာ ဘယ်လိုအကြံမျိုး ရှိလဲ”
ဝမ်ဝေ့က နားထင်ကို ပွတ်ကာ ဆက်လက်ငြီးတွားနေသည်။
သူမက ငါ့ကို တစ်နည်းနည်းနဲ့ စောင့်ကြည့်ထားပြီးသား … ငါ ထုတ်ပြောလိုက်ရမလား
ထားလိုက်ပါတော့ ဒီလိုအရာမျိုးအတွက် ရန်ဖြစ်တာ အကျိုးမရှိပါဘူး …
“ကောင်းပြီလေ … မင်းက အဲဒီကိုယ်ပွားကို အသုံးပြုလို့မရဘူး” ဝူဟုန်က ထိုနည်းလမ်း၏ ဆိုးကျိုးကို အသေးစိတ် မပြောပြသွားသော်လည်း ဝမ်ဝေ့က မြင်နိုင်လေ၏။ သူက ဤနည်းလမ်းအောက်တွင် မည်မျှဒုက္ခရောက်နိုင်ကြောင်း ကြိုမြင်နေမိသည်။
တချို့က သူတို့သည် တော်တတ်ကာ ပြန်လည်ဝင်စားခြင်းကို အသုံးပြုပြီး သိသာစေသည့် ဇစ်မြစ်တစ်ခုကို ပေးထားခြင်းဖြင့် ကိုယ်ပွားကို ဖုံးကွယ်နိုင်လိမ့်မည်ဟု တွေးကောင်းတွေးမိကြလိမ့်မည်။ သို့သော်လည်း ဤသည်က ကိုယ့်သေတွင်းကို တူးနေခြင်းသာ ဖြစ်၏။ သူတို့က ယမမင်းဆီမှ ကိုယ်ပွားကို အောင်အောင်မြင်မြင် ဖုံးကွယ်ထားနိုင်လျှင် ကံကောင်းနိုင်သော်လည်း ထိုသို့မဟုတ်ပါက အဆုံးသတ်သွားနိုင်သည်။
အကယ်၍ ထိုခွေးကောင်များကသာ ယမမင်းကို ရန်စထားတာမျိုး ဒါမှမဟုတ် အကြောင်းအရင်းတချို့ကြောင့် ရန်လိုစိတ်ကို နိုးဆွထားနိုင်ပါက သူတို့ကိုယ်ပွားကို တာ့တာ့ နှုတ်ဆက်လိုက်ရလိမ့်မည်။ ယမမင်းက ကိုယ်တိုင်ဘာမှမလုပ်လျှင်ပင် သူတို့က မူလပိုင်ရှင်၏ ရန်သူများထံ ထိုသတင်းကို တိတ်တဆိတ် ထုတ်လွှင့်လာနိုင်သည်။
သို့သော်လည်း ဤသည်က အဆိုးဆုံး မဟုတ်သေးပေ။ အကယ်၍ သူတို့က ယမမင်းဆီမှ ဖုံးကွယ်နိုင်လျှင်ပင် သံသရာကာဒီနယ်ဆီမှ ဖုံးကွယ်ထားနိုင်မည်လား။ ထို့ကြောင့် ကိုယ်ပွားတစ်ခုကို ပြန်လည်ဝင်စားခြင်းမှတဆင့် စေလွှတ်လိုက်ခြင်းက ကိုယ့်အားနည်းချက်ကို အဆင့်မြင့်သက်ရှိဆီ ပို့ဆောင်ပေးလိုက်သလို ဖြစ်နေသည်။
“ဒါပေမဲ့ ကိုယ်တို့လို လူမျိုးအတွက် အဲဒီကိုယ်ပွားက ဆိုးပေမဲ့ အဆင့်မြင့်တည်ရှိမှုအတွက် နယ်ရုပ် ဖန်တီးဖို့ နည်းလမ်းကောင်းပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ အကယ်၍ သူသာ ကာဒီနယ်အဆင့်တွင် ရှိနေပါက ထိုကိုယ်ပွားများကို နေရာအနှံ့ ဖြန့်ကျက်ကာ နယ်ရုပ်များအဖြစ် ထားရှိလိမ့်မည်။
