← Chapters

ကြားဖြတ်ခြင်း

Vol. 91 Ch. 1270

ကြားဖြတ်ခြင်း

Vol. 91 Ch. 1270

ငါ တိုက်ခိုက်ရေးအင်အား တိုးပွားစေမဲ့ လျို့ဝှက်နည်းစနစ်တချို့ကို ရှာဖို့ ဒါမှမဟုတ် ဖန်တီးဖို့ အချိန်ယူလိုက်ရမလား ..

ဝူဟုန်က တွေးလိုက်သည်။ လျို့ဝှက်နည်းစနစ်များက ကျင့်ကြံရေးလောကတွင် တွေ့ရများလေ့ရှိပြီး ကျင့်ကြံသူများက တန်ကြေးတစ်ခု ပေးခြင်းဖြင့် သူတို့၏ အင်အားကို တိုးမြင့်နိုင်ကြသည်။ ထိုနည်းလမ်းများကို မျှော်လင့်ချက်ကုန်ခမ်းဖွယ် အခြေအနေမျိုးတွင် အသုံးပြုလေ့ရှိကြပြီး အတွေ့အများဆုံး နည်းလမ်းများက သွေး၊ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို လောင်ကျွမ်စေခြင်းတို့ ဖြစ်ကြသည်။

လျို့ဝှက်နည်းစနစ်များက စံပြအဆင့်တွင် ပိုအရေးပါလာ၏။ အကြောင်းအရင်းကမူ သူတို့သည် ရှေးဦးဟူသော ဂုဏ်ပုဒ်ကို ရယူနိုင်မည့် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံနေသော နည်းလမ်း ဖြစ်ပေသည်။ လျို့ဝှက်နည်းစနစ်မှ ရှေးဦးစံပြ ဖြစ်လာကြသူများက အဆင့် အောက်ဆုံးတွင် ရှိကြ၏။ ထိုနည်းလမ်းကို အသုံးပြုပြီးသည့်နောက်တွင် တန်ကြေးတစ်ခု ပေးဆပ်ရမည် ဖြစ်သည့်အတွက် အားနည်းလာလိမ့်မည်။

ဝူဟုန်က ထိုနည်းလမ်းသည် အလုပ်ဖြစ်မည် မဟုတ်ကြောင်း သိ၍ မလုံမလဲ ပြုံးလိုက်သည်။ သူမက လျို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး အားနည်းလာပါက အနိုင်ကျင့်လှည်ပါဟု ဖိတ်ခေါ်သလို ဖြစ်သွားမည် မဟုတ်ပါလော။ သူမက သူ့ကို ရိုက်နှက်ပြီးသည့်အချိန်တိုင်း ချက်ချင်း ထွက်ပြေးပုန်းအောင်းနေသင့်လား။

ငါ စံပြအထွတ်အထိပ်အဆင့်ကို ပြန်ရောက်ဖို့ ဒဏ်ရာတွေကို ကုစားရမယ်။ အဲဒီအခါကျ ငါ အလင်းမဲ့အမှန်တရားထဲ ဝင်ပြီး ပြီးပြည့်စုံတဲ့ အုတ်မြစ် ပြန်လည်တည်ဆောက်နေတုန်း ငါ့တည်ရှိမှုကို ပြန်လည်ရေးသားရင်း ကောင်းကောင်းကုစားရမယ် …

သူမက ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုစဉ် တုံ့ဆိုင်းခြင်းနှင့် နှောင့်နှေးခြင်းတို့က သူမအတွက် အခြေအနေ ပိုဆိုးရွားသွားစေနိုင်သည်။ ဝူဟုန်က ထိုဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် ရုတ်တရက် စိတ်အေးသွားလေ၏။

ငါ တိုးတက်ဖို့ ဒီလောက်မတက်ကြွတာ နည်းနည်းကြာပြီ။ ဒီခံစားချက်က မဆိုးဘူးပဲ

ဝူဟုန်က ခေါင်းညိတ်လိုက်သည်။

ပိုအရေးကြီးတာက ငါ အဲဒီကောင်စုတ်ကို ကျော်တက်ခွင့်ပေးလို့ မဖြစ်ဘူး …

သူမက ပြုံးလိုက်ပြီး နဂိုထက် ပိုမို ယုံကြည်ချက်ရှိလာသည်။

သူမက ဘယ်သူလဲ … ဧကရီဝူလေ ...