“အမှန်ပဲ” ဝူဟုန်က သဘောတူလိုက်၏။ ထိုအဆင့်တွင် ကိုယ်ပွားများ ပြုလုပ်ဖို့ ပိုမိုလွယ်ကူနိုင်သည်။ ပိုအရေးကြီးသည်က သူတို့ ထိန်းချုပ်မှုကင်းလွတ်သွား၍ ရရှိမည့် တန်ပြန်သက်ရောက်မှုက အရေးပါသည့် ခြိမ်းခြောက်မှုမျိုး မဟုတ်ပေ။ သူတို့က ထိုကိုယ်ပွားများဖြင့် လူများအား ဆွဲဆောင်ကာ သူတို့အတွက် တန်ပြန်သက်ရောက်မှု ဖန်တီးအောင် အသုံးချသွားနိုင်သည်။
“ကျွန်မ မေးခွန်းကို အခုထိ မဖြေရသေးဘူး” ဝူဟုန်က ဆက်ပြောလိုက်သည်။
“အကောင်းဆုံးက ဒီကမ္ဘာဦးအချိန်စက်ဝန်းကနေ ထွက်သွားဖို့ပဲ” ဝမ်ဝေ့က ဖြေလိုက်သည်။
“အဲလိုဆိုရင် တန်ပြန်သက်ရောက်မှု များများစားစား ရှိမှာ မဟုတ်ဘူး။ တကယ်လို့ ကိုယ် အတိုင်းအတာမဲ့ ဧကရာဇ် ဖြစ်မလာတဲ့ အချိန်စက်ဝန်းကို ရှာတွေ့ရင် မင်း အဲမှာ ကြိုးစားလို့ရတယ်”
“အသင်္ချေမူလနယ်မြေ … ဘာလို့ မတွေးခဲ့မိပါ့လိမ့်” ဝူဟုန်က ရေရွတ်လိုက်သည်။ အသင်္ချေမူလနယ်မြေကို အဆုံးမဲ့ဘုံဟုလည်း သိထားကြပြီး လျို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်ပေသည်။ စည်းမျဉ်းများက ကန့်သတ်ခံထားရမှု နည်းပါး၍ ဝူဟုန်အတွက် သင့်တော်သည့် နေရာတစ်ခု ဖြစ်၏။
ဝမ်ဝေ့က သူမ မစဉ်းစားမိသည့်အချက်ကို မအံ့ဩမိပေ။ သူက ကမ္ဘာဦးအချိန်စက်ဝန်းမှ စံပြများသည် သီးသန့်နေထိုင်ကြသူများ ဖြစ်ကြောင်း သတိထားမိခဲ့၏။ အများစုက အဆုံးမဲ့ဘုံကို လျစ်လျူရှုထားတတ်ကြသည်။ သူက ထိုအရာသည် ကမ္ဘာဦးအချိန်စက်ဝန်းအတွင်း တည်ရှိခြင်းက သာလွန်မှု ခံစားချက်ကြောင့်လား ဒါမှမဟုတ် မဟာတာအိုက နောက်ကွယ်နေက တစ်ခုခု ကြိုးကိုင်နေ၍လား မပြောတတ်ပေ။
“အကူအညီအတွက် ကျေးဇူးပါ” ဝူဟုန်က တောက်တောက်ပပ ပြောလိုက်သည်။ သူမအနေနှင့် ထိုအဖြေက သေးငယ်ဟန်ထင်ရသော်လည်း မည်မျှအရေးကြီးကြောင်း သိထားလေ၏။ သူမ၏ ရှည်ကြာလှသည့် ဘဝသက်တမ်းတစ်လျှောက် ဝမ်ဝေ့က သူမ၏ အာရုံကို ဖမ်းစားနိုင်သည့် ပထမဆုံး အမျိုးသား မဟုတ်ပေ။ တချို့သော လူများကလည်း သူမ၏ အာရုံကို ဖမ်းစားဖို့ ကြိုးစားခဲ့ကြသော်လည်း တစ်နည်းနည်းနှင့် ကျရှုံးသွားကြသည်။ အဓိကအကြောင်းအရင်းကမူ သူတို့သည် သူမ၏ အင်အားနှင့် ပါရမီကို အမြဲလိုလို အားကျမနာလိုဖြစ်သွားကြ၍ ဖြစ်၏။
ထိုလူများက သူမနှင့် အဆင့်တူ အနေအထားသို့ မြင့်တက်လာရမည့်အစား သူမကို ဆွဲချချင်ကြသည်။ သူတို့က လက်ရည်တူ တွဲဖက် လိုချင်တာ မဟုတ်ဘဲ နာခံတတ်သည့် ဇနီးကို လိုချင်ကြခြင်းသာ ဖြစ်၏။ အထူးသဖြင့် သူတို့က ဂုဏ်ကျက်သရေကြီးမားပြီး မာနကြီးသည့် ဝူဟုန်အား နာခံတတ်သည့် ဇနီးတစ်ယောက်အဖြစ် ပြောင်းလဲပစ်လိုကြသည်။
“ကိစ္စမရှိပါဘူး” ဝမ်ဝေ့က မျက်လုံးမှိတ်ကာ ပြောလိုက်သည်။
မဖြစ်သေးဘူး … ငါ့တစ်ဘဝလုံး မိန်းမ အနိုင်ခံရတာတော့ မဟုတ်သေးပါဘူး
ငါလည်း ကိုယ်ပိုင်စွမ်းအားနဲ့ တစ်ခါတော့ ထိပ်ရောက်ရမယ် … ကြည့်ရအောင် သူမက အုတ်မြစ်ကို တိုးတက်အောင် လုပ်ချင်တယ်ဆိုတော့ ငါလည်း လုပ်လို့ရတာပဲ
ဘယ်ကနေ စလိုက်ရမလဲ …
ဒသမသာလွန်အုတ်မြစ်ရှိတယ်ဆိုတော့ ၁၁ ဆင့်မြောက် အကန့်အသတ်အုတ်မြစ်၊ ၁၂ ဆင့်မြောက် ပြီးပြည့်စုံဖွယ် အုတ်မြစ်နဲ့ ၁၃ ဆင့်မြောက် ထူးကဲသာလွန်အုတ်မြစ်တို့ရော ရှိနေမလား …
ဝမ်ဝေ့၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားသည်။
သေမျိုးတစ်ယောက်အတွက် ကောင်းကင်ဘုံအဆင့်နဲ့ စံပြအဆင့်တစ်ယောက်ရဲ့ စွမ်းပကားကို ရဖို့ မျှော်လင့်တာက ဟာသပဲလေ .. ဒါပေမဲ့ သူတို့က ဒုတိယ၊ ပထမနဲ့ ထာဝရဧကရာဇ်အဆင့် စွမ်းအားတွေ ရနိုင်တာပဲ … အဲလိုဆို အရေအတွက်က ကွက်တိပဲ
ဒသမသာလွန်အုတ်မြစ်က တတိယတန်းစား ဧကရာဇ်ကို ကိုယ်စားပြုသည့်အတွက် ၁၃ ဆင့်မြောက် ထူးကဲသာလွန်အုတ်မြစ်သည် ထာဝရဧကရာဇ်ကို ကိုယ်စားပြုနိုင်သည်။
ဟုတ်သားပဲ … ငါ သူမရဲ့ လမ်းစဉ်အတိုင်း ၁၃ ဆင့်မြောက် ထူးကဲသာလွန်အုတ်မြစ်ကို လေ့ကျင့်ပေးဖို့ လူတစ်ယောက် ရှာလိုက်မယ် … ပြီးရင် ငါ့အုတ်မြစ်ကို ပြန်လည်ထူထောင်မယ်။ ပြီးတော့ စည်းပိတ်ပြီး သူတို့စွမ်းအားကို စုပ်ယူမယ်