သူမက စိန်ခေါ်မှုကို ဘယ်တုန်းကမှ ကြောက်ရွံ့ခဲ့ခြင်း မရှိသလို နောက်ဆုတ်ခဲ့ခြင်း မရှိပေ။ ဤသည်က သူမ၏ အနာဂတ်ခင်ပွန်းလောင်းအတွက်လည်း အကျုံးဝင်၏။

ခဏနေပါဦး … ငါ သူ့ကို ဒီလိုရင်းရင်းနှီးနှီး ဘယ်အချိန်ကနေ စတွေးမိသွားတာလဲ …

အဲဒီကောင်စုတ်က အဆင်ပြေနေတော့ ငါ သတိမထားမိလိုက်ဘဲ သူ့လှည့်ကွက်ထဲ ကျသွားတာပဲ ..

သူမက သူတို့၏ တွေ့ဆုံမှုနှစ်ခေါက်အကြောင်း ပြန်လည်တွေးတောကာ သူတို့က တူညီသည့် ဒင်္ဂါပြား၏ မျက်နှာပြင်နှစ်ဖက်လိုမျိုး သဘာဝအတိုင်း အစေးကပ်နေသည်ဟု ဝန်ခံရပေမည်။

ငါတို့တွေ သဘာဝအတိုင်း ရင်းနှီးသွားတာလည်း ကောင်းတာပါပဲ … လမ်းက အရှည်ကြီးပဲ

ငါတို့ အကျင့်စရိုက်တွေက လိုက်ဖက်မညီရင် အိပ်မက်ဆိုးပဲ …ဒါပေမဲ့ ငါ သေချာစဉ်းစားဖို့တော့ လိုသေးတယ်

ဝူဟုန်က တွေးလိုက်သည်။ သူမက ဝမ်ဝေ့အား ယုတ္တိဆန်ဆန်၊ အကျိုးအကြောင်းသင့်သင့် အမြင်ဘက်မှ တစ်ခါ ကြည့်လိုက်သည်။

ငါတို့အကျင့်စရိုက်၊ ရည်မှန်းချက်နဲ့ တွန်းအားတွေက ကိုက်ညီတယ်။ သူက ငါနဲ့အတူ ဆက်လက်ရှေ့တိုးနိုင်မဲ့ ပါရမီနဲ့ အင်အားရှိပြီးတော့ တာအိုခရီးလမ်းမှာ အဖော်ပြုပေးနိုင်လိမ့်မယ်

သူက ငါ့အောင်မြင်မှုကြောင့် စိတ်ခုမဲ့လူမျိုး မဟုတ်သလို ငါ ဖြစ်နိုင်လိမ့်မယ်လို့ ထင်ထားတာထက် ပိုမိုကောင်းမွန်ဖို့ ဆက်လက် စိန်ခေါ်ပေးနေလိမ့်မယ် …

ငါ စစ်ဆေးကြည့်ဖို့ လိုတဲ့ တချို့အသေးအဖွဲ့ကိစ္စကလွဲရင် အဓိကပြဿနာကြီး နှစ်ခုပဲ ရှိတယ်။ ယုံကြည်မှုနဲ့ ရည်မှန်းချက် … ဒီအချိန်အထိ သူက ယုံကြည်အားကိုးရတယ်ဆိုတာ ပြသထားပြီးသား ဒါပေမဲ့ ငါ့အသက်ကို သူ့လက်ထဲ ထည့်ထားလို့ရပြီလား …