ဝမ်ဝေ့က စီစဉ်လိုက်သည်။ သူက သူမသည် ကိုယ့်ဘာသာ ပြိုင်ဘက်ကင်းနေပြီဟု တွေးနေသည့်အချိန် သူက အင်အားအသစ်ဖြင့် ပေါ်ထွက်လာမည့် နေ့ရက်ကို တွေးရင်း သရေကျလာမိသည်။
“ ကိုယ်လည်း တစ်ခု တွေးမိသွားတယ်။ ကူပြီး ကောက်ချက်ချပေးပါဦး” ဝမ်ဝေ့က ညင်ညင်သာသာ ပြုံးရင်း ပြောလိုက်သည်။ သို့သော်လည်း ဝူဟုန်က ထိုကြွစောင်းစောင်း အပြုံးမျိုးကို သဘောမကျပေ။ သူမအနေနှင့် တစ်စုံတစ်ခု ဖြစ်လာတော့မည်ဟု ခံစားနေရပြီး သူမ၏ အလိုလိုသိစိတ်ကလည်း မှန်ကန်နေခဲ့သည်။ ဝမ်ဝေ့၏ အုတ်မြစ်အသစ်အတွက် အစီအစဉ်ကို ကြားပြီးသည့်နောက်တွင် သူမစိတ်ထဲ တွေးမိသည့်အရာကား “ အဲဒီကောင်စုတ်ကတော့” ဟူ၍ ဖြစ်သည်။
“မင်းရော ဘယ်လိုထင်လဲ ”
“အဲဒါက ဖြစ်နိုင်ပါတယ်” သူမက ပါးစပ်မှ မနည်းဖျစ်ညှစ် ပြောလိုက်ရသည်။ သူမအတွက် ထိုအုတ်မြစ်များကို ကာမိအောင် လုပ်ဖို့ အချိန်နည်းပါးသည့် ပြဿနာတစ်ခု ဖြစ်နေလေရာ ယခု ပိုများပြားလာသည်။
သေမျိုးစစ်ဆေးမှုရောဆိုရင် အဲဒီကောင်စုတ်က သူမနဲ့ အဆင့်တူ ရောက်လာတော့မှာပဲ …
“ဟားဟား” ဝမ်ဝေ့က ရယ်မောလိုက်သည်။
“လွှမ်းမိုးခံရဖို့ ကံကြမ္မာကို အဆင့်သင့်ပြင်ထားလိုက်တော့။ မကြာခင် ကိုယ့်နေရာ ရောက်လာရင် ဘယ်လိုလဲဆိုတာ သိသွားလိမ့်မယ်”
“ရှင်က အရမ်းစိတ်ကြီးဝင်နေတာပဲ” ဝူဟုန်က အေးစက်စက် ပြောလိုက်သည်။
“အုတ်မြစ်ဆိုတာ အရာအားလုံး မဟုတ်သေးဘူး။ အလားအလာကိုပဲ ကိုယ်စားပြုတာ။ ဒီကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ အင်အားဟာကွက်ကို ကာမိစေမဲ့ နည်းလမ်းတွေဆိုတာ အများကြီးပဲ ”
“ဘယ်လိုဖြစ်ဖြစ်ပါ” ဝမ်ဝေ့က ပြောလိုက်သည်။
“အခု ကိုယ့်အစီအစဉ်မှာ ပြဿနာရှိလားဆိုတာ ကူတွေးပေးပါဦး”
ဝူဟုန်က အေးစက်စက် သရော်လိုက်ပြီးည့်နောက် မျက်လုံးကို မှိတ်ကာ တွေးကြည့်လိုက်သည်။ ဟောပြောပို့ချချက် နှစ်ရာချီအပြီးတွင် သူမက မျက်လုံးဖွင့်လာ၏။ သူမ၏ အသားရောင်က သိပ်မကောင်းလှပေ။
“ဘာဖြစ်လို့လဲ” ဝမ်ဝေ့က သူမ နိုးထလာသည်ကို သတိထားမိပြီး မေးလိုက်၏။
“ရှင် ထင်ထားသလိုတော့ မရိုးရှင်းဘူး” ဝူဟုန်က ပြောလိုက်၏။
“ရှင်က ၁၃ ဆင့်မြောက် ထူးကဲသာလွန်အုတ်မြစ်ကို တန်းကျော်လုပ်လို့ မရဘူး။ အဲဒီအစား ရှင်က တစ်ခုချင်းစီအတွက် တာအိုအခြေခံ အုတ်မြစ် ပြန်လည်ဖွဲ့စည်းခြင်းကို ကြုံတွေ့ဖြတ်ကျော်ရမယ်။ ခက်ခဲနှုန်းက တစ်ခုချင်းစီမှာ ပိုမြင့်လာလိမ့်မယ်။ ပြီးတော့ စစ်မှန်တဲ့ သေခြင်းတရားဖြစ်စေဖို့ အခွင့်အရေးများလာလိမ့်မယ် ”
“မဟာတာအို ဖွဲ့စည်းလုပ်ဆောင်ပုံအရ အဲလို ထင်ထားပြီးသားပါ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ စွန့်စားမှုက သူ့အား မတားဆီးနိုင်ပေ။
“ဒါပေမဲ့ မင်း မျက်နှာက ဘယ်လိုဖြစ်နေတာလဲ။ ဒီသတင်းက မင်းကို .. ” သူ့မျက်နှာအထက်မှ လှောင်ပြုံးက သိသာနေသည့်အတွက် ဝူဟုန်က သူ့အား ရိုက်ပစ်ချင်လာသည်။
သူမက ယခု ဖြုန်းတီရမည့် အချိန်ပိုများလာသည့်အတွက် ပိုစိတ်တိုလာသည်။ ယခင်က သူမသည် ဒသမသာလွန်အုတ်မြစ်ကို ကျော်ကာ ၁၃ ဆင့်မြောက်သို့ တိုက်ရိုက်လုပ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့လေ၏။ သို့သော် ယခုတွင် ထိုအရာက မဖြစ်နိုင်ကြောင်း သိလိုက်ရသည်။ တခြားနည်းဖြင့်ပြောရလျှင် သူမက လိုက်မီဖို့ အချိန်အများကြီး ဖြုန်းရပေဦးမည်။
သူ့အုတ်မြစ်ကို ပြန်လည်ဖွဲ့စည်းဖို့ အာရုံစိုက်ထားတုန်း ငါ ထူးကဲသာလွန်မှု ဖြစ်လာဖို့ အာရုံစိုက်လိုက်ရမလား … မဟုတ်သေးဘူး အဲဒါကလည်း အလုပ်မဖြစ်သေးဘူး
သူမ၏ ကောက်ချက်ချထားမှုအရ ထိုအုတ်မြစ်များသည် နောက်တစ်ဆင့်အတွက် အကျိုးမြတ်အများကြီး ဆောင်ကျဉ်းပေးလာမည် ဖြစ်၏။ အထူးသဖြင့် ၁၃ ဆင့်မြောက် ထူးကဲသာလွန်အုတ်မြစ်နှင့် ပြီးပြည့်စုံသည် အုတ်မြစ်တို့ ပေါင်းစည်းလိုက်သည့်အခါတွင် ဖြစ်သည်။
တကယ်လို့ သူမသာ မှန်လျှင် သူတို့တွေ ခိုင်မာသည့် အုတ်မြစ်ဖြင့် နောက်တစ်ဆင့် ရောက်သွားသည်နှင့် ပြစ်ချက်ရှိနည်းလမ်းများကို အသုံးပြုထားသည့် မေတ္တယျနဲ့ အန္တိမသဟဇာတလို လူမျိုး ၁၀ ယောက်လောက်ကို အနိုင်ယူနိုင်လိမ့်မည်။ ဤသည်က တားမြစ်တိုက်ခိုက်ရေးအဆင့်မှ အကျိုးကျေးဇူးကို ထည့်မတွက်ရသေးပေ။