ဝူဟုန်က နက်နက်နဲနဲ တွေးလိုက်သည်။ အလင်းမဲ့အမှန်တရားထဲ ဝင်ရောက်လိုသည့်အချက်က မြင့်မားသည့် ယုံကြည်မှုအနေအထားတစ်ခုကို ညွန်ပြနေသော်လည်း သူမက တွက်ချက်ထားသည့် စွန့်စားမှုအဖြစ်သာ မြင်နေသည်။ သူမက အကျိုးမြတ်များ မြင်ထားပြီးပြီဖြစ်ရာ ဝမ်ဝေ့ကို တွေ့ပြီးသည့်နောက်မှ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်း ဖြစ်၏။

ဒိုင်မေးရှင်းအနိမ့်မှာ ဝမ်ဝေ့က အဲဒီကိုယ်ပွားအပေါ် ယုံကြည်မှုကြောင့် အလင်းမဲ့အမှန်တရားထဲ ဝင်ရောက်ခဲ့တယ်။ ဒါပေမဲ့ ငါတို့အခြေအနေတွေသာ ပြောင်းပြန်ဖြစ်သွားရင် ငါ သူ့ကို မေးခွန်းမထုတ်ဘဲ နေမှာလား …

ဝူဟုန်က မေးလိုက်သည်။ သူမက ထိုသို့မလုပ်ဘဲနေလိမ့်မည်ဟု သိသည့်အတွက် အကြာကြီး မတွေးလိုက်ရပေ။

သူ့အပေါ် သူမ၏ ယုံကြည်မှုက ထိုအနေအထားအထိ မရောက်သေးကြောင်း သိသာလှသည်။ သူက ထိုကိုယ်ပွားအပေါ် ယုံကြည်သလောက် သူမအပေါ် ယုံကြည်သေးမည် မဟုတ်ကြောင်း တွက်ဆမိသည်။

ကိစ္စမရှိပါဘူးလေ …ငါတို့က အခုမှ တစ်ယောက်နဲ့တစ်ယောက် ဖြည်းဖြည်းချင်းသိပြီး ယုံကြည်မှု တိုးမြင့်နေတုန်းပဲ ရှိသေးတယ်

ဝူဟုန်က တွေးလိုက်သည်။

 ယုံကြည်မှုဆိုတာ အချိန်နဲ့အမျှ ဖြစ်တည်လာလိမ့်မယ် .. အဲဆိုတော့ အခုအချိန် ပြဿနာကြီးကြီးမာမား မဟုတ်သေးဘူး

သူတို့က နှစ်တချို့ ကြိုးစားပြီးသည့်နောက်တွင် ယုံကြည်မှုကို မတည်ဆောက်နိုင်လျှင် ပြဿနာ ဖြစ်လာလိမ့်မည်။

ထိုအခါကျ သူမက နှစ်ဦးသား အချစ်အခင်မပျက် ကိုယ့်လမ်းကို လျှောက်နိုင်ဖို့ မျှော်လင့်ထားသည်။

နောက်ဆုံးမှာ ရည်မှန်းချက် ပြဿနာပဲ …

ဝူဟုန်က ဆက်တွေးလိုက်သည်။ ဝမ်ဝေ့က လွတ်လပ်မှုကို ရဖို့ အစွဲအလမ်းဖြစ်နေလေရာ သူမကလည်း လက်မလျော့နိုင်သည့် သူမ၏ ရည်မှန်းချက်များ ရှိလေသည်။ သူတို့လို တာအိုနှလုံးသားအဆင့် ရောက်နေသူအတွက် နှစ်ဦးသားမှ ချစ်ခြင်းမေတ္တာကဲ့သို့သော အရာတစ်ခုအတွက် တာအိုလမ်းစဉ်နောက် လျှောက်လှမ်းခြင်းကို ရပ်တန့်ဖို့ မဖြစ်နိုင်ပေ။

အခု ပြဿနာ ဖြစ်လာပြီ … သူတို့ဆက်ဆံရေးတည်ဆောက်ပြီး ရည်မှန်းချက်တွေနောက် လိုက်နေမိရင် ဘယ်လိုလုပ်မလဲ

သူတို့က ဆက်ဆံရေးတစ်ခုအပေါ် အလေးထားပြီး အိပ်မက်တွေကို လက်လျော့လိုက်မှာလား

လူတစ်ယောက်က ကျန်လူတစ်ယောက်အတွက် စတေးသင့်ရဲ့လား

ဒါမှမဟုတ် ကိုယ့်လမ်းကို လျှောက်လှမ်းကြမှာလား

တကယ်လို့ သူတို့မှာ ရွေးချယ်စရာမရှိဘဲ ရန်သူ ဖြစ်လာကြရင်ရော …

ယခင်ပြောခဲ့သည့်အတိုင်း ဝူဟုန်နှင့် ဝမ်ဝေ့တို့၏ တာအိုနှလုံးသားတို့ဖြင့် သူတို့က ရည်မှန်းချက်များကို လက်လျော့နိုင်ကြမည် မဟုတ်ပေ။ တစ်ယောက်အတွက် တစ်ယောက် အနစ်နာခံဖို့ဆိုတာ ဆိုထားဖွယ်မရှိတော့ပေ။ ထို့ကြောင့် သူတို့က မည်သို့ဖြေရှင်းရမလဲဆိုသည့် ကိစ္စအပေါ် သဘောတူညီချက်တစ်ခု ရလာဖို့ လိုအပ်သည်။

သူက အရင်တုန်းက ဒီစကားဝိုင်းမျိုးကို ကိုယ်ပွားနဲ့ ပြောခဲ့ဖူးပေမဲ့ ငါတို့တွေ ထပ်ပြောရဦးမယ် …

ဝူဟုန်က တွေးလိုက်သည်။ သူမက ထိုကိုယ်ပွားသည် အရမ်းချစ်မိလွန်းနေခြင်း သို့မဟုတ် စိတ်ခံစားချက်များပြားလွန်းခြင်း ရှိနေသည်ဟု ခံစားမိနေသည်။ အနာဂတ်က ရောက်လာသူဖြစ်၍ သူ့ကို သိထားသည်မှာ အလွန်ကြာမြင့်လှ၍ အဓိပ္ပါယ်တော့ ရှိပေသည်။ ထို့ကြောင့် သူမစံနှုန်းအရ ထိုစကားဝိုင်းက အတော်လေး အဆင်ချောနေ၏။

ထိုသို့သော စကားဝိုင်းမျိုးက ဆက်ဆံရေးတစ်ခုကို ပျက်စီးသွားစေနိုင်သည်။ သူတို့က ထာဝရကြာရှည်သည့် လက်တွဲဖော်ဆက်ဆံရေးတစ်ခုအတွက် အုတ်မြစ်ကို တည်ဆောက်နိုင်သောကြောင့် ထိုကိုယ်ပွား အသုံးပြုသည်ထက် ပိုအကျိုးအကြောင်းဆင်ခြင်စိတ် မြင့်မားပေသည်။

ငါတို့ဆက်ဆံရေးရဲ့ နောက်အဆင့်ကို တက်သွားနိုင်ဖို့ ရှင်းလင်းတဲ့ အစီအစဉ်တစ်ခုရှိတာ အကောင်းဆုံးပဲ …

ဝူဟုန်က တွေးလိုက်သည်။ သူမက မျှော်လင့်ချက်တချို့ ရှိထားသော်လည်း လိုအပ်ချက်နှင့် မကိုက်ညီသည့်အခါ စိတ်မပျက်သွားစေဖို့ ကောင်းကောင်းထိန်းချုပ်ထားသည်။ သူမက သူ့ကို ယခင်က ပြောခဲ့ဖူးသလိုမျိုး သူမ၏ ပျင်းရိဖွယ်ဘဝကြီးထဲ ရောင်စုံဆောင်ကျဉ်းပေးဖို့ မျှော်လင့်နေမိသော်လည်း နဂိုရှိလက်စအတိုင်း ဖြစ်နေ၍လည်း ကိစ္စမရှိပေ။

ဝူဟုန်က မျက်လုံးကို မှိတ်ကာ ဟောပြောချက်ကို အာရုံစိုက်လိုက်သည်။ အချိန်ကုန်လွန်သွားပြီး နှစ်ဦးသားက စကားများများ မပြောဖြစ်ကြပေ။ အဆင့် ၁၀ ကျင့်ကြံသူများ ဟောပြာပို့ချချက် အဆုံးသတ်သွားသည့်အခါ အဆင့် ၁၁ အလှည့် ကျရောက်လာသည်။ သို့သော်လည်း ရှုကျင်းယောင်က ခုနှစ်ယောက်မြောက်လူကို ရွေးချယ်တော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခု ဖြစ်သွားခဲ့သည်။ သူမက မျက်မှောင်ကြုတ်ကာ ရပ်တန့်လိုက်သည့်အတွက် လူအများက ဘာဖြစ်သွားတာလဲဟု စဉ်းစားနေကြသည်။

နီးနေပြီကို သူက ဘာလို့ မစောင့်နိုင်ရတာလဲ …

ရှုကျင်းယောင်က တွေးလိုက်သည်။ သူမက နောက်လာမည့် ဟောပြောပို့ချမည့်လူအဖြစ် ဝမ်ဝေ့၏ အခန်းငယ်ကို ရွေးချယ်တော့မည် ဖြစ်သော်လည်း အထူးဧည့်သည်တော်သည် ဆက်မစောင့်နိုင်တော့ဘဲ သူ့ကို ချက်ချင်း လာတွေ့ဖို့ ပြောလာကြောင်း သူမ၏ အစေခံတစ်ဦးဆီမှ သတင်းစကား ရရှိလိုက်သည်။

ရှုကျင်းယောင်က သိပ်မပျော်ပေ။ သူမက ကံကြမ္မာစပ်ဆက်သူသည် မည်သို့သော လူစားမျိုးဖြစ်ကြောင်း ဟောပြောပို့ချချက်မှတဆင့် သင်ယူဖို့ စီစဉ်ထားခဲ့သည်။ တတိယအပိုင်းတွင် သူမက စစ်တုရင် ကစားရန် အကြံပြုဖို့ စီစဉ်ထားပြီး သူမ၏ ပြိုင်ဘက်အဖြစ် လူသုံးယောက်ကို ရွေးချယ်မည် ဖြစ်ကာ ဝမ်ဝေ့က တတိယမြောက် ဖြစ်လာလိမ့်မည်။ ယခုအခါ အားလုံး ပျက်စီးသွားခဲ့ရ၏။

ငါ ဒီလူတွေဆီကနေ ဘာလို့များ မျှော်လင့်နေမိပါ့လိမ့် …

ရှုကျင်းယောင်က အသိစိတ်ကို ထိန်းကာ တွေးလိုက်သည်။

“ တာအိုရောင်းရင်းတို့ ကျွန်မ တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်မ ခပ်စောစော ထွက်သွားရလိမ့်မယ် ”

“ဘယ်လို” လူတွေက သူတို့၏ အံ့အားသင့်မှုနှင့် စိတ်ရှုပ်ထွေးမှုကို မဖုံးကွယ်ကြပေ။

“ဒါက ယာယီပါပဲ … အရေးကြီးကိစ္စတစ်ခု ပေါ်လာလို့ပါရှင် ” ရှုကျင်းယောင်က ရှင်းပြလိုက်သည်။

“ကျွန်မ ပြန်ရောက်တာနဲ့ ရှင်တို့အားလုံးကို တောင်းပန်တဲ့အနေနဲ့  သီချင်းဆိုပေးဖို့ ကတိပေးပါတယ် ”

“မိန်းကေလးရှု ဘာမှတောင်းပန်နေစရာမလိုပါဘူး။ ကျုပ်တို့ နားလည်ပါတယ်”

“ဟုတ်ပါတယ်။ ကြိုက်သလို အချိန်ယူပါ”

“ဒါက မင်းရဲ့ ပွဲအခမ်းအနားပဲလေ။ ကျုပ်တို့က ဧည့်သည်တွေပဲ စောင့်ရတာ စိတ်မရှိပါဘူး ”

ထိုလူများက ပျော်ရွင်နေကြသည်။ ယခင် ရှုကျင်းယောင်၏ အသံကို မှတ်တမ်းတင်ထားသည့် နောက်ဆုံးအချိန်က တစ်စုံတစ်ယောက်သည် အမည်မသိလေလံပွဲတစ်ခု၌ မတော်တဆ တစိတ်တပိုင်းကို အသံဖမ်းမိခဲ့ခြင်း ဖြစ်၏။ ကောင်းကင်ဘုံအရှင်က ထိုအရာကို ရရှိဖို့အတွက် သူ့ဂိုဏ်းကို ရောင်းချခဲ့ဖူး၍ တပည့်များနှင့် အကြီးအကဲများက ကျွန်များ ဖြစ်လာကြရသည်။ ကြောက်စရာအကောင်းဆုံးအပိုင်းက သတင်းပျံ့နှံ့လာသည့်အခါ နောက်ကျလွန်းသွားခဲ့၍သာ တန်ကြေးနိမ့်နေခြင်း ဖြစ်၏။

“ရှင်တို့အားလုံး နားလည်ပေးတာ ကျေးဇူးပါ။ ဒါပေမဲ့ ကျွန်မ ကတိကို တည်မှာပါ” ရှုကျင်းယောင်က ပြောလိုက်သည်။

“ဒီအချိန်အတွင်းမှာ ကျွန်မတို့ နန်းဆောင်က ပါရမီအရှိဆုံး မိန်းကလေးရဲ့ ကပြဖျော်ဖြေမှုကို ရှုစားကြပါဦး ”

သူမက စင်မြင့်မှ ဖြည်းဖြည်းချင်း ထွက်သွားခဲ့သည်။ သူမက မြင်ကွင်းမှ ထွက်လာပြီးသည်နှင့် လူလတ်အရွယ် မိန်းမလှတစ်ဦးက သူမကို စောင့်ဆိုင်းနေသည်။

“အားလုံး အဆင်ပြေလား” ရှုကျင်းယောင်က မေးလိုက်သည်။

“ကျွန်မတို့ဆီမှာ ပြဿနာရယ် မရှိသေးပါဘူး”

“ကောင်းပြီလေ” သူမက ခေါင်းညိတ်လိုက်ပြီး နန်းဆောင်မှ လျို့ဝှက်အခန်းတစ်ခုဆီ ဦးတည်လိုက်သည်။

“နန်းဆောင်အရှင် အဝတ်အစား လဲချင်သေးလား” ထိုအမျိုးသမီးက ရှုကျင်းယောင်အား သတိပေးလိုက်သည်။

ဒါက ဧည့်သည်ကို ပိုထူးကဲစေတယ်လို့ ခံစားမိစေလိမ့်မယ် …

သူမက တွေးလိုက်မိသည်။ ထို့နောက် သူမ၏ လက်တစ်ချက်အဝေ့တွင် အဝတ်အစားက အနီနှင့် အနက်အဖြစ် ပြောင်းလဲသွားလေ၏။ သူမက ဆံပင်ပုံစံကိုပါ ပြောင်းလဲလိုက်သည်။

“အခု ပြည့်စုံပြီ။ သွားရအောင် ”

……………..

ဒုတိယအထပ်

ဝမ်ဝေ့က ရှုကျင်းယောင် ထွက်သွားပြီးသည်ကို မြင်ပြီးသည့်နောက် မျက်မှောင်ကြုတ်လိုက်သည်။

ကိစ္စတွေက စတော့မလို့လား … ဒါမှမဟုတ် ရှေ့ပြေးလား

သူက ရှုကျင်းယောင် လုပ်လိုသည့်အရာကို မြင်တွေ့လိုသော်လည်း နန်းဆောင်က အတော်လေး အားကောင်းသည့် ရတနာတစ်ခု ဖြစ်သလို အစီအရင်များကလည်း ဟာသမဟုတ်သည့်အတွက် သူ့စွမ်းအားက အသုံးမဝင်ကြောင်း အသိပေးနေသည်။

All Chapters